သူမအဘွားဟာ ဖန်ယီကျစ်ကို သူမထံ ပေးပုန်းထားသည့်အကြောင်း တွေးမိသည်နှင့် စူးစူးတုန်လှုပ်ချောက်ခြားသွားရသည်။ အဘွားသည် အတော်ခေါင်းမာသည်။ ရည်ရွယ်ချက် ရှိနေသည့် စူးစူးနှင့် မတူသည့်အချက်က အဘွားသည် ယဲ့မိသားစု နှင့် မွေးဌာန တိုင်းပြည်အပေါ် ဂုဏ်ကျက်သရေတိုးစေသလား သို့ ယုတ်လျော့အောင် လုပ်နေသလားဆိုတာပဲ သူမစိတ်ထဲတွင် ရှိသည်။
သူမစိတ်ထဲတွင် ရှောင်းလင်သည် သူရဲကောင်းတယောက်၊ ဖန်ယီကျစ်သည် တိုင်းပြည်၏ အရေးပါသော ဝန်ကြီးတယောက်၊ ထန်ထိုင်ကျင့်သည် သစ္စာဖောက်တယောက်လို့သာ မြင်သည်။
အဘွားသည် ဖန်ယီကျစ်ကို သူမလက်ဖြင့် ဘယ်သောအခါမှ ထုတ်ပေးမည်မဟုတ်ပေ။
ပြီးတော့ ထန်ထိုင်ကျင့်
စူးစူးသည် ထန်ထိုင်ကျင့်၏ အေးအေးစက်စက် စူးစိုက်အကြည့်နဲ့ ဆုံသွားသည်။ “ရှင် .. ကျွန်မအဘွားကို ထိခိုက်နာကျင်အောင် လုပ်မှာလား”
ထန်ထိုင်ကျင့်က ပြန်ဖြေသည်။ “အပြစ်သားကို လက်လွဲပေးရင် ကျန်တဲ့ဘဝတလျှောက်လုံး အေးအေးဆေးဆေး နေရမယ်၊ မလွဲပေးပဲ ငြင်းဆန်နေမယ်ဆိုရင် ကိုယ်တော် အလွတ်ပေးမှာ မဟုတ်ဘူး”
ထန်ထိုင်ကျင့်တွင် သတ်ဖို့ရည်ရွက်ချက် ရှိနေသည်ကို စူးစူး နားလည်လိုက်သည်။ “ကျွန်မ အဘွားကို ဖျောင်းဖျကြည့်ပါရစေ၊ အဘွားက အသက်ကြီးနေပါပြီ၊ ရှင့်ကို အတိုက်အခံ မလုပ်လောက်ပါဘူး”
ထန်ထိုင်ကျင့် ရုတ်တရက် ထရပ်လိုက်သည်။ “ကိုယ်တော် မင့်ကို မယုံဘူး”
အကယ်၍ သူသာ စူးစူးကို သွားခွင့်ပြုလိုက်လျှင် စူးစူးတွင် ထွက်ပြေးနိုင်စွမ်းရှိနေသည့်အတွက် သူမသည် ယဲ့သခင်မကြီးနှင့်အတူ ဖန်ယီကျစ်ကိုပါ အပါခေါ်ပြီး ထွက်ပြေးသွားပေလိမ့်မည်။
စူးစူးသည် ထန်ထိုင်ကျင့်ကို ယုံကြည်လာအောင် လုပ်နိုင်စွမ်းမရှိ။ ထို့ကြောင့် စကားဆက်မပြောတော့ပဲ အပြင်ကို ပြေးထွက်လာသည်။
ထန်ထိုင်ကျင့် မျက်နှာ မဲနက်သွားသည်။
ဝိညာဉ်မျိုအလံ၏ အခိုးအငွေ့တွေကြားတွင် စူးစူး ရပ်သွားသည်။ သူမခြေချရာ မြေကြီးတွင် အမည်းရောင်အခိုးအငွေ့တွေနှင့် ပုံစံတခု ပေါ်လာသည်။ ထိုအရာက သူမကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။
ခက်ထန်သောမျက်နှာထားနှင့် စူးစူးသည် သူမလျှာကို သွားဖြင့် ကိုက်ကာ သွေးထွက်လာအောင် လုပ်ပြီး ထိုသွေးဖြင့် အစီအရင်တခု လုပ်လိုက်သည်။
“ပုံစံဖျက် … လွင့်ပြယ်စမ်း!”
အမည်းရောင် အခိုးအငွေ့တွေ လွင့်ပြယ်သွားသည့်အချိန်မှာပဲ တင့်တယ်လှပသော မိန်းမပျို ပုံသဏ္ဠာန်ဟာလည်း ရုတ်ချည်းဆိုသလို ကွယ်ပျောက်သွားတော့သည်။
ထန်ထိုင်ကျင့် အမျက်ဒေါသ တချောင်းချောင်း ထွက်ကာ ထရပ်လိုက်သည်။
“သူမကို လိုက်ဖမ်းစမ်း”
ထန်ထိုင်ကျင့်သည် စူးစူးကို ထွက်ပြေးသွားခွင့်မပြုနိုင်။ အကယ်၍ စူးစူးသာ ယဲ့သခင်မကြီးကို ခေါ်ပြီး ထွက်ပြေးသွားပါက သူ့ဆီ လုံးဝ ပြန်လာတော့မည် မဟုတ်။ စူးစူးသည် သူ့ထံတွင် ရှိသော အာဏာကို မမက်မော၊ သူ့ကိုလည်း လူတယောက်အနေနဲ့လည်း မကြိုက်၊ သူ၏ ခြိမ်းခြောက်မှုများကိုလည်း မကြောက်။ ဘယ်အရာနဲ့မှ စူးစူးကို သူ့အနားမှာ ရှိနေအောင် လုပ်၍ မရ။
နျန့်ပိုင်ယွီသည် စူးစူးက တာအိုဘုန်းကြီး၏ အစီအရင်ကို မျက်စိတမှိတ်အတွင်း ဖျက်ပစ်သွားခဲ့သည်ကို လုံးဝ မထင်ထားခဲ့ပေ။
တာအိုဘုန်းကြီးတောင်မှ အံ့အားသင့်သွားသည်။
ထန်ထိုင်ကျင့်လည်း စူးစူးကို လိုက်ဖမ်းသည်။
နျန့်ပိုင်ယွီ ပေါ့ပါးဖျတ်လတ်သည်။ ချက်ချင်းဆိုသလို စူးစူးကို မီသွားသည်။ စူးစူးသည် မှော်ပညာနှင့် ပတ်သက်ရာတွင်သာ ကျွမ်းကျင်ပြီး ကိုယ်ခံပညာနှင့်ပတ်သက်ရာတွင်မှာတော့ မကျွမ်းကျင်ပေ။ ပြီးတော့ နေရာပြောင်းအစီအရင် လုပ်ဖို့ အချိန်လည်း မရခဲ့။
စူးစူးသည် နျန့်ပိုင်ယွီ၏ လက်ဝါးတချက်ကို ရှောင်လိုက်သည်။ သူမ ပြန်မချနိုင်။ စူးစူးသွားမည့်လမ်းကို နျန့်ပိုင်ယွီ ပိတ်ရပ်လိုက်သည်။
ထန်ထိုင်ကျင့် အချိန်မီရောက်လာသည်။ သိမ်းငှက်တကောင်၏ မျက်လုံးအကြည့်ဖြင့် စူးစူးကို စူးစိုက်ကြည့်လိုက်သည်။
အသက် ပြင်းပြင်းရှူရင်းနှင့် ခြိမ်းခြောက်လိုက်သည်။ “မင့် ပြေးရဲ ပြေးကြည့်၊ ကိုယ်တော် ယဲ့ချူဖုန်းကို သတ်ပစ်လိုက်မှာနော်”
စူးစူး ပက်ခနဲ ပြန်ပြောသည်။ “လုပ်လိုက်စမ်းပါ၊ သူက ကျွန်မတို့ ယဲ့မိသားစုဝင် မဟုတ်တော့ဘူး”
ယဲ့ချူဖုန်း ခေါင်းငုံ့သွားသည်။ မျက်နှာလည်း ဖြူဖျော့သွား၏။
ရုတ်တရက် မက်မွန်ဓား ၁၂ လက် လေထဲ ပျံဝဲလာသည်။ စူးစူး ရှောင်လိုက်ရင်း မန္တန်ရွတ်လိုက်သည်။ မူနင်လည်း တိုက်ပွဲထဲ ဝင်လာပြီ ဖြစ်သည်။
စူးစူး မန္တန်ကို မူနင်က တန်ပြန်တိုက်ခိုက်လိုက်သည်။
စူးစူး၏ လျင်မြန်မှုနှုန်းသည် တိုက်ကွက်ထုတ်ဖို့ မသင့်သည့်အတွက် နျန့်ပိုင်ယွီကို ပြန်တိုက်ဖို့ ခက်ခဲနေသည်။
နျန့်မောင်နှမ ၂ ယောက် အချိတ်အဆက်မိမိဖြင့် ပြန်တိုက်နေ၍ စူးစူးမှာ အလျင်အမြန် အရေးနိမ့်လာသည်။
ထန်ထိုင်ကျင့်သည် စူးစူး ရုန်းကန်တိုက်ခိုက်နေရသည်ကို မြင်ရသည့်အခါ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ့လက်သီးများ ပြေလျော့လာသည်။
စူးစူးသည် လေထဲ ပတ်ဝဲရင်း အားအနည်းဆုံးလူကို ရှာလိုက်သည်။
သူမ အကြည့် တချက်လင်းလက်သွားသည်။ နျန့်ပိုင်ယွီထံမှ တိုက်ကွက်တကွက်စာ တမင် ခံလိုက်ပြီးနောက် ထန်ထိုင်ကျင့်ဆီ တည့်တည့် လွင့်ပျံလာသည်။
ထန်ထိုင်ကျင့်သည် လွင့်ပျံလာသည့် သူမကို ဆီးဖမ်းပေးမလို့ လုပ်နေတုန်း တာအိုဘုန်းကြီးက အလျင်အမြန် သတိပေးလိုက်သည်။ “အရှင်မင်းကြီး … ဒီမကောင်းဆိုးဝါးမလေးက အရှင်မင်းကြီးကို လှည့်စားနေတာ”
အရင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သတိရသွားသည့် ထန်ထိုင်ကျင့်သည် မျက်နှာထား တင်းသွားသည်။ “ယဲ့ရှီးဝူ!”
သူမအကြံအစည် ရိပ်မိသွားသည်ကို သိသည့် စူးစူးသည် လေထဲပျံဝဲနေဆဲ လမ်းတဝက်မှာတင် လမ်းကြောင်းပြောင်းလိုက်ပြီး မြေပြင်ပေါ် ပေါ့ပါးစွာ ဆင်းလိုက်သည်။
မူနင်သည် သူမလက်ကို မြှောက်လိုက်ပြီး “သွားတော့”
သူမလက်ကနေ လက်ကောက်တကွင်း ပျံထွက်လာပြီးနောက် လေထဲရောက်သွားသည့်အခါ ငွေကွင်းအမြောက်အမြားအဖြစ် ပြောင်းလဲသွားသည်။ နတ်လက်နက်လို အမျိုးအစားတမျိုး ဖြစ်သည်ကို သိလိုက်ရသည့် စူးစူးသည် ထိပ်တိုက်ရင်ဆိုင်မရဲတော့ပဲ အနီးနားကပ်လာသည့် ငွေကွင်းတွေကိုသာ ကန်ထုတ်ပစ်လိုက်သည်။
တာအိုဘုန်းကြီးအိုက “ အရှင်မင်းကြီး …. အခုချိန် ဝိညာဉ်မျိုအလံ ထုတ်သုံးလိုက်ရင် ဒီမကောင်းဆိုးဝါးမလေး …..”
ပြောစကား မဆုံးသေး။ ထန်ထိုင်ကျင့်က တာအိုဘုန်းကြီးအိုဘက် မျက်နှာလှည့်လာပြီး ဒေါသထွက်စွာဖြင့် စိမ်းစိမ်းဝါးဝါးကြည့်ကာ ပြောလိုက်သည်။ “မင်း သေချင်နေတာလား”
လက်အောက်ငယ်သားတယောက် အနေဖြင့်အမိန့်နာခံပြီး အလုပ်လုပ်နေရသည့် တာအိုဘုန်းကြီးအိုသည် တုန်လှုပ်ချောက်ခြားသွားပြီး နောက်ထပ်စကားတွေ ထွက်မလာတော့ပေ။
အခြေအနေတွေ ရှုပ်ထွေးနေသည့်ကြားထဲ မမျှော်လင့်ပဲ ငွေကွင်းတခု လွှင့်ထွက်သွားကာ တစုံတယောက်ကို သွားထိမှန်သည်။ တယောက်ယောက်က စူးစူးရှရှ အော်ဟစ်လိုက်သည်။ “သခင်မ!”
စူးစူး လှည့်ကြည့်လိုက်သည်။ သူမ ကန်ထုတ်လိုက်သည့် ငွေကွင်းတွေထဲက တခုသည် နီစွေးစွေး ဝတ်ရုံရှည် ဝတ်ဆင်ထားသော မိန်းမတယောက်ကို ထိမိသွားသည်ကို တွေ့လိုက်ရသည်။
ထိုသူကား ယဲ့ပင်းချန်။
ယဲ့ပင်းချန်သည် သူမရင်ဘတ် အုပ်ကိုင်လျှက်သား လဲကျသွားသည်။ မျက်နှာမှာလည်း ဖြူဖျော့နေ၏။ ရှောင်ဟွေး အလျင်အမြန်ပင် အနောက်ကနေ ထိန်းပေးလိုက်သည်။
စူးစူး ခဏလောက် ကြက်သေ သေသွားသည်။ သူမ တယောက်ယောက်ကို မမျှော်လင့်ပဲ ထိခိုက်မိအောင် လုပ်မိခဲ့ပြီ။ နျန့်ပိုင်ယွီ ဖမ်းလိုက်သည့်အချိန်တွင် စူးစူး ဆက်မရုန်းကန်တော့ပဲ အသာတကြည်ပင် အဖမ်းခံလိုက်သည်။
ထန်ထိုင်ကျင့် စိတ်မကောင်းသည့် မျက်နှာထားဖြင့် သတိမမေ့တမေ့ ဖြစ်နေသော ယဲ့ပင်းချန်ကို ချီလိုက်သည်။ စူးစူးကို အေးစက်စက်အကြည့်ဖြင့် ပြောလိုက်သည်။ “သူ တခုခု ဖြစ်ရင် မင်းကို အပြစ်ပေးဆပ်ခိုင်းမယ်”
စူးစူး သူမလက်ချက်ကြောင့် တစုံတယောက် သေလုနီးနီး ဖြစ်သွားသည်ကို လုံးဝ မထင်ထားခဲ့ပေ။ စူးစူးမျက်နှာမှာလည်း ဖြူဖျော့နေပြီး စိတ်ရှုပ်ထွေးစွာဖြင့် သူမ ရပ်ကြည့်နေခဲ့သည်။
ရှောင်းလင် သေဆုံးရခြင်းသည်လည်း သူမအတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေသည်။ တရားကျင့်ကြံသူအတွက် အပြစ်ကင်းသူတွေကို သတ်မိခြင်းသည် ကြီးမားသော မကောင်းမှုဒုစရိုက်တခုပင်။ အထူးသဖြင့် ရှောင်းလင်သည် သူ မသေခင် ယဲ့ပင်းချန်ကို ထိခိုက်အောင် မလုပ်ဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်သည်။
စူးစူးသည် သူမလုပ်ရပ်တွေကြောင့် သေဆုံးမှုတွေ ပိုဖြစ်လာမှာ ကြောက်သည်။
ကုံးယွီအသံသည် စူးစူးခေါင်းထဲ ပဲ့တင်ထပ်လာပြီး ထိုအသံက သူမကို သို့လော သို့လော ဖြစ်စေခဲ့သည်။ “သခင် …. ကုံးယွီ အနီးကပ် သေချာစောင့်ကြည့်နေခဲ့တာပဲ … သခင် ကန်ထုတ်လိုက်တဲ့ ငွေကွင်းက သူ့ကို ထိသွားတာ မဖြစ်နိုင်ဘူး”
စူးစူး အံအားသင့်သွားခဲ့သည်။ “ဘာ?”
ကုံးယွီ လိမ်နေတာ မဖြစ်နိုင်။ ငွေကွင်းသည်လည်း နတ်လက်နက်အမျိုးစား တမျိုး ဖြစ်သည့်အလျောက် သူ့ဘာသာသူ သွားရောက်ထိမှန်တာမျိုး မဖြစ်နိုင်။ တယောက်ယောက်က နောက်ကွယ်ကနေ ထိန်းချုပ်နေတာပဲ ဖြစ်ရမည်။ နတ်လက်နက်ကပဲ ထိန်းချုပ်နိုင်စွမ်းရှိတာ။
နှလုံးကာအကြေးခွံ။ ယဲ့ပင်းချန်တွင် ရှိနေသည့် အရာတခု။ စူးစူး သတိရလာသည်။
စူးစူး မှတ်ဥာဏ်ထဲ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ တဖြည်းဖြည်း သဲသဲကွဲကွဲ မြင်လာသည်။ ပြီးတော့ ယဲ့ပင်းချန်နှင့် ပတ်သက်လာလျှင် စူးစူး စိတ်ထဲ တခုခုတော့ မှားနေပြီလို့ ဘာကြောင့် ခံစားနေရလဲဆိုတာ နားလည်လာပြီ ဖြစ်သည်။
စူးစူး တွေးမိသလို၊ ကုံးယွီလည်း တွေးမိနေသည်။
ကုံးယွီ စိတ်ဆိုးစွာဖြင့်ပြောသည်။ “သူ လူကောင်းတယောက်လို့ ကျွန်တော်တို့ အရင်တုန်းက ထင်ခဲ့မိတာ”
ကုံးယွီသာ သတိမထားမိခဲ့လျှင် ထန်ထိုင်ကျင့် မဆိုထားနှင့်။ စူးစူးတောင်မှ သူ့ကြောင့် ယဲ့ပင်းချန် ထိခိုက်သွားရတယ်လို့ ထင်မိပြီး ဒီ့အတွက် စူးစူး သူကိုယ်သူ အပြစ်တင်မိနေလိမ့်မည် ဖြစ်သည်။
စူးစူး လေသံတိုးတိုးဖြင့် ပြောသည်။ “တကြိမ်တော့ လူကောင်းတယောက် ဖြစ်ခဲ့မှာပါလေ”
ဘယ်အချိန်တုန်းက စိတ်ထားပြောင်းသွားတာပါလိမ့်? စူးစူး မှတ်မိပါသေးသည်။ အိပ်မက်ဆိုးနယ်မြေကို ရောက်တုန်းက ယဲ့ပင်းချန်တယောက် ရှောင်းလင်ရဲ့ အိပ်မက်ထဲကနေ မထွက်ချင်ပဲ ထိုအိပ်မက်ထဲမှာပင် အချိန်အကြာကြီး မိဖုရားကြီးလုပ်ကာ ကလေးတယောက် မွေးခဲ့သေးသည်။
စူးစူး ကြည့်လိုက်သည်။
သူမ အရင်က တကယ့်ကို လူကောင်းတယောက် ဖြစ်ခဲ့ပါတယ်လို့ ရှောင်ဟွေး၏ စိုးရိမ်သော အကြည့်တွေကို ကြည့်ရင်း ယဲ့ပင်းချန် သူ့ကိုယ်သူ တွေးနေမိသည်။
နှလုံးကာအကြေးခွံက နှလုံးသွေးကြောကို ကာကွယ်ပေးထားပြီး မျက်နှာက ဖြူဖျော့နေပေမယ့် သူ့အသက်တော့ အန္တရာယ်မရှိပေ။
တော်ဝင်သမားတော်တွေ အမြန်ရောက်လာကြပြီး ယဲ့ပင်းချန်ကို စမ်းသပ်ကာ ကုသပေးကြသည်။ ယဲ့ပင်းချန် မျက်လုံးတွေကတော့ အပြင်မှာ ရပ်နေသည့် ဧကရာဇ် ရွှမ်ယိ ပေါ်တွင်သာ ကျရောက်လို့နေသည်။ ထန်ထိုင်ကျင့်ကို ကြည့်ရတာ အေးစက်စက်နှင့် သူဘာတွေ တွေးနေမှန်း သူမ မသိရပေ။
တတိယညီမလေးကို သူဘယ်လိုအပြစ်ပေးမှာလဲလို့သာ ယဲ့ပင်းချန် တွေးနေမိသည်။
ထန်ထိုင်ကျင့်တော့ သူ့အပေါ် အသက်ဆုံးရှူံးလုနီးနီးဖြစ်အောင် မကောင်းတာတွေ ခဏခဏ လုပ်တဲ့ တတိယညီမလေးကိုတော့ ဒီအတိုင်း ပေါ့ပေါ့လျော့လျော့ ထားလိုက်မှာ မဟုတ်ဘူး။
ယဲ့ပင်းချန် စိတ်မပါပဲ နှုတ်ခမ်းအုပ်ကာ ချောင်းဆိုးလိုက်သည်။ တချိန်ကတော့ ယဲ့ပင်းချန် မိန်းမကောင်းလေးတယောက် ဖြစ်ခဲ့သည်။ မြို့တော်တွင် လိုအပ်သည့်လူတွေကို ပိုက်ဆံပေးခဲ့သည်။ ကလေးတွေ၏ အခြေခံပညာ သင်ကြားဖို့အတွက် ကျောင်းတွေ ဆောက်ပေးခဲ့သည်။ နိမ့်ကျတဲ့လူတွေကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။ အလုပ်ကြိုးစားသည်။ တိရစ္ဆာန်ငယ်လေးတွေကိုလည်း ကယ်တင်ပေးခဲ့သည်။ ဓားစာခံမင်းသားဖြစ်သည့် ထန်ထိုင်ကျင့်အပေါ်တွင်လည်း နှိမ့်ချဆက်ဆံခဲ့တာမျိုး တကြိမ်တခါမျှ မလုပ်ခဲ့ပေ။
ဒါပေမယ့် ….. ကောင်းတဲ့လူတွေလည်း ကြောက်တတ်သည်။
အိပ်မက်ဆိုးနယ်မြေရောက်တုန်းက အိပ်မက်ထဲတွင် ယဲ့ပင်းချန်သည် မိဖုရားကောင်းတပါး ဖြစ်ခဲ့သည်။ အဆုံးသတ်မှာတော့ သူမ ယောကျာ်း စိတ်ပြောင်းသွားခဲ့ပြီး သူမ သားလေးလည်း သေဆုံးသွားခဲ့ကာ သူမ နှလုံးသား တဖြည်းဖြည်း ပြာအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားခဲ့တာ ဖြစ်သည်။
ယဲ့ပင်းချန် ငယ်စဉ်ကလေးဘဝကတည်းကပင် သူမ အဘွားသည် တတိယညီမလေးနှင့် အကိုကြီးကိုပဲ မျက်နှာသာပေး ဆက်ဆံခဲ့သည်။ သူမ လိုချင်တာမှန်သမျှ သူမဘာသာ ပင်ပင်ပန်းပန်းနှင့် ရအောင် လုပ်ယူခဲ့ရသည်။
သို့သော် တတိယညီမလေးက သူ့ဆီက ခိုးယူချင်နေပြန်ပြီ။
တတိယညီမလေးတွင် အကုန်လုံးနီးပါး ရှိသည်။ ထင်ပေါ်ကျော်ကြားသည့် နောက်ခံ၊ ပတ်ဝန်းကျင်က လူအကုန်လုံးက သူမကို ချစ်ကြသည်။ သူကျတော့ သူလိုချင်သည့်အရာကို ပင်ပင်ပန်းပန်းကြိုးစားအားထုတ်ရယူမှပဲ ရလာလေ့ရှိသည်။
ယဲ့ရှီးဝူသည် သူ့ခေါင်းပေါ် ရောက်နေသည့် တိမ်မည်းတခုလို။ သူ့ကို အလေးနှင့် ဖိထားသလို ဖြစ်နေပြီး အသက်ရှူမရအောင် ပြုလုပ်ထားသည်။ ထျန်းဟွမ်းဆီက စန်းကျို အကုန်လုယူခဲ့သလို တနေ့ကျရင် ယဲ့ရှီးဝူလည်း သူ့ဆီကနေ အကုန်လုယူသွားပေလိမ့်မည်။
ယဲ့ပင်းချန် လက်ချကာ သက်တောင့်သက်သာ ပြုံးပြလိုက်ပြီး “အရှင်မင်းကြီး စိတ်မပူပါနဲ့ .. ဒီကိုယ်လုပ်တော် ဘာမှ မဖြစ်ပါဘူး”
နန်းတွင်းသမားတော်က ပြောသည်။ “သခင်မက နှလုံးသွေးကြော မထိခိုက်သွားပါဘူး၊ ကောင်းကောင်း အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ”
ထန်ထိုင်ကျင့် ခေါင်းညိမ့်ပြကာ “ကောင်းကောင်း အနားယူလိုက်ပါ”
အမည်းရောင်ဝတ်ရုံဝတ်ထားသည့် ထိုလူငယ်လေးသည် မျက်ဝန်းထဲ အေးစက်ပြီး ဒေါသရိပ်သန်းလျှက် လက်အင်္ကျီ စကို ဆတ်ကနဲ အနောက်ပစ်ကာ နေရာမှ ထွက်ခွါသွားတော့သည်။
ရှောင်ဟွေးက “ဟွန်း” ဟု ရေရွတ်ရင်း ဝမ်းသာအားရစွာဖြင့် သူ၏သခင်မကို ဆက်ပြောသည်။ “တတိယသခင်မလေးက ဒီလောက် မျက်စိအများကြီးကြည့်နေတဲ့ကြားကနေ သခင််မကို ထိခိုက်အောင် လုပ်ခဲ့တာ၊ အရှင်မင်းကြီးတော့ သူ့ကို လုံးဝ အလွတ်ပေးတော့မှာ မဟုတ်ဘူး”
ယဲ့ပင်းချန်က လက်ဖြင့် ရှောင်ဟွေးနှုတ်ခမ်းပေါ် တင်လိုက်ပြီး “ဒီလို မပြောနဲ့ …. တတိယညီမလေးက တမင်တကာ လုပ်ခဲ့တာ မဟုတ်ဘူးလေ”
“သခင်မ”
ယဲ့ပင်းချန် ဖြူဖျော့စွာဖြင့် သူမကို ခေါင်းခါပြလိုက်သည်။
အမွှေးနံ့သာတွေ လောင်ကျွမ်းပြည့်နှက်နေသည့် ချင်းချန်ခန်းမထဲ ထန်ထိုင်ကျင့် လမ်းလျှောက်ဝင်လာသည်။ ခုံပေါ်တွင် ပန်းရောင်ဝတ်ထားသော မိန်းမငယ်လေးသည် သူ၏ဒူးခေါင်းကို ပိုက်လျှက်ထိုင်နေသည်။
သူမကို ကြည့်ရတာ အတွေးထဲ နစ်မျောနေပုံရသည်။ သူမရှေ့တွင် ထားထားသော လက်ဖက်ကြမ်းပူပူမှ ထွက်လာသော ရေငွေ့တွေက မိန်းကလေး၏ မျက်တောင်တွေ ရွှန်းလဲ့တောက်ပအောင် လုပ်ပေးနေသည်။
ခြေသံကြားသည့် စူးစူးက ခေါင်းလှည့်မကြည့်ပဲ ပြောသည်။ “သူ့ကို တောင်းပန်ဖို့ မမျှော်လင့်နဲ့၊ ရေပျော့ကြိုးနဲ့လည်း ချည်ဖမ်းမထားနိုင်ဘူး၊ ကျွန်မအနားကပ်လာရင် ရှင့်ကို ရိုက်မှာ”
ထန်ထိုင်ကျင့် ပြောသည်။ “ကိုယ်တော် မင်းကို တောင်းပန်ခိုင်းမယ်လို့ ထင်နေတာလား”
“မဟုတ်ဘူးလား?” စူးစူး ခေါင်းမော့ကြည့်ပြီး ပြောသည်။
စူးစူးက ထန်ထိုင်ကျင့်၏ စိတ်ဆိုး ဒေါသထွက်နေသည့် မျက်နှာ မြင်ရမည် ထင်နေခဲ့သည်။ သို့သော် မထင်မှတ်ပဲ ထန်ထိုင်ကျင့်က အလွန်တည်ငြိမ်နေပြီး စူးစူးကို ကြည့်ကာ ပြောလိုက်သည်။ “ကိုယ်တော်သိတာပေါ့ …. သူ တမင်တကာ လုပ်လိုက်တယ် ဆိုတာကို”
ထိုစကား ကြားရသည့်အခါ စူးစူးသာမက ကုံးယွီပါ အံ့အားသင့်သွားကြသည်။
ထန်ထိုင်ကျင့် မျက်မှောင်ကြုတ်သွားသည်။ “ကိုယ်တော့်ကို ဘာကြောင့် အဲ့လို ကြည့်နေတာလဲ”
စူးစူး ပြောသည်။ “ရှင် သိရက်သားနဲ့ … သူတခုခုဖြစ်ရင် ကျွန်မကို အပြစ်ပေးဆပ်ခိုင်းမယ်လို့ ဘာကြောင့်ပြောသေးတာလဲ”
ထန်ထိုင်ကျင့်ပြောသည်။ “သူ တမင် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ …. မင်း သူ့ကို ထိခိုက်အောင် လုပ်လို့ မရဘူး”
စူးစူး အံ့အားသင့်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။
ထိုလူငယ်သည် သာမန်လူတယောက်သာဆိုလျှင် သူ့လိုမျိုး တုံ့ပြန်မှာမဟုတ်ကြောင်း သိပုံမရပေ။ လက်ဖက်ရည်ကြမ်း တငုံ သူသောက်လိုက်သည်။ မှုံမှိုင်းနေသည့် အခိုးအငွေ့တွေအကြား သူ၏ မှင်ရောင်ဆံပင်နှင့် နီစွေးနေသော နှုတ်ခမ်းက အပြစ်ကင်းစင်သော သမင်တကောင်လို အသွင်ဆောင်နေသည်။
သို့သော်ငြားလည်း စူးစူးသည် အနည်းငယ် ချမ်းစိမ့်လာသလို ခံစားရသည်။
ကုံးယွီ တုန်လှုပ်စွာဖြင့် သူ့ကိုယ်သူ ပြောသည်။ “ဒါ မိစ္ဆာအရိုးနှင့် မွေးဖွားလာတဲ့ လူတဲ့လား?”
ထန်ထိုင်ကျင့်တွင် မွေးကတည်းက အချစ်ကြိုး ပါမလာခဲ့၊ ခံစားချက်တွေကိုလည်း သူမသိ။ သာမန်လူတယောက် အပြုအမူတွေအတိုင်း သူလိုက်တုခဲ့သည်။ သို့သော် သူ့နှလုံးသားထဲမှာတော့ ဘာကိုမှ ဂရုမစိုက်။ အရာရာတိုင်းကို သူ ရှင်းရှင်းလင်းလင်း ထွင်းဖောက် မြင်သည်။ သို့သော်လည်း သာမန်လူတယောက်တွင် ရှိသင့်သည့် အပြုအမူအတိုင်း သူလိုက်လုပ်ခဲ့သည်။
ထန်ထိုင်ကျင့် နှလုံးသားထဲ ယဲ့ပင်းချန်သည် သူချစ်ရသည့် မိန်းမတယောက်။ ရှောင်းလင် က ယဲ့ပင်းချန် ကာကွယ်ပေးခဲ့သလိုမျိုး သူလည်း ကာကွယ်ပေးခဲ့တာ ဖြစ်သည်။
ထန်ထိုင်ကျင့်ကတော့ သူဒီလိုလုပ်တာ ရူးနေတာပဲလို့ သူကိုယ်သူ မခံစားရပေ။
စူးစူး စိတ်ထဲ “ယဲ့ပင်းချန် ဒီလို အနာခံပြီး လုပ်ခဲ့တာ သဲထဲရေသွန်သလို အလကား ဖြစ်သွားတာ မဟုတ်ဘူးလား?” ဟု တရစပ် တွေးနေမိသည်။
စူးစူး စိတ်အခြေအနေ ကောင်းလာသည်။ ရုတ်တရက် ထန်ထိုင်ကျင့် မျက်နှာကို လက်ဝါး၂ ဖက်ဖြင့် ဆွဲယူမော့လိုက်ပြီး ကလေးတယောက်လို ဆက်ဆံကာ ပြောဆိုဆွေးနွေးသည်။ “ဟေး …. အရှင်မင်းကြီး … ကျွန်မအဘွားကို လွှတ်ပေး၊ အခုချိန်ကစ နေ့ တိုင်း ရှင့်ကို အင်းမန္တန် ဆွဲနည်း သင်ပေးမယ်လေ၊ ရှင် အရင်က သုံးခဲ့ဖူးတဲ့ အရာလိုမျိုး။ ပြီးတော့ ရှင့်ကို ထပ်မရိုက်တော့ဘူး၊ မင်းသား၈ ကိုလည်း ဖမ်းမိအောင် ကူညီပေးမယ်လေ၊ ရှင်ဘယ်လို ထင်လဲ?”
သူ့မျက်နှာက ခန့်ညားနေပြီး သူ့ပါး ၂ ဖက်က မိန်းကလေးရဲ့ နူးညံ့သော လက်ဖဝါးထဲ ရောက်နေသည်။
ထန်ထိုင်ကျင့်က စိတ်မသက်သာစွာဖြင့် သူမလက်တွေကို ဖယ်လိုက်သည်။ မျက်လုံးတွေက အဝေးကိုကြည့်လျှက် အေးစက်စွာ ပြောသည်။ “မင်း ထွက်ပြေးဦးမှာပဲ”
“မပြေးဘူး … မပြေးဘူး … တကယ် ထွက်မပြေးပါဘူး …. ကတိပေးပါတယ်”
“အာ”
“တောင်းပန်နေတာလို့ တွေးကြည့်ကြည့်ပါ၊ အဘွားက အိုနေပါပြီ၊ ရှင့်ကို အတိုက်အခံ မလုပ်နိုင်တော့ပါဘူး”
သူမ မျက်လုံးတွေထဲ ဝမ်းနည်းရိပ်သန်းလာပြီး တွေဝေစွာဖြင့် ပြောသည်။ “အကိုကြီးက တိုက်ပွဲထဲ ကျသွားပြီ၊ ဖေဖေကလည်း နယ်နင်ဒဏ် ပေးခံရတယ်၊ ကျွန်မမှာ အဘွားတယောက်ပဲ ကျန်တော့တာ”
ထန်ထိုင်ကျင့်တယောက် စူးစူးကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ စိတ်ထဲတွင် စူးစူးပြောစကားတွေက အလိမ်တွေလား အမှန်အကန်တွေ ပြောနေလားဆိုတာ စဉ်းစားနေသလိုပင်။
အချိန်အတော်ကြာမှ စူးစူး သူပြောတာ ကြားလိုက်ရသည်။ “ကိုယ်တော် မင်းကို အခွင့်အရေးတခုပေးမယ်၊ မင့်အဘွားနဲ့ ပေးတွေ့မယ်၊ ဒါပေမဲ့ ဖန်ယိကျစ်ကိုတော့ ကိုယ်တော် သတ်ကို သတ်ရလိမ့်မယ်”
စူးစူး ခေါင်းမော့ကြည့်လိုက်သည်။
ထန်ထိုင်ကျင့် ပြောသည်။ “ဒါ အင်ပါယာတခုရဲ့ အာဏာပဲ”
သူနောက်ထပ် အချိန်ဆွဲနေလို့ မရတော့ပေ။ ဖန်ယိကျစ်လက်ထဲတွင် ချန်လုံဝေ့ နဂါးအစောင့်တပ် ရှိနေသည်။ သူတို့ ရှိနေသရွေ့ သူ စိတ်မအေးရ။ အိပ်ရာက နိုးလာလျှင် သူ့ခေါင်းမြေကြီးပေါ် ရောက်နေမည့်တနေ့ ရောက်လာမှာကို သူကြောက်သည်။
အန္တရာယ်ကျရောက်စေမယ့်အရာကို သိရက်သားနဲ့ နံဘေးတွင်ထားပြီး နေနေရတာကို သူ သည်းမခံနိုင်။
စူးစူး ခေါင်းငြိမ့်ပြရုံမျှသာ တတ်နိုင်သည်။
လူငယ် မတ်တပ်ထရပ်ကာ ပြောသည်။ “လာ … သွားစို့”
စူးစူး အလျင်အမြန်ပင် အနောက်က လိုက်လာသည်။ အပြင်ရောက်ခါနီးတွင် ထန်ထိုင်ကျင့် ရပ်လိုက်သည်။ စူးစူးက သူ့ကို ပြောခဲ့သည့်စကား ပြန်ရုတ်သိမ်းမည်ကို ကြောက်ပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
“ခုနက မင်းပြောလိုက်တဲ့စကား မှတ်မိပါတယ်နော်”
“ဘာကိုလဲ?” စူးစူး ဆီက တုံ့ပြန်မှု ထွက်မလာခဲ့။
ထန်ထိုင်ကျင့် မျက်လုံးများ အနည်းငယ် အေးစက်သွားပြီး သူမကို တချက်ဝေ့ကြည့်ရင်း သတိပေးသည်။ “အင်းမန္တန်”
မိန်းကလေး အလေးအနက်ထား ခေါင်းငြိမ့်ပြပြီး ပြောသည်။ “ အင်း …. အင်း …. ရှင် ကျွန်မအဘွားကို ကာကွယ်ပေးနေသရွေ့ အင်းမန္တန်ဆွဲနည်း သင်ပေးမယ်၊ ရှင့်ကို မရိုက်ဘူး၊ ရှင့်ဆီကနေ ထွက်မပြေးဘူး၊ မင်းသား ၈ ကိုရှာတွေ့အောင် ကူညီပေးမယ်”
သူ့နှုတ်ခမ်းထောင့်စွန်း တချက်တွန့်သွားပြီး ရှေ့ကနေ ဦးဆောင်ကာ လမ်းလျှောက်ထွက်လာသည်။
နျန့်မုနင် က စူးစူး ထန်ထိုင်ကျင့်ကို ထိခိုက်အောင် လုပ်မည်ကို စိုးရိမ်ပြီး သတိကြီးကြီးဖြင့် စူးစူးကို ကြည့်နေမိသည်။
စူးစူးသည် ထန်ထိုင်ကျင့်နှင့်အတူ တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းထဲ ရောက်လာသည်။
ထိုအချိန်တွင် ခြံဝင်းငယ်၏ အပြင်ဘက်တွင် စစ်တပ်ကြီးဖြင့် ပတ်ဝိုင်းထားသည်။
ဒါတွင်မကသေး။ ကုံးယွီက ပြောသည်။ “သိပ်မလှမ်းတဲ့နေရာမှာ ရေပျော့မြှားနဲ့ စစ်သားတွေ ရှိနေတယ်၊ သခင်ဖန် လုံးဝ ထွက်ပြေးလို့ မရတော့ဘူး”
ထန်ထိုင်ကျင့်က ဖန်ယိကျစ်ကို အမှန်တကယ်ကို ဖမ်းပြီး အသေသတ်ချင်နေတာ ဖြစ်သည်။
စူးစူး ဝမ်းနည်းမိသည်။ ဒီတနှစ်လုံး သူမမျက်စိရှေ့မှာပင် သူငယ်ချင်းဟောင်းတွေ တယောက်ပြီးတယောက် သေဆုံးသွားတာကို သူမ ထိုင်ကြည့်နေခဲ့ရသည်။
တာအိုနှလုံးသားက လူ၏ သေခြင်း ရှင်ခြင်းနှင့် ပတ်သက်ပြီး ဂရုမစိုက်ခဲ့ပေမဲ့ ယခုလို မျက်မြင်ကိုယ်တွေ့ကြုံရသည့်အခါ စူးစူး အနေဖြင့် မည်သို့ အကြင်နာမဲ့နှလုံးသား ရှိသလိုမျိုး နေရပါမည်နည်း။
စူးစူး တစိမ့်စိမ့်တွေးရင်း စိတ်ထဲ ပဟေဠိတွေ ဖြစ်နေသည်။ ဖန်ယိကျစ်လက်ထဲ နဂါးအစောင့်တပ် ရှိနေလျက်သားနှင့် ဘာအတွက်ကြောင့် အရှက်ကွဲခံပြီး ဒီမှာ လာပုန်းနေရတာပါလိမ့်? စူးစူး နားမလည်နိုင်ပေ။
ကျိုးပြည် နန်းတော်ကနေ သူ ထွက်ပြေးလာချိန်က ဘာတွေ ဖြစ်ပျက်ခဲ့ပါလိမ့်။
စူးစူး တွေးလို့ မမိသေးခင်မှာပင် ကျန်းမာသန်စွမ်းပြီး ခိုင်ခိုင်မာမာရှိသည့် လူအိုတယောက် တောင်ဝှေးဖြင့် လျှောက်လာတာ မြင်လိုက်ရသည်။
“အဘွား!”
“ရှီးဝူ”
ယဲ့သခင်မကြီးသည် ခြံဝင်းငယ်၏ ဝင်ပေါက်တည့်တည့်တွင် ရပ်နေသည်။ ထန်ထိုင်ကျင့်ရဲ့ စစ်သားတွေ ဝင်မလာအောင် သူမ တောင်ဝှေးဖြင့် ကန့်လန့်ဖြတ်တားထားသည်။
ထိုစစ်သားများကို ယဲ့ချူဖုန်းက အရင်တားထားခဲ့သည့်အတွက် ခြံဝင်းအတွင်း မရောက်သေးတာ ဖြစ်သည်။ အခုတော့ ထန်ထိုင်ကျင့် ရောက်လာပြီမို့ သူတို့တွေ မဆင်မခြင် မလှုပ်ရှားတော့ပဲ အမိန့်ကို စောင့်နေကြတော့သည်။
စူးစူး လမ်းလျှောက်လာပြီး နူးညံ့စွာ ပြောသည်။ “အဘွား … ဘေးဖယ်နေလိုက်ပါ”
သူ့ခြေထောက်အောက်က ရွံ့ထဲ နစ်ဝင်သွားရင်တောင်မှ အသုံးမဝင်။
စကားတခွန်းမှ မပြောပဲနဲ့ ယဲ့သခင်မကြီးက ယဲ့ရှီးဝူ လက်မောင်းကို တောင်ဝှေးနှင့် ရိုက်လိုက်သည်။
စူးစူး မရှောင်ခဲ့။
ထန်ထိုင်ကျင့် အေးစက်စွာ ကြည့်နေခဲ့သည်။
ယဲ့သခင်မကြီး : “နင်လည်း နင့်အစ်မလို ဒီသစ္စာဖောက်ကို သဘောကျနေရင် အပြင်ထွက်သွား … ငါ့ကို အဘွားလို့ လာမခေါ်နဲ့တော့”
စူးစူး မျက်လုံးများ နီနေခဲ့ပြီး စကားမပြောတော့ပေ။
ယဲ့သခင်မကြီး လက်မှာ တုန်ယင်နေပြီး စိတ်ထဲ အနည်းငယ် ဝမ်းနည်းနေသည်။
တတိယကောင်မလေး ဘယ်လိုလူစားမျိုးလဲဆိုတာ ယဲ့သခင်မကြီးအနေနဲ့ မသိပဲ နေမည်မဟုတ်ပေ။ ယဲ့မိသားစု နယ်နှင်ဒဏ် ပေးခံရသည့်အချိန်တွင် စူးစူးတယောက်တည်းသာ ဓားကိုင်လျှက် ယဲ့မိသားစုဝင် ကလေးနှင့် အမျိုးသမီးတွေကို ကာကွယ်ပေးခဲ့တာ ဖြစ်သည်။
စူးစူး တယောက်သာလျှင် သူမကို ကျောတွင်ပိုးလျှက် မြို့တော်ကနေ ဝမ်ကျိုးအထိ လမ်းလျှောက် ခေါ်ဆောင်လာခဲ့တာ ဖြစ်သည်။
ကျိုးပြည်ထောင်နှင့် ရှပြည်ထောင်ကြား ၆ လအကြာ စစ်ပွဲဖြစ်နေသည့်အချိန် ယဲ့ရှောက်ကို ကယ်ဖို့အတွက် တိုက်ခိုက်ခဲ့သူသည် တတိယကောင်မလေး ဖြစ်ကြောင်း ယဲ့ရှောက် သူမကို ပြောပြခဲ့ဖူးသည်။ ရှောင်းလင်အတွက် မြို့တော်ကို အချိန်အတော်ကြာ စောင့်ကြပ်ကာကွယ်ပေးခဲ့သူမှာလည်း တတိယကောင်မလေးပင်။
ယဲ့ရှောက်သာ သူမလေးကို အတင်းအကြပ် မပြန်ခိုင်းခဲ့ပါက အခုချိန်ထိ စစ်မြေပြင်တွင် သူမလေး ရှိနေဦးမည် ဖြစ်သည်။
တတိယကောင်မလေးသည် သူမနှလုံးသားကို ယောကျာ်းတယောက်ဆီ ဘယ်သောအခါမှ ပုံအပ်မည် မဟုတ်။ သူမ အရိုးထဲထိတိုင် သူမသည် ယဲ့မိသားစုရဲ့ ဝိညာဉ်၊ ဇွဲနပဲကြီးသောသူ၊ အရှုံးမပေးသောသူ၊ မှန်ကန်မှု ရှိသောသူ တယောက် ဖြစ်သည်။
သူမ၏ ယဲ့ရှီးဝူသည် အခွင့်အရေးရသည်နှင့် ဖန်ယီကျစ်ကို ကယ်ထုတ်သွားလိမ့်မည်ဆိုတာကို ယဲ့သခင်မကြီးက အဘယ်ကြောင့် နားမလည်နိုင်ရသနည်း။
တကယ်တော့ တတိယကောင်မလေးသည် သူမကိုယ်သူမ သတ်သေသလို ဖြစ်သွားမည်ကို မလိုလားတာ ဖြစ်သည်။
ယဲ့သခင်မကြီး ရုတ်တရက် ပစ်လှဲကျသွားပြီး စူးစူးက အနောက်ကနေ ဖမ်းထိန်းပေးလိုက်သည်။ ထိုအချိန်လေးတွင် စူးစူးသည် တကယ့် ယဲ့ရှီးဝူ ဖြစ်ဖို့ ဆန္ဒပြုမိသည်။ တကယ့် ယဲ့ရှီးဝူသာ ဖြစ်ခဲ့လျှင် သူမသည် ဓားကောက်ကိုင်ကာ ဖန်ယီကျစ်နှင့် နဂါးအစောင့်တပ်ကို ထိုနေရာကနေ ထွက်ခွါသွား၍ရအောင် လမ်းဖွင့်ပေးမိလိမ့်မည်။
သို့သော် သူမသည် လီစူးစူး ဖြစ်နေသည်။
ခြေလှမ်းတချက် လှမ်းမှားသွားခဲ့လျှင် အဘွားကို ဆုံးရှုံးသွားရုံသာမက ၃ လောကတွင် ရှိရှိသမျှ အရာအားလုံး ထာဝရ ပျက်စီးသွားပေလိမ့်မည် ဖြစ်သည်။
အဘွားအိုသည် တုန်ယင်နေသောလက်ဖြင့် ယဲ့ရှီးဝူကို ဖက်လိုက်ပြီး သူမဆံပင်ကို ပွတ်သပ်ပေးသည်။
စူးစူး မျက်လုံးများက စိတ်ချဉ်ပေါက်သည့် အကြည့်များ ကြည့်လာသည်။
အိမ်ထဲကနေ ဖန်ယီကျစ် ထွက်လာသည်။
ယောကျာ်းအဝတ်အစား ပြောင်းဝတ်ထားပြီး ဖြစ်ပြီး အရိုအသေပေးသည့် လက်အမူအရာနှင့် “တတိယမိန်းကလေး” ဟု ပြောလိုက်သည်။
စူးစူးက ခေါင်းငြိမ့်ပြလိုက်သည်။
သူ၏မျက်နှာမှာ ဖြူဖျော့နေ၍ ဒဏ်ရာရထားပုံရသည်။ မလုံမလဲဖြစ်သောစိတ်ဖြင့် ပြောသည်။ “တတိယမိန်းကလေးနှင့် ယဲ့သခင်မကြီးကို ပြသနာထဲ ဆွဲထည့်ခဲ့တာ ငါပဲ”
ဖန်ယီကျစ် စူးစူးကို စိုက်ကြည့်နေပြီး ကြည့်ရတာ တစုံတခု ပြောချင်နေပုံရသည်။ “ငါ … နင် ….”
ဒီနေ့တော့ သူဘယ်လိုမှ ထွက်ပြေးမလွတ်မြောက်နိုင်တော့ဘူးဆိုတာကို ဖန်ယီကျစ် သိနေခဲ့သည်။ သူသည် ကျိုးပြည်ထောင်ကို ရောက်လာပြီး ယဲ့ပင်းချန်ကို လာရှာကတည်းက အသက်ရှင်လျက် ပြန််သွားဖို့ အစီစဉ် မရှိခဲ့တာ ဖြစ်သည်။
အချိန်အတော်ကြာမှ သူ ခါးမတ်ကာ ပြုံးလိုက်ပြီး သက်ပြင်းတချက်ချရင်း ပြောလိုက်သည်။ “ထားလိုက်ပါတော့”
သူဘာစကားပြောမည်ကို စူးစူး နားမလည်ခဲ့။ မာနကြီး ကျွမ့်ယွမ် ပညာရှင်တယောက် ဖြစ်ခဲ့သည့် သူက အဓိပ္ပာယ်ပြည့်နေသည့် အကြည့်နှင့် စူးစူးကို စိုက်ကြည့်နေခဲ့သည်။ နောက်တော့ နျန့်ပိုင်ယွီ ဖမ်းတာ ခံလိုက်ရတော့သည်။
ခြံဝင်းတွင်းရှိ ဝါးပင်တွေ အသံမြည်အောင် လေပြင်းတွေ တိုက်ခတ်နေသည်။
ကျိုးပြည်၏ နွေဦးရာသီ ရောက်လာတော့မည် ဖြစ်သည်။
သုံးလပိုင်း၏ အစောပိုင်းကာလတွင် ဖန်ယီကျစ်၏ သေဆုံးသတင်းကို စူးစူး ကြားသိရသည်။
ပြောရလျှင် ထန်ထိုင်ကျင့် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ဘာကိုမှ ထွက်မလာခဲ့ပေ။ ဖန်လူကြီးမင်းသည် သူ၏ သွားတွေအကြား အဆိပ်လျှို့ငုံထားခဲ့ပြီး ထိုအဆိပ်ဖြင့် သူ့ကိုယ်သူ သတ်သေခဲ့တာ ဖြစ်သည်။ သူ၏ခန္ဓာကိုယ် အပြည့်အစုံ ရှိခဲ့ပြီး တည်ငြိမ်အေးချမ်းစွာ သေဆုံးသွားခဲ့တာ ဖြစ်သည်။
စူးစူး မှန်းချက် မလွဲခဲ့ပေ။ သူ အစကတည်းက ဒီလိုနေ့မျိုးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ရှပြည်ထောင် ပျက်စီးသွားပြီ ဖြစ်သည်။ မင်းမျိုးမင်းနွယ်ဝင်တွေ စစ်သည်သူရဲကောင်းတွေရဲ့ အရိုးတွေ မြေကြီးထဲ ရောက်ကုန်ကြပြီ ဖြစ်သည်။ ဖန်ယီကျစ်သည်လည်း သူတို့တွေထဲက ဂုဏ်သိက္ခာရှိရှိ သေဆုံးခဲ့ရသူတယောက် ဖြစ်ခဲ့သည်။
ထန်ထိုင်ကျင့်တော့ ပုန်းနေသည့် နဂါးအစောင့်တပ်က ခြေရာလက်ရာမကျန် ထူးဆန်းစွာ ပျောက်နေတာကို သူ မကျေနပ်ပေ။ စိတ်ဆိုး ဒေါသထွက်ကာ ကြံရာမရ ဖြစ်နေပြီး စိတ်ပျက်နေသည်။ ထို့ကြောင့် တယောက်တည်းထွက်ကာ သွားရှာသည်။ ထွက်ရှာနေသည့်အချိန် တလတွင် ထန်ထိုင်ကျင့်က စူးစူးအဘွားကို နေရာပြောင်းထားခဲ့ရာ ဘယ်နေရာတွင် ထားထားခဲ့မှန်း စူးစူး ကိုယ်တိုင် မသိခဲ့ရပေ။
ကျိုးပြည်ထောင်တွင် နွေဦးရာသီ ကျရောက်လာပြီ ဖြစ်သည်။ နန်းတွင်းထဲ ရှုခင်းလေးတွေလည်း သက်ဝင်လှပလာပြီ ဖြစ်သည်။ တနေ့သော ညနေခင်းတွင် မကောင်းဆိုးဝါးကျားသည် စိတ်ကြီးဝင်ပြီး စူးစူး အခန်းထဲ ဝင်လာသည်။ သူဖမ်းလာသည့် ပိုးဟပ်တွေကို စူးစူး လဲအိပ်နေကျ ခုံတန်းရှည်ပေါ် လွှင့်ပစ်တင်လိုက်သည်။
စူးစူး လိုက်ဖမ်းပြီး ထိုကျားခေါင်းကို ရိုက်ပစ်လိုက်သည်။
ဒီအကောင်ကြီး ဘယ်လိုစားရမယ်ဆိုတာပဲ သိပြီး ဘယ်လို အရိုက်ခံရမယ်ဆိုတာ မသိဘူးပဲ။ အခုရိုက်ခံထိတော့ ပြန်ကလဲ့စားချေနေတယ်။ အသိဥာဏ်မရှိတော့ အမြဲအရိုက်ခံနေရတာပဲ။
ထိုအကောင်သည် အရင်က လူတွေကို စားခဲ့ဖူးတာကြောင့် သူ၏ကိုယ်တွင် မကောင်းဆိုးဝါးအငွေ့အသက်တွေနှင့် ပြည့်နှက်နေသည်။ စူးစူး ညှာတာနေ၍ မဖြစ်။
လူတယောက်နှင့် ကျားတကောင်၊ လိုက်ဖမ်းရင်း ပြေးနေတာ နန်းတော်တဝက်လောက် ပတ်မိနေပြီး ဖြစ်သည်။
ကျားသည် အကြောက်လွန်ပြီး ချင်ချန်နန်းဆောင်ဆီ တန်းပြေးလာခဲ့သော်လည်း မထင်မှတ်ပဲ သူအကြောက်ရဆုံးသောထိုသူ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထန်ထိုင်ကျင့်မှာ သူ၏ဝတ်ရုံကို ချွတ်ပြီး တန်းပေါ် တင်ရုံပဲရှိသေးသည်။ အသက်လုပြေးလာသော မကောင်းဆိုးဝါးကျားသည် သူ့ရေချိုးကန်ထဲ ပြုတ်ကျသွားပြီး ကန်ထဲက ရေတွေ တော်တော်မြင့်သည်အထိ စင်ထွက်ကုန်သည်။
ထန်ထိုင်ကျင့် ရယ်လိုက်သည်။
ကျားသည် တုန်တုန်ယင်ယင်ဖြင့် ရေချိုးကန်ထဲကနေ ကုပ်တွယ်တက်လာခဲ့ပြီး ကြောက်ကြောက်လန့်လန့်နှင့် သူ့ဖဝါး ၂ ဖက်ကို ပိုက်ထားကာ ခေါင်းငုံ့လျှက် အခုမှ ဝင်ရောက်လာသည့် သူ့ကို လိုက်ဖမ်းနေခဲ့သော မိန်းကလေးအနောက်တွင် ဝင်ပုန်းနေလိုက်သည်။
စူးစူး ထန်ထိုင်ကျင့်ကို မြင့်တော့ သူမ အံ့ဩသွားသည်။
သူမရှေ့တွင် ကျားဆိုးကြီးသည် ရုတ်တရက် လက်ဖဝါးပေါ်တွင် တင်လို့ ရလောက်သည့် အရွယ်အစားအထိ ကျုံ့ဝင်သွားသည်။ ကျားကြီးမှာ တုန်လှုပ်နေပြီး မျက်လုံးအိမ်တွင် မျက်ရည်များပြည့်လာ၏။ သူမ ကောက်ယူကာ အညှာတာကင်းမဲ့စွာဖြင့် အဝေးကို ကန်ထုတ်ပစ်လိုက်သည်။
မကောင်းဆိုးဝါး ကျားဆိုးသေးသေးလေးက စူးစူးကို ကျေးဇူးတင်စွာဖြင့် ကြည့်ပြီး သူ၏ ခြေချောင်းလက်ချောင်းများကို ဆန့်ထုတ်ကာ အဝေးကို ပျံထွက်သွားတော့သည်။
မတွေ့ရတာ တလလောက်ကြာနေပြီ ဖြစ်ပြီး ထန်ထိုင်ကျင့်ကို ကြည့်ရတာ အရင်ကထက် ပိန်သွားပြီး ပိုဖြူဖျော့လာသည်ဟု စူးစူး ခံစားရသည်။
ထန်ထိုင်ကျင့်သည် နန်းပြင်ထွက်နေသည့် အတောတွင်း နဂါးအစောင့်တပ်ကို အပူတပြင်း သူလိုက်ရှာခဲ့သည်။ နေရာတိုင်း လိုက်ရှာခဲ့သော်လည်း အရိပ်အယောင် တချက်မျှ မတွေ့ခဲ့ပေ။ ထို့ကြောင့် ထန်ထိုင်ကျင့် စိတ်အခြေအနေ မကောင်း။
နန်းတွင်းတွင် ကျန်ခဲ့သည့် စူးစူးလည်း ထန်ထိုင်ကျင့်က ထို့အတွက်နှင့် တိုက်ပွဲ တော်တော်များ တိုက်ခဲ့ပြီး လူအတော်များများကိုလည်း သတ်ခဲ့ကြောင်း ကြားရသည်။
ထန်ထိုင်ကျင့်သည် နဂါးအစောင့်တပ်ကို ရှာမတွေ့ခဲ့ပေ။ ထိုသို့ ရှာမတွေ့ခြင်းက သူ၏ လရိပ်စစ်တပ်သည် ရှောင်းလင်၏ နဂါးအစောင့်တပ် ထက် ညံ့ကြောင်း သက်သေပြနေသလိုပင်။
စူးစူး စိတ်ထဲ အနည်းငယ် ပျော်မိသွားသည်။
ဖားအမြောက်အများ တံခါးကနေ ခုန်ထွက်လာကြသည်ကို တွေ့ရသည့် ထန်ထိုင်ကျင့်သည် လေးလေးနက်နက် ပြောလာသည်။ “ကျားကို မီးပြင်းဖိုထဲ ပစ်ထည့်လိုက်ဖို့ တာအိုဘုန်းကြီးအိုကို ပြောရအောင်”
ဒီတကြိမ်တော့ ဒီကျား မသေရင်တောင် အရေခွံနွှာလို့ ရလောက်မည်။ စူးစူးသည် ထန်ထိုင်ကျင့် စိတ်အခြေအနေမကောင်းမှန်း သိနေခဲ့တာမို့ သူနှင့် အတိုက်အခံ အလွန်အကျွံမလုပ်ချင်တော့ပေ။
ထန်ထိုင်ကျင့် မရှိသည့် အတောတွင်း စူးစူးသည် နန်းတွင်းထဲ နေထိုင်ရင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပျော်ရွှင်တဲ့ဘဝလေး ရခဲ့သည်။ ရာထူးနေရာ တခုမှ မရှိသော်လည်း နန်းတွင်းအစေခံတွေက သူမကို အလုပ်တွေ မလုပ်ခိုင်းရဲကြသလို သူမအပေါ် မလေးမစား မဆင်မခြင်လည်း မပြုမူရဲကြပေ။
ထန်ထိုင်ကျင့် ပြန်ရောက်လာသည်နှင့် နန်းဆောင်ထဲ နေရတာ အနည်းငယ် အေးစိမ့်လာသလို စူးစုး ခံစားလာရသည်။
စူးစူး အိပ်ရာ ညစ်ပတ်နေသည်။ ထိုကြောင့် နန်းတွင်းအစေခံကို အိပ်ရာခင်းအသစ်လာလဲပေးဖို့ တောင်းလိုက်ပြီး အိပ်ရာပြင်နေသည်။
ငယ်ရွယ်နုပျိုသောဧကရာဇ်သည် နဂါးအိပ်ရာပေါ် ထိုင်လိုက်ပြီး သူ၏ ဆံပင်မှာ နဂါးအိပ်ရာပေါ် ပြန့်ကျဲကျလို့ နေသည်။ စူးစူးကို ကြည့်နေသည်။
ရုတ်တရက် စကား စမေးလာသည်။ “ပုန်းနေတဲ့ နဂါးအစောင့်တပ်က မင်းလက်ထဲမှာလား”
အိပ်ရာပြင်နေသော စူးစူး လက်များ ရပ်သွားပြီး ထန်ထိုင်ကျင့်ကို မော့ကြည့်လိုက်သည်။ “တကယ်လို့ နဂါးအစောင့်တပ်က ကျွန်မ လက်ထဲမှာသာဆိုရင် ကျွန်မထင်တယ် … ဒီညအတွင်း ရှင်တော့ ကိစ္စပြတ်ပြီပဲ”
ထန်ထိုင်ကျင့်သည် စူးစူးကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့ပြီး ရုတ်တရက်ပြောလာသည်။ “ဒီကို လာပါဦး”
စူးစူး မယုံသင်္ကာဖြင့် လမ်းလျှောက်လာသည်။ “ဘာဖြစ်လို့လဲ”
“အရင်တခါက ကိုယ်တော် မင်းကို မင်းအဘွားနဲ့ ပေးတွေ့ခဲ့တယ်လေ”
လူငယ်လေးက မျက်ဆံများ မဲနက်နေသောမျက်လုံးဖြင့် သူမကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။
စူးစူး ခေါင်းငြိမ့်ပြပြီး “ဒီတော့?”
“ဒီတော့?” သူ့နှုတ်ခမ်း စုဝိုင်းလာပြီး သဘောမကျ ပြောလာသည်။ “မင်း ပေးထားခဲ့တဲ့ ကတိ မင်းတည်သင့်တယ်နော်”
ဟုတ်တာပေါ့ စူးစူး သတိရလာပြီး ပြောသည်။ “ဟုတ်တာပေါ့ … ကျွန်မ မလိမ်ပါဘူး .. မင်းသား ၈ ကို ဖမ်းမိအောင် ကူညီပေးမှာပါ … ဒီလို ကူညီဖို့အတွက်ဆိုရင် ဖမ်းလိုတဲ့လူရဲ့ သုံးနေကျ အသုံးအဆောင်ပစ္စည်း တခုခု လိုတယ် …. အရင်က သူ နန်းတွင်းမှာ နေခဲ့ဖူးတော့ ရှင် တယောက်ယောက်ကို လွှတ်ပြီး ပစ္စည်းတခုခု ရှာယူခိုင်းလိုက် … ရရင် ကျွန်မဆီယူလာခဲ့ … ကျွန်မ နည်းလမ်းရှာလိုက်မယ်”
ပြောပြီးတော့ စူးစူး ပြန်သွားမလို့လုပ်နေတုန်း သူမလက် ဖမ်းဆွဲခံလိုက်ရသည်။
သူမ ခေါင်းအုံးကို ပိုက်ထားလျက် “တခြားဟာ ရှိသေးလို့လား?”
သူ့နှုတ်ခမ်း စုဝိုင်းသွားပြီး မျက်လုံးနှင့် မျက်ခုံးကြား ပေါ်လာသည့် မကျေနပ်ဖြစ်မှုတွေက မလျော့ကျသွား။ မဲနက်နေသော မျက်လုံးများက မှန်ကျောက်လို အရောင်စိုလဲ့ တောက်ပနေ၏။
အရူးလုပ်ခံရသလို ဖြစ်နေ၍ သူ အနည်းငယ် မကျေနပ် ဖြစ်နေသည်။
ကုံးယွီက တိုးတိုးလေး သတိပေးသည်။ “သခင်ပြောခဲ့သေးတယ်လေ …. ဘဝမြင်အင်းမန္တန် ဆွဲနည်း သူ့ကို သင်ပေးမယ် ဆိုတာ”
ဟုတ်သားပဲ။ ဒီလိုကိစ္စ ရှိခဲ့တာပဲ။
သို့သော်လည်း စူးစူးက တမင်တကာ မသိသလို လုပ်ကာ ပြောသည်။ “တခြားကိစ္စ ရှိသေးလား”
သူမကို ကြည့်ရတာ မှတ်မိပုံမပေါ်သဖြင့် ထန်ထိုင်ကျင့် မနေနိုင်ပဲ ပြောသည်။ “ဘဝမြင်အင်းမန္တန်”
စူးစူး ပြုံးပြလိုက်သည်။ “ကျွန်မ မေ့လုနီးပါး ဖြစ်သွားတာပဲ၊ ရှင်အခုကြည့်ချင်တာလား”
ငယ်ရွယ်နုပျိုသော ဧကရာဇ်က ပြောသည်။ “အင်း”
စူးစူးက သူ့ပါးစပ်ကနေ ပြောထွက်လာအောင် ဖိအားပေးခဲ့တာပဲ ဖြစ်သည်။ ထန်ထိုင်ကျင့် ကတော့ စူးစူးကို လည်ပင်းညှစ်သတ်ချင်သည့် အမူအရာ ပြထားနှင့်ပြီး ဖြစ်သည်။
“ဝေရှီ …. အင်းစာရွက်နှင့် မှင်တံ ယူလာစမ်း”
ခဏအကြာ စူးစူးလက်ထဲတွင် အင်းစာရွက်နှင့် မှင် ရောက်လာသည်။
စူးစူးအနေနှင့် အနှီကိစ္စနှင့် ပတ်သက်ပြီး ထန်ထိုင်ကျင့်ကို လှည့်ကွက်တွေနှင့် ကစားဖို့ စိတ်မဝင်စားပဲ အမြန်သာပြီးချင်နေသည်။ ထို့ကြောင့် အင်းစာရွက်တွင် မန္တန် တခု ကောက်ဆွဲလိုက်ပြီး အိပ်ရာထဲ သွားတော့သည်။ ဘဝမြင်မန္တန် ဆွဲနည်းကို ထန်ထိုင်ကျင့်ကို သူမ တကြိမ် ဆွဲပြဖူးသည်။ ဘဝမြင်မန္တန်သည် လူ့လောက၏ အလှပဆုံးမြင်ကွင်းများကို တနေရာတည်းကနေ မြင်ရသည့် အရာ ဖြစ်သည်။
လောကတွင်ရှိသော သက်ရှိအရာအားလုံးကို ချက်ချင်း မြင်ရတာ ဖြစ်သည်။
စိတ်နှလုံးငြိမ်းချမ်းမှုပေးသော မန္တန်ဖြစ်သည်။
စူးစူး ဆွဲပြီးနောက် ထန်ထိုင်ကျင့် လက်ထဲ ထည့်ပေးလိုက်သည်။ “ဘာဂါထာ ရွတ်ရတယ်ဆိုတာ သိသေးတယ်မလား”
ထန်ထိုင်ကျင့် စကားမပြောပေ။ အင်းစာရွက်သည် သူ့လက်ထဲရောက်သည်နှင့် သူ့ဘာသာသူ မီးထလောင်သွားတော့သည်။ သူ့မျက်နှာတွင် မွဲခြောက်ခြောက်အပြာရောင်အလင်း ရောင်ပြန်လင်းလက်သွားသည်။ သူ့ရှေ့တွင် မိန်းမငယ်လေးက အိပ်ငိုက်နေသော မျက်စိများဖြင့် သူ့ကို ကြည့်နေသည်။
“ပြီးသွားပြီမလား? စိတ်ချမ်းသာသွားပြီ မလား .. ကျွန်မ သွားအိပ်ပြီနော်”
ထန်ထိုင်ကျင့်သည် စူးစူး မေးကို ကိုင်လိုက်ပြီး ပြောသည်။ “မင့် ကိုယ်တော်ကို လှည့်စားတယ်”
စူးစူး စိတ်ရှုပ်သွားပြီး သူ့လက်တွေကို ရိုက်ထုတ်လိုက်သည်။ “ဘယ်လို ရူးပြန်ပြီလဲ”
ထန်ထိုင်ကျင့် ပြောသည်။ “ကိုယ်တော် ဘာမှ မမြင်ဘူး”
စူးစူး အံအားသင့်သွားသည်။ “မဖြစ်နိုင်ပါဘူး”
သူမရဲ့ သင်ယူနိုင်စွမ်းတွေကို စစ်ဆေးနေသလိုလိုပင်။ သို့သော် ထန်ထိုင်ကျင့် အမူအရာကို ကြည့်မိသည့်အခါ လိမ်နေပုံ မထွက်။ စူးစူး မှင်တံကို မှင်ထဲနစ်ပြီး ပြန်ဆွဲသည်။
ဒီတခါ စူးစူးက သူမကိုယ်တိုင် သုံးပြသည်။ သူမရှေ့တွင် တောင်တွေ မြစ်တွေနှင့် လူ့လောက၏ လှပဆုံး ရှုခင်းတွေ ပေါ်လာသည်။ ငှက်ကလေးတွေ တေးသီနေသည်။ ကမ္ဘာကြီး ငြိိမ်းချမ်းနေသည်။ ကောင်းကင်ကလည်း အရောင်အသွေးစုံလင် လှပနေသော တိမ်များဖြင့် ပြည့်နှက်နေ၏။
“ကြည့် …. ဒါက တကယ်ရပါတယ်” သူမ လက်ရုတ်လိုက်သည့်အခါ မြင်နေရသည့် မြင်ကွင်း ပျောက်သွားပြီး ဘဝမြင်အင်းမန္တန် က ဘာကိုမှ ဖြစ်မလာတော့ပေ။
ထန်ထိုင်ကျင့် မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်လိုက်သည်။
ဘာကိုမှကို မမြင်ရ။ သူ ဘာမှကို မမြင်။ အရင် နောက်ဆုံးအကြိမ်တုန်းက သူမြင်ခဲ့ရသေးသည်။ ဒီတကြိမ်တော့ အင်းမန္တန် သည် တစစီ ဖြစ် ပျံံ့လွှင့်သွားပြီး သူ့ရှေ့တွင် ဆံပင်ပေါ် ပန်းရောင်ချယ်ရီပန်းပွင့် ပန်ထားသည့် မိန်းမငယ်လေးတယောက်သာ ကျန်ရစ်သည်။
“ကိုယ်တော် မမြင်ရဘူး”
စူးစူး စိတ်ဆိုးသွားသည်။ ထန်ထိုင်ကျင့်က သူမကို လိမ်လည်လှည့်စားနေသည်လို့ သူမ ခံစားရသည်။ ထန်ထိုင်ကျင့်လူများသည် ရှောင်းလင်၏ နဂါးအစောင့်တပ် အနိုင်ကျင့်တာခံရပြီး ထန်ထိုင်ကျင့်မှာ စိတ်အခြေအနေ မကောင်းပဲ နန်းတော်ပြန်လာခဲ့ရသည်။ ထိုကြောင့် သူ စူးစူးကို ဖမ်းခေါ်ထားပြီး အရူးလုပ်ကစားနေတာ ဖြစ်သည်။
စူးစူး ချက်ချင်းဆိုသလို လုပ်နေတာတွေ ပစ်ချပြီး ထွက်သွားဖို့ ပြင်သည်။ “ရှင့်ဘာသာရှင်ပဲ ကစားတော့”
စူးစူး လှည့်ထွက်ပြီး ခြေလှမ်းလှမ်းဖို့ အပြင်၊ ထန်ထိုင်ကျင့် လှမ်းဖမ်းဆွဲလိုက်သည်။
စူးစူး ခေါင်းလှည့်မကြည့်ပေ။ လေထဲ ဖယောင်းတိုင်မီးတောက်တခု ပျံလာပြီး ထန်ထိုင်ကျင့် လက်ချောင်းထိပ်တွေဆီ ရောက်လာကာ မီးထတောက်တော့သည်။ သူ လက်ရုတ်လိုက်သည်။ “မင်း …”
ကုံးယွီ ရုတ်တရက် ပြောပြသည်။ “သူ လိမ်မပြောဘူး .. သခင် … အဲဒါဖြစ်ရတာက သခင် အင်းမန္တန် ဆွဲသင်တုန်းက ကောင်းကောင်း မသင်ယူခဲ့လို့ ဖြစ်ရတာ”
ကုံးယွီ ရိုးသားစွာ ပြောပြသည်။ “သခင့် အဖေက သခင့်ကို ဘဝမြင်မန္တန် သုံးပြတဲ့ အချိန်တုန်းက သခင့်ကို မပြောပြခဲ့တာ ရှိတယ်။ အဲ့ဒါက ဒီလို မန္တန် မျိုးက စိတ်နှလုံးဖြူစင်သန့်ရှင်းနေမှ သုံးလို့ရတယ်ဆိုတာပဲ။ ထန်ထိုင်ကျင့် အရင်က သူမြင်နိုင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့အချိန်တုန်းက သူ့နှလုံးသားထဲမှာ စွမ်းအားနှင့် လောကကြီးပဲ ရှိနေလို့ပဲ”
စူးစူး ဒီလို ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့။
“အခုတော့ …” ကုံးယွီ ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ “ဘဝမြင်မန္တန် က ပျောက်သွားပြီး သခင်က သူ့ရှေ့မှာ ရှိနေတော့တာပဲ”
ဘဝမြင်မန္တန်ကို သူ မမြင်နိုင်ခဲ့။
မိစ္ဆာအရှင်လေး၏ စိတ်ခံစားချက်တွေ မသန့်ရှင်းတော့ပေ။
စူးစူး ခေါင်းလှည့်ကြည့်လိုက်တော့ လူငယ်လေး၏ လက်ချောင်းတွေ နီရဲနေတာ တွေ့လိုက်ရသည်။ နက်မှောင်နေသည့် မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။ ဖြစ်နေသည့် ဒေါသထဲ သူကိုယ်တိုင် နားမလည်သည့် စိတ်ခံစားချက်တွေ ပါနေသည်။
ဒီအချိန် အခွင့်ကောင်းတခုပဲဟု စူးစူး သိလိုက်သည်။
သူမ ပြန်လျှောက်လာသည်။ “ဒီလို ဖြစ်ရတာ ကျွန်မ ကောင်းကောင်း မသင်ယူခဲ့လို့ပါ။ တောင်းပန်ပါတယ်”
ထန်ထိုင်ကျင့် လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ထေ့ငေါ့ပြောဖို့ ပြင်လိုက်သည်။
ရုတ်တရက် မိန်းကလေးက သူ့မျက်နှာကို လက်ဝါး၂ ဖက်ဖြင့် ကိုင်လိုက်ပြီး ပါးကို နမ်းလိုက်သည်။ “တောင်းပန်ပါတယ်”
သူ့မျက်နှာပေါ် နူးညံ့သော အထိအတွေ့လေးက သူ့ကို မှင်တက်မိသွားစေသည်။
အသိဝင်လာသည့်အချိန် သူ အံကြိတ်လိုက်ပြီး သူမ လည်ပင်းအင်္ကျီစ ကို ဆောင့်ဆွဲလိုက်သည်။ “ မင်း …..”
“အရှက်မရှိဘူး?” စူးစူး စကားဆက်ပေးလိုက်သည်။
သူတို့နှစ်ယောက်လုံး အလွန့်အလွန် နီးကပ်နေကြပြီး နီးကပ်လွန်း၍ ထန်ထိုင်ကျင့်သည် သူ့ရှေ့ရှိ မိန်းကလေးရဲ့ မျက်တောင်ကို အသေးစိတ်မြင်နေရသည်။ သူ့ နှုတ်ခမ်း စုဝိုင်းနေပြီး ဘာကိုမှ ပြောထုတ်လို့ မထွက်တော့။
စူးစူး ပြောသည်။ “ရှင် ပျော်သွားပြီမလား”
သူ တိတ်ဆိတ်နေသည်။ ပြီးတော့ စကားတခွန်း ညှစ်ထုတ်ပြီး ပြောလိုက်သည်။ “ကိုယ်တော်က ဘဝမြင်မန္တန် တခုပဲ လိုတာ”
စူးစူး မျက်လုံးနှင့် မျက်ခုံးများက သူမ အနည်းငယ် အကူအညီမဲ့နေကြောင်း ပြနေသည်။ “ဖြစ်နိုင်တာက ဘဝမြင်မန္တန် က သုံးလို့ မရတော့ဘူး၊ အဲ့ဒါအစား ရှင့်ကို အနမ်းပေးတယ်၊ ဒီကိစ္စ ရှင်မေ့လိုက်ပါတော့၊ အဲ့လို လုပ်မယ်မလား”
ထန်ထိုင်ကျင့်သည် သူမကို အေးစက်စွာ ကြည့်နေသည်။
သူမ ပြောခဲ့တာတွေက အပေါစားပျက်လုံးတခုလို့ သူထင်နေသည်။
စူးစူးက ပြောသည်။ “ကောင်းပြီ … ဒါဆို ရှင့်ကို မန္တန် သုံးတတ်အောင် နည်း ရှာလိုက်ဦးမယ်”
စူးစူးက သူ့လက်တွေကို ဖယ်ထုတ်ပြီး ထွက်သွားဖို့ ကြံရွယ်သည်။
ထန်ထိုင်ကျင့်ကတော့ သူမကို ထွက်သွားခွင့်မပြုတော့ပေ။ ခေါင်းမာမာနှင့် တင်းတင်း ဆွဲကိုင်ထားသည်။ သူမ မျက်လုံးထဲက ကျီစားလိုသည့် အရိပ်အယောင်များကို သူမြင်နေရပြီး လုံးဝ မလှုပ်တော့ပေ။
စူးစူး မတိုးသာ မဆုတ်သာ အခြေအနေ ရောက်နေသည်။ ရုတ်တရက် ထန်ထိုင်ကျင့်က သူမ လည်ဂုတ်ကိုကိုင်ကာ ခေါင်းကို နှိမ့်ချလိုက်သည်။
သူ့မျက်လုံးတွေ မှိတ်သွားပြီး သူ့နှုတ်ခမ်းတွေ အေးစက် တုန်ယင်နေသည်။
စူးစူး မျက်လုံးထဲက ပြုံးယောင်သမ်းနေတာတွေ တဖြည်းဖြည်း လွှင့်ပျယ်ကုန်သည်။
0 Comments