71 - တုန်လှုပ်

စူးစူးအတွက် အလွန်ရှည်လျားသော ညတည ဖြစ်ခဲ့သည်။

သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် ချန်ဇယ်တောင်အကြောင်း အိပ်မက်မက်ခဲ့သည်။ ထိုအချိန်တုန်းက သူမသည် မွေးခါစပဲ ရှိသေးပြီး သူမ အတောင်လေးတွေ စိုစွတ်နေဆဲပင်။ အသွင်လည်း မပြောင်းနိုင်သေးချေ။

အဖြူရောင်ပိုးဝတ်ရုံရှည်ဝတ်ထားသည့် မသေမျိုး အကြီးအကဲ ချင်းယိသည် ဓားပျံစီးပြီးသူမကို တောင်တခုတွင် ဂရုတစိုက် ချပေးထားခဲ့သည်။

“အခုချိန်ကစလို့ ဟန်ယန် က မင်းရဲ့အိမ်ပဲ … အဖေက မင်းကို ကောင်းကောင်း ဂရုစိုက်ပေးလိမ့်မယ်”

ဝိညာဉ်ငှက်ငယ်လေးသည် ပိုးဝတ်ရုံထဲကနေ ခေါင်းပြူထွက်ကာ စူးစမ်းလိုစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်သည်။ မီးခိုးရောင် ကောင်းကင်ကြီးတွင် တစ္ဆေ ဘီလူး မိစ္ဆာတွေသောင်းကျန်းနေ၍ ညစ်ညမ်းမှုတွေနှင့် စိတ်ပျက်စရာအတိ ဖြစ်နေသည်။

မသေမျိုး အကြီးအကဲသည် သူမခေါင်းကို ပွတ်သပ်ပေးပြီး အင်္ကျီလက် ဝှေ့ယမ်းလိုက်ရာသူမဘေးပတ်ပတ်လည်တွင် ငှက်တေးသီသံတွေနှင့် မွှေးကြိုင်နေသော ပန်းများ ပေါ်လာသည်။

ဆရာတူအစ်ကိုကြီးများနှင့် ဦးလေးများက သူမကို ပတ်ပတ်လည် ဝန်းရံနေကြပြီး အံ့ဩစွာဖြင့် ကြည့်နေကြသည်။ “ဆရာတူညီမလေးက သူ့အခွံကွဲပြီး ထွက်လာခဲ့ပြီပဲ”

“ဆရာတူညီမလေး …. ငါက မင်းရဲ့ ဆရာတူအစ်မ ရောင်ဝေ ပါ …. ဒါက ဆရာတူအစ်မရဲ့တွေ့ဆုံခြင်း လက်ဆောင်ပါ …. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုမွန်ကောင်းဆုတောင်းပါတယ်”

“ငါက မင်းရဲ့ ဆရာတူအစ်ကိုကြီး ချီယွဲ့ ပါ … ဒါ ဆရာတူအစ်ကိုကြီးရဲ့ လက်ဆောင်ပါ”

“ငါ ရှိသေးတယ် .. ငါ ရှိသေးတယ် … ငါက မင်းရဲ့ ဆရာတူအစ်ကိုကြီး … ဆရာတူညီမလေး … ဒါက ဖုန်းလိုင်ကနေ ဆရာတူအစ်ကို ယူလာခဲ့တဲ့ ဝိညာဉ်နှင်းရည်ပဲ … ဆရာတူညီမလေးကနွားနို့လို သောက်နိုင်ပါ့မလား မသိဘူး”

မသေမျိုးဂိုဏ်းဝင်တွေ လျော့ပါးဆုတ်ယုတ်လာသည့် ကာလတွင် ဤအသက်ဝင်လာသောသက်ရှိအသစ်ကလေးသည် အသက်မဲ့ရွှံ့နွံထဲ လောင်းထည့်လိုက်သည့် ကြည်လင်သောစမ်းရေတပေါက်နှယ် ဟန်ယန်ဂိုဏ်းကို တမုဟုတ်ချင်း သက်ဝင်လှုပ်ရှားစေခဲ့သည်။

ဆရာတူအစ်မများက သူမအတွက် ဝိညာဉ်ပျားရည်ကို လျှို့ဝှက်စုဆောင်းပေးကြပြီး ဆရာတူအစ်ကိုကြီးများက သူမ ကစားရအောင် လျှို့ဝှက်နယ်ပယ်ဆီသို့ တိတ်တဆိတ်ခေါ်ဆောင်သွားကြပေလိမ့်မည်။

တယောက်က သူမကို ဓားပျံစီးနည်း၊ ဓားထိန်းချုပ်နည်းတို့ကို သင်ပေးသည်။ တယောက်ကမန္တန်ဂါထာသုံးနည်း သင်ပေးသည်။ သူမ အမှားတခုခု လုပ်မိတိုင်း ဆရာတူအစ်ကိုကြီးဆိုသူက သက်ပြင်းချရင်း သူမရှေ့က မားမားမတ်မတ် ရပ်ကာ ကာကွယ်ပေးပြီး အပြစ်ဒဏ်အကုန်လုံး ခံယူပေးသွားသည်။

ဖရိုဖရဲဖြစ်နေပြီး သွေးထွက်သံယိုများလှသည့် ခေတ်ကြီးထဲတွင် သူမ ဘေးပတ်ပတ်လည်မှာကြည်လင်သော ကောင်းကင်တခု အမြဲတမ်း ရှိနေသည်။

ပုလျန်တောင်တွင် တစ်နှစ်ပတ်လုံး မပျော်ကျသော ဆီးနှင်းများနှင့် ဝိညာဉ်ရေပူစမ်းတွေ ရှိကြသည်။

ကမ္ဘာကြီးက ကြောက်စရာကောင်းပြီး အလွန်ဆိုးဝါးနေပေမယ့် သူတို့တွေသည် စူးစူးအတွက်ဆိုရင် အကောင်းတကာ့အကောင်းဆုံးအရာတွေ ချန်ထားပေးကြသည်။

သူမ၏ အိပ်မက်ထဲတွင် ကြည်လင်သော ကောင်းကင်ပြာ ရှိနေသည်။ ဓားပျံစီးရသည့် ပျော်ရွှင်မှု၊ လင်းချွမ်တွင် တစ်စက်စီ ကျဆင်းနေသော ရေ၏အသံ၊ နေရောင်အောက်တွင် တဖျတ်ဖျတ်လက်နေသော နှင်းများ ရှိနေသည်။

သူမ မထိန်းနိုင်ပဲ နှုတ်ခမ်းစွန်း ကွေးတက်သွားကာ အနည်းငယ် ပြုံးမိသွားသည်။

သို့သော် သူမ နိုးထလာတာနှင့် ….

တစ်စက်စီ ကျနေသော ရေသံကြောင့် သူမ မျက်လုံးတွေ ဖွင့်ကြည့်လိုက်သည်။ တစစီဖြစ်အောင် ထုချေခံထားရသလို သူမ တကိုယ်လုံး နာကျင်နေသည်။ သူမ ကိုယ်ပေါ်တွင် စုတ်ပြဲနေသော အဝတ်တချို့ ဖုံးလွှမ်းနေပြီး ထိုအောက်တွင် ခန္ဓာကိုယ်သည် အဝတ်ကင်းမဲ့လျှက် ရှိနေသည်။

စူးစူးသည် သူမလက်ချောင်းများ လှုပ်ကြည့်လိုက်ရာ လက်ချောင်းများအကြားက စူးရှပြင်းထန်သော နာကျင်မှု ထွက်ပေါ်လာသည်။

နံရံအပေါက်ကြားကနေ အလင်းတန်း ဝင်ရောက်လာသည်။ အပြင်ဘက်တွင် အာရုဏ်တက်ချိန် ရောက်တော့မည် ဖြစ်သည်။ စူးစူးသည် အကောင်းပတိ ရှိနေသေးသော လက်ဖြင့်အဝတ်ကို တင်းတင်းဆုပ်ကိုင်ရင်း ဝင်ရောက်လာသည့် အလင်းတန်းကို စိုက်ကြည့်ကာ ဘာတွေးလို့ တွေးရမှန်းမသိ ဖြစ်နေသည်။

ထိုအပေါက်ကြားကနေ ရေသံတွေ ကြားရသည်။ အပြင်ဘက်တွင် မိုးရွာနေသည်။

သူမရဲ့ဒဏ်ရာတွေနှင့် ကိုယ်ပေါ်က မေထုန်မှုကြောင့် ဖြစ်လာသည့် ဒဏ်ရာဒဏ်ချက်တွေကိုဘယ်သူကမှ လာကူညီပြီး သန့်ရှင်းအောင် မလုပ်ပေးကြ။

ပူလောင်သော အသက်ရှူငွေ့တွေက သူမတွင် အဖျားရှိနေကြောင်း ပြနေသည်။

ကျောက်သားကုတင်ပေါ် ရုန်းကန် ထပြီး စုတ်ပြဲနေသော အဝတ်တွေနှင့် သူမကိုယ်သူမ ဖုံးကာလိုက်သည်။

ရေပျော့သည် နက်မှောင်နေသည့် အခန်းထဲတွင် ငွေရောင်အလင်းဖြာထွက်နေသည်။ စူးစူးသည် အပေါက်အောက်တည့်တည့်ရှိရာကို လျှောက်သွားကာ နံရံကို မျက်နှာမူလျှက် အင်အားချိနဲ့စွာ ထိုင်ချလိုက်ပြီး ပါးစပ်ဖွင့်ကာ မိုးရေကို သောက်လိုက်သည်။

သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများ စိုစွတ်လာကာ သူမ နေရထိုင်ရ သက်သာလာသည်။

သူမ ဒူးကို ပွေ့ထားပြီး ပါးပြင်များကို လက်မောင်းတွင် မြုပ်ထားသည်။

သူမ ဘဝတွင် ထိုမျှလောက် ကြံရာမရ ဖြစ်နေပြီး စိတ်အားငယ်နေတာမျိုး မရှိခဲ့ဖူးပေ။ မနေ့ညက အဖြစ်အပျက်ကြောင့်သာမက ဝိညာဉ်ခြွေနတ်သံ ၃ ချောင်း တစစီ ပျက်စီးသွားတာကြောင့်လည်း ဖြစ်သည်။

ဝိညာဉ်ခြွေနတ်သံ ၃ ချောင်းသည် နှလုံးကာအကြေးခွံနှင့် တိုက်မိပြီး ဖုံမှုန့်ဖြစ်သွားတာကိုသူမ ဘာမှကို မလုပ်နိုင်ခဲ့ပဲ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရသည်။ နှလုံးကာအကြေးခွံတွင်ရွှေရောင်အက်ကွဲရာများပင် ပေါ်သွားခဲ့သည်။

သူမ ကျရှုံးခဲ့သည်။ သူမ အသက်နှင့် ရင်းခဲ့ပေမယ့် ကျရှူံးသွားခဲ့ပြီ။ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး ရင်းခဲ့ပေမယ့် သူမ ကျရှုံးခဲ့သည်။

ဝိညာဉ်ခြွေနတ်သံချောင်း မရှိတော့။ မိစ္ဆာအရှင်လေး၏ ချစ်ခြင်းမေတ္တာသည် ကြောက်စရာကောင်းလှသည့် မုန်းတီးမှု အဖြစ် ပြောင်းလဲသွားကာ အခြေအနေတွေက အဆုံးစွန်ထိဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဒီလိုပဲ … တသက်လုံး အချုပ်ခံပြီး နေသွားရတော့မှာလား?

စူးစူးတွင် ဒီလို အဆိုးမြင်စိတ်မျိုး တခါမှ မကြုံခဲ့ဖူးပေ။

သူမ စဉ်းစားသည်။ ဂိုဏ်းဆရာများက ဒီတာဝန်ကို မပေးခဲ့သင့်ဘူး။ အသက် ၁၀၀ ပြည့်ပြီးခါစ အတွေ့အကြုံနုနယ်တဲ့ မသေမျိုးနွယ်ဝင် နတ်သမီးလေး သူမက ဘယ်လိုလုပ်ပြီး ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါ့မလဲ? ဝိညာဉ်ခြွေနတ်သံချောင်းကိုတောင် မပျက်စီးအောင် သူမမတားနိုင်ခဲ့။

လူတိုင်း တယုတယ ဂရုစိုက်ကြတဲ့ နတ်သမီးလေး အဖြစ်ကနေ ထွက်လာပြီး မိစ္ဆာအရှင်ငယ်ရှေ့မှောက် လဲကျကာ တကိုယ်လုံးအနာတရအပြည့် ဖြစ်နေသည့် သူမ။

သို့သော် သူမ အမှန်တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့ပါသည်။

သူမ အခုရောက်နေသည့် လူလောကတွင် အချိန် နှစ်နှစ်လောက်တောင် မရှိခဲ့ပေမယ့် သူမဖြတ်သန်းလာခဲ့သည့် နှစ်တရာအချိန်ထက်ကို ပိုပြီးရှည်ကြာနေသည်။

ကျောပေါ်တွင် နှစ် ၅၀၀ ကံကြမ္မာပြောင်းဖို့ တာဝန်ကို တချိန်လုံးထမ်းထားရင်း သူမမျက်ရည်မကျအောင် ထိန်းထားခဲ့ရသည်။ ရေခဲပြင်ပါးပါးပေါ် လမ်းလျှောက်နေရသလို သူမသတိကြီးကြီးထား၍ လုပ်ကိုင်ခဲ့ရသည်။ သူမ ထိန်းချုပ်ခံရပြီး ရှောင်းလင်ကို သတ်မိသွားသည့် အချိန်တုန်းကလည်း သူမ ခဏတာ ငိုခဲ့ပြီး မျက်ရည်များ သုတ်ပစ်ကာ သူ့အတွက် မြို့ကိုစောင့်ကြပ်ပေးခဲ့သည်။ ဒီနေရာကို ရောက်လာခဲ့ရသည့် ရည်ရွယ်ချက်ကို ထိခိုက်မှာစိုး၍ မည်သူ့ကိုမျှ နွေးထွေးတဲ့ ခံစားချက်တွေတောင် မပေးဝံ့ခဲ့ပေ။

သူမသည် ၃ လောက၌ သက်ရှိသတ္တဝါ ဖြစ်သည်။ သူမတွင် အသွေးအသားနှင့်တည်ဆောက်ထားသည့် ခန္ဓာကိုယ် ရှိသည်။ သူမသည် နာကျင်မှု ကြောက်ရွံ့မှု တုံ့ဆိုင်းမှုတွေခံစားသိရှိနိုင်သည်။

မိုးစက်များက သူမ မျက်နှာကို ရိုက်ခတ်လာသည်။

ခိုင်မာမြဲမြံခဲ့သည့် သူမ တာအိုနှလုံးသားသည် ပြိုလဲကျလုနီးနီး ဖြစ်နေပြီ။

အသံတစ်သံ ကြားရသည်။

“အတင်းလုပ်မနေနဲ့တော့ …. ရပြီ …. နင်မလုပ်နိုင်တော့ဘူး …. သူက မိစ္ဆာဘုရင်လေ … နင်လိမ်နေတာ သူ သိသွားပြီ …. မရမက ဆက်လုပ်နေရင် လွန်ခဲ့တဲ့ နှစ် ၅၀၀ ကတည်းက နင်သေနှင့်သွားပြီ”

“အိမ်ပြန်တော့ …. အစကတည်းကကို ဒီအရာတွေအတွက် နင့်မှာ တာဝန်မရှိဘူး …. ကံတရားအလိုကျ ဖြစ်ပါစေတော့ …. နင့်မူလအချိန်ကာလကို ပြန်သွားတော့ …. နင်သေခဲ့ရင်တောင်မှပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာ ဖြစ်နေမှာပါ”

“နင် ၃ လောကလုံးကို ကာကွယ်ပေးခဲ့တယ် … ဒါပေမယ့် ဘယ်သူက နင့်ကို ကာကွယ်ပေးမှာလဲ?”

စူးစူးသည် သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး အံကြိတ်လိုက်သည်။

အေးစက်နေသည့် ကျောက်နံရံကို သူမ ထိကြည့်သည်။ ရေခဲတမျှ အေးစက်နေသည်။နွေရာသီရောက်သော်ငြား သူမကို တုန်တုန်ယင်ယင် ဖြစ်စေသည်။

အပြင်ထွက်ဖို့ လမ်း လုံးဝမရှိ။ ကုံးယွိ တိတ်ဆိတ်နေသည်။ သူမ လက်ချောင်းထိပ်ကသွေးကိုသုံးပြီး မန္တန်ဆွဲကြည့်ပေမယ့် သက်ရောက်မှု လုံးဝမရှိ။

သူမသည် ရှုပ်ထွေးသော နေရာတခုတွင် ပိတ်မိနေတာ ဖြစ်သည်။

ထိုနေရာက ဖျန်းရန် သုံးလေ့ရှိခဲ့သည့် လှောင်အိမ်လို နေရာတခုလို ဖြစ်နေသည်။ ဘယ်နေရာကိုမှ မသွားနိုင်အောင် ချုပ်ထားဖို့ သုံးတာ ဖြစ်သည်။ ကုံးယွိတောင် တိတ်တဆိတ်နေဖို့အတင်းအကျပ် စေခိုင်းခံနေရတာ ဖြစ်သည်။

ချင်းရှစ်ပန်းက စူးစူးကို နာကျင်အောင် လုပ်လာ၍ သူမ မျက်လုံးတွေ အုပ်လိုက်ရသည်။

ကြောက်ရွံ့နေတာရော ဖျားနေတာရော ပေါင်းပြီး ဒီတခေါက် နာကျင်မှုက အရင် အကြိမ်တွေထက် ပိုခံစားနေရသည်။ အချိန်အတော်ကြာမှ ခံနိုင်ရည်ရှိသွားပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ နေအလင်းရောင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့တာကို သူမ တွေ့လိုက်ရသည်။

သူမ မျက်လုံးတွေကို ပွတ်လိုက်သည်။ ကြောက်စရာကောင်းသည့် တိတ်ဆိတ်မှုက သူမဆီထိုးဖောက်ဝင်လာသည်။ ရေကျသံတောင် ပျောက်သွားသည်။ ကုတင်ပေါ်တွင် သူမ တွန့်လိမ်နေရင်း အရင်တုန်းက ကုံးယွိပြောခဲ့ဖူးသည့် ချင်းရှစ်ပန်းသုံးခြင်း၏ အကျိုးဆက်ကို တွေးနေမိနေတော့သည်။

ကံကြမ္မာက ဝမ်းနည်းစရာကောင်းလွန်းသည်။ အလောင်းတောင် အပြည့်အစုံမရှိ။



နျန့်မုနင် စိတ်ပူစွာဖြင့် မေးလိုက်သည်။ “အရှင်မင်းကြီး .. ဘယ်လိုနေလဲ?”

နျန့်ပိုင်ယွီ စိတ်လေးလံစွာ ခေါင်းခါပြလိုက်သည်။ “ဒီမနက် ပြန်ရောက်တော့ သွေးတလုတ်လောက် အန်ပြီးကတည်းက အခုထိ အိပ်ရာက မနိုးသေးဘူး …. နှလုံးသွေးကြောပျက်စီးသွားတာကြောင့် ဒီဆောင်းရာသီ မကျော်နိုင်လောက်ဘူးလို့ သမားတော်က ပြောတယ်”

နျန့်မုနင် အနောက်ကို ခြေတလှမ်း ယိုင်သွားသည်။ “ဒါက ဘယ်လိုဖြစ်သွားရတာလဲ …. ငါ့အပြစ်ပါပဲ …. တတိယယဲ့မိန်းကလေးကို ငါ သေချာစောင့်ကြည့်ခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”

နျန့်ပိုင်ယွီက သူမ နောက်ကနေ ဖမ်းထိန်းပေးလိုက်ပြီး ပြောသည်။ “ဒီလိုတွေပြောနေလို့အသုံးမဝင်ဘူး … အရှင်မင်းကြီး နိုးလာတဲ့အခါ သူမှာ ဖြေရှင်းဖို့ နည်းရှိချင် ရှိနေမှာ”

အရင်ကတည်းကကို ထန်ထိုင်ကျင့်သည် သူ့အသက် ၁၆ နှစ်ထက် ပိုပြီး အသက်မရှင်နိုင်ဟုလူအတော်များများက အခိုင်အမာ ပြောခဲ့ကြသည်။ သို့သော်လည်း ထိုနှစ်များတွင် သူ မည်ကဲ့သို့ ပေးဆပ်ခဲ့သည်ကို ဘယ်သူမှ မသိနိုင်။ ယခုအချိန်အထိ သူသည် အေးချမ်းစွာဖြင့်အသက်ရှင်လာခဲ့သည်။

ထိုကဲ့သို့ ဖြစ်ခဲ့လျှင်တောင်မှ သူ့ကံကြမ္မာကို ပြောင်းလဲရန် နည်းလမ်း ရှိနေနိုင်သည်။

နျန့်ပိုင်ယွီသည် ယနေ့နံနက် အရှင်မင်းကြီးကို တွေ့ခဲ့ရသည့် မြင်ကွင်းအကြောင်းကို အစ်မဖြစ်သူအား မပြောပြဖြစ်ပေ။ အခုချိန်ထိ သူပြန်တွေးလိုက်တိုင်း ခံစားချက်တွေ ရှုပ်ထွေးနေသည်။

အရှင်မင်းကြီး၏ ပါးစပ်ထောင့်စွန်းတွင် သွေးတွေ စွန်းထင်းနေပြီး မျက်လုံးတွေလည်း ဗလာဖြစ်နေကာ ထုံထိုင်းနေပုံ ရနေပေမယ့် နက်မှောင်သောမျက်လုံးတွင် နာကျည်းမှု အပြည့် ရှိနေသည်။

သူ၏ရင်ဘတ်တွင် အမည်းရောင်အမှတ်အသားသည် တဖြည်းဖြည်း ပေါ်ထွက်လာနေသည်။

သူသည် သူ့ရင်ဘတ်ကို တင်းတင်းဖိထားရင်း ချင်းချန် နန်းဆောင်ဆီ အမြန်ပြန်လာခဲ့သည်။ပါးစပ်အပြည့် သွေးတလုပ် အန်ထုတ်လိုက်ပြီးနောက် သတိလစ်မေ့မျောသွားတော့သည်။

ကျိုးပြည်ထောင်၏ နွေရာသီသည် မိုးရွာသည်။

နေ့လည်ခင်းတွင် ဖွဲဖွဲကျနေသည့် မိုးသည် တော်ရုံနှင့် တိတ်မည့်ပုံမပေါ်။ ကျောင်းဟွာဖူးရန်သည် ထန်ထိုင်ကျင့်ကို လာတွေ့သည်။ နျန့်ပိုင်ယွီသည် အမှောင်ထဲ အရိပ်တခုလို ယဲ့ပင်းချန်နောက် တိတ်တဆိတ် လိုက်လာသည်။

ယဲ့ပင်းချန် ပြောသည်။ “နျန့်လူကြီးမင်း … အရှင်မင်းကြီးနှင့် ၂ ယောက်တည်း စကားပြောချင်ပါတယ်”

နျန့်ပိုင်ယွီ အသာယာ ခေါင်းခါပြပြီး မြေကြီးကိုသာ စိုက်ကြည့်နေသည်။ ယဲ့ပင်းချန်တွင်ရွေးချယ်စရာမရှိ။ လရိပ်တပ်ဖွဲ့ဝင်တယောက်ကို သူမအား စောင့်ကြည့်ခွင့်ပေးလိုက်ရသည်။သူမ သုံးနေကျ လက်ကိုင်ပုဝါ ထုတ်လိုက်ပြီး ထန်ထိုင်ကျင့် နဖူးပေါ်ကချွေးတွေ သုတ်ပေးလိုက်သည်။

သူ့နံဘေးတွင် အက်ကွဲနေသည့် နှလုံးကာအကြေးခွံကို ယဲ့ပင်းချန် တွေ့လိုက်ရသည်။

သူမ အမူအရာ ပြောင်းသွားပြီး အလျင်အမြန် ကောက်ယူလိုက်သည်။

နဂိုမူလငွေရောင်ရှိသည့် နှလုံးကာအကြေးခွံတွင် ရွှေရောင်အက်ကွဲကြောင်းများ သိပ်သည်းစွာ ပေါ်နေသည်။ သူမ ခံစားကြည့်ပေမဲ့ တုံ့ပြန်မှု မရှိ။

တခဏချင်း ယဲ့ပင်းချန် မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားသည်။ နောက်ပြန်လှည့်လို့မရတော့ဘူးဆိုတာ သူမ နားလည်သွားသည်။ နှလုံးကာအကြေးခွံပျက်စီးသွားပြီ။

ထန်ထိုင်ကျင့် ဘာတွေ ဖြစ်ခဲ့တာလဲ?

နှလုံးကာအကြေးခွံ ပျက်စီးသွားရအောင် ချန်လုံဝေ့ (နဂါးအစောင့်တပ်)က ဘယ်လိုလုပ်လိုက်တာလဲ?

သူမ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲနေသည်။ ပူပင်သောကများစွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။ နျန့်ပိုင်ယွီနှင့် တခြားသူများ အကြည့်အောက်တွင် သူမတည်ငြိမ်ပြနေရုံမျှသာတတ်နိုင်သည်။ သစ်သားကနေ လှေလုပ်ပြီးသွားပြီ။ နောင်တရတယ် ဆိုတာတောင်မှ သူမတတ်နိုင်တာ ဘာမှ မရှိ။

[သစ်သားကနေ လှေလုပ်ပြီးသွားပြီ ။ ။ ဖြစ်ပြီးတာတွေ ဖြစ်ပျက်ပြီးသွားပြီ]

နှလုံးကာအကြေးခွံ ပျက်စီးသွားပြီ။ စူးစူး ခြိမ်းခြောက်မှုက အသုံးမဝင်တော့ပေ။

အခုအချိန်တွင် ထန်ထိုင်ကျင့်အနေနှင့် ကြည့်ရလျှင် စူးစူးသည် ချန်လုံဝေ့ (နဂါးအစောင့်တပ်) ကိုင်ထားသည့် သစ္စာဖောက်တယောက် ဖြစ်နေသည်။ လူသားတယောက်ဖြစ်နေသည့်သူမသည် နှလုံးကာအကြေးခွံ၏စွမ်းအားကို အပြည့်ယူသုံး၍ မရ။ မိစ္ဆာတွေ ရောက်လာဖို့ဖိတ်ခေါ်နေသလိုပဲ ဖြစ်နေလိမ့်မည်။

လက်ရှိဖြစ်နေသည့် အခြေအနေသည် သိပ်မဆိုးလှ။

သူမကိုယ်သူမ အယုံသွင်းလိုက်ပြီး ထန်ထိုင်ကျင့်ကို စောင်ခြုံပေးမလို့ လက်အလှမ်းတွင် နျန့်ပိုင်ယွီက ဓားဖြင့် တားလိုက်သည်။

နျန့်ပိုင်ယွီပြောသည်။ “ဖူးရန် …. အရှင်မင်းကြီးကို တွေ့ပြီးရင် ပြန်လို့ရပါပြီ”

ယဲ့ပင်းချန် မျက်နှာပေါ် ကသိကအောက်ဖြစ်သည့် အမူအရာတခု လှစ်ကနဲ ဖြတ်ပြေးသွားပြီးနောက် အပြုံးနှင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဒုတိယရက် နေ့လည်ခင်းတွင် ထန်ထိုင်ကျင့် သတိရလာသည်။ သူ့ကိုယ်သူ နေလို့မကောင်းမှန်း သိရ၍ ဝိညာဉ်ဝါးမျိုအလံထဲက တာအိုဘုန်းကြီးအိုကို ခေါ်ထုတ်လိုက်သည်။

“ကိုယ်တော့် နှလုံးထဲက အရာတွေ မင်း ယူထုတ်လို့ ရလား?”

တာအိုဘုန်းကြီးအို ကြိုးစားကြည့်သည်။ မရ။ ခေါင်းခါလျက် ပြောသည်။ “အရှင်မင်းကြီး …. ပညာမပြည့်ဝတဲ့ ကျွန်တော်မျိုးကို ခွင့်လွတ်ပေးပါ …. ဒီလောက် ရက်စက်တဲ့ အရာမျိုးကျွန်တော်မျိုး တခါမှ မတွေ့ဖူးပါဘူး … အရှင်မင်းကြီး နှလုံးထဲ မြုပ်ဝင်သွားပြီလို့ ထင်ရပြီးပြန်ယူထုတ်လို့မရတော့ပါဘူး”

ထိုအကြောင်းကြားရသည့်အခါ အေးစက်စက်နိုင်သော အမူအရာဖြင့် သူ့ရင်ဘတ်ကို သူလက်ဖြင့်စမ်းကြည့်လိုက်သည်။

တာအိုဘုန်းကြီးအိုက အရှင်မင်းကြီးတော့ စိတ်ဆိုးတော့မှာပဲဟု တွေးလိုက်သည့်အချိန်တွင်ထူးထူးခြားခြား သူ့နှုတ်ခမ်းစွန်း ကွေးတက်သွားပြီး ပြောလိုက်သည်။ “ဒါဆိုလည်း ထားလိုက်ပါတော့”

ဒါဖြင့်ရင် နာကျင်မှုတခုပေါ့။

နည်းနည်းလေး ပိုနာရုံပါပဲ။

“ကိုယ်တော့်အတွက် မိစ္ဆာတွေ ပိုရှာလာခဲ့ …. မသေမျိုး ကျင့်ကြံသူတွေ တွေ့ရင်လည်း ဖမ်းခေါ်လာခဲ့”

တာအိုဘုန်းကြီးအိုသည် ဟုတ်ကဲ့ဟု အလျင်အမြန် ပြောရင်း သူသိလိုက်ရပြီ ဖြစ်သည်။ ထန်ထိုင်ကျင့်သည် သူ့အသက် ဆက်ရှင်ဖို့ မိစ္ဆာအမြုတေ အပေါ် မှီခိုခဲ့သည်။ အရင်ကတော့ သူ့သက်တမ်း ဆွဲဆန့်ဖို့အတွက် တနှစ်လျှင် မိစ္ဆာတကောင် သတ်ဖို့ လိုအပ်ခဲ့သည်။ သို့သော်ယခုတော့ဖြင့် ဆုံးရှုံးသွားသော သူ့သက်တမ်းကို ပြန်ထေမိဖို့အတွက် လတိုင်း တကောင်ကျသတ်ရင်း မိစ္ဆာအမြုတေကို အတိုးချ ယူထုတ်ဝါးမျိုတော့မည် ဖြစ်သည်။

နျန့်ပိုင်ယွီသည် ဝိညာဉ်ဝါးမျိုအလံနှင့်အတူ ထွက်သွားတော့မည့်ဆဲဆဲတွင် ထန်ထိုင်ကျင့်သည် အေးစက်စွာဖြင့် ပြောလိုက်သည်။ “ယဲ့ချူဖုန်းကို သွားခွင့်ပေးလိုက်”

“အရှင်မင်းကြီး?”

ထန်ထိုင်ကျင့်ပြောသည်။ “ယဲ့ချူဖုန်းမှာ မြေခွေးအမြုတေ တဝက်ရှိနေတယ် …. မိစ္ဆာအကောင်ကြီး ဖမ်းတဲ့နေရာမှာ မင်းတို့ထက် သူက ပိုအသုံးဝင်တယ်”

နျန့်ပိုင်ယွီနှင့် တာအိုဘုန်းကြီးအိုတို့သည် မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် တယောက်ကိုတယောက် ကြည့်နေကြသည်။

ယဲ့ချူဖုန်းရဲ့ ခန္ဓာကိုယ်မှာ မြေခွေးမိစ္ဆာ ဖျန်းရန်ရဲ့ အမြုတေတဝက် ရှိနေတယ်တဲ့လား?

အရှင်မင်းကြီးက ထိုလူကို သူ့အနားမှာထားပြီး ဆက်လက် ခစားခိုင်းခဲ့တာ မထူးဆန်းချေ။ နျန့်ပိုင်ယွီသည် ဦးညွတ်လိုက်ပြီး ဝိညာဉ်ဝါးမျိုအလံဖြင့် ယဲ့ချူဖုန်းကို ရှာဖို့ ထွက်သွားတော့သည်။

ထန်ထိုင်ကျင့်သည် တိတ်ဆိတ်နေပြီး သူ၏မျက်နှာ ဖြူဖျော့နေကာ ပတ်ဝန်းကျင်ကိုလျစ်လျူရှုပြီး နေနေသည်။

ခန်းမထဲ နျန့်မုနင် နေကျန်ရစ်သည်။ သူမ ခေါင်းငုံ့ကာ မြေပြင်ကို ကြည့်ရင်း စိတ်ထဲအနည်းငယ် စိတ်မသက်မသာ ခံစားနေရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် နန်းတက်ပွဲနှင့် မိဖုရားခေါင်တင်မြောက်ဖို့အတွက် ပြင်ဆင်နေခဲ့သည့် အရှင်မင်းကြီး၏ မျက်လုံးထဲတွင် တောက်ပသော အလင်းများရှိခဲ့သည်။ ယခုတော့ ငေးကြည့်နေသည့် သူ့မျက်လုံးထဲ ဘာမှမရှိတော့။

လျှို့ဝှက်အမှောင်ခန်းထဲက မိန်းကလေးအကြောင်းကို အရှင်မင်းကြီးက မေးမယ်လို့ သူမထင်ထားခဲ့ပေမယ့် ထိုအကြောင်းကို သူက စိတ်မဝင်စား၊ ဂရုမစိုက်ပဲ နောက်ပြန်လှည့်သွားလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့။

ထိုမိန်းကလေး သေသွားရင်တောင်မှ သူနှင့် ဘာမှမဆိုင်သလို ဖြစ်နေသည်။

နျန့်မုနင်သည် နေဝင်ချိန်အထိ စောင့်ခဲ့သော်လည်း အရှင်မင်းကြီးက သူမအကြောင်း ဘာမှမမေး။

ပြောရုံကလွဲပြီး ရွေးစရာမရှိသည့် သူမသည် ချီတုံချတုံဖြင့် အသံတိုးတိုးလေး ပြောလိုက်သည်။ “အရှင်မင်းကြီး ….. မိန်းကလေး ဖျားနေတယ် … မနေ့ကနေ အခုထိ မိုးရေ နည်းနည်းပဲသောက်ခဲ့တယ်”

ငယ်ရွယ်နုပျိုသော လူငယ်သည် သူ့မျက်လုံးတွေ ဖွင့်လိုက်ပြီး နဂါးအိပ်ရာပေါ်က ပုံဖော်ထားသော ငွေရောင်အဆင်အပြောက်ပုံစံကို ကြည့်ကာ ငြင်ငြင်သာသာ ရယ်ရင်း ပြောလိုက်သည်။“တယောက်ယောက်ကို လွှတ်ပြီး ကြည့်ခိုင်းလိုက် ….. သူ့ကို မသေစေနဲ့ …. လွယ်လွယ်ကူကူသေဖို့ သူ မထိုက်တန်ဘူး …”

နျန့်မုနင် “ဟုတ်ကဲ့”

စူးစူး နေမကောင်းဖြစ်နေတာ အတော်ကြာပြီ ဖြစ်သည်။

သူမသည် ချင်းရှစ်ပန်း ဆက်သုံးဖို့ မစွမ်းနိုင်တော့ပေ။ သူမသည် သေမျိုးနွယ်ဝင် လူသားတယောက် လုံးဝဖြစ်နေပြီ ဖြစ်သည်။ သူမကို မှော်ပညာနှင့် နည်းပညာဗဟုသုတတွေကို ကူညီထောက်ပံ့ပေးနေသည့် ကုံးယွိနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေပြီ ဖြစ်သည်။အားနည်းပြီး ယိမ်းယိုင်ချိနဲ့လာ၍ နေ့နှင့်ည အချိန်တောင် မခွဲခြားနိုင်တော့သည့် အခြေအနေရောက်နေပြီ ဖြစ်သည်။

အချိန်တခုတွင် အမြဲတမ်း၊ အစေခံတယောက် ရောက်လာပြီး သူမကို သန့်ရှင်းရေး လာလုပ်ပေးကာ ဆေးတိုက်ပေးသွားသည်။

ဇွန်းကို လက်ထဲ လာထည့်ပေး၍ သူမ သတိလက်လွတ်ဖြင့် ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။

အလျော့မပေးတတ်သော စိတ်ဓာတ်ကြောင့်သာ သူမ အသက်ဆက်ရှင်နေတာ ဖြစ်သည်။သို့သော် ချင်းရှစ်ပန်း၏ တန်ပြန်သက်ရောက်မှုက သူမ ခန္ဓာကိုယ်ကို ယိုယွင်းပျက်စီးလာစေသည်။

သူမ အစာ မစားနိုင်တော့။ ဘာမှမရှိသည့်အတွက် အစာအိမ်က နာကျင်ကိုက်ခဲနေသည်။

အစေခံက သူမ မစားချင်၍ မစားတာဟု ထင်နေပြီး အေးစက်စက်အကြည့်ဖြင့် ပြောသည်။“ရှင့်ကိုယ်ရှင် အနာဂတ် မိဖုရားခေါင် ဖြစ်လာမဲ့သူလို့ ထင်နေသေးတာလား? ….. ရှင် အစာမစားရင် အရှင်မင်းကြီးက သနားလာမယ်လို့ ထင်နေတာလား? ….. အားအင်တွေ ချွေတာထားဖို့ အကြံပေးလိုက်မယ် … အရှင်မင်းကြီးက မိန့်လိုက်တယ် …. အစာစားရင်စား၊ မစားရင် ငတ်သေပါလေ့စေတဲ့”

အစေခံသည် အစားစာဘူးကို ယူကာ ထွက်သွားတော့သည်။

မည်သူကမျှ စူးစူး ရှင်းပြချက်ကို နားမထောင်ပေးကြ။ သူမကို ကြည့်ပေးဖို့ သမားတော်လည်း မခေါ်ပေးကြပေ။

စူးစူးသည် တနေ့ပြီး တနေ့ တဖြည်းဖြည်းချင်း မျက်တွင်းတွေ ချောင်ကျလာသည်။ တခါတရံ နိုးနေသည့် အချိန်တွင် သူမသည် 正 ဆိုသည့် စာလုံးကို နံရံ၌ ထွင်းသည်။ နေ့အလင်းရောင်တွေ့သည့်အချိန်တိုင်း ထွင်းခဲ့ရာ အခုဆိုရင် 正 စာလုံး ၆ လုံး ရေးထွင်းပြီးသွားပြီ ဖြစ်သည်။

[正 - Zheng - ကျန့် - ထိုစာလုံးတွင် စုတ်ချက် ၅ ချက်ပါသည်။ စုတ်ချက် တချက်ချင်းစီသည် တခု/ တရက် စသည်တို့ကို ရည်ညွှန်းသည်။]

ထန်ထိုင်ကျင့်က သူမကို အချုပ်ခန်းထဲ ထည့်ထားသည်မှာ ယခုဆိုလျှင် အချိန် ၁ လတောင်ရှိသွားပြီ ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

လူ့လောကတွင် ၇ လပိုင်းတောင် ရောက်ခဲ့လေပြီ။

တိတ်ဆိတ်မှုနှင့် အမှောင်ထုကို ကြောက်ရွှံ့နေသည့်ဒဏ် မခံစားနိုင်တော့၍ တခါတရံတွင်လျှို့ဝှက်အမှောင်ခန်း တံခါးကို ဒေါသထွက်ထွက်ဖြင့် ထုကာ အော်ဟစ်နေမိသည်။ “ငါ့ကိုပေးထွက် … ငါ့ကို ပေးထွက်”

သူမသည် ခမ်းနားပြီး အလင်းရောင်ဖြာထွက်နေသည့် နတ်ရေကန်တွင် မွေးဖွားလာခဲ့တာဖြစ်သည်။ မမြင်ရသော ညှင်းပန်းနှိပ်စက်မှုတွေ ဖြစ်သည့် ပိတ်လှောင် အကြောက်လွန်စိတ်ရောဂါနှင့် ချင်းရှစ်ပန်း၏ တန်ပြန်သက်ရောက်မှုဒဏ်တွေက သူမကို ခိုက်ခိုက်တုန်နေစေသည်။ သူမ ခန္ဓာကိုယ်ထဲ ပုန်းလျှိုးကွယ်လျှိုးနေနေသည့် နတ်လက်နက်သည် သူမကို တနေ့လုံး အိပ်မက်ဆိုးတွေ မက်စေခြင်းအားဖြင့် စိတ်ဓာတ်ရေးရာတွင် တတိတိနှင့် ဖျက်ဆီးပစ်နေသည်။

ချင်းရှစ်ပန်း တကြိမ် ယူသုံးခဲ့မိသော ထန်ထိုင်ကျင့်လိုပင် စူးစူးသည်လည်း အိပ်မက်ဆိုးတွေထဲ ပိတ်မိသွားပြီး နိုးထလာဖို့ ခက်ခဲနေတော့သည်။

သူမ၏ အရင်ခန္ဓာကိုယ်သည် လွတ်လပ်မှုများစွာဖြင့် မွေးဖွားလာခဲ့တာ ဖြစ်သည်။ သို့သော်မျှော်လင့်ချက်မရှိသော ထိုသို့အခန်းသွင်းချုပ်နှောင်ခံရမှုမျိုးက သူမစိတ်စွမ်းအားကို နေ့စဉ်နှင့်အမျှ ဖျက်ဆီးပစ်နေသည်။

သို့သော် သူမ မသေချင်သေး။ အသက်ဆက်ရှင်ချင်သည်။ လူတယောက် ပျက်စီးသွားနိုင်လောက်တဲ့အထိ တာအိုနှလုံးသား ယိမ်းယိုင်လာမှုက မလုံလောက်သေးချေ။ ချင်းရှစ်ပန်း၏အိပ်မက်ဆိုးတွေက နိုးထလာသည့်အချိန်တိုင်း သူမကို သက်တောင့်သက်သာရှိစေမည့်အလင်းရောင် ဝင်ရောက်လာမည့်အချိန်ကို စိတ်အင်အားအကုန်ထုတ်သုံးပြီး စောင့်မျှော်နေမိသည်။

ထန်ထိုင်ကျင့်သည် သူမကို တကြိမ်တခါမျှ လာမကြည့်ခဲ့။ သူသည် အသက်ဆက်ရှင်စေလောက်သည့်အထိ ချစ်လွန်းခဲ့ပြီး အသေသတ်ချင်လောက်သည်အထိ မုန်းတီးလွန်းခဲ့သောမိန်းကလေးတယောက် ဒီကမ္ဘာပေါ်တွင် ရှိခဲ့ဖူးကြောင်းကို သူမေ့သွားခဲ့သလို။

[爱之欲其生,恶之欲其死 (Ài zhī yù qí shēng, è zhī yù qí sǐ) – ကွန်ဖျူးရှပ်အတွေးအခေါ်တခု ဖြစ်သည်။ သူတို့ရဲ့ ချစ်ခြင်း မုန်းတီးခြင်းအပေါ် မူတည်ပြီး လူတယောက်ကို ပြုမူဆက်ဆံခြင်း။] {အချစ်ကြီးလို့ အမျက်ကြီးတယ်လို့ ပြောရမလား}

စူးစူးသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့်အထိ လျင်လျင်မြန်မြန်ပင် သူမမျက်တွင်းတွေ ချောင်ကျလာပြီး ပိန်ကျလာသည်။

တနေ့ သူမ နိုးလာတော့ ညာဘက်မျက်လုံးက လုံးဝမမြင်ရတော့သည်ကို သူမ သိလိုက်ရသည်။

အစေခံ လာပေးသည့် ရေခွက်ကို သူမ စမ်းတဝါးဝါးကိုင်ရင်း ခွက်သည် အောက်ပြုတ်ကျပြီးကွဲသွားသည်။

“ရှင်….” ပထမတွင် အစေခံက စိတ်ဆိုးဒေါသထွက်မလို့ ကြံခဲ့သော်လည်း အသက်မဲ့နေသောသူမ မျက်လုံးများကို မြင်လိုက်ရသည့်အခါ ထိုအစေခံ အထိတ်တလန့် ဖြစ်သွားသည်။ “ရှင်…. ရှင်မမြင်ရဘူးလား?”

သူမ နှုတ်ခမ်း စုဝိုင်းသွားပြီး ဘာမှမပြော။ ထိုအစေခံသည် ကျကွဲသွားသည် ကြွေခွက်အစိတ်အပိုင်းတွေကိုတောင် ကောက်ယူ ရှင်းလင်းမနိုင်တော့ပဲ အလန့်တကြား ပြေးထွက်သွားသည်။

စူးစူး မျက်လုံးဖွင့်ကြည့်လိုက်သည်။ အမှောင်ထုကိုပဲ မြင်နေရသည်။ သူမ အိပ်မရဲတော့ပေ။

တာအိုနှလုံးသားတွင် အက်ကွဲကြောင်း ပေါ်လာပြီး သူမတွင် ကြောက်စရာတခု ရှိလာတာနှင့်အမျှ ချင်းရှစ်ပန်း၏ ဆိုးကျိုးက စတင် ရုပ်လုံးဖော်လာတော့မည် ဖြစ်သည်။

အချိန်အတော်ကြာအောင် အိပ်ပျော်သွားတိုင်း သူမ ပြန်မနိုးတော့မှာကို ကြောက်နေသည်။

သူမကိုယ်သူမ တင်းတင်းကျပ်ကျပ် ဖက်ထားရင်း သူမတွင် နောက်ဆုံးအခွင့်အရေးတခု ရှိနေသေးကြောင်း တွေးနေမိသည်။

သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ………

Post a Comment

0 Comments