73 - နတ်ခြင်ဆီ

“အလဲအလှယ် လုပ်မယ်? ဘာနဲ့ လဲမှာလဲ?”

ထိုလူ၏ စိတ်မဝင်စားသည့်အသံကို သူမ ကြားလိုက်သည်။ သို့သော် သူ့မျက်နှာအမူအရာတော့ မမြင်ရ။ ထို့ကြောင့် သူမ ပြောလိုက်သည်။ “ချင်းဟုန်မသေမျိုးအတတ်ပညာ …. ရမလား? …. ကျွန်မ သက်ရှည်ပန်းကို တကယ်လိုအပ်နေလို့ပါ … ကျွန်မ မျက်လုံးတွေ အရမ်းနာနေတယ်”


ချင်းဟုန်မသေမျိုးအတတ်ပညာသည် ကမ္ဘာ့အကောင်းဆုံး ဓားသိုင်းပညာ ဖြစ်သည်။ ဓားတချက်တည်းနှင့် တောင်ကို ထက်ပိုင်းခြမ်းနိုင်သလို ရေ ၂ ခြမ်းကွဲအောင် လုပ်နိုင်သည်။ ဓားက သူ့နယ်နမိတ် သတ်မှတ်ပြီးသွားပါက နတ်နှင့် မိစ္ဆာတွေပါ သတ်နိုင်သည်အထိ စွမ်းအားကြီးသည်။

ချင်းဟုန်ဓားပညာသည် စူးစူး မသေမျိုးအတတ်ကို နှစ် ၁၀၀ ကျင့်ကြံမှ တတ်မြောက်လာခဲ့သည့် အကောင်းဆုံး အတတ်ပညာ တစ်ခု ဖြစ်သည်။ အခုတော့ သူမသည် လောကကိုနောက်တကြိမ်ထပ်မြင်ရဖို့ ထိုအရာနှင့် အလဲအလှယ် လုပ်နေရပြီ ဖြစ်သည်။

“နာတယ်? …. ချင်းဟုန်မသေမျိုးအတတ်ပညာ?”

အေးစက်စက် လှောင်ပြုံးပြုံးပြနေသည့်အထဲ သရော်လိုစိတ် တဝက်ပါနေသည်။ သူ့အင်္ကျီလက်ကို ဆတ်ကနဲ ရုတ်လိုက်သည်။

ထန်ထိုင်ကျင့်သည် အလဲအလှယ် လုပ်မည် မလုပ်ဘူးဆိုတာ သူ မပြော၊ အမှောင်ထဲဝင်ကာပျောက်သွားတော့သည်။

အရမ်းရယ်စရာ ကောင်းတာပဲ။ စူးစူးက သူ့ကို တောင်းတောင်းပန်ပန်နှင့် တောင်းဆိုတာကိုသူ ပထမဦးဆုံးအကြိမ် မြင်ဖူးရခြင်း ဖြစ်သည်။ နှမျောစရာကောင်းသည်က အလဲအလှယ်လုပ်သည့် အခြေအနေက ကျေနပ်စရာမကောင်း။

စူးစူး မျက်လုံးထဲတွင် သူသည် စွမ်းအားကိုသာ မြင်ပြီး အမှန်တကယ်လည်း သူ ဒီလိုမျိုး ရှိနေခဲ့တာ ဖြစ်သည်။ သို့သော်လည်း သူမသည် ချင်းဟုန်မသေမျိုးဓားသိုင်းပညာနှင့်အလဲအလှယ်လုပ်ဖို့ ပြောလာသည့်အခါ သူ့စိတ်ထဲ စိတ်ဆိုးဒေါသထွက်တာတွေနဲ့ပဲ ပြည့်လာသည်။

ထန်ထိုင်ကျင့်သည် သူ့နန်းဆောင်အခန်းဆီ ပြန်လာခဲ့သည်။ သူ၏အခန်းတွင် သက်ရှည်ပင်ရှိနေပြီး တခန်းလုံး ထူးခြားသည့်မွှေးရနံ့တွေနှင့် သင်းကြိုင်လျှက်ရှိနေသည်။

ဝိညာဉ်ဝါးမျိုအလံထဲက တာအိုဘုန်းကြီးအိုသည် သက်ရှည်ပင်ကို လိုချင်တပ်မက်စိတ်ဖြင့်ကြည့်နေသည်။ ထန်ထိုင်ကျင့်အတွက်တော့ ထို သက်ရှည်ပင်က သူ၏တဖြည်းဖြည်းယိုယွင်းပျက်စီးလာသည့် ခန္ဓာကိုယ်ကို မကယ်တင်နိုင်။ ထို့ကြောင့် အသုံးမဝင်။ သို့သော် တာအိုဘုန်းကြီးအိုကို ပေးလိုက်ပါက ထိုသူ့စွမ်းအား အနှစ် ၆၀ စာလောက် တိုးသွားစေမည်ဖြစ်သည်။

သက်ရှည်ပန်းပင်တွင် အဖူးတွေ ငုံလာနေပြီ ဖြစ်ပြီး မနက်ဖြန်မနက်လောက်တွင် ပန်းပွင့်လာပေလိမ့်မည်။

တာအိုဘုန်းကြီးအိုသည် ဝတ်ရုံနက်ဝတ်ထားသည့် လူငယ်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေသည်။ ဒီတခါတော့ ဧကရာဇ်ငယ်သည် သဘောထားကြီးစွာဖြင့် သူ့ကို ထိုသက်ရှည်ပန်းဖြင့် ဆုချီးမြှင့်မည်ကို မျှော်လင့်ချက်ဖြင့် ကြည့်နေတာ ဖြစ်သည်။

သို့သော်လည်း ထန်ထိုင်ကျင့်သည် အိုးအဖုံးကို ဆတ်ခနဲ ဆွဲပိတ်လိုက်ပြီး ကုတင်ခေါင်းရင်းတွင် ပစ်ထားလိုက်သည်။ သူ့လက်မောင်းပေါ် သူခေါင်းအုံးလိုက်ပြီး အတွေးထဲ နစ်မျောနေလိုက်သည်။

တာအိုဘုန်းကြီးအိုသည် စိတ်ပျက်သွားပြီး ဘာမှလုပ်လို့မရသည့်အတွက် ဝိညာဉ်ဝါးမျိုအလံထဲ ပြန်ဝင်သွားတော့သည်။

သက်ရှည်ပင် မရတော့မှန်းသိသည့် စူးစူးသည် သူမကိုယ်သူမ တင်းကျပ်စွာ ဖက်လိုက်ကာဂွမ်းကပ်အိပ်ရာပေါ်တွင် ထိုင်နေသည်။ ကုံးယွိသည် သူမ ကြောက်နေမည် စိုး၍ ရှေးပဝေသဏီခေတ်က အကြောင်းတွေကို စူးစူးအား ပြန်ပြောသည်။

ကုံးယွိ မြင်ခဲ့ရသည့် နတ်ဘုရားအကြောင်းတွေကနေ ထင်ကရ မိစ္ဆာတွေရဲ့ ဒဏ္ဠာရီအကြောင်းတွေ ဖြစ်သည်။

ပြောရင်း ပြောရင်းနှင့် ကုံးယွိသည် စူးစူး မျက်လုံးများ ပြူးကျယ်စွာ ပွင့်နေပြီး သူမမျက်တောင်ခတ်လိုက်တိုင်း ချင်းရှစ်ပန်းရှိရာ ဘယ်မျက်လုံးကနေ သွေးတွေ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

ကုံးယွိ ရှေ့ဆက် မပြောနိုင်တော့ပေ။

စူးစူး ကြောက်နေလား မကြောက်ဘူးလားဆိုတာတော့ ကုံးယွိ မမေးဖြစ်ပဲ “သခင် … သူတို့ကိုမုန်းနေလား?” လို့ မေးလိုက်သည်။

သူတို့ဟု ပြောရာတွင် ထန်ထိုင်ကျင့်၊ ယဲ့ပင်းချန်တို့ ပါသလို ရှောင်းလင်ပါ ပါသည်။

ရှောင်းလင် သေဆုံးခြင်းသည် ယဲ့ပင်းချန်ကို ရင်ဆိုင်ရမည့် ကိစ္စတွေမှာ သူမ လက်ဦးမှု ရယူမနိုင်အောင် တားလိုက်သလို ဖြစ်နေသည်။ နောက်ဆုံးမှာတော့ ထိုသို့ ဖြစ်ရခြင်းမှာ ယဲ့ပင်းချန် စနက်ကြောင့် ဆိုတာကို ကုံးယွိရော စူးစူးပါ သိခဲ့ရပြီ ဖြစ်သည်။

တလောကလုံးက ချန်လုံဝေ့(နဂါးအစောင့်တပ်)သည် စူးစူး လက်ထဲမှာဟု ထင်နေကြသည်။စူးစူးမှာ သွားစရာနေရာ မရှိတော့လောက်အောင် ချောင်ပိတ်မိနေပြီ ဖြစ်သည်။

စူးစူး တိတ်ဆိတ်နေသည်။ ကုံးယွိက စူးစူး ပြန်မဖြေလောက်ဘူးဟု ထင်နေသည်။ သို့သော် မမျှော်လင့်ပဲ သူမ နှုတ်ခမ်း​တွေ လှုပ်ရှားလာခဲ့သည်။

“မုန်းတယ်”

ကုံးယွိသည် သူမ ပြောတာ ကြားလိုက်သည်။

“လျှို့ဝှက်အမှောင်ခန်းမှာ တယောက်တည်း အပိတ်ခံရတုန်းက သူတို့ကို အနာကျင်ဆုံး ခံစားရအောင် ဘယ်လိုနည်းနဲ့ လုပ်ရမလဲဆိုတာ ငါ တွေးနေခဲ့သေးတယ်” သူမ တိုးတိုးပြောသည်။“ယဲ့ပင်းချန်က မိဖုရားခေါင် ဖြစ်ချင်တယ် … လူတယောက်ရဲ့ နှစ်နှစ်ကာကာ ချစ်တဲ့ အချစ်ကို ရချင်တယ် … ငါ သူ့ကို ကျရှုံးစေချင်တယ် …. ထန်ထိုင်ကျင့်က အင်အားကို လိုချင်တယ်… ငါ့ကို ဒီလို ဆက်ဆံတယ် … သူ ဖုန်မှုန့်တောထဲ ကျသွားမှာကို ငါ မျှော်လင့်တယ် ….. ရှောင်းလင် … ငါ သူ့ကို မမုန်းသင့်ဘူး … ဒါပေမယ့် မုန်းမိတယ် … ငါ့ရင်ထဲ မကောင်းဘူး”

“ငါ အကြောက် နည်းစေဖို့ … သူတို့ရဲ့ အဆုံးသတ်တွေကို တွေးပြီးရင်း တွေးနေခဲ့တယ် …. ငါ့လက်ချောင်းတွေ ငါ ပြန်ဆက်ခဲ့တယ် …. အစာ နည်းနည်း ပိုဝင်အောင် ကြိုးစား စားရင်းနဲ့ ငါနေခဲ့တယ် … ဒီနေ့ရက်တွေကို မြင်နိုင်ဖို့အတွက် “

[“သူ ဖုန်မှုန့်တောထဲ ကျသွားမှာကို ငါ မျှော်လင့်တယ်” - သူ့ရဲ့ ရာထူးဂုဏ်သိမ်၊ ဂုဏ်သတင်း၊ဒီလူ့မှာ ရှိရှိသမျှအရာအားလုံးမှာ အောက်ဆုံးအထိ ကျဆင်းသွားတာကို ကြုံတွေ့စေချင်တယ်။ ခံစားရစေချင်တယ်။ ဒီလိုဖြစ်ဖို့ ငါမျှော်လင့်တယ်။]

၇ လပိုင်း၏ ညတညတွင် မိုးရွာသည်။

အေးခဲနန်းတော်သည် မှောင်မဲပြီး တိတ်ဆိတ်နေသည်။ စူးစူးတယောက်ကလွဲလို့ မည်သူမျှ မရှိချေ။

သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ဖို့အတွက်ပင် အတော့်ကိုရုန်းကန်လှုပ်ရှားနေရသည်။ အေးခဲနန်းဆောင်တွင် အေးစိမ့်နေသည့် ရေတွင်းတတွင်းသာ ရှိသည်။ သတိပြန်ရလာပြီးကတည်းက သူမ တခါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးချေ။

ကုံးယွိသည် သူမ၏ အာရုံစူးစိုက်မှု မရှိတော့သော အကြည့်တွေနောက် လိုက်ကြည့်သည်။

ဝါးပင်ငယ်တပင်သည် ညအချိန်၌ လေတိုက်၍ လဲကျသွားသည်။



၂ ရက်အကြာ တခုသောနံနက်ခင်းတွင် သက်ရှည်ပန်း ပွင့်လာသည်။

ထန်ထိုင်ကျင့်သည် ထိုပန်းပင်ကို အချိန်အတော်ကြာသည်အထိ ကြည့်ပြီးနောက် သေတ္တာယူလိုက်ကာ အပြင်ထွက်လိုက်သည်။ နန်းဆောင်အပြင် ထွက်ခါနီးဆဲဆဲတွင် လှလှပပြင်ဆင်ဝတ်စားထားသည့် ယဲ့ပင်းချန်ကို မြင်လိုက်သည်။

ဝေ့ရှီ တိုးတိုးလေး ပြောပြသည်။ “ဒီနေ့ ဖူးရန်ရဲ့ မွေးနေ့ပါ ….. မိုးမလင်းခင်ကတည်းက ဖူးရန်က ဒီနေရာမှာ အရှင်မင်းကြီးကို စောင့်နေခဲ့တာပါ”

ယဲ့ပင်းချန် မျက်လုံးများသည် မျှော်လင့်ချက်များစွာဖြင့် လင်းလက်နေသည်။

ထန်ထိုင်ကျင့်သည် ရုတ်တရက် သူမနှင့် သူမမိခင်နှင့်အတူ ထမင်းတနပ်စားဖို့ ကတိပေးထားခဲ့တာကို သတိရသွားသည်။

သူ ရပ်လိုက်ပြီး သက်ရှည်ပန်းကို သူ့အင်္ကျီလက် ထဲထည့်လိုက်ကာ ပြောသည်။ “သွားစို့”

ထန်ထိုင်ကျင့်သည် သူမနှင့် သဘောတူထားသည့် အရာကို မှတ်မိနေသေးတာကို တွေ့ရ၍ ယဲ့ပင်းချန်မျက်နှာတွင် အနည်းငယ်အံ့အားသင့်သွားသည့် အမူအရာ တချက် ဖြတ်ပြေးသွားသည်။ သူမ ပျော်သွားသည်။

အဒေါ်ယွင်သည် နန်းတော်ထဲတွင် မနေ။ ထိုကြောင့် သူတို့ ၂ ယောက်သည် လှည်းဖြင့်နန်းတော်ကနေ ထွက်ခွါလာခဲ့သည်။

ယဲ့ပင်းချန် တခဏလောက် တုံ့နှေးတုံ့နှေး ဖြစ်ပြီးမှ ငြင်သာစွာ ပြောလိုက်သည်။“အရှင်မင်းကြီး …. အမြဲတမ်း မေးချင်ခဲ့တာ တခုရှိပါတယ် …. အဘွား ဘယ်လိုနေလဲ?”

စျေးသည် အလွန်ဆူညံနေသည်။ ငယ်ရွယ်နုပျိုသော ဧကရာဇ်သည် သူ့မျက်လုံးတွေပိတ်ကာ အေးစက်စွာပြောလိုက်သည်။ “သေပြီ”

ယဲ့ပင်းချန် အသက်ဖြည်းဖြည်းခြင်း ရှုသွင်းလိုက်ပြီး မျက်လွှာချလိုက်သည်။ မျက်လုံးတွင်ဝမ်းနည်းရိပ် အနည်းငယ် သမ်းသွားသည်။

ထန်ထိုင်ကျင့်သည် ရုတ်တရက် အေးခဲနန်းဆောင်က မိန်းကလေးကို သတိရသွားသည်။ ဒီမေးခွန်းမျိုးကို သူမ လုံးဝမမေးခဲ့။ သူမသည် ထိုမေးခွန်း၏ အဖြေကို ကြားရမှာ ကြောက်နေတာ ဟုတ်မဟုတ် ဆိုတာကိုလည်း သူ မသိရပေ။

တိတ်ဆိတ်ငြိမ်သက်သော နေရာတခုတွင် သူတို့ ၂ ယောက် ရပ်လိုက်သည်။

အဒေါ်ယွင်သည် ထန်ထိုင်ကျင့် မနက်စောစော ရောက်လာမည့် အကြောင်းကြား၍ သူမသားလေးလက်ကို ကိုင်ကာ တံခါးပေါက်ဝတွင် အရိုအသေပေးရင်း စောင့်ဆိုင်းနေခဲ့သည်။

ယဲ့ပင်းချန်သည် သူမ အမေ မတ်တပ်ရပ်ရာတွင် ကူညီပေးလိုက်သည်။ သူမ လှည့်ကြည့်လိုက်သည့်အခါ အရှင်မင်းကြီး၏ မျက်လုံးအကြည့်တွေသည် သူမ မောင်ငယ်ထံရောက်နေသည်ကို တွေ့လိုက်ရသည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ?” ထန်ထိုင်ကျင့် မေးလိုက်သည်။

ယဲ့ပင်းချန်သည် သူမ မောင်ငယ်ကို ကြည့်လိုက်သည်။ စတုတ္ထယဲ့သခင်လေးသည် ဒီနှစ်တွင်၈ နှစ်ပြည့်သွားပြီ ဖြစ်သည်။ သူသည် လွန်ခဲ့သော ၂ နှစ်အတွင်း ကိစ္စတချို့ တွေ့ကြုံခဲ့ရတာတွေကြောင့် ဖြစ်ခဲ့ပေလိမ့်မည်။ သူ့တွင် အထက်စီးက ဆက်ဆံပြောဆိုမှုတွေ မရှိတော့ပဲကလေးသဘာဝ အပြုအမူတွေ ပျောက်နေကာ သူ့မျက်နှာမှာ ရင့်ကျက်နေပုံရသည်။

သူမ မောင်လေးသည် သူမနှင့် မတူ၊ တတိယညီမလေးနှင့် ပိုတူနေသည်။

စတုတ္ထယဲ့သခင်လေးသည် ထန်ထိုင်ကျင့်ကို ကြောက်နေသည်။ ပုခုံးတွေကို ကြုံ့နေပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။ “ယွင်ဖေးချန်”

ထန်ထိုင်ကျင့်သည် ဝတ္တရားတခုလို မေးမြန်းပြီးနောက် ပေါ့ပေါ့ပါးပါးပင် အဝေးကို ကြည့်လိုက်သည်။

အစောကြီးကတည်းကပင် ထိုအိမ်ဝင်းအတွင်းမှာ အစားအသောက်များ ကြိုတင် နေရာချပြင်ဆင်ထားပြီး ဖြစ်သည်။ အတူတူလိုက်ပါလာသော မိန်းမစိုးက စားစရာများ တခုပြီး တခုမြည်းစမ်းကြည့်ပြီးနောက်မှာတော့ လူအကုန်လုံး စတင် စားသောက်ကြတော့သည်။

စားသောက်လို့ ပြီးသွားသည့်အခါ အဒေါ်ယွင်သည် ကြောက်ရွှံ့စွာဖြင့် တုန်လှုပ်နေသည်။ရုပ်ရည်ချောမောခန့်ညားလှသော ရက်စက်တတ်သည့် ထိုဘုရင်ငယ်ကို ကြည့်ရင်း ဤနေရာကို ခေါ်ဆောင်လာခဲ့သည့် သမီးငယ်ကိုပဲ အပြစ်တင်စကားပြောနေမိသည်။ ထန်ထိုင်ကျင့်အပေါ် အဒေါ်ယွင်၏ ခံစားချက်သည် ရှုပ်ထွေးနေသည်။ အတိတ်တွင် ထန်ထိုင်ကျင့်ကိုအကုန်လုံးက အနိုင်ကျင့်ခဲ့ကြသော်လည်း အခုလက်ရှိမှာတော့ သူမ သူ့ကို မြင်လိုက်တာနှင့်အသက်တောင် ပြင်းပြင်းမရှူရဲတော့။

အစားအသောက် စားကြ၍ လုံးဝပြီးစီးသောအခါမှ အဒေါ်ယွင်သည် ယဲ့ပင်းချန်နှင့် ၂ယောက်တည်း စကားပြောဖို့ အခွင့်အရေး ရခဲ့သည်။

“ချန်လေး ….. သမီး သတ္တိရှိရမယ်နော် … ကြားရတာက အရှင်မင်းကြီးရဲ့ အနောက်ဆောင်မှာသမီးက တဦးတည်းသော မိန်းကလေးဆို …. သမီး သားယောကျာ်းကိုယ်ဝန်ကို စောစောလွယ်ထားနိုင်လေ သမီးရဲ့ နေရာက ပိုခိုင်မြဲလေ ဖြစ်မှာ”

ယဲ့ပင်းချန် အမူအရာက ရှုပ်ထွေးနေသည်။ အမေဖြစ်သူက မေးလာတော့ ကွယ်ဝှက်ထားစရာ မလိုတော့ပေ။ “ဒီကနေ့အထိ အရှင်မင်းကြီးက သမီးကို ထိတောင် မထိခဲ့ဘူး”

အဒေါ်ယွင် မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒါ … ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ …. အပြင်မှာ အကုန်လုံးက ပြောနေကြတာ …. အရှင်မင်းကြီးက သမီးကိုပဲ အရမ်းချစ်တာတဲ့”

ယဲ့ပင်းချန် လှောင်ပြုံးပြုံးလိုက်သည်။ မနေ့ညက အရှင်မင်းကြီး သွားခဲ့တဲ့ နေရာကို သူမသတိရမိသွားပြီး သူမ မျက်လုံးတွေ ပိတ်ကာ ပြောသည်။ “အမေ … မနက်ဖြန်တွေက များပါတယ်”

နန်းတော်သို့ အပြန်လမ်းတွင် ရုတ်တရက် အပြာရောင်ရေခဲမြားတစ်စင်း လေကိုခွင်းပြီးရောက်လာသည်။

လရိပ်အစောင့်သားများသည် လျင်မြန်ဖြတ်လတ်ကြပြီး စူးရှသည့် မျက်လုံးများ ရှိသည့်အလျောက် ဝင်လာသောမြား အများစုကို ကာပေးလိုက်နိုင်သည်။ သို့သော် မြားတချောင်းသည် လှည်းထဲ ဝင်လာ၍ ယဲ့ပင်းချန် စဉ်းစားမနေတော့ပဲ ထန်ထိုင်ကျင့် ရှေ့ကနေ သူမကိုယ်ဖြင့် ကာပေးလိုက်သညိ။ “အရှင်မင်းကြီး သတိထား”

မြားသည် သူမ ပုခုံးထဲ အတော်နက်သည်အထိ ထိုးဖောက်ဝင်သွားသည်။

ထန်ထိုင်ကျင့် မျက်မှောင်ကြုတ်သွားပြီး သူမ နောက်က ဖမ်းထိန်းပေးလိုက်သည်။ “ပင်းချန်!”

ယဲ့ပင်းချန် ပါးစပ်ထောင့်စွန်းကနေ သွေးတွေ စီးဆင်းလာပြီး သူမ နာကျင်လွန်း၍ တွန့်လိမ်နေသည်။

ချုံခိုတိုက်သည့် တပ်သား အမြောက်အများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထန်ထိုင်ကျင့်နှုတ်ခမ်းမဲ့ပြပြီး အေးစက်စက်အပြုံးဖြင့်ပြောသည်။ “သေချင်နေကြတာပဲ”

အမှောင်ထဲ ပုန်းနေသည့် မိစ္ဆာကျား ခုန်ထွက်လာပြီး တခဏချင်းတွင် အကောင်ကြီးလာကာချုံခိုတိုက်သူတွေကို လိိုက်တိုက်ခိုက်တော့သည်။

မကြာမီ နျန့်ပိုင်ယွီ ပြန်ရောက်လာသည်။ “အရှင်မင်းကြီး .. အားလုံးပေါင်း ၈၃ ယောက် ရှိတယ် … အကုန်လုံး ချန်လုံဝေ့ (နဂါးအစောင့်တပ်) တွေ …. အကုန်လုံး အဆိပ်သောက်သတ်သေလိုက်ကြပြီ”

ထန်ထိုင်ကျင့်သည် သူ့မျက်လုံးများ တဖျတ်ဖျတ်ခတ်နေပြီး အပြင်းအထန် ဒဏ်ရာရထားသည့် ယဲ့ပင်းချန်ကို ကြည့်ရင်း သူ့ရင်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရနေသည်။

“နန်းတော်ကို ပြန်မယ်”

နန်းတော်တံခါးဝကို ရောက်တာနှင့် နျန့်မုနင် အလောတကြီး ပြေးလာကာ မောဟိုက်နေသည့်အသံဖြင့် “အရှင်မင်းကြီး … အေးခဲနန်းတော် တိုက်ခိုက်ခံရတယ် … ချန်လုံဝေ့ က မိန်းကလေးကို လာကယ်ကြတာ”

“သူ ဘယ်မှာလဲ?”

“ချန်လုံဝေ့က အယောက် ၃၀၀ လောက် ရှိတယ် .. ရေပျော့မြားလက်ချက်နဲ့ သေကုန်ကြပြီးတချို့က ထွက်ပြေးကုန်ကြတယ် … တတိယယဲ့မိန်းကလေးတော့ သူ့နေရာမှာပဲ ရှိနေဆဲပါ …. ချန်လုံဝေ့ လူကယ်တာ ကျရှုံးသွားတယ်”

ထန်ထိုင်ကျင့် မျက်လုံးများ အေးစက်စက် ဖြစ်လာပြီး အပြင်းအထန် ဒဏ်ရာရနေသည့် ယဲ့ပင်းချန်ကို ဖက်လိုက်ကာ “နန်းတွင်းသမားတော် ခေါ်လာကြ”

“ဖူးရန် အပြင်းအထန်ဒဏ်ရာရထားပြီး သွေးအများကြီး ထွက်ထားတာ …. သာမန်မဟုတ်တဲ့ဆေးမျိုး လိုအပ်လိမ့်မယ် …. မဟုတ်ရင် ဖူးရန် ခန္ဓာကိုယ်က ဒဏ်ရာကြောင့် ဖြစ်လာမဲ့နောက်ဆက်တွဲအကျ်ုးဆက်တွေ သေချာပေါက် ခံစားရလိမ့်မယ်”

ဝတ်ရုံနက်ဝတ် လူငယ်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက်ရုတ်တရက် လှောင်ပြုံးဖြင့် ရယ်လိုက်သည်။

“မသိဘူး … သက်ရှည်ပန်းနဲ့ဆို ဖြစ်မလား?”

အပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ စူးစူး သိနေသည်။

ရေပျော့မြားတွေ ပစ်ထွက်သွားသည့် အသံ ကြားလိုက်ရသည့် အချိန်ကတည်းက သူမ ခန့်မှန်းမိနေပြီ ဖြစ်သည်။

ဝင်ပေါက်တံခါးခုံပေါ် ထိုင်ရင်း ဝမ်းနည်းညှိုးငယ်စွာဖြင့် ပြောနေသည့် ကုံးယွိစကားတွေကိုနားထောင်နေသည်။ “အခုတော့ သခင်မှန်နေရင်တောင်မှ အရာအားလုံး ရှင်းလင်းသွားအောင်ရှင်းပြလို့ မရတော့ဘူး”

ချန်လုံဝေ့ (နဂါးအစောင့်တပ်) များစွာက သူတို့ရဲ့အသက်တွေ အသေခံကာ သူမကို လာကယ်ခဲ့သည့် အခြေအနေတွင် သူမလက်ထဲ တွင် ချန်လုံဝေ့ ရှိမနေဘူးဆိုတာကို မည်သူကမျှ ယုံကြမည် မဟုတ်။

နွေလေတိုက်လာ၍ သူမ၏ အညိုရောင်ဝတ်ရုံအနားစသည် လေထဲ လွှင့်နေသည်။

စူးစူး ရင်ထဲ မအေးချမ်းပေ။ ထန်ထိုင်ကျင့်က သူမကို မုန်းနေပြီးသား ဖြစ်သည်။ သို့သော် သူအမုန်းတကာ့အမုန်းဆုံးက သူ့ကို သစ္စာဖောက်တာနှင့် သူ့ဆီကနေ ထွက်ပြေးတာပဲ ဖြစ်သည်။

အခု ထန်ထိုင်ကျင့် မျက်လုံးထဲတွင် သူမသည် နောက်တကြိမ် ထွက်ပြေးချင်နေပြန်ပြီ။

သူသည် သူမကို သက်ရှည်ပင် ပေးဦးမှာလား? ထန်ထိုင်ကျင့်သည် သူမမျက်ကန်းဘဝနှင့် တသက်လုံး ဒီထဲမှာပဲ ပိတ်လှောင်ထားပြီး ၁၅ ရက်မြောက်နေ့တိုင်းမှာ သူမသည် မောဟိုက်တုန်ယင်စွာနှင့် သူ့ခြေအောက်တွင် ငိုယိုနေတာမျိုးကို သူဖြစ်စေချင်နေလိမ့်မည်။

သူမသည် သူ့ကို စောင့်နေခဲ့သည်။ သူမ ဘဝအဆုံးသတ်မှာ အမှောင်ထဲ တယောက်တည်းအထီးကျန်ပြီး သေမသွားစေဖို့အတွက် သူမသည် ထန်ထိုင်ကျင့်ကို ချန်လုံဝေ့အကြောင်းသေချာ ရှင်းပြဖို့အတွက် ဆန္ဒရှိနေသည်။

ထိုနေရာတွင် ထိုင်ကာ မည်မျှကြာအောင် စောင့်ခဲ့ရမှန်း သူမ မသိပေ။ စူးစူး ကမ္ဘာထဲတွင် နေ့နှင့်ည ကွာခြားမှု မရှိချေ။

သူမစားမည့် အစားအသောက်တွေကို ယူဆောင်လာသည့် အစေခံ ရောက်လာပေမယ့် ထန်ထိုင်ကျင့်တော့ ရောက်မလာခဲ့။

နန်းတွင်းစေခံသည် စူးစူး အပြင်ကို ကြည့်နေသည်ကို မြင်ရသည့်အခါ ယူလာသော စားစရာထည့်ထားသည့် ပန်းကန်လုံးတွေနှင့် တူကို ဘေးတွင်ချလိုက်ကာ မကျေမနပ်ဖြင့် ပြောသည်။“နင်မှ မမြင်ရတာကို ဒီမှာ ဘာတွေ ကြည့်နေရတာလဲ … ဘယ်လို ဂြိုလ်ဆိုးတွေ ဝင်နေတာပါလိမ့် … နင့်အတွက်စားဖို့ စားစရာတွေ လာပို့ပေးနေရတယ် … ဒီနေ့ ကျောင်းဟွာဖူးရန်ရဲ့မွေးနေ့ … အရှင်မင်းကြီးက အကုန်လုံး လွတ်လပ်ခွင့် ပေးလိုက်တယ် …. ကံဆိုးတဲ့ငါ့တယောက်ပဲ ဒီလို စုတ်ပြတ်တဲ့နေရာကို လာနေရတယ် … ဟေး …. ငါ နင့်ကို ပြောနေတယ် …. နင့်အပြုအမူက ဘယ်လိုအပြုအမူလဲ?”

နန်းတွင်းထဲတွင် ကိုယ့်ထက်မြင့်သူတွေကို ကပ်ဖားရပ်ဖားလုပ်ပြီး နိမ့်ကျသူတွေကို အနိုင့်ကျင့်တတ်သည့် လုပ်ရပ်တွေ နေသားကျနေပြီး ဖြစ်သည်။ မနေ့ညက ထန်ထိုင်ကျင့် ရောက်လာခဲ့တာကို ဘယ်သူမှ မသိကြပေ။ စူးစူးသည် ပစ်ပယ်ခံ နန်းဆောင်ဖြစ်သည့် အေးခဲနန်းဆောင်တွင် နေနေရသူတစ်ဦးဖြစ်သည့်အလျောက် နန်းတွင်းထဲရှိ လူတိုင်းလိုလိုပင် စူးစူးကို နှိမ်ချဆက်ဆံကြသည်။ နန်းစေခံသည် သူမကို လစ်လျူရှုနေသည့် စူးစူးကို ဒေါသထွက်ထွက်ဖြင့်ကြည့်နေသည်။ ပိန်ကပ်နေသော မိန်းကလေးသည် ဖြူဖျော့ နူးညံ့နေပုံရပြီး သူမ မျက်လုံးများမှာ အာရုံစူးစိုက်မှုမရှိချေ။ အရင်က မြင့်မြတ်လှသည် တော်ဝင်မျိုးနွယ် တယောက်ဖြစ်ခဲ့သည့် ထိုသူသည် အနိုင်ကျင့်ခံလူတယောက်၊ လူတွေ၏ အဆုံးမရှိ စိတ်ဖြေရာ ထွက်ပေါက်တခု ဖြစ်ရသည့်အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ သူမ၏ နူးညံ့ချောမွေ့လှသောအသားအရေကို မြင်ရသည့် နန်းတွင်းအစေခံသည် စူးစူးကို ဆိတ်ဖို့ လက်လှမ်းလိုက်သည်။

သစ်သားဓားသေးသေးလေးတခုသည် ထိုအစေခံ၏ လက်ဖဝါးကို ထိုးဖောက်ဝင်သွားသည်။

ထိုအစေခံ စူးစူးရှရှ အော်ဟစ်ကာ မြေကြီးပေါ် လဲကျသွားသည်။

“နင် ….. နင်!”

စူးစူးသည် သစ်သားဓားငယ်ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ဖြစ်သည်။ နန်းတွင်းအစေခံသည် မသက်မသာဖြင့် စူးစူးကို တချက်ကြည့်လိုက်သည်။ သူမ ထင်ထားသည်က ထိုမျက်ကန်းမိန်းကလေးကို အလွယ်တကူ အနိုင့်ကျင့်၍ ရမည်ဟူ၍။ သို့သော် သူမသည်အနိုင်ကျင့်တာ အလွယ်တကူ လက်မခံတတ်သည့် လူမျိုး ဖြစ်နေသည်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသည်။

နန်းတွင်းအစေခံသည် ထရပ်လိုက်ပြီး စူးစူးကို ဒေါသထွက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “နင့်ဟာနင် အခုထက်ထိ သစ်ကိုင်းပေါ် ပြန်တက်နိုင်မဲ့ ငှက်တကောင်လို့ ထင်နေလား? …. နင့်ကို ငါပြောမယ် ….. နန်းတော်ထဲမှာရှိသမျှ လူတွေ အားလုံးက အရှင်မင်းကြီးရဲ့ အချစ်ရဆုံးသူက ဘယ်သူဆိုတာ သိကြတယ် … ရှီချာပြည်က ပေးလိုက်တဲ့ သက်ရှည်ပန်းကိုတောင်မှကျောင်းဟွာဖူးရန်ဆီကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာ … နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ? …. ဒီနေရာပဲ အိုပြီး သေသွားလိုက်တော့”

[သစ်ကိုင်းပေါ် ပြန်တက်နိုင်မဲ့ ငှက်တကောင် - ဘဝမှာ အမြင့်ဆုံးကို တက်လှမ်းနိုင်မဲ့ လူတယောက်] (မိဖုရားခေါင် ဖြစ်ဖို့ အခွင့်အရေး ရှိနေသေးတဲ့ လူတယောက်)

ပြောပြီးသည်နှင့် အမြန်ပြေးထွက်သွားတော့သည်။

“သက်ရှည်ပန်း မရှိတော့ဘူး” စူးစူး ညည်းလိုက်သည်။

ချင်းရှစ်ပန်း၏ တန်ပြန်သက်ရောက်မှုဒဏ်ကို နေ့ရောညပါ စူးစူး တောင့်ခံခဲ့သည်။ သူမကမ္ဘာကြီးက အမှောင်အတိ ဖြစ်နေပြီး ဖြစ်ပေမဲ့ သူမ နှလုံးသားကတော့ ဓားတချောင်းလိုထက်နေဆဲဟု ကုံးယွိ ထင်ခဲ့သည်။

စူးစူးသည် အရာရာ ဆုံးရှုံးသွားသည့် ကလေးတယောက်လို ဖြစ်နေပြီး သူမ မျက်နှာပေါ်ကမျှော်လင့်ချက် တဖြည်းဖြည်း ပျက်သုန်းလာနေပြီ ဖြစ်သည်။

သူမကို ကုံးယွိ ဘယ်လို နှစ်သိမ့်ပေးရမယ်မှန်း မသိတော့ပေ။ သို့သော် သူမ ထရပ်လိုက်သည်။

နေဝင်သွားသည့် မိုးကုတ်စက်ဝိုင်း ရှိရာဘက်ကို သူမ လှည့်လိုက်သည်။

ကုံးယွိ ပြောသည်။ “မိစ္ဆာအရှင်ငယ်လေးရဲ့ နှလုံးသားထဲက ချစ်ရသူက သခင်ပဲ ဖြစ်မှာ … စူးစူး … ကျွန်တော်တို့ အားလုံးသိတယ် … ဒါဟာ ယဲ့ပင်းချန်ရဲ့ လုပ်ကြံမှုကြောင့် ဆိုတာကို”

စူးစူး ကုံးယွိပြောတာ မကြားချေ။ သူမ တိုးတိုးလေး ပြောသည်။ “ငါ့အမှားပါပဲ … ငါ မိုက်မဲပြီး သူ့ဆီ သွားတောင်းဆိုခဲ့တာ”

သူမ မျက်လုံးကို လက်ဖြင့် အုပ်လိုက်သည်။ လက်ဖဝါးကြားကနေ သွေးတွေ ယိုစီးကျလာသည်။ ကုံးယွိသည် သူမပြောတာ ကြားလိုက်သည်။ “ငါ့ နှလုံးသား တခဏတာ တုန်လှုပ်သွားတာကို ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး”

သူမ အသံသည် နူးညံ့နေပြီး တိုက်ခတ်လာသည့် နွေည လေထဲတွင် ပျော်ဝင်ပျောက်ကွယ်သွားသည်။

ကုံးယွိ ကြားလိုက်တာ မမှားဘူးဆိုတာ သိနေခဲ့သည်။

စူးစူး တွန့်ဆုတ်နေသည်။ အရင်ကလည်း တွန့်ဆုတ်ခဲ့ဖူးသည်။ မင်္ဂလာခေါင်းခြုံပုဝါကိုလက်ခံရရှိသည့်အချိန်တုန်းက သူမ ပြန်လှည့်ကြည့်မိခဲ့သည်။ ထိုအချိန်တုန်းက သူမမျက်လုံးတွင် သူမ ကိုယ်တိုင် နားမလည်သည့် ရုန်းကန်လှုပ်ရှားရိပ် အနည်းငယ် ရှိခဲ့သည်။

နှလုံးသားမရှိ ဟု ပြောရအောင် လူသားတွေသည် သစ်ပင်တွေ မြက်ပင်တွေ မဟုတ်ချေ။

သူမသည် နတ်သန္ဓေသား အဖြစ် မွေးဖွားလာခဲ့တာ ဖြစ်သည်။ သူမသည် ဘာအတွက်ကြောင့် ဒီကို ရောက်လာခဲ့ရတာလဲဆိုတာကို မမေ့ရဲ။ သုံးလောကတွင် ရှိရှိသမျှ သက်ရှိအားလုံးသည် မိစ္ဆာတွေ နတ်ဆိုးတွေရဲ့ လက်သည်းအောက်မှာ အသက်ရှင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတာကို သူမ မြင်ခဲ့ဖူးပြီးပြီ။ မြောက်ပိုင်းပင်လယ် ခန်းခြောက်သွားတာကိုလည်း မြင်ခဲ့ဖူးပြီးပြီ။ တောင်ပိုင်းကတောင်ကြီးတွေ ပြိုကျသွားတာကိုလည်း မြင်ခဲ့ဖူးပြီးပြီ။ လူ့လောကတခုလုံး ကပ်ဘေးဆိုက်၍ ဒုက္ခသည်တွေ ဝမ်းနည်းပူဆွေးမှုတွေနှင့် ပြည့်နှက်နေတာကိုလည်းသူမ မြင်ဖူးခဲ့ပြီ ဖြစ်သည်။

ကုံးယွိသည် ထိုအရာတွေကို အနည်းငယ် သတိမူမိပြီး ရင်ထဲ မအေးမချမ်း ဖြစ်နေသည်။

ဝိညာဉ်ခြွေနတ်သံ ၉ ချောင်း ဖြစ်ပေါ်လာသည့် တခဏတွင် ကုံးယွိသည် စူးစူး မလုပ်နိုင်မှာကိုစိုးရိမ်နေခဲ့သည်။ ကံကောင်းစွာနဲ့ပဲ သူမသည် လောကသားတွေကို မမေ့ခဲ့။ နတ်သံ ၉ ကိုးချောင်းကို ဝတ်ရုံနက်ဝတ်လူငယ်၏ နှလုံးထဲ ရိုက်သွင်းခဲ့သည်။

စူးစူးသည် စိတ်ထိခိုက်လှုပ်ရှားလွယ်သူ တစ်ယောက် မဖြစ်ဝံ့ခဲ့ပေ။ သူမ မချစ်ရဲခဲ့။

ရည်မှန်းချက် ကျရှုံးခဲ့သော်လည်း အကျိုးတခု ရှိခဲ့သည်။ စူးစူး နောက်ဆုံးနည်းလမ်းတခု ရှာတွေ့သွားသည်။

နှလုံးထဲ ရိုက်သွင်းခဲ့ပြီး ဖြစ်သော ဝိညာဉ်ခြွေနတ်သံ ၆ ချောင်းကို အမှီပြုသောနည်း။

နောက်ဆုံးတော့ သူမသည် ထန်ထိုင်ကျင့်ကို သတ်ဖို့မလိုအပ်ခဲ့ပေ။ သို့သော် သူသည် သူမကိုအမှောင်ထဲ ပစ်ထားလိုက်ပြီး သူမ၏ နောက်ဆုံးဆန္ဒကို သူ့လက်ဖြင့် သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။

စူးစူး ထရပ်လိုက်သည်။ ကုံးယွိ သူမ ပြောတာ ကြားလိုက်သည်။

“ကျိုးပြည်ရဲ့ ဆောင်းရာသီမှာ နှင်းမကျတတ်ဘူးလို့ ကြားရတယ် …. ‘ယင်း’နေ့ ‘ယင်း’ အချိန်ရောက်ရင် တို့တွေ သွားကြမယ် … ကုံးယွိ ကြောက်နေလား?”

[ယင်း’နေ့ ‘ယင်း’အချိန် - ယင်းစွမ်းအားသည် သူ့သတ်မှတ်ရက်မှာမှ သတ်မှတ်ထားတဲ့အချိန်အတိအကျ ရောက်မှသာ သူ့စွမ်းအားက အမြင့်ဆုံးသို့ ရောက်သည်။ ယင်းဓာတ်သည် အမဓာတ်ဖြစ်သည်။] (ဆိုလိုတာက ယင်းဓာတ် အများဆုံးရက်မှာ သွားကြမယ်ပေါ့)

ကုံးယွိ အနည်းငယ် လန့်သွားပြီး ပြောလိုက်သည်။ “ကုံးယွိ မကြောက်ဘူး”

စူးစူး ဘာလုပ်ချင်လဲဆိုတာ ကုံးယွိ နားလည်သည်။

သူမသည် သူ့ဆီကနေ ထာဝရ ထွက်သွားတော့မည်။ သူမကို ချုပ်ထားသည့် ဒီနေရာကနေထွက်သွားတော့မည်။ လွန်ခဲ့သည့် နှစ် ၅၀၀ အချိန်ကာလက ဒီကမ္ဘာကြီး ကနေ အပြီးအပိုင်ထွက်သွားတော့မည်။

ပေါရယ်ဖူရှန်း (မှတ်ဥာဏ်တံလျှပ်လောက) ထဲက ကောင်းကင်မိုးကြိုးစက်ကွင်းထဲတွင် မင်ယဲ့သည် သူ၏ နတ်ခြင်ဆီနှင့် စန်းကျိုကို လဲထည့်ပေးချင်ခဲ့သည်။ ‘ယင်း’နေ့ ‘ယင်း’ အချိန်ရောက်သည့်နေ့တွင် ထိုကောင်းကင်မိုးကြိုးစက်ကွင်း ဖြစ်လာအောင် ဖန်တီးလို့ ရနိုင်သည်။

သူမသည် ချင်းရှစ်ပန်းကို သုံးကာ ခြင်ဆီ အတု ပြုလုပ်မည်။ ပြီးလျှင် ထိုခြင်ဆီအတုထဲကိုသူမ၏ နတ်ဝိညာဉ် ထည့်လိုက်မည်။ ထို့နောက် ၉ ခုမြောက် နတ်ဘုံပစ္စည်းဖြစ်သည့် ကုံးယွိကို ကြားခံအဖြစ် အသုံးချကာ နတ်ခြင်ဆီအစစ် အဖြစ်သို့ ပြောင်းလဲလိုက်မည် ဖြစ်သည်။

မိစ္ဆာအရိုးကို နတ်ခြင်ဆီနှင့် အစားထိုးမည်။

-----

Post a Comment

0 Comments