72 - ဘယ်သူ့ကို ပေးမှာလဲ?

“မမြင်တော့ဘူး?” ထိုအကြောင်းကို ထန်ထိုင်ကျင့် ကြားရသည့်အချိန်တွင် သူသည်အလွန်တရာ တည်ငြိမ်နေသည်။

စူးစူး မျက်စိမမြင်ရသည့်အကြောင်းနှင့် ပတ်သက်ပြီး အပြစ်တင်ခံရမှာကြောက်နေသည့် ထိုအစေခံမသည် တုန်တုန်ရီရီဖြင့် ပြောသည်။ “အရှင်မင်းကြီး …. နန်းတွင်းသမားတော် ခေါ်ပြီးကြည့်ခိုင်းလိုက်ရမလား?”

ထိုစကား ကြားရသည့် ငယ်ရွယ်နုပျိုသော ရွှမ်ယိသည် သူ့နှုတ်ခမ်း ကောက်ကွေးကာရွဲ့စောင်းလိုက်သည်။

“အသက်ရှုနေသေးတာပဲ … ဒါက မျက်လုံးတစုံလောက်ပဲကို … ကိုယ်တော်နဲ့ ဘာဆိုင်လို့လဲ”

သူ ဘာကို ဆိုလိုမှန်းသိသွားသည့် အစေခံသည် အသက်ရှူချောင်သွားသည့် လေသံ ပြုလိုက်သည်။

၇ လပိုင်း၏ မိုးရာသီ မကုန်ဆုံးသေး။ ယန်ကျိ အခန်းထဲဝင်လာသည့်အချိန်တွင်အရှင်မင်းကြီးသည် အိုးထဲက အပင်တွေကို ပြုစုနေသည်ကို တွေ့လိုက်သည်။ ပန်းက အပြည့်မပွင့်သေး။ အဖူးအငုံတပွင့်ပဲ ရှိသည်။ အပြာဖျော့ဖျော့အရောင်ရှိရေခဲပန်း ဖြစ်ပုံရသည်။ရေခဲသလင်းလို အလွန်ကြည်လင်ပြီး လှနေသည်။

ယန်ကျိသည် မြင်ရခဲသော မြင်ကွင်း ဖြစ်သည့်အတွက် ဒုတိယအကြိမ် စိုက်ကြည့်နေမိသည်။

ထန်ထိုင်ကျင့် အေးအေးဆေးဆေးဖြင့် ပြောသည်။ “ရှင်းချာပြည်က လက်ဆောင်ပေးပို့လိုက်တဲ့ အသက်ရှည်ပင် ….. ရောဂါအမျိုးမျိုး ပျောက်ကင်းစေပြီး အနာသက်သာစေတယ်လို့ ဆိုတယ်”

ထန်ထိုင်ကျင့်သည် သူ၏ အေးစက်နေသောလက်ဖြင့် ပန်းကို ပွတ်သပ်ပေးလိုက်ရာ ထိုလှပသောပန်းကလေးကနေ လန်းဆန်းသော ရနံ့ထွက်လာသည်။

“ဘာအတွက်ကြောင့် အရှင်မင်းကြီးကို ဒီလိုရတနာတွေ လာပေးနေရတာလဲ? …. သူတို့ ဘာလိုချင်လို့လဲ?”

ထန်ထိုင်ကျင့် ထေ့ငေါ့သော အပြုံးဖြင့် ပြောသည်။ “သူတို့က ကိုယ်တော့် ကျိုးပြည်ရဲ့မိဖုရားခေါင်နေရာကို လိုချင်လို့”

လွန်ခဲ့သောလက ထန်ထိုင်ကျင့်သည် ပြည်ထောင်၏အမည်နာမကို ကျင့်ဟယ် ဟု ပြောင်းလဲခဲ့သည်။ တချိန်က အင်အားကြီးပြည်ထောင် ဖြစ်ခဲ့သည့် ရှပြည်ထောင်သည် ကျိုးပြည်ထောင် လက်အောက် ကျရောက်ခဲ့ရသည်။ တခြားပြည်ထောင်အားလုံးအတွက် ဘုရင်အသစ် ထန်ထိုင်ကျင့်သည် မဟာမိတ်ဖွဲ့ဖို့ ထိုက်တန်သည့် မင်းတပါး ဖြစ်နေသည်။

ရှီချာပြည်သည် နည်းပရိယာယ် ကြွယ်ဝသည်။ ထန်ထိုင်ကျင့်သည် သူ့တပ်ကို မစေလွှတ်သေးချေ။ ထို့ကြောင့် ရှီချာပြည်က လက်ဦးမှု ရယူကာ လက်ဆောင်ပို့ပေးပြီး သူတို့၏မင်းသမီးနှင့် လက်ထပ်စေချင်နေတာ ဖြစ်သည်။

ဘုရင်တပါးတွင် နိုင်ငံရေးအရ လက်ထပ်ခြင်းသည် ထောက်လှမ်းစုံစမ်းခြင်းနှင့် အင်အား နှစ်ဖက်ညီမျှအောင် ထိန်းသိမ်းသည့် နည်းတခု ဖြစ်သည်။

ယန်ကျိသည် ထန်ထိုင်ကျင့် အမူအရာကို ကြည့်ပြီး သတိထား ပြောလိုက်သည်။“အရှင်မင်းကြီး ဆိုလိုတာက ….”

ထန်ထိုင်ကျင့်သည် အချိန်အတော်ကြာအောင် ပန်းတွေနှင့် ဟိုရွှေ့ဒီရွှေ့ လုပ်ကစားပြီးမှ ပြောလာသည်။ “ပန်းကို လက်ခံလိုက် … လူ မလိုဘူး ….. ကိုယ်တော့်ကို ပြန်ပို့လက်ဆောင် ကူရွေးပေး .. ပြီးရင် သူတို့ဆီ ပို့လိုက်”

ယန်ကျိ တချက်ကြည့်လိုက်ကာ သဘောတူသည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

=======

စူးစူးသည် အလုံပိတ်လျှို့ဝှက်အမှောင်ခန်းတွင် ရက်အနည်းငယ်လောက် ထပ်နေရသည်။သူမကို လာပြစုပေးနေသည့် အစေခံသည် အရင်ကလို သူမအပေါ် အထက်စီးဆန်ဆန်အပြုအမူတွေ ပြလာသည်။

ထန်ထိုင်ကျင့်သည် သူမကို အပြင်ထွက်ခွင့် မပေး။ သမားတော်ခေါ်ပြီးလည်း ဒဏ်ရာတွေကိုမကုသပေးချေ။

စူးစူးသည် ဒီလိုအဖြစ်မျိုး ဖြစ်မည်ကို သိထားပြီး ခေါင်းငုံ့ကာ နေနေသည်။

အရိုးအဆစ်လွဲနေသည့် သူမလက်ချောင်းများကို သူမဘာသာ အနာခံပြီး ပြန်ဆက်လိုက်သည်။ သို့သော် သူမခန္ဓာကိုယ်တော့ တနေ့တခြား အားနည်းလာနေပြီ ဖြစ်သည်။

သူမ အစာများများ ဝင်အောင် ကြိုးစားပြီး စားကြည့်သည်။ သို့သော် အချည်းနှီးပင်။

တညတွင် သူမ ချောင်းဆိုးရင်း သွေးတွေပါလာသည်။

ချင်းရှစ်ပန်း၏ နတ်စွမ်းအား စတင်ပျောက်ကွယ်နေပြီ ဖြစ်ပြီး ကံကြမ္မာဆိုးက သူမအပေါ်မလွဲမသွေ ကျရောက်လာတော့မည်ကို စူးစူး သိနေပြီ ဖြစ်သည်။

ရှုံးတဲ့ဘက်ကို လောင်းကြေးထပ်မိသွားပြီ။

ထန်ထိုင်ကျင့်သည် သူမကို သေစေချင်တယ်လို့ အကြိမ်ဖန်များစွာ ပြောခဲ့ပေမယ့် ဒီတကြိမ်မှာတော့ သူမ အသက်ကို တကယ်ယူတော့မည်။

သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။ နောက်တရက်တွင် အစေခံ ရောက်လာပြီးသူမကို တွန်းလှုပ်နိုးကြည့်ရာ တုတ်တုတ််မျှမလှုပ်တော့။ သူမ ပါးစပ်ထောင့်စွန်းတွင် သွေးများစွန်းထင်းနေသည်ကို တွေ့ရသည့်အခါမှ အစေခံသည် ကိစ္စကြီး ဖြစ်မှန်း သိသွားတော့သည်။

သွေးအန်ခြင်းက စူးစူးကို လျှို့ဝှက်အမှောင်ခန်းကနေ လွတ်မြောက်စေခဲ့သည်။

တယောက်ယောက်က သူမ နှလုံးခုန်နှုန်း လာစမ်းပေးပြီး စကားပြောသံ မသဲမကွဲ ကြားရသည်။

“ဒီမိန်းကလေးခန္ဓာကိုယ်က အားနည်းနေတယ် …… ဘာပြသာနာရှိလဲတော့ ကြည့်လို့ မတွေ့ဘူး ….. မျက်လုံးအကြောင်း ပြောရရင်တော့ အမှောင်ခန်းထဲ အကြာကြီး နေခဲ့ရလို့ ခဏတာမမြင်ရတော့တာ ဖြစ်နိုင်ပါတယ်”

တခြားတဖက်တွင် ထိုင်နေသည့်လူသည် အချိန်အတော်ကြာသည်အထိ စကားမပြော။

စူးစူးသည် သရော်ပြုံးဖြင့် ပြောသည့်အသံ သဲ့သဲ့ ကြားလိုက်ရသည်။

“လှည့်ကွက်တွေ ကစားပြရတာ သူ ကြိုက်တယ်ဆိုတော့ ကိုယ်တော်လည်း ဝင်ကစားပေးရတာပေါ့ ….. ထွက်လာချင်တယ်လား? …. ဒီမှာပဲ နေပါစေ”

နွေးထွေးသော စွမ်းအားတခု သူမလက်ကောက်ဝတ်ထဲ စီးဝင်လာသည်။ နောက်ဆုံးတော့ညနေစောင်းမတိုင်ခင်လေးတွင် စူးစူး နိုးထလာခဲ့သည်။

ကုံးယွိသည် သူ့သခင်ငယ်လေး၏ အရိုးပေါ် အရေတင် ပိန်လွန်းနေသော ခန္ဓာကိုယ်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ချုံးပွဲချ ငိုတော့သည်။

ထိုသို့ ဝမ်းနည်းစွာ ငိုမိသည်မှာ ယခုဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ပထမဆုံးအကြိမ်ကတော့ စူးစူး မိခင် ဆုံးပါးသွားသည့် အချိန်က ဖြစ်သည်။

ကုံးယွိသည် လူ့လောက၌ တစ်နှစ်ကျော်ကြာ ကျင့်ကြံခြင်းမှ ရရှိလာသည့် ဝိညာဉ်စွမ်းအင်အားလုံးကို စူးစူး ခန္ဓာကိုယ်ထဲသို့ လွဲပြောင်းထည့်ပေးလိုက်သည့်အခါမှ စူးစူးမှာ နေသာထိုင်သာ ရှိသွားတော့သည်။

သူမ ပင့်သက်ရှိုက်လိုက်သည်။ လက်ရှိအချိန်သည် နေ့လည်ခင်း ဖြစ်နေမှန်း သိနေသော်လည်း သူမ မျက်လုံးထဲ အရာအားလုံး မှောင်မဲနေသည်။

သူမ မျက်လုံးများ လုံးဝ ကန်းသွားပြီ ဖြစ်သည်။

ကုံးယွိသည် စူးစူး စိတ်အားငယ်နေသည်ကို မြင်လိုက်ရသည်။

အချိန်အတော်အကြာ တိတ်ဆိတ်သွားပြီးနောက် ကုံးယွိ အားတင်းကာ တိုးတိုးလေး ပြောလိုက်သည်။ “ကုံးယွိ သခင့်ကို အိမ်ပြန်ပို့ပေးမယ်”

— နောင်နှစ်ပေါင်း ၅၀၀ က ဟန်ယန်ဂိုဏ်းကို ပြန်သွားပါတော့။ သခင်မွေးဖွားလာခဲ့တဲ့ ချန်ဇယ်တောင်ကို သွားပါ။ အခုလို နာကျင်မှုတွေ ရှိတော့မှာ မဟုတ်ဘူး။

သခင့် မျက်လုံးတွေလည်း အလင်းရောင် ပြန်မြင်ရမယ်။ နတ်သမီးလေး ပြန်ဖြစ်မယ်။ ဆင်းရဲဒုက္ခတွေ ခံစားနေစရာမလိုတော့ဘူး။

မိန်းကလေးသည် ကုတင်ပေါ်ကနေ ယိုင်တိယိုင်တိုင် ဆင်းလာသည်။ သူမနှုတ်ခမ်းမှာခြောက်ပြီး အက်ကွဲနေသည်။ ပတ်ဝန်းကျင်တွင် လူတယောက်မှ မရှိပဲ တိတ်ဆိတ်နေသည်မှာချောက်ခြားဖွယ်အတိ။

ကုံးယွီ အလျင်အမြန် ပြောလိုက်သည်။ “ဘယ်ကိုချိုး …. သတိထား ….. ဟုတ်တယ် ….. ရှေ့ဆက်သွား ….. စားပွဲကို စမ်းမိရဲ့လား?”

စားပွဲပေါ်က ရေနွေးကြမ်းအိုးကို စမ်းမိသွားပြီး သူမဘာသာ ခွက်ထဲ ရေတဝက် လောင်းထည့်ကာ သောက်လိုက်သည်။

သူမ လက်ချောင်းများ နီရဲနေပြီး ရောင်ကိုင်းနေတာကို ကုံးယွိ မြင်လိုက်ရသည်။ အရင်လိုသေးသွယ်ပြီး ဖြူဖွေးမနေတော့ပေ။ ကုံးယွိ ဆက်ပြီး မကြည့်ရက်တော့။

စူးစူး အက်ကွဲနေသောအသံဖြင့် ပြောသည်။ “ငါ ပြန်သွားရင် ဖေဖေ၊ ဦးလေးတွေ၊ ကုံးယယ်ဆရာတူအစ်ကိုကြီး၊ ဂိုဏ်းတူညီအကိုမောင်နှမတွေ ဘယ်လိုလုပ်မလဲ?”

ရှိသမျှ လူအားလုံး သေကြရလိမ့်မည်။

အိပ်မက်ဆိုးမိစ္ဆာ ဖန်တီးထားတဲ့ အိပ်မက်ဆိုးထဲကလို တယောက်ပြီး တယောက် သေသွားကြလိမ့်မည်။

ဂိုဏ်းအကြီးအကဲ ၈ ယောက်က သူတို့၏ ကျင့်ကြံစွမ်းတွေ အကုန်ထုတ်သုံးပြီး သူမကို လွန်ခဲ့တဲ့ နှစ် ၅၀၀ အချိန်ကာလကို ပို့ပေးခဲ့တာ ဖြစ်သည်။ သူမသာ ဟန်ယန်ဂိုဏ်းကို ပြန်ထွက်ပြေးလာခဲ့လျှင် သူမတွင် ဒုတိယအခွင့်အရေး ရှိတော့မည် မဟုတ်။

ကုံးယွိ တိတ်ဆိတ်နေသည်။

ကုံးယွိသည် ကိုးခုမြောက်နတ်ဘုံက ကျောက်စိမ်းလက်ကောက်ဖြစ်သည်။ ရှေးပဝေသဏီကတည်းက ဖြစ်တည်လာခဲ့တာ ဖြစ်သည်။ သူနှင့်အတူ တချိန်တည်း ဖြစ်တည်လာခဲ့သည့်နတ်ရတနာပစ္စည်းတွေနှင့် နှိုင်းယှဉ်၍ မရသော်လည်း သူ့တွင် လေနှင့်မိုးကို ဆင့်ခေါ်နိုင်လောက်သည့် အစွမ်း ရှိနေသည်။ မြေကြီးထဲ နှစ်ပေါင်းများ မြုပ်ကွယ်နေခဲ့သည့် ရှေးဟောင်းကျောက်စိမ်းတုံးသည် ဝိညာဉ်အသိညာဉ် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာပြီး နောက်ဆုံးတွင် အသွင်ပြောင်းနိုင်လာခဲ့တာ ဖြစ်သည်။

နှစ်မည်မျှ ကြာအောင် ကျင့်ကြံခဲ့ရလဲဆိုတာ ကုံးယွိ ကိုယ်တိုင် မသိရပေ။ ၃ လောက၌ ရှိသည့် တောတောင် မြစ်ချောင်း စတင်ဖြစ်တည်လာခဲ့သည့် အချိန်ကာလနှင့် တန်းတူ ဖြစ်ခဲ့ပေလိမ့်မည်။ ကုံးယွိတွင် စူးစူးကို သနားနေတာနှင့် နှိုင်းယှဉ်ရလျှင် လောကသားတွေအတွက်တာဝန်ထမ်းဆောင်ဖို့က ပိုအရေးကြီးနေသည်။

မိစ္ဆာအရှင်ကို နှိမ်နင်းဖို့ သူ၏အရှင်သခင်ကို ကူညီခြင်းနှင့် လောကသားတွေကို ကာကွယ်ပေးဖို့က ကုံးယွိ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

ကုံးယွိ အလွန်ဝမ်းနည်းနေပြီး ခဏအကြာ စိတ်ဆုံးဖြတ်ကာ ပြောလိုက်သည်။ “ဝိညာဉ်ခြွေနတ်သံချောင်း ပျက်စီးသွားပြီ …. ရည်မှန်းချက် ကျရှုံးသွားပြီ ….. ကုံးယွိ သခင့်ကို ပြန်ခေါ်သွားပေးမယ်”

သူမ လက်က ကျောက်စိမ်းလက်ကောက် အရောင် လင်းလက်လာသည်။ စူးစူးသည် ကုံးယွိကို လက်ဖြင့် ဖိလိုက်သည်။

“သခင်?”

စူးစူးပြောသည်။ “ခဏစောင့်ပါဦး …. ငါ့မှာ နောက်ဆုံး နည်းလမ်းတခု ရှိတယ်”

“ဘာ?” ကုံးယွိသည် သူမကို စိုက်ကြည့်လိုက်သည်။ မနက်ခင်း နှင်းရည်တွေနှင့် စိုစွတ်နေသော ပန်းတပွင့်နှယ် မိန်းကလေးရဲ့ ဖြူဖျော့နေသည့် မျက်နှာပေါ် တွင် ခပ်ယဲ့ယဲ့အပြုံးတပွင့်ပေါ်လာသည်။

သေခါနီး အနုနယ်အလှပဆုံးပွင့်အာနေသည့် ပန်းတပွင့်လို။

=========



ရှောင်ဟွေး ပျော်ရွှင်စွာဖြင့် ပြောလာသည်။ “ဖူးရန်တော့ သိမှာမဟုတ်ဘူး … အရှင်မင်းကြီးက အဲ့ဒီအမျိုးသမီးကို အေးခဲနန်းတော်ထဲ ပစ်ထည့်ထားတာ …. ကျွန်မ ကြားရတာ အဲ့ဒီနေရာက နွေရာသီဆို မြွေ၊ ပိုးမွှား၊ ကြွက်၊ ပုရွတ်ဆိတ်တွေ သောင်းကျန်းတယ် …. အစားစာတွေလည်း ပုပ်သိုးလွယ်တယ်တဲ့ … ဒီတခေါက်တော့ အရှင်မင်းကြီးက သူ့ကို တကယ်စက်ဆုပ်ရွံရှာသွားပြီပဲ”

ယဲ့ပင်းချန် အဝတ်ဝတ်လို့ ပြီးခါနီးဆဲဆဲတွင် ခဏရပ်ကာ သူမမျက်လုံးလှလှလေးတွေကို ပင့်ပြီး ကြည့်လိုက်သည်။ “သတိထားပြီး ပြော”

ရှောင်ဟွေးသည် သူမ ပါးစပ်ကို အမြန် ပုတ်လိုက်သည်။ “ဒီကျွန်ပါးစပ်တော့လေ …. ဖူးရန်သင်ပေးတာပဲ အကြိမ်ပေါင်းမနည်းတော့ပြီ …. အခုထိ မတတ်သေးဘူး …. ဖူးရန် ဒီတခေါက်တော့ ညီအစ်မ သံယောဇဉ် ထောက်ပြီး သူ့ကို သနားနေလို့ မဖြစ်ဘူးနော်”

ယဲ့ပင်းချန် ခေါင်းငြိမ့်ပြလိုက်သည်။ “မဖြစ်ပါဘူး … တတိယညီမလေးက အရှင်မင်းကြီးထိခိုက်အောင် လုပ်ထားတာပဲ …. သူ့အသက်ကို ချမ်းသာပေးထားတာကိုက အရှင်မင်းကြီးကငဲ့ညှာပေးထားသလို ဖြစ်နေပြီ”

“ကျွန််မ ကြားရတာက သူ့မျက်လုံးတွေ ကန်းသွားပြီတဲ့”

ယဲ့ပင်းချန် လုပ်နေရာကနေ ခဏရပ်လိုက်သည်။ “ဟုတ်လား?”

နေ့လည်ခင်းတွင် သူမသည် ထန်ထိုင်ကျင့်အတွက် ချုပ်ထားသည့် အဝတ်တွေ ပေးမလို့ သွားရာတွင် ထန်ထိုင်ကျင့်ကို သမားတော်က စမ်းသပ်ပေးနေသည်နှင့် ကြုံတွေ့ရသည်။

အခန်းတွင်းရှိ ရိုးရှင်းပြီး တပ်မက်စရာကောင်းသည့် အမွှေးရနံ့ကြောင့် ယဲ့ပင်းချန်သည် သက်ရှည်ပင်ကို တချက်ကြည့်လိုက်သည်။

သက်ရှည်ပင် အပွင့်ပွင့်လာတော့မည် ဖြစ်သည်။ နေရောင်အောက်တွင် ထိုပန်းပင်သည် သူမတူ ထူးခြားစွာ လှပနေသည်။

ထန်ထိုင်ကျင့်သည် ထိုအပင်ကို အသက်ရှင်အောင် စိုက်ရုံပဲ စိုက်ခဲ့သည်။ သူ့အပွင့်တွေ ခူးပြီးသုံးဖို့ ရည်ရွယ်ချက် မရှိပေ။ နန်းတော်ရှိ လူအားလုံးလိုလိုပင် အရှင်မင်းကြီးတွင် ထိုပန်းပင် ရှိသည်၊ ပန်းပွင့်လာလျှင် ဘယ်သူ့ကို ပေးလိမ့်မယ်ဆိုတာကိုပဲ ခန့်မှန်းနေကြသည်။

ယဲ့ပင်းချန်သည် ရုတ်တရက် တတိယညီမလေး၏ ကန်းနေသော မျက်လုံးတွေကို သတိရသွားသည်။

အကယ်၍ သက်ရှည်ပင် သာဆိုလျှင် တတိယညီမလေး၏ ခန္ဓာကိုယ်သည် သေချာပေါက်ပြန်ကောင်းလာလိမ့်မည်။

ထန်ထိုင်ကျင့်သည် ယဲ့ပင်းချန်ကို မြင်သွားပြီး ငြင်သာစွာ ပြောလိုက်သည်။ “ဝင်လာပြီး ထိုင်ပါ”

ထုံးစံအတိုင်း သူတို့ ၂ ယောက် ကျားတပွဲ ကစားကြသည်။ ယဲ့ပင်းချန်သည်ရှက်ကိုးရှက်ကန်းဖြင့် “လာမယ့်ရက် အနည်းငယ်ကျရင် ဒီကိုယ်လုပ်တော်ရဲ့ မွေးနေ့ ရောက်ပါတော့မယ် …. အတင့်ရဲပြီး အရှင်မင်းကြီးကို တခုလောက် ပြောလို့ ရမလား?”

ဒါသည် ကျိုးပြည်ထောင်ကို ရောက်လာကတည်းက သူမရဲ့ ပထမဆုံးအကြိမ် တောင်းဆိုမှုတခု ဖြစ်သည်။

ပျက်စီးသွားသော နှလုံးကာအကြေးခွံကို သတိရသွားမိသည့် ထန်ထိုင်ကျင့်က ခေါင်းငြိမ့်ပြလိုက်ပြီး “ပြောပါ”

ယဲ့ပင်းချန် ပြောသည်။ “ကျွန်တော်မျိုးမ မျှော်လင့်တာက အရှင်မင်းကြီးက ကျွန်တော်မျိုးမနှင့် ကျွန်တော်မျိုးမ အမေကို အဖော်ပြုပြီး ထမင်းတနပ် အတူတူ စားပေးနိုင်မယ်လို့”

စကားပြောပြီးနောက် သူမသည် လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ထားရင်း စိတ်လှုပ်ရှားစွာဖြင့် ထန်ထိုင်ကျင့်ကို ကြည့်နေသည်။

ထန်ထိုင်ကျင့် ပြောသည်။ “ရတယ်”

ယဲ့ပင်းချန် အပြုံးဖြင့် ပြောသည်။ “ကျေးဇူးအများကြီး တင်ပါတယ် အရှင်မင်းကြီး”

အနောက်ဆောင်တွင် ယဲ့ပင်းချန်တယောက်သာ ဘွဲ့ဂုဏ်ပုဒ် ရထားသည့် မိန်းကလေးဖြစ်သည်။ အမျိုးသမီးမှူးမတ်များက သူမ၏ မွေးနေ့ကို ဂရုတစိုက်ပြင်ဆင်ပေးကြသည်။

စူးစူး ဘေးတွင် အစေခံ တယောက်မှမရှိ။ အေးခဲနန်းဆောင်အခန်းတွင် မာကျောသော ကုတင်တခုနှင့် ရေနွေးကြမ်းအိုး တင်ထားသည့် စားပွဲတလုံးသာ ရှိသည်။

သူမ နိုးထလာပြီး ရက်အတော်ကြာမှ သူမသည် ဝိညာဉ်စွမ်းအားကို ထုတ်သုံးလို့ မရတော့မှန်း သိခဲ့ရသည်။

အခုတော့ သူမသည် မသေမျိုး လူသားတယောက်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ကုံးယွိက သူမကို ပြောပြသည်။ အမှောင်ထဲတွင် ရေတွက်မရနိုင်သော ရေပျော့မြားများ သူမဆီ ချိန်ရွယ်ထားကြောင်း၊ သူမ ကျိုးပြည်ထောင်ကနေ ထွက်ပြေးတာနှင့် ထိုမြားတွေက တချက်မှမဆိုင်းပဲ ပစ်လာမှာ ဖြစ်သည့်အကြောင်း ဖြစ်သည်။

စူးစူးတွင် ခုခံနိုင်စွမ်း လုံးဝမရှိတော့တာကို သူတို့ မသိကြတာ သနားစရာပင်။

ညနေတိုင်း သူမသည် စမ်းတဝါးဝါးနှင့် လမ်းလျှောက်ထွက်သည်။

မမြင်သည့်အတွက် ကုံးယွိက လမ်းပြပေးရသည်။

အေးခဲနန်းဆောင်ဝင်းအတွင်း ရှိနေသမျှတော့ လရိပ်တပ်အစောင့်က သူမကို မတား။

အဝတ်လျှော်ရာကနေ ပြန်လာသည့် နန်းတွင်းအစေခံ အမြောက်အများ စကားပြောနေကြသည်။ “ဒီရက်ပိုင်း နန်းတွင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေပါလား …. ပျော်ပွဲရွှင်ပွဲတွေ ရှိလို့လား?”

“ရှိတာပေါ့ …. နောက်ရက်အနည်းငယ်ကျရင် ဖူးရန်ကျောင်းဟွာ မွေးနေ့ ရောက်တော့မှာလေ…. အခု အရှင်မင်းကြီးက သူ့ကိုပဲ အထူးအရေးပေးနေတာ … သူ့မွေးနေ့ကို အရှင်မင်းကြီးကသေချာပေါက်ကို တန်ဖိုးထားပေးနေတာ …”

“နင်တို့ မကြားရဘူးလား …. အစောပိုင်းတုန်းက ရှီချာပြည်က ပို့ပေးလိုက်တဲ့ သက်ရှည်ပင် …. အဲ့ဒါက တို့အရှင်မင်းကြီးကို သူတို့်မင်းသမီးနဲ့ လက်ထပ်စေချင်လို့ ပို့တာတဲ့ …. အရှင်မင်းကြီးက ငြင်းလိုက်တယ်လေ ….. ကျောင်းဟွာဖူးရန်ကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲ …. ကျောင်းဟွာဖူးရန်ရဲ့ ကိုယ်ရေးကိုယ်တာကြောင့်သာ မဟုတ်ခဲ့ရင် အစောကြီးကတည်းက အရှင်မင်းကြီးက သူ့ကို မိဖုရားခေါင်အဖြစ် တင်မြောက်ပြီးနေပြီ”

စကားစမြည်ပြောပြီး ထွက်ခွါသွားကြသည်။ စူးစူးသည် နံရံအနောက်တွင် ရပ်နေခဲ့သည်။နေဝင်ရီတရောအချိန်တွင် စူးစူး ချမ်းစိမ့်စိမ့် ခံစားနေရသည်။

သူမ၏ အညိုရောင်ဝတ်ရုံ အောက်စအနားကို လေတိုက်သွားသည်။ ကုံးယွိ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောသည်။ “သခင် … ကြားလိုက်လား? … ထန်ထိုင်ကျင့်လက်ထဲမှာ သက်ရှည်ပင် ရှိနေတယ် ….. လူသားတွေအတွက်ဆို နတ်ဆေးတလက်ပဲ …. သခင်စမ်းကြည့်ဖို့ မကြိုးစားတော့ဘူးလား …. ပြောရမလား သခင့်မျက်လုံးတွေ ပြန်မြင်ရချင် မြင်ရနိုင်တယ်”

စူးစူးသည် သူမ၏ ဘယ်မျက်လုံးကို ထိကြည့်လိုက်သည်။

ခဏလောက် ခေါင်းငြိမ့်ပြပြီး “ငါ ….. စမ်းကြည့်ချင်တယ်”

သူမ ကြောက်နေသည်။

တစုံတခုကို သွားတောင်းဖို့ အကြံပေးချက်ကို သဘောတူလိုက်သည့် စူးစူး ပုံစံကို ကုံးယွိပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ကုံးယွိ ဝမ်းနည်းနေသည်။ ထို ဝိညာဉ်ငှက်ငယ်လေးသည် မွေးဖွားလာကတည်းက လွတ်လပ်မှုတောင့်တခဲ့ပြီး သူမ ကြီးပြင်းလာခဲ့သည့်နေရာသည်လည်း အလွန်ကျယ်ပြောပြီး အလှပဆုံးကမ္ဘာ ဖြစ်သည်။

လျှို့ဝှက်အမှောင်ခန်းတွင် အလင်းမရှိ၊ အသံမရှိ။ ထိုအခန်းထဲ သူမ အချိန်အကြာကြီးအပိတ်ခံခဲ့ရသည်။ အခု သူမသည် ညဘက်အိပ်သည့်အခါ ရံဖန်ရံခါ တုန်တုန်ယင်ယင်ဖြင့် နိုးထလာနေသည်။

သို့သော် စူးစူးအတွက် နေ့ရော ညပါ ကွာခြားမှု မရှိတော့ပေ။ သူမ၏ ကမ္ဘာကြီးသည် အမှောင်အတိ ကျသွားခဲ့ပြီ ဖြစ်သည်။

အခုတော့ သက်ရှည်ပင်။ ထိုအရာကို သူမ ကြိုးစားကြည့်ချင်သည်။

ထန်ထိုင်ကျင့်အသက်ကို သူမ မလိုချင်တော့ပေ။ သူ့ကို ပိုကောင်းတဲ့အရာတခု ပြန်ပေးချင်သည်။ သူမ အရမ်းကြောက်နေသည်။ အဆုံးသတ်တွင် သေရမည်ဆိုရင်တောင်မှ မသေခင်အချိန်လေးမှာတော့ သူမသည် ထိုလောကကြီးကို ဆက်၍မြင်ချင်သေးသည်။ သူမကို အမှောင်ထဲတွင် တယောက်တည်း အထီးကျန်ပြီး သေသွားအောင် ပစ်မထားစေလို။

========

ယဲ့ပင်းချန်မွေးနေ့မရောက်ခင် တရက်အလိုသည် ၂ လတာအတွင်း ၁၅ ရက်မြောက်နေ့ဖြစ်သည်။

ကောင်းကင်ထက်က လမင်းသည် တိတ်ဆိတ်ခြောက်ကပ်နေသော အေးခဲနန်းတော်ကိုအလင်းရောင် ထွန်းလင်းပေးလျက် ရှိသည်။

ကုတင်ပေါ်တွင် စူးစူးသည် အနည်းငယ် တုန်ရီနေပြီး တွန့်လိမ်နေသည်။

သူမကိုယ်ထဲက နွေဦးပိုးချည်ထုံးဖွဲ့သီအဆိပ် ထလာပြီ ဖြစ်သည်။

၃ လတကြိမ်မှာမှ ၁၅ ရက်မြောက်နေ့တွင် ထွက်ပေါ်လာလေ့ရှိသော ထိုအဆိပ်သည် သူမ၏အပျိုစင်ဘဝ ပေးလိုက်ရပြီးနောက်ပိုင်းတွင် အခုလိုမျိုး လျင်လျင်မြန်မြန် ပြန်ထွက်လာမည်ကို သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ အချိန်အားဖြင့် ပြန်တွက်ကြည့်ရလျှင် ယခုမှ ၂ လသာရှိသေးသည်။ အခုတော့ ၂ လ အချိန်လောက်နှင့် အဆိပ်က ပြန်ထလာလေပြီ။

သူမဘာသာသူမ တင်းတင်းကျပ်ကျပ် ဖက်ထားပြီး နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များစွာဖြင့် စိုရွှဲနေသည်။

သူမစိတ်ထဲ ဖရိုဖရဲ ဖြစ်နေသည်။ ဘယ်လောက် ကြာကြာခံစားရမလဲဆိုတာ သူမ မသိချေ။တနာရီလား။ ဒီ့ထက်ပိုကြာချင်လည်း ကြာနိုင်သည်ပဲ။

သူမကိုယ်သူမ သေတော့မယ်လို့ ထင်လိုက်ရသည့်အချိန်တွင် အခန်းဝင်ပေါက်တံခါးကနေနွေညလေအေးတွေ ဝင်ရောက်လာသည်။

နွေးထွေးသောလေက သူမ စိတ်ထဲ နောက်ကျိနေတာတွေ ခဏတာ ရှင်းလင်းသွားစေသည်။တုံ့ပြန်မှုမရှိတော့သည့် သူမမျက်လုံးတွေကို မျက်တောင်ခတ်လိုက်သည်။

တစုံတယောက်ရဲ့ အေးစက်နေသောလက်က သူမ ဂါဝန်ကို ဆွဲလှန်တင်လိုက်သည်။ နွေဦးပိုးချည်ထုံးဖွဲ့သီ ကဲ့သို့သော ပြင်းထန်လှသည့် အဆိပ်မျိုးက လူသားခန္ဓာကိုယ်တွင် မည်မျှအစွမ်းထက်ကြောင်းကို စူးစူး နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။

သူမ တုန်တုန်ယင်ယင်ဖြင့် သူ့အနား ကပ်သွားပြီး သူ့လက်မောင်းတွင် မှီလိုက်သည်။မရပ်မနား အာနိသင်ပြနေသော အဆိပ်သည်လည်း ငြိမ်သက်သွားတော့သည်။

သူသည် စူးစူးကို အေးစက်စွာ ကြည့်လိုက်သည်။

မိန်းကလေးသည် မောပန်းကြီးစွာ အသက်ရှူနေရပြီး အလွန်အမင်း နာကျင်နေရှာသည်။

ထန်ထိုင်ကျင့်သည် သူမကို မနမ်းချေ။ သူ့အနေဖြင့် တာဝန်တခုလို သဘောထားပြီး သူမလွယ်လွယ်ကူကူ မသေစေဖို့ပဲ လုပ်ဆောင်သွားသည်။ သူသည် ခံစားချက်မရှိတော့သလိုအေးစက်တည်ငြိမ်နေပြီး သူမကို အရိုးထဲထိ စက်ဆုပ်ရွံရှာနေပြီ ဖြစ်သည်။

သူသည် သရော်ပြုံးဖြင့် ပြောလိုက်သည် “မင်း အရမ်းရုပ်ဆိုးနေပြီ ….. လူတွေက မင်းကို စိတ်မဝင်စားတော့ဘူး”

စူးစူး နှုတ်ခမ်းတွေ စုဝိုင်းသွားသည်။ ကိုယ်အလေးချိန် ကျဆင်းလာခဲ့တာ အချိန်အတော်ကြာ ရှိခဲ့ပြီ ဖြစ်ပြီး ကလေးအသားရေလိုနူးညံ့ပြည့်ဖောင်းခဲ့သည့် ပါးပြင်သည်လည်း ပိန်ကျသွားကာ စုတ်ချွန်းချွန်းဖြစ်လာသည်။

အရင်ကတည်းက သွယ်လျလှပခဲ့သည့် သူမခါးသည်လည်း အသားကိုင်လို့မမိလောက်အောင် ပိန်ကျသွားပြီ ဖြစ်သည်။

အဆိပ်၏ ထိုးနှက်မှုအောက်တွင် စူးစူးခန္ဓာကိုယ်သည် အဆင်မပြေသလို ခံစားရမယ့်အစားသူမ လွတ်လပ်သွားသလို ခံစားရသည်။ သို့သော် သူမစိတ်ကတော့ အလွန်အမင်း အဆင်မပြေ ဖြစ်နေတုန်းပင်။ ဘဝရဲ့ ဆင်းရဲဒုက္ခ ၈ ပါးဆိုတာ ဘာလဲဆိုတာကို နောက်ဆုံးမှာ သူမကြုံတွေ့ခံစားခဲ့ဖူးသွားပြီ ဖြစ်သည်။

သူမသည် အလွန်မောပန်းနေ၍ သူ့ကို မုန်းဖို့ အင်အားပင် မရှိတော့။

တခြားကမ္ဘာတခုတွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ဖူးသော ခရီးသွားတယောက်လို သူမသည်ခရီးတလျှောက် ခံစားခဲ့ရသော ခံစားချက်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားကာနောက်ဆုံးတွင် အိမ်ကိုလွမ်းသည့် ခံစားချက်သာ ကျန်ရှိနေတော့သည်။

သူမကိုယ်သူမ မမြင်ရတာကြောင့် သူပြောသလို ကြည့်မကောင်းတော့ဘူး ဆိုတဲ့စကားကိုလက်ခံကာ သူမကိုယ်သူမ ကြည့်မကောင်းဘူးဟု တွေးထင်လိုက်တော့သည်။

သူမ အသွင်အပြင်ကို သူမ ဂရုမစိုက်ဖြစ်။ သူမ၏ ရှားရှားပါးပါး နုနယ်သော အလှသည် သူမအား တခြားသူက နှိပ်စက်ညှင်းပန်းချင်လာအောင် အနည်းငယ် ဆွဲဆောင်နိုင်ကြောင်းကိုသူမ မသိခဲ့ပေ။

သူမ၏ အဖြူအမည်း မျက်လုံးများတွင် သူ့ ရုပ်ဆင်းသဏ္ဠန် ထင်ဟပ်နေသည်။ ထန်ထိုင်ကျင့်သည် အခု ဖြစ်နေသည့် သူ့အမူအရာကို သူမ မမြင်နိုင်တော့ဘူးဆိုတာ သိနေသည်။

သူသည် ခန္ဓာကိုယ်အောက်ပိုင်းဆီ လျှောဆင်းလာသည်။ မျက်နှာအမူအရာမှာ မပြောင်းလဲပဲရှိနေသည်။ စိတ်မပါဟု သူ့ပါးစပ်က ပြောခဲ့သော်လည်း ထိုကိစ္စကို ညနက်သန်းခေါင်အချိန်ထိတိုင်အောင် လုပ်နေခဲ့သည်။

သူသည် အဝတ်များ ပြန်ဝတ်လိုက်ပြီး ထွက်သွားတော့မည့်ဆဲဆဲတွင် ဖြူဖျော့နေသော လက်သေးသေးလေးတဖက်က သူ့လက်ကို လာဆွဲလိုက်သည်။

ထန်ထိုင်ကျင့် ပြန်လှည့်ကြည့်လိုက်သည်။ သူမ မျက်နှာတွင် စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်အပြည့်ဖြစ်နေသည့် အမူအရာကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။

စူးစူး အချိန်အတော်ကြာထိ တုံ့ဆိုင်းနေခဲ့ပြီးမှ အသံဖျော့ဖျော့ဖြင့် ပြောလာသည်။ “ကျွန်မ …. သက်ရှည်ပန်းနှင့် အလဲအလှယ် လုပ်လို့ ရမလား?”

___

Post a Comment

0 Comments