The MSI GeForce RTX 3060 Ti Gaming X Trio Review: Ray Tracing in 2021


 

RTX 3060 Ti လေးလက်ထဲရောက်နေတာ ရက်သတ္တပတ်ကျော်လွန်ခဲ့ပါပြီ။

တစ်ပတ်ဆိုတဲ့ကာလဟာ ကျနော့်အတွက် ဂိမ်း title များစွာနဲ့ အပြန်အလှန်စမ်းသပ်ပြီး ကောက်ချက်ချဖို့ရာလုံလောက်တဲ့ အချိန်ပမာဏဖြစ်တဲ့အတွက် ယနေ့မှာတော့ အဆိုပါ RTX 3060 Ti 

(အတိအကျဆိုရရင် MSI GeForce RTX 3060 Ti Gaming X Trio

အပေါ်သုံးသပ်ချက်ကို ရေးသားလိုက်ရပါတယ်။ 

Gamer တွေနဲ့ mainstream content creator တွေအတွက် Realtime Ray Tracing လုပ်ဆောင်နိုင်စွမ်းကို RTX 20 series ဂျီပီယူတွေနဲ့အတူ စတင်ထိတွေ့လာစေခဲ့တာဆိုရင် အချိန် ၂ နှစ်တာကာလတစ်ခုကိုကျော်လွန်လို့လာခဲ့ပါပြီ။ 

2018 ရဲ့ August လထဲကျင်းပခဲ့တဲ့ Gamescom ပြပွဲအတွင်း NVIDIA စီအီးအို Jensen Huang ကိုယ်တိုင် Ray Tracing ဆိုတာကြီးကို တဖွဖွပြောခဲ့ပြီး အဲ့ဒီ Ray Tracing ကိုတွက်ချက်ပုံဖော်ကိုင်တွယ်နိုင်မဲ့ RTX ဆိုတဲ့ lineup သစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။  

ဒီနေရာမှာ လူသစ်တွေနားလည်လွယ်အောင်ပြောရရင် Ray Tracing ဆိုတာက ဂိမ်းအတွင်း အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုအလိုက် လုံးဝအသက်ဝင်တဲ့ အလင်းနဲ့ အရိပ် ကိုဖော်ပြပေးခြင်းဖြစ်တယ်။ 



နေအလင်းရောင် သို့ မီးအိမ်ရဲ့ အလင်းတန်းက သူ့နံဘေးက ထိတွေ့နေရတဲ့ object တွေအပေါ်မူတည်ပြီး သဘာဝကျစွာ ဖြစ်တည်နေမယ် .. 

အရိပ်ဟာလည်း လှုပ်ရှားမှုအလိုက် ဦးတည်ရာမှန်စွာနဲ့ ပြောင်းလဲပေးနေမယ် ..

ဒါတွေက Ray Tracing ပါပဲ။

အဲ့ဒီ Ray Tracing ကို ပုံဖော်ပေးနိုင်ဖို့ရာက ယခင့်ယခင် ဈေးကွက်ထဲရှိပြီးဖြစ်တဲ့ ဂျီပီယူတွေအနေနဲ့က မစွမ်းသာပါဘူး၊ 

2016 ရဲ့ flagship ဂျီပီယူ (ထိုစဉ်က ပြည်တွင်း ၁၂ သိန်းဝန်းကျင်ပါက်တဲ့) GTX 1080 Ti တောင် မတတ်သာတဲ့အနေအထားပါ။ 

ပမာပြောရရင် သစ်လုံးတစ်လုံးကို သန်ပါတယ်ဆိုတဲ့ ကျွဲတစ်ကောင်က မဆွဲနိုင်သလိုပါပဲ။ 

ဒီတော့ Ray Tracing ကို ပုံဖော်တွက်ချက်ပေးနိုင်ဖို့ရာ ဂျီပီယူအတွင်း တည်ဆောက်ပုံအသစ်တွေထပ်မံထည့်သွင်းပေးဖို့ရာလိုလာပါတယ်။ 

ဂရပ်ဖစ်ချပ်စ် ထုတ်လုပ်သူ NVIDIA အနေနဲ့ ဖြေရှင်းလိုက်တာက RT core တွေထည့်သွင်းပေးလိုက်တာပါပဲ။

RT core တွေပါဝင်လာတဲ့အတွက် အဲ့ဒီ ဂရပ်ဖစ်ကတ်တွေကို RTX ဆိုပြီး အမည်နာမ ပေးလိုက်ပါတယ်။ 

2018 ရဲ့ August မှာ မိတ်ဆက်ပြီး September မှာ ဈေးကွက်အတွင်းဝင်ရောက်လာခဲ့ကြတဲ့ Turing architecture နွယ်ဝင် RTX 20 series ကတ်တွေဟာ Ray Tracing ကိုကိုင်တွယ်နိုင်တဲ့ ပထမဆုံးသောမျိုးဆက်ပါပဲ။ 

RTX 20 series ဟာ Ray Tracing ရဲ့ ပထမမျိုးဆက်ဖြစ်တာနဲ့အညီ လိုအပ်တွေ မပြည့်စုံမှုတွေရှိပါတယ်။

အဓိကအချက်တွေက ဈေးကြီးတာနဲ့ စွမ်းဆောင်ရည် နိမ့်နေသေးတာပါပဲ။ 

နည်းပညာအသစ်အဆန်းတစ်ခုထွက်တယ်

ပေါ်ဦးပေါ်ဖျားသုံးချင်တယ် 

ငွေလည်း ရေလိုဖြုန်းနိုင်တယ်ဆိုတဲ့သူတွေအတွက်ကလွဲရင် NVIDIA ရဲ့ RTX 20 series ကတ်တွေဟာ လူတိုင်းအတွက်မဟုတ်ခဲ့ပါဘူး။

ဟုတ်ပါတယ် 

RTX 2060 လို ဈေးနှုန်းအလယ်အလတ်ရှိကတ်တွေလည်း ရှိပါတယ်၊

ဒါပေမဲ့ ဒီကတ်နဲ့အတူ အသုံးချလိုရမဲ့ Ray Tracing စွမ်းဆောင်ရည်က အဖြစ်မျှသာပါပဲ။

သင့်တင့်တဲ့ frame rate တွေနဲ့ခံစားချင်ရင် RTX 2060 / 2070 လိုကတ်တွေဟာ လုံလောက်တဲ့ အနေအထားမှာရှိမနေခဲ့ပါဘူး။ 

RTX 2070 ဆိုရင် မြန်မာငွေ ၉/၁၀ သိန်း ပတ်လည်ကတ်ပါ။

သူတောင် သိပ်သုံးစားမရဘူးဆိုရင် စဉ်းစားသာကြည့်ပါ။ 

RTX 2080 / 2080 Ti လို level တန်းဝင်ကတ်တွေမှသာလျင် Ray Tracing အရသာကို ကောင်းကောင်းမွန်မွန်ရရှိမှာပါ။

ခက်တာက ဒီ level ကတ်တွေဟာ အပေါ်မှာပြောခဲ့သလို လက်တစ်ဆုပ်စာ လူနည်းစုအတွက်ပဲ တတ်နိုင်တဲ့အနေအထားဖြးစ်နေပါတယ်။ 

ဟော အခု Ray Tracing အတွက် ဒုတိယမျိုးဆက် RTX 30 series တွေရောက်လို့လာပါပြီ။ 

ပထမမျိုးဆက် ထွက်ရှိပြီး နောက် ၂ နှစ် အကြာမှထွက်လာတာဆိုတော့ RTX 30 series ဟာ အစစအရာရာ ပိုကောင်းလာမှာ အသေချာပါပဲ။

ဘာတွေတိုးတက်လာလည်း ?

တန်ရဲ့လား ? 

ဘယ်သူတွေအနေနဲ့ upgrade လုပ်သင့်လည်း ?

◾ Ampere: The 2nd Gen RTX ◾ 

RTX 30 series တွေအကြောင်းပြောရင် သူ့ရဲ့ Ampere architecture အကြောင်းကိုချန်ထားခဲ့လို့မရပါဘူး။

Ampere ဟာ သူ့ရှေ့က Turing (RTX 20 series) ထက် transistor သိပ်သည်းဆပိုမိုများပြားပြီး process node ကိုလည်း 12nm TSMC ကနေ 8nm Samsung ကိုအသုံးပြုလာပါတယ်။

ရလဒ်အနေနဲ့ rasterization အတွက်အဓိကအရေးပါတဲ့ CUDA core တွေဟာ RTX 30 series မှာ ကြောက်ခမန်းလိလိ တိုးတက်များပြားလာတာပါပဲ။ 

Turing ရဲ့ prosumer ကတ်ဖြစ်တဲ့ Titan RTX မှာ CUDA core အရေအတွက် 4608 ခုသာထည့်သွင်းနိုင်ခဲ့ပေမဲ့ Ampere ရဲ့ လက်ရှိ အမြင့်ဆုံးကတ် RTX 3090 အရောက်မှာတော့ 10496 အထိ ၂ ဆ ကျော်ပိုမိုပါဝင်လာခဲ့ပါတယ်။ 

ဒါက သူတို့နှစ်ကတ်တွင်မှမဟုတ်ပါဘူး.. 

ယခု review ရဲ့ RTX 3060 Ti မှာဆိုရင်လည်း Gen on Gen အရကြည့်မယ်ဆိုရင် ယခင် RTX 2060 Super နဲ့ နှိုင်းယှဉ်ပါက CUDA core 2176 vs. 4864 အထိ တိုးတက်လာပါတယ်။ 

အဲ့ဒီအတွက်ကြောင့်လည်း RTX 30 series ဟာ သမိုင်းတစ်လျှောက် Gen on Gen စွမ်းဆောင်ရည်တိုးတက်မှု အကောင်းဆုံးဆိုပြီး NVIDIA အနေနဲ့ ကြွားလုံးထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 

ဒါက သမစဉ် rasterization performance ပေါ့..

Ray Tracing performance ကော ဘယ်လောက်အထိတိုးတက်လာဖို့ မျှော်လင့်နိုင်မလည်း ?

CUDA ဟာ Ray Tracing ကို render ဖို့ရာအတွက် လုံလောက်တဲ့ ခွန်အားမရှိပါဘူး၊ 

ဒိအတွက် RT core တွေလိုပါတယ်။ 

နောက်ပြီး Ray Tracing ကြောင့် frame rate တွေထိုးကျတာကို တစ်ဖက်ကနေ ပြန်ကုစားဖို့ရာအတွက်လည်း DLSS ဖွင့်ထားဖို့ရာလိုပါသေးတယ်။

DLSS (Deep Learning Super Sampling) ဆိုတာက အလွယ်ပြောရရင် NVIDIA ရဲ့ upscale နည်းပညာတစ်ခုပါပဲ။

NVIDIA ရဲ့ DGX Super Computer ကြီးတွေမှာ ဂိမ်းတွေကို ပုံရိပ်တွေ upscale ပြုလုပ်နိုင်ဖို့ AI/Neural Network တွေနဲ့ လေ့ကျင့်စေပါတယ်။

ယနေ့ကာလက AI ခေတ်ကိုး။

AI နဲ့ train ထားတဲ့ ရလဒ်တွေကို GeForce driver update တွေမှာ ထည့်သွင်းပေးပြီး end user တွေဖြစ်ကြတဲ့ ကျနော်တို့တွေအသုံးပြုခွင့်ရလာတယ်။ 

ဒါပေမဲ့ DLSS ဟာ ဂျီပီယူတိုင်းနဲ့မရပါဘူး၊

အသုံးပြုမဲ့ ဂျီပီယူမှာ Tensor core တွေရှိဖို့လိုပါတယ်။ 

Consumer တွေအတွက် Tensor core အသုံးပြု ပထမဆုံး ဂျီပီယူက Titan V ပါ။ 

နောက် Turing (RTX 20 series) 

အဲ့ဒီနောက် လက်ရှိ Ampere (RTX 30 series) တွေမှာ ထည့်သွင်းအသုံးပြုစေပါတယ်။  



RTX = CUDA (Shader Compute) +  RT core (Ray Tracing) + Tensor core (AI/DLSS) 

ဆိုတော့ RTX 30 series ကတ်တွေမှာ Tensor core ဟာ တတိယမျိုးဆက် 3rd Gen အဖြစ်ရောက်ရှိလို့နေပါပြီ။ 

ဂိမ်းတိုင်းလိုလို Native 4K (အထူးသဖြင့် 8K) မှာ Ray Tracing ဖွင့်ပြီး 60FPS နဲ့အထက် run နိုင်ဖို့ဆိုတာက လက်ရှိဂျီပီယူတွေနဲ့ အလှမ်းဝေးနေပါသေးတယ်။  

RTX 3090 လို ဂရပ်ဖစ်ကတ်ချည့်တင် နှစ်ဆယ့်ငါးသိန်းနီးပါးပေါက်တဲ့ ကတ်နဲ့တောင်မှ 4K Ray Tracing On ကိုအဆင်ပြေတယ်ဆိုယုံပဲရှိပါတယ်။  

Ray Tracing ON လိုက်တယ် FPS တွေထိုးကျသွားမယ်၊

တစ်ဖက်မှာ DLSS ဖွင့်လိုက်တဲ့အခါ ဂိမ်းက native resolution အောက်လျော့ပီး render လေတော့ ကျသွားတဲ့ FPS ကို ပြန်ထိန်းပေးပြီးသားဖြစ်သွားတယ် ..


DLSS ဟာ upscale ပဲဆိုပေမဲ့ AI နဲ့ စနစ်တကျ train ထားခြင်းဖြစ်တဲ့အတွက် ရုပ်ထွက် ညံ့ဖျင်းမသွားဘူး၊ 

တစ်ချို့နေရာတွေမှာ native resolution ကပြပေးတာထက်ကို ပိုမိုပြတ်သား လှပတဲ့ပုံရိပ်တွေကိုထုတ်ပေးနိုင်တယ်ဆိုပြီး လေ ပစ်ထားတယ်။

ဒါက NVIDIA ရဲ့ ရည်ရွယ်ချက်ပါပဲ။

Ampere မှာ နောက်ထပ်ပြောင်းလဲလာမှုက PCIe 4.0 ပါဝင်လာခြင်းပါ။ 

PCIe 4.0 ဟာ ယခင် PCIe 3.0 နဲ့ backward compatible ဖြစ်တဲ့အတွက် PCIe 4.0 support မားသားဘုတ်အသစ်အသုံးပြုဖို့ရာမလိုပါဘူး။ 

3.0 နဲ့ 4.0 အကြား gaming စွမ်းဆောင်ရည်ရလဒ်ဟာ 2℅ ဝန်းကျင်သာရှိတဲ့အတွက် လက်ရှိအချိန်မှာ သူ့ကို မေ့ထားပေးလို့ရပါတယ်။ 

နောက်ဆုံးတစ်ခုကတော့ Ampere မှာ HDMI 2.1 ကိုအထောက်အပံ့ပေးလာခြင်းပါပဲ။ 

HDMI 2.1 ဟာ bandwidth ပိုမိုများပြားလာတဲ့အတွက် 4K 120Hz, 8K 60Hz ပုံရိပ်တွေကိုလက်ခံဆောင်ယူပေးနိုင်ပါတယ်။ 

RTX 20 series အပါအဝင် ရှေ့ကတ်တွေမှာတော့ အမြင့်ဆုံး HDMI 2.0b (4K 60Hz) အထိပဲပါဝင်ပါတယ်။

ဒါကြောင့် ထိုစဉ်က 4K high refresh rate မြင့်တဲ့ monitor တွေနဲ့တွဲဖက်အသုံးပြုလိုပါက HDMI အစား DisplayPort ကိုပဲအသုံးပြုကြရပါတယ်။

ယနေ့ကာလမှာတော့ PS5, Xbox Series X|S တွေမှာလည်း HDMI 2.1 ပါဝင်လာကြပြီဖြစ်သလို HDMI 2.1 ပါတဲ့ TV/Monitor တွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာကြတော့မှာဖြစ်ပါတယ်။ 

(HDMI, DVI, VGA, DisplayPort စသည်တို့ရဲ့ ဗားရှင်းများနှင့် လုပ်ဆောင်ချက်များကို အသေးစိတ်သိလိုပါက ယခု link တွင် ဆောင်းပါးဖြင့်ဖော်ပြပေးထားပါသည် > Display Interface Parody (သို့) ဒီဂျစ်တယ်ပုံရိပ်တွေကို ဆောင်ယူပေးကြသူများအကြောင်း (frosblaze.blogspot.com))

Ampere ကို အနှစ်ချုပ်ရရင် 

2nd Gen RT core 

3rd Gen Tensor core 

PCIe 4.0

HDMI 2.1

ပါဝင်လာပြီး Turing ထက် 

RT စွမ်းဆောင်ရည်မှာ 1.7 ဆ

Tensor စွမ်းဆောင်ရည်မှာ 2.7 ဆ 

ပိုမိုတွက်ချက်နိုင်တယ်ဆိုပြီး NVIDIA က ညွှန်းဆိုထားပါတယ်။ 

(spoiler alert ပြောရရင် ဒါက ကြွားလုံးသပ်သပ်မဟုတ်ပါဘူး)

လက်ရှိ review ရေးနေစဉ်ကာလအထိ NVIDIA ဟာ 

RTX 3090

RTX 3080

RTX 3070 

RTX 3060 Ti 

တွေကို ထွက်ရှိပေးထားပြီး RTX 3060 ကိုလည်း February အတွင်းထုတ်ပေးသွားမယ်လို့ တရားဝင်ပြောထားပြီးဖြစ်ပါတယ်။ 

ယခု MSI GeForce RTX 3060 Ti Gaming X Trio အတွက် 

1) Price & Features 

2) Power Usage & Temperature 

3) Gaming Performance 

4) Conclusion 

ဆိုပြီး အကြောင်းအရာ ၄ မျိုးခွဲပြောပေးသွားပါ့မယ်။

စာရှည်မှာဖြစ်တဲ့အတွက် FPS ရလဒ်သီးသန့်ကြည့်လိုသူများ "Gaming Performance" အောက်မှာကြည့်နိုင်ပါတယ်။

1) Price & Features 



Specs -
GPU: GA104
CUDA Core: 4864
ROP: 80
Core Clock: Boost 1830MHz
Memory Clock: 14Gbps
VRAM: 8GB GDDR6
Bus Width: 256-bit
Performance: 16.2 TFLOPs (Single Precision)
TDP: 240W (2x 8-pin)
Process Node: 8nm 
Video Output: 3x DisplayPort 1.4a, 1x HDMI 2.1


RTX 3060 Ti ဟာ ယခင် RTX 2060 Super ရဲ့နေရာကို တိုက်ရိုက်ဆက်ခံမဲ့ ဂျီပီယူပါ။ 
ဘာလို့လည်းဆိုတော့ 2060 Super နဲ့ 3060 Ti ရဲ့ launch price က $399 (MSRP) အတူတူဖြစ်ကြလို့ပါပဲ။ 
ဒီနေရာမှာ အဲ့ဒီ MSRP အကြောင်းကို နည်းနည်းလေးပြောပါအုံးမယ်။
MSRP ဆိုတာက ကုန်ပစ္စည်းတစ်ခုအပေါ် သတ်မှတ်ထားတဲ့ ကုမ္ပဏီရဲ့ဈေးပါ။
RTX 3060 Ti ဟာ MSRP အရ $399 ဖြစ်ပါတယ်။
သို့ပေမဲ့ ကျနော်တို့တွေအမှန်တကယ်ဝယ်ယူရမဲ့ဈေးနှုန်းက အဲ့ဒီထက်သေချာပေါက်ပိုမှာပါ။ 
ကုန်ပစ္စည်းတစ်ခုအတွက် သယ်ယူစရိတ်တွေ၊ အခွန်တွေ ရှိသလို အမြတ်တွေအတွက်လည်းထည့်တွက်ရမှာဆိုတော့ ဆိုင်တွေက MSRP ကြီးနဲ့ပြန်ရောင်းနိုင်ပါ့မလားဆိုတာ စဉ်းစားစရာတောင်လိုမယ်မထင်ပါဘူး။ 

နောက်တစ်ချက်က ဂရပ်ဖစ်ကတ်တွေရဲ့ များပြားစွာရှိနေကြတဲ့ မော်ဒယ်တွေပါ။ 
သုံးထားတဲ့ ဂျီပီယူတူရင်တောင် clock speed ပိုမြန်တဲ့ကတ်၊ RGB မီးတွေ backplate တွေ cooling စနစ် ပိုအားသာတဲ့ ကတ်တွေက ဈေးပိုများပါတယ်။

နောက်ပြီး brand တစ်ခုနဲ့တစ်ခုလည်း ဈေးသတ်မှတ်ပုံခြင်း မတူကြပါဘူး။ 
ဥပမာ အခု 3060 Ti ကိုကြည့်ပါ။
တခြား brand တွေကို ထည့်မပြောခင် MSI တစ်ခုထဲနဲ့ယှဉ်ပြပါမယ်။
RTX 3060 Ti အတွက် MSI ဟာ 
Gaming X Trio 
Gaming Trio 
Ventus 3X OC 
Ventus 3X
Ventus 2X OC
Ventus 2X
Twin Fan  
ဆိုပြီး ၇ မျိုးလောက်ထုတ်ပါတယ်။
ယခု review ကတ်က Gaming X Trio ပါ။
ဈေးလည်းအားလုံးထဲမှာအမြင့်ဆုံးပါ။
Gaming X Trio က clock speed ပိုမြန်တာကလွဲရင်  Gaming Trio နဲ့ ပုံစံလုံးဝချွတ်စွတ်ပါပဲ။
သူတို့နှစ်ခု အပြင်မှာ ယှဉ်ချထားရင် ဘယ်သူက ဘယ်ဟာဆိုတာ ခွဲပြောနိုင်မှာမဟုတ်ပါဘူး။ 
Ventus က RGB မီးမပါ ဘာမပါတဲ့ မော်ဒယ်ပါ။
RGB မပါသလို ကတ်ပုံစံကလည်း ပုံ အ တဲ့စာရင်းထဲပါပါတယ်။ 
3X က fan သုံးလုံး
2X က fan နှစ်လုံးပါပါတယ်။ 
OC က clock speed နည်းနည်းပိုမြန်တဲ့ကောင်ပါ။ 
ဆိုတော့ Ventus ဟာ Gaming X Trio တွေနဲ့ယှဉ်ရင် ဈေးနှုန်းအားဖြင့် ($40 ကနေ $80 အထိ) သက်သာပါတယ်။ 

အဲ့ဒီလိုပဲ ASUS ရဲ့ 3060 Ti မှာလည်း ROG STRIX, TUF စသဖြင့် အမျိုးမျိုးခွဲထားပါတယ်။
ဈေးတွေလည်းမတူကြပါဘူး။ 
RTX 3060 Ti ရဲ့ MSRP ဟာ $399 ဆိုပေမဲ့ MSI RTX 3060 Ti Gaming X Trio ရဲ့ ပြည်တွင်းသတ်မှတ်ရောင်းဈေးက $560 ဖြစ်ပါတယ်။
(တရုတ်ရဲ့ စည်းကြပ်ခွန်မူဝါဒနဲ့ အခြားအခက်ခဲတချို့ကြောင့် ဂရပ်ဖစ်ကတ်တွေရဲ့ဈေးနှုန်းတွေ ပြည်တွင်းကော ပြည်ပပါ ယခုထက် ပိုတက်လာဖို့ရာရှိပါတယ်
ဤကား စကားချပ်) 

MSRP အကြောင်းကို တခုတ်တရထည့်ပြောရတာက ဒီဈေးတွေလာလာပြပြီး ပြည်တွင်းမှာလည်း အဲ့အတိုင်းဝယ်လို့ရမယ် ဆိုပြီး မှတ်ယူထားတဲ့သူအချို့ ယခုအထိ မြင်တွေ့နေရတာကြောင့်ဖြစ်ပါတယ်။ 
အဲ့ဈေးအတိုင်းရချင်ရင်တော့ ကုမ္ပဏီအပေါက်ဝကနေ ငုတ်တုပ်ထိုင်စောင့်မှပဲဖြစ်နိုင်ပါလိမ့်မယ်။



Gaming X Trio ရဲ့ ကိုယ်ထည်တည်ဆောက်ပုံက bulky ဖြစ်တဲ့အနေအထားပါ.. တော်တော်ကြီးသလို ဝိတ်လည်းစီးပါတယ်။ 
အရှည် ၁၂.၇ လက်မ
အကျယ် (ဗျက်) ၅.၅ လက်မ 
အထူ ၂.၂ လက်မ
ရှိတဲ့ triple slot ကတ်ဖြစ်ပြီး ၃.၂ ပေါင် လေးပါတယ်။ 
ထူထဲလေးလံတဲ့ ကတ်ဖြစ်တဲ့အတွက်ကြောင့်လည်း မားသားဘုတ်ရဲ့ PCEe slot ကို ညွှတ်ကျမသွားစေဖို့ရာ bracer ထိမ်းတိုင်တစ်ခုကို box အတွင်း တစ်ပါထဲထည့်သွင်းပေးထားပါတယ်။
(ကတ်ကို vertical ထောင်ပြီးအသုံးပြုသူတွေအနေနဲ့က သူ့ကိုမလိုပါဘူး) 
ကတ်ရဲ့ ပုံပန်းသွင်ပြင်ဟာ အတော်ကြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။


MSI ဟာ ယခင် RTX 2080 Ti Lighting ရဲ့ ဒီဇိုင်းအပေါ်အခြေခံပြီး RTX 30 series Gaming X Trio ကို ဖန်တီးထားပုံရပါတယ်။ 
ချိုးထားတဲ့ ထောင့်တွေနဲ့အတူ အနက်နဲ့ ငွေရောင်ရောစပ်ထားတဲ့ ကတ်ရဲ့ ကိုယ်ထည်ဟာ casing အဖြူ ပဲဖြစ်ဖြစ် အနက်ပဲဖြစ်ဖြစ် ပဏာရနေမှာအမှန်ပါပဲ။ 


Gaming X Trio မှာ ပြောစရာရှိတာက backplate ကို metal အစား plastic (MSI အခေါ် graphene) တစ်မျိုးကိုအသုံးပြုထားတာပါပဲ။
Gaming X Trio ရဲ့ graphene ဟာ metal လောက် ကောင်းမွန်မှုမရှိပေမဲ့ Ventus ကတ်တွေမှာပါတဲ့ blackplate အမျိုးအစားထက်တော့ တောင့်တင်းသပ်ရပ်မှုရှိပါတယ်။



ဒါက အရေးပါတဲ့ပြစ်ချက်တစ်ခုမဟုတ်ပေမဲ့ Gaming X Trio လို upper class တန်းဝင်ကတ်အတွက် metal backplate မျှော်လင့်မိတာအမှန်ပါပဲ။
(MSI RTX 3090 Gaming X Trio တွင်သာ metal backplate ပါဝင်ပြီး ကျန် Trio မော်ဒယ်များအားလုံးတွင်မူ graphene ကိုသာအသုံးပြုထားပါတယ်) 

2) Power Usage & Temperature 

RTX 3060 Ti အတွက် NVIDIA ရဲ့ reference TDP ဟာ 200W ပါ။
MSI ကတော့ Gaming X Trio မှာ မြင့်မားတဲ့ clock speed, RBG နဲ့ cooling စနစ်တွေပြုလုပ်ထားမှုကြောင့် Total Baord Power ကို 40W ထပ်တိုးကာ 240W အဖြစ်သတ်မှတ်ထားပါတယ်။
ကတ်က သူအလုပ်လုပ်ဖို့လိုအပ်တဲ့ Watt ပမာဏကို 8-pin နှစ်ချောင်း နဲ့ PCIe slot ကနေ ရယူမှာပါ။ 


3060 Ti Gaming X Trio ဟာ 
idle မှာ 15W
full load မှာ 232W 
အထိ အများဆုံးအသုံးပြုတာကိုတွေ့ရပါတယ်။ 
သတ်မှတ် Wattage ကိုမကျော်လွန်တဲ့အတွက် safe မဖြစ်မှာကို စိုးရိမ်ဖို့ရာမလိုပါဘူး။ 
PSU အတွက် 600W 80 Plus rating လောက်အနိမ့်ဆုံးရှိရင် အဆင်ပြေပါတယ်။

(PSU ရဲ့ rating တွေအကြောင်းသိလိုပါက ယခု link တွင်ကြည့်ပါ >  Let's talk about PSU! (frosblaze.blogspot.com))

cooling စနစ်အတွက် ကုမ္ပဏီရဲ့ Tri Frozr 2 နည်းပညာကိုသုံးထားပြီး GPU နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ core pipe တွေကနေ heatsink တစ်လျောက် အပူတွေကို စီးကူးစေကာ fan သုံးလုံးနဲ့ ပြင်ပကို စွန့်ထုတ်စေမှာဖြစ်ပါတယ်။ 
ကျနော့်အနေနဲ့ ရှေ့မှာ 
MSI GTX 1060 OC 
MSI GTX 1660 Gaming X 
ကတ်တွေ သုံးခဲ့သူဖြစ်လေတော့ ယခု Gaming X Trio အပေါ် cooling ပိုင်းမှာ ကျေနပ်မိတာအမှန်ပါပဲ။

Torx Fan 4.0 ပန်ကာသုံးလုံးဟာ GPU full load, fan speed 40% အခြေအနေမှာတောင် အသံဆိတ်ညိမ်ပြီး အပူချိန်ကို 73°C အထိ ထိန်းထားနိုင်ပါတယ်။
65°C ကိုမရောက်မခြင်း ပန်ကာမလည်ပါဘူး။ 


(fan curve ကို MSI Afterburner, Dragon Center နှစ်သက်ရာ ဆော့ဖ်ဝဲကနေ လိုအပ်သလိုပြောင်းထားခွင့်ပေးထားပါတယ်) 
ဒါက နေ့ခင်းပူပြင်းတဲ့အချိန် အဲကွန်းတပ်ဆင်ထားခြင်းမရှိတဲ့ အခန်းထဲ ဂိမ်းတွေနဲ့ တစ်နာရီလောက် run ထားပြီး စစ်ခဲ့တဲ့ရလဒ်ပါ။
နောက်ပြီး casing ရဲ့ အနေအထားအရ Corsair CPU AIO ရဲ့ 240mm radiator ကို front intake အနေနဲ့ ယူထားတဲ့အတွက်လည်းပါပါတယ်။

3) Gaming Performance 

ဂရပ်ဖစ်ကတ်သစ်တွေကို upgrade လုပ်ကြ ဝယ်ကြခြင်းအကြောင်းရင်းက များသောအားဖြင့် ဂိမ်းတွေကို ရုပ်ထွက်အရည်အသွေးမြင့်မြင့် fps မြင့်မြင့်နဲ့ ခံစားလိုကြတဲ့အတွက်ကြောင့်ပဲမဟုတ်ပါလား။ 
ကျနော်ကိုယ်တိုင်ကလည်း ဂိမ်းတွေကို နှစ်သက်ခုံမင်တဲ့သူဖြစ်တဲ့အတွက် gaming performance ရလဒ်ကိုပဲ ဦးစားပေးပြောသွားပါမယ်။

NVIDIA ကတော့ သူ့ရဲ့ RTX 3060 Ti ဟာ RTX 2080 Super ထက်ပိုမြန်တယ်ဆိုပြီးပြောထားတယ်။
ကျနော့်အနေနဲ့ 2080 Super ကတ် မရှိတဲ့ စမ်းပြလို့မရပေမဲ့ အခြား review outlet တွေအရ 2080 Super ထက်မြန်တယ်ဆိုတာ အထင်အရှားတွေ့နိုင်ပါတယ်။
2080 Super မရှိပေမဲ့ upgrade ပြုလုပ်လိုသူတွေ ချိန်ဆလို့ရအောင် ကျနော့်ရဲ့ GTX 1660 နဲ့ ရလဒ်တွေ ယှဉ်ပြပေးသွားပါမယ်။
အတိအကျပြောရရင် MSI GTX 1660 Gaming X ပါ။ 



ဂိမ်းအရေအတွက် ၁၉ ခုမှာ resolution အတူတူ၊ graphics setting အတူတူ PC specs အတူတူနဲ့ benchmark စစ်ထားတဲ့အတွက် 3060 Ti ရဲ့ ideal performance ကို ချိန်ဆနိုင်ပါလိမ့်မယ်။ 

◾PC specs◾
 
CPU: Intel Core i5-10600 
CPU Cooler: Corsair H100i RGB Pro XT AIO
Mobo: MSI Z490 Gaming Plus 
RAM: 2x 8GB HyperX Fury RGB 2666MHz 
PSU: Cooler Master MWE Gold 650W Full Modular 
Monitor: AOC 24G2 1080p IPS 144Hz 
Storage: 
256GB XPG SX8200 Pro M.2 NVMe (For OS)
2TB + 4TB Seagate HDDs  
OS: Windows 10 Pro 64-bit 
Casing: Phanteks P400 Tempered Glass

◾Graphics Cards◾ 

MSI RTX 3060 Ti Gaming X Trio (tested driver 461.09)
MSI GTX 1660 Gaming X (tested driver 457.09)

See PC Full specs > https://valid.x86.fr/bedxgf

RTX 3060 Ti ဟာ 1080p အတွက် overkill ဖြစ်တဲ့အထဲမှာပါပါတယ်။
သူ့အတွက် 1440p ဟာ အသင့်တော်ဆုံးဖြစ်ပြီး 4K မှာလည်း ဂိမ်းအပေါ်မူတည်ပြီး Medium to High တွင် သင့်တင့်တဲ့ fps နဲ့ ကောင်းကောင်း run နိုင်ပါလိမ့်မယ်။
သို့သော် ကျနော့်လက်ထဲ 4K/1440p Display တွေမရှိတဲ့အတွက် 1080p နဲ့ပဲ benchmark ပြုလုပ်လိုက်ရပါတယ်။ 

◾Game Benchmarking◾ 

Call of Duty: Black Ops Cold War 
[Ray Tracing OFF, Others Max]

GTX 1660 = 69 FPS 
RTX 3060 Ti = 137 FPS (99℅ faster)

Red Dead Redemption 2
[TAA High, 4x MSAA, FXAA ON, Reflection MSAA OFF, Others Max]
GTX 1660 = 24 FPS
RTX 3060 Ti = 54 FPS (125℅ faster)

Gears 5
[All Max]
GTX 1660 = 62 FPS
RTX 3060 Ti = 123 FPS (98℅ faster)

Resident Evil 3 
[DX12, TAA, All Max]
GTX 1660 = 93 FPS
RTX 3060 Ti = 207 FPS (123℅ faster)

Grand Theft Auto V 
[8x MSAA, 8x Reflection MSAA, All Max]
GTX 1660 = 73 FPS
RTX 3060 Ti = 114 FPS (56℅ faster)

Assassin's Creed Unity 
[TXAA, All Max]
GTX 1660 = 54 FPS
RTX 3060 Ti = 114 FPS (111% faster)

Assassin's Creed Origin 
[Adaptive Quality OFF, Max]
GTX 1660 = 67 FPS
RTX 3060 Ti = 94 FPS (40℅ faster)

Assassin's Creed Odyssey 
[Adaptive Quality OFF, Max]
GTX 1660 = 49 FPS
RTX 3060 Ti = 80 FPS (63℅ faster)

Civilization VI
[AA OFF, Max]
GTX 1660 = 79 FPS 
RTX 3060 Ti = 79 FPS (0℅ faster)

Total War: Three Kingdoms 
[Max]
GTX 1660 = 39 FPS 
RTX 3060 Ti = 68 FPS (74℅ faster)

Devil May Cry 4 Special Edition 
[8x MSAA, Max]
GTX 1660 = 211 FPS
RTX 3060 Ti = 381 FPS (81℅ faster)

Devil May Cry 5
[TAA, Max]
GTX 1660 = 108 FPS
RTX 3060 Ti = 222 FPS (106℅ faster)

Far Cry Primal 
[SMAA, Max]
GTX 1660 = 80 FPS
RTX 3060 Ti = 109 FPS (36℅ faster)

Batman: Arkham Knight 
[Max]
GTX 1660 = 76 FPS
RTX 3060 Ti = 116 FPS (53℅ faster)

Battlefield 1 
[DX12, TAA, Max]
GTX 1660 = 94 FPS
RTX 3060 Ti = 165 FPS (76℅ faster) 

Middle Earth Shadow of Mordor 
[Max]
GTX 1660 = 102 FPS
RTX 3060 Ti = 225 FPS (121% faster)

Tomb Raider 
[4x SSAA, Max]
GTX 1660 = 62 FPS
RTX 3060 Ti = 142 FPS (129℅ faster)

Rise of the Tomb Raider 
[DX12, AA OFF, Max]
GTX 1660 = 91 FPS
RTX 3060 Ti = 175 FPS (92℅ faster)

Shadow of the Tomb Raider 
[DX12, TAA, Max]
GTX 1660 = 72 FPS
RTX 3060 Ti = 128 FPS (78℅ faster)






◾Synthetic Benchmarking◾ 

Unigine Heaven 
[Max]
GTX 1660 = 65 FPS
RTX 3060 Ti = 152 FPS (134℅ faster)

ဂိမ်း ၁၉ ခုနဲ့ benchmark ပြုလုပ်ရာမှာ အချို့ဂိမ်းတွေမှာ စွမ်းဆောင်ရည် ၂ ဆ ကျော်လွန်ရရှိတာကိုတွေ့ရမှာပါ။ 
Resident Evil 3, Red Dead Redemption 2 တို့မှာဆိုရင် ၂.၂ ဆအထိ frame rate တွေ ပိုမိုမြန်ဆန်လာပါတယ်။ 
ပြောစရာရှိတာက Civilization VI မှာပါ။
ရလဒ်အတူတူ (79FPS)  ဖြစ်နေတော့ သို့လောသို့လော ရှိလာပါတယ်။ 
ဒီဂိမ်းမှာ RTX 3060 Ti ရဲ့ GPU load က 60% ဝန်းကျင်၊ 
GTX 1660 မှာဆိုရင်လည်း 80℅ လောက်ပဲသွားပါတယ်။

Civilization VI လိုဂိမ်းမျိုးမှာ CPU က အဓိကပိုအရေးပါလေတော့ GPU ပိုင်းမှာ GTX 1660 အတွက်တောင် လိုတာထပ်ပိုနေမှာအသေအချာပါပဲ။ 
ဒါကြောင့် FPS ရလဒ်တွေတူနေတာလို့ပဲကောက်ချက်ချရပါလိမ့်မယ်။ 

အကယ်၍ သင်ဟာ လက်ရှိမှာ GTX 1070, GTX 1660, 1660 Super အပါအဝင် သူ့အောက်ကတ်တွေကနေ upgrade ပြုလုပ်ဖို့စိတ်ကူးထားတယ်ဆိုရင် RTX 3060 Ti ဟာ ဈေးနှုန်းကော စွမ်းဆောင်ရည်အရပါ အလွန်သင့်တော်တဲ့ဂျီပီယူဖြစ်ပါတယ်။ 
RTX 2080 Super စွမ်းဆောင်ရည်ကို လွန်ခဲ့တစ်နှစ်က RTX 2060 Super ရဲ့ ဈေးနဲ့ရမှာပါ။ 

ဒီအထိ benchmark ပြုလုပ်ခဲ့သမျှက Ray Tracing မပါတဲ့ raster performance ပါ၊
GTX 1660 နဲ့ နှိုင်းယှဉ်ဖို့ရာဆိုတော့ Ray Tracing ပိတ်ထားဖို့ရာလိုတာကိုး။

ခုအောက်မှာဆက်ပြီး Ray Tracing ON/OFF အခြေအနေ၊ DLSS ရဲ့ သက်ရောက်မှုနဲ့အတူ VRAM ဘယ်လောက်အသုံးပြုလည်းဆိုတာအတွက် ထပ်မံ benchmark ပြုလုပ်ပေးထားပါတယ်။ 



Call of Duty: Black Ops Cold War 

Ray Tracing Ultra, DLSS OFF = 69 FPS / 7.9GB
Ray Tracing High, DLSS OFF = 71 FPS / 7.8GB
Ray Tracing Medium, DLSS OFF = 72 FPS / 7.7GB
Ray Tracing OFF, DLSS OFF = 137 FPS / 7.5GB

Black Ops Cold War မှာ Ray Tracing အတွက် ရွေးချယ်ခွင့် သုံးမျိုးရှိပြီး သင်ဟာ OFF ထားရာကနေ အမြင့်ဆုံး Ultra ကိုထားလိုက်မယ်ဆိုရင် 50℅ အထိ FPS လျော့နည်းရရှိပါလိမ့်မယ်။ 
VRAM အသုံးပြုမှုက 400MB ခန့်သာ ခြားနားတဲ့အတွက် ဒါဟာ VRAM ပမာဏ bottleneck ကြောင့်မဟုတ်ဘူးလို့ အကြမ်းဖြင်းသတ်မှတ်နိုင်ပါတယ်။

NVIDIA ရဲ့ magic ဖြစ်တဲ့ DLSS ဖွင့်မယ်ဆိုရင်ကော?

DLSS ဟာ 1440p/4K/8K စတဲ့ display တွေကိုသာ အဓိကရည်ရွယ်ထားခြင်းဖြစ်တဲ့အတွက် 1080p မှာ သိပ်အလုပ်မဖြစ်ပါဘူး။  
သို့ပေမဲ့ ချန်ထားခဲ့ရင် RTX review ဝိသေသ မပြည့်စုံတဲ့အတွက် 1080p မှာလည်းပဲ စမ်းကြည့်ရပါတော့တယ်။ 

Ray Tracing Ultra, DLSS Quality = 74 FPS / 7.8GB
Ray Tracing Ultra, DLSS Balance = 73 FPS / 7.9GB

Call of Duty: Black Ops Cold War မှာ DLSS ကို Quality, Balance, Performance, Ultra Performance ဆိုပြီး အဆင့် လေးဆင့်ရှိပါတယ်။
Quality ဟာ ရုပ်အမြင်ပိုင်းလှပမှုကို ဦးစားပေးပါတယ်၊
Ultra Performance ဟာ FPS ကိုအသားပေးပြီး ရုပ်ထွက်ပိုင်းမှာ အညံ့ဆုံးဖြစ်ပါတယ်။
Balance mode ကတော့ သမာသမတ်လမ်းစဉ်ပေါ့။
Ray Tracing Ultra မှာ DLSS ON (Quality Mode) လိုက်ခြင်းက 5FPS လောက်ပဲ ပိုရပါတယ်။ 
အမြင်ပိုင်းမှာ နည်းနည်းဖွာသွားတယ်ပြောလို့ရပေမဲ့ စေ့စေ့ပေါက်ပေါက် လိုက်ကြည့်တတ်တဲ့သူမဟုတ်ရင် native 1080p နဲ့ အတူတူပဲခံစားရမှာပါ။ 

Performance နဲ့ Ultra Performance ၂ မျိုးလုံးကတော့ အတော်ကြီးကို ရုပ်ပျက်ပါတယ်။
မနက် အိပ်ရာနိုးကာစ လူတစ်ယောက်ရဲ့ အမြင်လိုပါပဲ၊ 
အရာရာက မပြတ်သားပဲ ဖွာလန်ကြဲနေပါတယ်။
ပြောခဲ့သလိုပဲ DLSS ဟာ 1080p အတွက် ရည်ရွယ်ထားခြင်းမဟုတ်လေတော့ ဒါတွေက သိပ်တော့ပြသနာမရှိပါဘူး။ 

Crysis Remaster




[Can it run crysis, No AA]
Ray Tracing ON = 69 FPS / 8GB 
Ray Tracing OFF = 80 FPS / 7.5GB

Crytek ရဲ့ မူလ Crysis 2007 ဂိမ်းဟာ အဆိုပါအချိန်က PC hardware တွေကိုသာမက နောင် သုံးနှစ်လောက်အတွင်း ထွက်သမျှ hardware တွေကိုပါ သိမ်ငယ်သွားစေတဲ့အထိ ကောင်းကောင်းခိုင်းစေနိုင်တာ သာဓကပါ။ 
သူခိုင်းစေတာက bug ကြောင့်မဟုတ်ပဲ ဂိမ်းကိုယ်တိုင်ကိုက လွန်စွာလှပပြီး အားလုံးထဲမှာကြည့်ကောင်းနေခဲ့တာကိုး ...
ဒါကြောင့်လည်း Can it run Crysis ဆိုပြီး trend တစ်ခု ယနေ့အထိ ဖြစ်တည်နေခဲ့တာပါ။ 

Crytek ဟာ 2020 မှာ အဲ့ဒီဂိမ်းကို Ray Tracing နဲ့အတူ အခြား ဂရပ်ဖစ်မြှင့်တင်မှုတွေပြုလုပ်ပြီး remaster အဖြစ်နဲ့ပြန်ထုတ်ပေးခဲ့ပါတယ်။ 
DLSS တော့ ပါဝင်ခြင်းမရှိပါဘူး။ 
Graphics quality မှာ Low, Medium, High, Very High အပြင် အမြင့်ဆုံး "Can it run Crysis" ဆိုတဲ့ preset ကိုပါ ထည့်သွင်းပေးထားပါတယ်။ 
ဘယ်လောက်စွာတဲ့ PC ပဲဖြစ်ဖြစ် ဝပ်ပြားသွားစေရမယ်ဆိုတဲ့သဘော ..
ဒါကြောင့်လည်း Anit-aliasing OFF, Raytracing OFF ထားတဲ့ အခြေအနေမှာတောင် RTX 3060 Ti နဲ့ i5-10600 အတွဲဟာ 1080p မှာ 80FPS ပဲရတာကိုတွေ့နိုင်မှာပါ။ 

အောက်မှာဆက်ပြီး Ray Tracing Demo တစ်ချို့ရဲ့ ရလဒ်တွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။ 

Atomic Heart Demo
Ray Tracing ON, DLSS OFF = 96 FPS
Ray Tracing ON, DLSS ON = 101 FPS 

Justice RTX Demo 
Ray Tracing ON = 87 FPS
Ray Tracing OFF = 125 FPS

Neon Noir Demo 
Ray Tracing Ultra = 12523 Score 

Quake II RTX 
[TAA]
RTX Renderer = 79 FPS
OpenGL Renderer = 1000 FPS (one thousand FPS)

4) Conclusion

NVIDIA ရဲ့ RTX 3060 Ti ဟာ လုံးဝ recommended ပါ။
GTX 1660 လိုကတ်မျိုးရဲ့ နှစ်ဆမကတဲ့ စွမ်းဆောင်ရည်ကိုမြင်ရမှာဖြစ်သလို ဈေးနှုန်းအရကြည့်မယ်ဆိုရင် RTX 3070 ကိုရွေးမည့်အစား 3060 Ti က အသင့်တော်ဆုံးဖြစ်ပါတယ်။
RTX 3070 ရဲ့ MSRP က $499 ပါ။
ပြည်တွင်းမှာ brand/model အလိုက် $700 ကနေ $900 အထိရှိပါတယ်။ 
MSI RTX 3060 Ti Gaming X Trio က $560 (အကယ်၍ ဈေးထပ်တက်ခဲ့မည်ဆိုလျင် ~$580) ပဲရှိပါတယ်။
Ventus ဆိုလျင် ယခုထက် $40-50 လောက်ပိုသက်သာပါလိမ့်မယ်။ 
3070 ဟာ performance အရ 3060 Ti ထက် 12% လောက်ပဲပိုမြန်ပါတယ်၊ 
သို့သော် ဈေးက $25℅ လောက်ပိုများပါတယ်။ 
ASUS ROG STRIX ကတ်တွေဆိုရင် 50℅ လောက်အထိ ဈေးပိုသွားပါတယ်။ 
ဂရပ်ဖစ်ကတ်အတွင် သင်ဟာ $700 ဝန်းကျင်သုံးဖို့စိတ်ကူးရှိတယ်ဆိုရင် 3060 Ti ကိုရွေးပါ၊
ပိုတဲ့ငွေကို တခြား PC အစိတ်အပိုင်းတစ်ခုခုမှာသုံးပါ (သို့) သိမ်းထားပါ။

အကယ်၍ ငွေရေးကြေးရေး ခြေသလုံးမွေးဆိုရင် 3070 ကိုကျော်ပြီး 3080 ကိုသာရွေးပါ။ 
3080 ဟာ 3070 ထက် 30℅ ခန့်ပိုမြန်ပါတယ်။ 
3060 Ti ကိုမကိုင်ချင်ဘူး၊ 3080 ကျလည်း ငွေ မလိုက်နိုင်တော့ဘူးဆိုမှသာ 3070 ကိုယူဖို့အကြံပြုပါတယ်။ 

RTX 3090 ကတော့ best of the best ကိုမှလိုချင်တယ်၊ 
5FPS/10FPS လောက်ပဲပိုမြန်ပစေ ဈေးဘယ်လောက်ကြီးကြီး လုံးဝဂရုမစိုက်ဘူးဆိုတဲ့ သူတွေအတွက်ပါ။
ဈေးနဲ့ စွမ်းဆောင်ရည်အရကြည့်မယ်ဆိုရင် 3070 ကော 3090 ပါ မတန်ပါဘူး။

အပြောင်းအလဲအနေနဲ့ AMD ရဲ့ RX 6000 series တွေကိုစဉ်းစားရအောင်ကလည်း လက်ရှိထွက်ရှိပေးထားတဲ့အထဲက အနိမ့်ဆုံးဖြစ်တဲ့ RX 6800 တောင်မှ $580 MSRP ရှိပါတယ်။
RTX 3070 ရဲ့ MSRP ထက်ပင် $80 ပိုပါတယ်။

ဈေးပိုတဲ့အတွက် RX 6800 ဟာ RTX 3070 ထက်လည်း စွမ်းဆောင်ရည်ပိုကောင်းပါတယ်၊
သို့သော် အချို့သောဂိမ်းတွေမှာ RX 6800 ဟာ RTX 3060 Ti အောက်ပင်ရောက်သွားတာမျိုးလည်း review တွေအရ တွေ့ရပါတယ်။
NVIDIA ကဲ့သို့ Ray Tracing အတွက် သီးသန့်အလုပ်လုပ်ပေးတဲ့ RT core မျိုး AMD RX 6000 Series တွေမှာ မပါသေးသလို DLSS ကို တန်ပြန်ယှဉ်ပြိုင်ဖို့နည်းပညာလည်း လက်တလော မရှိသေးပါဘူး။ 
ထွက်ရှိခဲ့တာ အချိန်နှစ်လတာ ကာလထဲရောက်ပြီဖြစ်ပေမဲ့ ပြည်တွင်းမှာလည်း RX 6000 Series ကတ်တွေဟာ လုံးဝမမြင်တွေ့ရသလောက်ပါပဲ။ 
အဆိုပါအနေအထားတွေကြောင့် ယခု review အတွင်း AMD ကို ထည့်မစဉ်းစားတော့တာပါ။ 



MSI RTX 3060 Gaming X Trio ဟာ 
reference specs ထက် clock speed ပိုမြန်တယ်
လှပတောင့်တင်းသပ်ရပ်တယ် 
ဆိတ်ညိမ်တယ် (fan noise/coil wine ဆူညံမှုမရှိ) 
ဈေးနှုန်းအရ သင့်တင့်တယ် (overprice မဖြစ်ဘူး) 
အဲ့ဒီအချက်တွေကြောင့် recommend ပေးပါတယ်။ 

ဝမ်းနည်းစရာက လက်ရှိအချိန်မှာ မည်သည့် RTX 30 series မည်သည့် brand ကိုမှ လွယ်လွယ်ကူကူဝယ်လို့မရတာပါပဲ။
RTX 30 series, RX 6000 series တွေအပါအဝင် PS5, Xbox Series X|S တွေပါ တစ်ကမ္ဘာလုံး stock အကန့်အသတ်နဲ့ဖြစ်နေတာပါ။ 
ပြည်တွင်းဆိုင်တွေဆိုရင် တစ်ကတ်ချင်းမရောင်းပဲ PC တစ်စုံလုံးဆင်မှ RTX 30 series ကတ် ထည့်ပေးတာမျိုးပါ။
ဒါတောင် သင်လိုချင်တဲ့ model မဟုတ်ရင် ချက်ချင်းမရနိုင်ပါဘူး။ 
ဒါကလည်း သူတို့အပြစ်တော့မဟုတ်ပါဘူး၊
ဖြစ်နေတဲ့အခြေအနေတွေအပေါ် အဆင်ပြေအောင်လုပ်လိုက်ရခြင်းလို့ပဲမြင်ပါတယ်။ 
stock ရှားတဲ့ပြသနာတွေအမြန်ဆုံးပြေလည်သွားဖို့ရာကိုတော့ မျှော်လင့်ပါတယ်။

ယခု review အတွက် MSI 3060 Ti Gaming X Trio ကို လွယ်လင့်တကူရရှိအောင်စီစဉ်ပေးတဲ့ မဟန်စု (Royal Smart) နှင့်အတူ Call of Duty: Black Ops Cold War (battle.net game code) support ပေးတဲ့ ကိုစွမ်းရည်ဝင်း (AORUS Masterrace)၊
Windows 10 Pro key အတွက် EnThue Tech တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

◾ ◾ ◾ ◾ ◾ 

PS5, Xbox Seires X|S ကိုဝယ်ရမလား၊ RTX 3060 Ti ကိုဝယ်ရမလား?

ဒီမေးခွန်းက review နဲ့တော့မဆိုင်ပါဘူး၊
သို့သော်စဉ်းစားလို့ရအောင် အနည်းငယ်ပြောပေးပါမယ်။

လက်ရှိအခြေအနေတွေအရ RTX 3060 Ti ရဲ့ အမြင့်ဆုံးဈေးနှုန်းဟာ PS5 Disc Edition (သို့) Xbox Series X တို့နဲ့ ဈေး level တစ်ခုထဲမှာရှိနေပါတယ်။


ဒီမှာက Xbox သိပ်မဆော့ကြတော့ PS5 နဲ့ပဲပြောပါမယ်။
PC မှာက ဂရပ်ဖစ်ကတ်တစ်ခုထဲရှိရုံနဲ့ ဂိမ်းတန်းဆော့လို့မရဘူးဆိုတာ ကွန်ပျူတာ knowledge တီးမိခေါက်မိတဲ့သူ တော်တော်များများနားလည်ထားပြီးဖြစ်တဲ့ကိစ္စဖြစ်တယ်။

(ဒါတောင် မြန်မာပြည်မှာ ကွန်ပျူတာ basic ဆိုရင် Typing နဲ့ Microsoft Office အတွဲလောက်နဲ့ပဲ လမ်းဆုံးပြီး အရမ်း အခြေခံကျတဲ့အချက်လေးများတောင် သိရှိသူ အင်မတန် နည်းပါတယ်၊ 
ဒီအချက်ကို သင်တန်းအားလုံးအနေနဲ့မဖြစ်မနေပြင်ဖို့ရာလိုပါတယ်) 

CPU, Motherboard, RAM တွေ Monitor တွေ စတဲ့ PC တစ်လုံးဖြစ်လာဖို့ရာ မဖြစ်မနေလိုအပ်တဲ့ အစိတ်အပိုင်းတွေ ကိုယ့်မှာရှိပြီးဖြစ်ရပါမယ်။ 
ရှိနေယုံနဲ့တင်မလုံလောက်သေး ..
ပေမီဒေါက်မီဖြစ်ဖို့ရာလည်းလိုပါတယ်၊
1000W စတစ်ကာကပ်ထားပြီး မြန်မာကျပ်ငွေ ငါးသောင်းမကျော်တဲ့ Power Supply မှာ RTX 3060 Ti ကိုသွားတပ်မယ်ဆိုရင် ရေစက်ခွက်လေးပါ ဘေးမှာချထားပါ။ 

CPU ကို Intel i3, i5 7th Gen အောက်နဲ့ တွဲမယ်ဆိုရင်လည်း Mr. Bean နဲ့ မိုက်တိုက်ဆန်ကို ထိုးခိုင်းသလိုဖြစ်နေမယ် ..
ဘက် က မမျှ။
PS5 ကတော့ရှင်းတယ် 
အခွေနဲ့ TV ရှိရင်ဇာတ်လမ်းပြတ်ပြီ။ 
လောလောဆယ် jailbreak ရအုံးမှာမဟုတ်လို့ ဂိမ်းတစ်ခု ငွေ ကိုးသောင်းလောက်ကုန်မဲ့ကိစ္စတော့ရှိမယ်။ 

PC က အဲ့အပိုင်းမှာ အားသာချက်ရှိတယ်။
crack လို့ခေါ်တဲ့ ခိုးကူးပိုင်းရိတ်ဂိမ်းတွေ ပေါပေါလောလောရှိတာကိုး ..
ချက်ချင်းမထွက်ရင်တောင် အလွန်ဆုံးစောင့်ရ နှစ်လသုံးလပဲ။
နှစ်ချို့အောင်ကြာပြီး ခုထိ crack မရသေးတဲ့ဂိမ်းလက်တစ်ဆုပ်လောက်လဲရှိတာပေါ့လေ။
ဒါက ချွင်းချက်ပေါ့။

မစောင့်နိုင်ရင် သူလည်း တန်ရာတန်ကြေးပေးပြီး ဝယ်ဆော့လို့ရတာပဲ။ 
ဂိမ်းက အဓိက၊ PC အပေါ် ငွေပုံအောသုံးဖို့ဆန္ဒမရှိဘူး၊ 
ရုံးလုပ်ငန်းတွေလုပ်လို့ရရင်တော်ပြီဆိုတဲ့သူတွေက PS5 ကိုရွေးပါ။
တစ်ခါဝယ်ပြီးသွားရင် စက်မပျက်မချင်း ဂိမ်းတွေထိုင်ဆော့နေရုံပါပဲ။
တစ်နှစ်ခွဲတစ်ခါ ထုတ်နေတဲ့ဂရပ်ဖစ်ကတ်တွေလို အသစ်ပေါ်လာလို့ ဖီလင်အောက်သွားတာမျိုး ဂိမ်းစက်တွေမှာမရှိပါဘူး။ 
PC သမားတွေမှာက အဲ့ဒုက္ခရှိပါတယ်။ 
ဂရပ်ဖစ်ကတ်ပျက်သွားတာမဟုတ်တဲ့ စိတ်ကပေးတဲ့ဒုက္ခပါ။
ဂရပ်ဖစ်ကတ်တင်မှမဟုတ် အခြား အစိတ်အပိုင်းများလည်း အတူတူပါပဲ။ 

Rich Kid/Sugar Daddy မဟုတ်တဲ့ PC ဝါသနာအိုးလေးများမှာ အဆိုပါ psycho ကပ်မိပီဆိုရင် အလွန်တရာခံစားရကြလေ့ရှိပါတယ်။ 
တစ်နှစ်ပျော်ချင်ရင် ဂရပ်ဖစ်ကတ်ဝယ်ပါ။
ငါးနှစ်ပျော်ချင်ရင် PS5 ဝယ်ပါ။
ကိုယ့်စိတ်ကိုယ်နိုင်ရင် ဘယ်ဟာရွေးရွေးအဆင်ပြေပါတယ်။
နှစ်ခုလုံးတတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့၊
မဟုတ်ဘူးလား။

Post a Comment

0 Comments