67 - မိဖုရားခေါင်ကြီး

ဖယောင်းတိုင်မီးတောက်များ တဖျတ်ဖျတ် လင်းနေပြီး တဖြောက်ဖြောက် အသံမြည်နေသည်။ အမည်းရောင် ဝတ်ရုံရှည် ဝတ်ထားသော လူငယ် မျက်လုံးတွေ ပွင့်လာသည်။

မိန်းကလေးငယ်၏ မျက်လုံးများ ပိတ်နေ၏။ သူမ၏ ရှည်လျားသော မျက်တောင်ကော့များက နွေးထွေးသော အလင်းရောင်ထဲ အရိပ်ဖျော့ဖျော့ ကျနေသည်။ ပန်းပွင့်တဲ့ရာသီ မဟုတ်ပေမဲ့ အခန်းထဲမှာ အကေးရှားပင်၏ ပန်းရနံ့သင်းသင်းလေး ရနေသည်။

တစုံတခုနှင့် ထိမိပြီး အိပ်ရာက နိုးလာသလို ထန်ထိုင်ကျင့် ရုတ်တရက် ကြည့်မိသည်။

စူးစူးကို သူ တွန်းဖယ်ပစ်လိုက်သည်။ စူးစူး သည် သူမ ပုခုံးကို သူမပွတ်ရင်း သူ့ကို မျက်လုံး ဝင့်ပြီး ကြည့်လိုက်သည်။

ထန်ထိုင်ကျင့် မျက်နှာက မှန်းဆ၍ မရလောက်အောင် ရှိနေသည်။ သူ ဘာလုပ်မိလဲဆိုတာ သူသိနေခဲ့ပြီး သူ့လုပ်ရပ်ကို ပြန်ထေမိအောင် တခုခုလုပ်ဖို့ အခွင့်အရေးမရတော့သလို ထိုကိစ္စနဲ့ ပတ်သက်ပြီး သူ မငြင်း။

စူးစူး စကားမပြောပဲ တိတ်ဆိတ်စွာဖြင့် သူ့ကို စိုက်ကြည့်နေသည်။

ထိုအချိန်လေးတွင် စူးစူးသည် ထန်ထိုင်ကျင့် ဘယ်လိုအကြောင်းပြချက်တွေ ပေးမလဲဆိုတာ စိတ်အားထက်သန်စွာ စောင့်မျှော်နေလျှက် ရှိသည်။ စိတ်ခံစားချက်တွေ ခံစားလို့မရတဲ့သူတယောက်အဖြစ် မွေးဖွားလာခဲ့သည့် သူသည် အခုဖြစ်နေသည့် သူ့စိတ်ခံစားချက်က ဘာလဲဆိုတာ သူကိုယ်တိုင်ပင် မသိ ဖြစ်နေကောင်း ဖြစ်နေပေလိမ့်မည်။

တကယ့်ကိုပဲ၊ ထန်ထိုင်ကျင့် မျက်လုံးထဲ အေးခဲမှု အလွှာပါးလေး စူးစူး တွေ့လိုက်ရသည်။

သူ အေးစက်စွာ ပြောလိုက်သည်။ “မင်း ကိုယ်တော်ကို မြူဆွယ်တယ်”

စူးစူး ဆွံ့အသွားသည်။ “ … “ ကိုယ်လုပ်သည့်အရာကို သူများလုပ်သွားသလိုမျိုး စကားပြောင်းပြန် ပြောသည့် လူမျိုးကို စူးစူး တခါမှ မတွေ့ခဲ့ဖူးပေ။

“ရှင့်ကို ရွေးချယ်ခွင့်ပေးတာလေ” စူးစူး အံကြိတ်ပြီး ပြောသည်။ “ထန်ထိုင်ကျင့် ရှင်ရူးသွားပြီလား?”

ထန်ထိုင်ကျင့် မျက်လွှာချကာ သူ့နှုတ်ခမ်းကို သူစမ်းကြည့်မိသည်။ စွဲကျန်ရစ်သော အထိအတွေ့ နွေးနွေးလေးသည် သူ့ကို စိတ် မသက်မသာ ဖြစ်နေစေသည်။ သူပင် မသိလိုက်ပဲ ပြုမူဖြစ်သွားသည့် ထိုအပြုအမူကို ကာဖို့အတွက် အလျင်အမြန် သူ့လက်ကို အောက်ချလိုက်သည်။

“ကိုယ်တော် ဘာမှ မခံစားရဘူး။ မင်းရဲ့ လှည့်ကွက်တွေက အသုံးမဝင်ဘူး။ ကိုယ်တော် မင်းကို မင်းအဘွားနဲ့ ပေးမတွေ့ဘူး။ မင်းကို အပြင်ထွက်ခွင့်မပေးဘူး။ မင်းဒီမှာပဲ နေပြီး ဒီမှာပဲ သေရမယ်။”

ထန်ထိုင်ကျင့် တယောက် ထိုစကားတွေကို သူ့ကိုသူ ပြောနေတာလား ဒါမှမဟုတ် သူမကို ကြားအောင် တမင်ပြောနေတာလား မသိပဲ ပြောနေခဲ့သည်။

စူးစူး အသက်မပါသော အမူအရာဖြင့် သူ့ကို ကြည့်နေခဲ့သည်။ ပြီးတော့ သူမ ခြေကြွကာ အိပ်ရာဆီသို့ ထွက်လာခဲ့သည်။ ရှင့်ဘာသာရှင် သရုပ်ဆောင်ကစားရတာ ဒီလောက် ပျော်နေမှတော့ ရှင့်ဘာသာရှင်ပဲ ဝအောင် ကစားနေလိုက်တော့။

“ရပ်လိုက်!” သူ ချက်ချင်းထပြောလိုက်သည်။ “ဘယ်သွားမလို့လဲ?”

စူးစူး ပြောသည်။ “ကျွန်မ လှည့်ကွက်တွေက ရှင့်အပေါ် အသုံးမဝင်ဘူး ဆိုနေမှတော့ ရှင့်အချိန်တွေ ကျွန်မ မဖြုန်းတော့ဘူး …ကျွန်မကို လွှတ်ပေး … ကျွန်မ အိပ်တော့မယ် … ရှင် မအိပ်ပေမဲ့ ကျွန်မ အိပ်မှာ”

စူးစူးသည် သူမ အိပ်နေကျ ညောင်စောင်းပေါ် လဲချပြီး အိပ်တော့သည်။ မျက်လုံးလည်း မှိတ်လိုက်သည်။

သိပ်မကြာပါ၊ ကုတင်ဆီက တရှပ်ရှပ် မြည်သံ သူမ ကြားရသည်။

ကုံးယွီ ပြောသည်။ “ထန်ထိုင်ကျင့် လာနေပြီ”

စူးစူး အိပ်သည့်နေရာ ညောင်စောင်းသည် ထန်ထိုင်ကျင့် အိပ်သည့် နဂါးအိပ်ရာနှင့် သိပ်မဝေး။ ထန်ထိုင်ကျင့် ဘာဖြစ်နေလဲ ဆိုတာ စူးစူး စဉ်းစားမတတ်။ အခုထက်ထိ စူးစူး တယောက်တည်း နေဖို့နေရာကို မစီစဉ်ပေးသေး။ ထန်ထိုင်ကျင့် ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သက်တာတွေကို ဘယ်သူကမျှ ဝင်မစွက်ဖက်ရဲကြ။ ထို့ကြောင့် စူးစူးမှာ ထန်ထိုင်ကျင့် နေနေသည့် နန်းဆောင်အခန်းတွင်သာ နေနေရသည်။

ကုံးယွီ ဆက်ပြီး သတင်းပို့သည်။ “သခင့်ကို သူ ကြည့်နေတယ်”

သိတာပေါ့။ သူမ လုံးဝသိနေသည်။ သူမအနား အလွန်နီးကပ်လာပြီး သူ့မျက်လုံးတွေက ပင့်ကူမျှင်တွေလို စေးကပ်ကပ်နှင့် သူမကို နေရထိုင်ရ မသက်မသာ ဖြစ်စေသည်။ သူမ အိပ်မရ။ အလိုလိုသိစိတ်နှင့် ခံစားသိနေသည်။

သူ ငုံ့ကြည့်နေပြီး ဘာမှ မပြော။

အဆိုပါမြင်ကွင်းသည် အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

စူးစူးအတွက် ဒီလို မွန်းကျပ်စေသော စူးစိုက်အကြည့်မျိုးက သူမကို သည်းမခံနိုင် ဖြစ်စေသည်။

သူမ အိပ်ပျော်ချင်ယောင်ဆောင်သည်။ ကျောချမ်းစရာကောင်းအောင် ဟန်ဆောင်သည်။ စူးစူး မျက်လုံးဖွင့်ကြည့်လိုက်သည်။ “ရှင် ဘာလုပ်ချင်နေတာလဲ”

အမည်းရောင် ဝတ်ရုံ ဝတ်ထားသော လူငယ်သည် သူမ လဲအိပ်နေသည့် ညောင်စောင်း ကပ်ရက်တွင် ရပ်လျက် ငုံ့ကြည့်နေခဲ့တာ ဖြစ်သည်။ စူးစူး မျက်လုံးဖွင်ကြည့်လိုက်သည့် အခိုက် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး သူရဲ့ စူးစိုက်အကြည့်တွေက ရွံ့တွံ့တွံ့ ဖြစ်သွားသည်။

ဘေးတိုက်ကြည့်လျှင်တောင် ပြေပြစ်ချောမောနေသော သူ့မျက်နှာသည် မှန်မီးရောင်အောက်တွင် နှစ်သက်ဖွယ်ကောင်းနေသည်။

သူ့အသားအရေ ဖြူဖျော့နေပြီး သူ့နှုတ်ခမ်း ပါးပါးမှာ နီရဲနေသည်။

ယောကျာ်းသားတယောက်က ဒီလိုမျိုး ချောမောလှပနေဖို့ဆိုတာ မလွယ်ကူပေ။

“ကိုယ်တော် ဝန်ခံပါတယ် … မင့်လှည့်ကွက်တွေက လုံးဝ အသုံးမဝင်တာ မဟုတ်ဘူး …. ကိုယ်တော် မင်းကို ဒီလောက်ကြီး မမုန်းပါဘူး” ဝန်လေးနေသော အသံလေးဖြင့် ပြောလာသည်။

စူးစူးသည် သူ့ကိုကြည့်ရင်း သူမ၏ နူးညံ့သော လက်မောင်းပေါ် ခေါင်းအုံးလိုက်ပြီး သမ်းဝေလိုက်သည်။

သူမ မျက်လုံးထဲ အရည်တွေ ဝေ့တက််လာသည်။ သူ မျက်စောင်းထိုးလိုက်ပြီး မေးလိုက်သည်။ “ပြောစမ်းပါ ….. မင်း ဘာလိုချင်လဲ”

ကုန်သည်တယောက် ဝယ်ရောင်းလုပ်သည့်အခါ ကြည့်သည့်အကြည့်မျိုးဖြင့် ထန်ထိုင်ကျင့်သည် စူးစူးကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

စူးစူး လက်ထဲတွင် သူ အငမ်းမရ လိုချင်နေသော အရာတခု ရှိနေသလို။ သို့သော် ထိုအရာက သူ့ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။ စူးစူးပေးမည့်အရာကနေ ဖြစ်လာမည့် အန္တရာယ်တွေကို သူ အလွန်ကြောက်နေပေမဲ့ သူ မတတ်နိုင်ပဲ သူမနှင့် ပိုမိုနီးကပ်လာနေမိသည်။

သူ့ကို ကြည့်ရတာ အဖြေရှာရင်း စိတ်တင်းကျပ်နေပုံရသည်။

စူးစူး သူမကိုယ်သူမ ပြောမိသည်။ ကျွန်မ ရှင့်အသက်ကို လိုချင်တာ

သို့သော်လည်း သူ့ရှေ့တွင် ပြောထုတ်ဖို့ ခက်ခဲနေသည်။ သူမရှေ့ရှိလူသည် နဂိုကတည်းကကို တွန့်တိုပြီး တကိုယ်ကောင်းဆန်ကာ အရာရာကို ကြောက်လန့်နေတတ်သည့် ငှက်ငယ်တကောင်လို ဖြစ်နေသည်။ သူမ သူ့ကို အန္တရာယ်မပြုနိုင်ဘူး ဆိုရင်တောင်မှ သူမတွင် မကောင်းတဲ့အတွေး ထောင်သောင်းပေါင်းများစွာရှိနေတယ်ဆိုတာ သူတွေးယူလို့ရနေသည်။

သူမက သူ့အသက်ကို အဆုံးသတ်ဖို့ ရောက်လာတာကို သူသိခဲ့မည်ဆိုလျှင် ပြောနေစရာတောင်မလို။

သူမကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေသည့် ဒီလူ၊ မွေးလာကတည်း မိစ္ဆာအရိုးနှင့် မွေးလာခဲ့သည့် ဒီလူ၊ ဤအကြောင်းသာ သိခဲ့မည်ဆိုလျှင် သိလျှင် ချက်ချင်း ထိုနေရာမှာတင် သူမကို သတ်ပစ်လိမ့်မည် ဖြစ်သည်။

စူးစူး မျက်တောင် တချက်ခတ်ပြီး ပြောသည်။ “ကျွန်မ ရှင့် မိဖုရားခေါင်ကြီး ဖြစ်ချင်တယ်”

ကမ္ဘာပေါ်တွင် ရှိရှိသမျှ မိန်းကလေးတွေ အကုန်နီးပါး လိုချင်သော ထိုနေရာ၊ ယဲ့ပင်းချန်လည်း ပါသည်။ ထန်ထိုင်ကျင့်က စူးစူး အကြောင်းပြချက်ကို သူယုံလိမ့်မည်။

စူးစူး တုံ့ပြန်ချက်ကို ကြားလိုက်သည့်အခိုက် ထန်ထိုင်ကျင့် အမူအရာသည် ထေ့ငေါ့ ရွဲ့မဲ့သည့် အမူအရာ အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ “မင်းက မိဖုရားခေါင်ကြီး ဖြစ်ချင်တယ်?”

သူ၏ လှောင်ပြောင်သရော်သည့် အမူအရာသည် မီးထဲတွင် ငါးကိုဖမ်းဖို့ ခုန်ဆင်းလိုက်သည့် ကြောင်ကို မြင်ရသလို ဖြစ်သည်။

သူ့ကို ကြီးပြင်းလာအောင် ငယ်တုန်းက စောင့်ရှောက်ပေးခဲ့သည့် အထိန်းတော်နှင့် ကျင်းလန်အန်းတို့၏ အဖြစ်ပျက်သည် သူ့ကို နေရာ၏ အရေးကြီးပုံကို သတိပေးနေသလို။

တိုင်းပြည်အုပ်ချုပ်ရသည့် မင်းတပါးအနေဖြင့် မိဖုရားခေါင်နေရာသည် မင်းဆက်တဆက် တည်တံ့မှုကို အဆုံးအဖြတ်ပေးနိုင်သည့် နေရာ ဖြစ်သည်။

မိဖုရားခေါင်နေရာသည် နိုင်ငံရေးအာဏာ စုစည်းရာတွင်၊ ပြည်သူပြည်သားတွေရဲ့ ထောက်ခံမှုကို တည်ငြိမ်အောင် လုပ်ရာတွင်၊ နိုင်ငံ ၂ နိုင်ငံအကြား သံတမန်ရေးရာ ဖန်တီးရာတွင် အဓိက အခန်းကဏ္ဠကနေ ပါဝင်ပတ်သက်နေတာ ဖြစ်သည်။

ထန်ထိုင်ကျင့်သည် သူ့သဘာဝကိုက အေးစက်တည်ငြိမ်နေပြီး ကိုယ်လုပ်တော်တွေ နန်းတွင်းရေးရာကိစ္စတွေအတွက် မိဖုရားခေါင်ကြီးအပေါ် အားကိုးအားထားပြုစရာမလိုပေ။

သို့သော် အကယ်၍ သူ တလောကလုံးကို အုပ်စိုးချင်လျှင် သူ၏ မိဖုရားခေါင်သည် ရှပြည်ထောင်က ဖြစ်၍မရပေ။ ရှပြည်ထောင်သည် ပြိုလဲပျက်စီးသွားပြီ ဖြစ်သည်။ ပြီးတော့ မြောက်ပိုင်းတွင် ရှီပြည်ထောင်နှင့် ချားပြည်ထောင်တို့ ရှိနေသည်။ ထိုပြည်ထောင်တွေသည် ရေမြေသံယံဇာတ ပေါကြွယ်ဝပြီး မိစ္ဆာအတတ်တွင် ကျွမ်းကျင်ကြသည်။

နှစ်အနည်းငယ်လောက် သူစောင့်ပြီးလျှင် မသေမျိုးတို့ဂိတ်တံခါး ပွင့်လာသည့်အချိန်တွင် သူသည် သန့်ရှင်းစင်ကြယ်သော မသေမျိုးနွယ် မိန်းကလေးတယောက်ကို ရှာယူ၊ မိဖုရားခေါင်လုပ်ခိုင်းကာ သူမကို အသုံးချပြီး မသေမျိုးနွယ်ထဲ သူဝင်ရောက်မည်။

သူများထက် သူ ရှေ့ရေးကို ပိုမြင် ကြိုတွေးထားသည်။ သူသည် လောကကြီးကို အမြင်ကျယ်ကျယ် မြင်ထားခဲ့ပြီး ဖြစ်သည်။

တခြားသူတွေအတွက် မှတ်ဥာဏ်တံလျှပ်လောက (ပေါရယ်ဖူရှန်း) သည် မေ့မရနိုင်သော ခံစားချက် ဖြစ်ခဲ့ပေမဲ့ ထန်ထိုင်ကျင့်အတွက်တော့ ရေနဂါးနွယ်ဝင် မသေမျိုး မင်ယဲ့၏ အနှိုင်းမဲ့စွမ်းအားကို သူမြင်ဖူးခဲ့ပြီ ဖြစ်သည်။

ဓားတလက်နှင့် တောင်ကို ထက်ပိုင်းခြမ်းနိုင်သည်။ လက်တဖက်ဖြင့် လကို ဖမ်းဆုတ်နိုင်သည်။

ရေထိန်းချိပ်၊ နတ်ဘုရားအမွေတော်များ .. စသဖြင့် စွမ်းအားပြည့်နှက်နေသော ရတနာများ ရေမတွက်နိုင်လောက်အောင် ဒီကမ္ဘာပေါ် ရှိနေကြသည်။ ဒီအရာတွေကို အရယူဖို့ သူ့တွင် အခွင့်အရေး ရှိနေသည်။

မင်ယဲ့ မိုက်မဲခဲ့သည်။ သူ မယူခဲ့။ ဒီ စွမ်းအားတွေသာ သူရခဲ့လျှင် စန်းကျိုနှင့် ထျန်းဟွမ်းကို သောက်ဂရုစိုက်စရာလိုမည် မဟုတ်။

သောက်သုံးမကျသော အချစ်က ကြီးမြတ်လှတဲ့စွမ်းအားကို ဘယ်လိုတောင် နှိုင်းယှဉ်ခံခဲ့ရတာလဲ?

ထိုအချိန်ခဏလေးတွင်၊ ညောင်စောင်းပေါ်တွင် အိပ်နေသည့် သည်းမခံတတ်သော မိန်းကလေး။ သူမပါးစပ်ကနေ တောင်းဆိုလာသည့် မိဖုရားခေါင်နေရာပေးပါ ဆိုသော ထိုစကား?

တကယ်ကို ရူးရူးမူးမူးနဲ့ သူ ကတိပေးချင်နေပါသည်။

ဒီအချိန် ဒီနေရာကို ရောက်ဖို့အတွက် ၁၄ နှစ်လောက် သူ ကြိုးစားလုပ်ကိုင်ခဲ့ရသည်။ အတိတ်မှာ သူ့ကို အမြဲအနိုင်ကျင့်ခဲ့တဲ့ အရှက်ရအောင် လုပ်ခဲ့တဲ့ ဒီအမျိုးသမီးနှင့် အခု အတူမျှဝေဖို့ လုပ်နေတာ သူ တကယ်ပဲ မိုက်မဲနေပြီလား?

အကယ်၍ သူ ပေးခဲ့မယ်ဆိုရင် မြောက်ပိုင်းနယ်မြေကို သူ အလွယ်တကူ သိမ်းပိုက်လို့ ရတော့မည် မဟုတ်။ ဂန္ဏဝင်မသေမျိုးအတတ်ပညာ သူ ရတော့မည် မဟုတ်။ ပြီးတော့ မသေမျိုးဂိတ်ဖြတ်ပြီး မသေမျိုးလောကထဲ သူ ဝင်လို့ မရတော့ပေ။

ထိုအရာတွေအစား သူသည် သူ့ရှေ့ရှိ မိန်းကလေးနှင့် သာမန်လင်မယားဘဝနှင့် နေထိုင်သွားရတော့မည်။

သာမန်ဘဝတွေလိုမျိုး အသက်ကြီးသွားပြီး နောက်ဆုံးသေသွားရမှာလား?

ပြီးတော့ ဒီမိန်းမငယ်လေး။ သူမစိတ်ထဲ ဘာရှိမှန်း သူမှန်းဆ၍မရ။ သူ ထွင်းဖောက် မမြင်နိုင်။ ပြီးတော့ အချိန်မရွေး သူ့နောက်ကျောကို ဓားနှင့်ထိုးနိုင်သည့် သူမ။

စူးစူးကတော့ သူ ဘာတွေတွေးနေခဲ့လည်းဆိုတာ သူမ မသိချေ။ သူ့မျက်နှာက တော်ကြာ အန္တရာယ်ပေးမဲ့ ပုံမျိုးဖြစ်လိုက်၊ တော်ကြာ တခုခု စဉ်းစားမရပုံမျိုး ဖြစ်လိုက်နှင့် သူမကပဲ မိဖုရားခေါင်နေရာ မလိုချင်ပဲ သူ့အသက်ကိုပဲ လိုချင်နေ၍ ဖြစ်ပျက်နေသည့် ပုံစံမျိုး ဖြစ်နေသည်။

အချိန်အတော်ကြာမှ သူ နှုတ်ခမ်း စုဝိုင်းလာပြီး ပြောလာသည်။ “မရဘူး … မင်း မိဖုရားခေါင်ကြီး လုပ်လို့မရဘူး …. တခြားရာထူးပဲ ပေးမယ်”

စူးစူး စိတ်ဆိုးဆိုးနှင့် သူမ ခြေထောက်ကို မြှောက်ကာ သူ့ပုခုံးကို ကန်လိုက်သည်။ “ ဝေးဝေးသွားစမ်းပါ …. အမှိုက်မတွေပဲ ရှင့်ရဲ့ ကိုယ်လုပ်တော် လုပ်မှာ”

ထန်ထိုင်ကျင့် သူ့ကိုယ်သူ မကာကွယ်မိခဲ့။ သူ ကန်ခံထိသွားသည်။ သူ စိတ်ဆိုးဆိုးဖြင့် ပြန်လှည့်ကြည့်လိုက်ပြီး အော်လိုက်သည်။ “ယဲ့ရှီးဝူ!!!”

စူးစူး ပြောသည်။ “ဘာတွေ လာအော်နေတာလဲ …. ကျွန်မ ကြားတယ် …. ကိုယ်လုပ်တော်အသစ် ရှာချင်ရင် မနက်ဖန် ရှင့်အမိန့်ထုတ်လိုက်လို့ ရတယ် … ကိုယ်လုပ်တော် နန်းဆောင်တွေမှာ အပြည့် ရှိအောင် ရှာဖို့ ပြသနာ မရှိနိုင်လောက်ဘူး …. အိုး … ကျွန်မ မေ့လုနီးပါး ဖြစ်သွားတယ် …. ရှင် (ဖူးရန်) သခင်မကြီးနေရာတောင် ပေးပြီးသွားပြီနော်”

မိန်းကလေးသည် ညစ်ပတ်သောအရာကို ကြည့်သည့် အကြည့်မျိုးဖြင့် သူ့ကိုကြည့်ပြီးပြောသည်။ “ကျွန်မထင်ပါတယ် …. ရှိသမျှ မိန်းကလေးတွေကို ရှင့်မယားလုပ်ခိုင်းတာက ရှင် ကြိုက်တဲ့ အရာတခုပဲလို့ …. သွားစမ်းပါ … ကျွန်မတောင်းဆိုချက်ကို ရှင်သဘောမတူနိုင်ရင် ကျွန်မ အိပ်နေတာကို လာမနှောင့်ယှက်နဲ့ “

သူ့မျက်နှာ ညိုမဲနေပြီး အံကြိတ်လျှက် သူပြောသည်။ “မင်းက ပြည်ထောင်ပျက်တခုက အမျိုးသမီးတယောက်သာသာပဲ”

သူ ထွက်သွားဖို့ ငြင်းဆန်နေသည်။ စူးစူး ခြေထောက်ကို မြှောက်တင်လိုက်သည်။ ဒီတခါတော့ အနည်းငယ် ရိုင်းပျစွာဖြင့် သူ့မျက်နှာပေါ် နင်းလိုက်ပြီး တလုံးချင်း ပီပီသသ ပြောလိုက်သည်။ “ရှင့်ထက် ပိုမြင့်မြတ်တယ်”

ထန်ထိုင်ကျင့်သည် နူးညံ့သော သူမခြေထောက်ကို မြဲမြံစွာ ကိုင်လိုက်သည်။ “ယဲ့ရှီးဝူ … အကောင်းပြောနေတာကို လာမဆိုးနဲ့နော်”

သူမ လက်မြောက်လိုက်ပြီး လက်ဟန်တခု လုပ်လိုက်သည်။ ရှေ့ရက် မကောင်းဆိုးဝါးကျားနှင့် ရင်ဆိုင်ရတုန်းက ဆွဲသုံးခဲ့ဖူးသော အဝါရောင်အင်းမန္တန် တခု သူမလက်ထဲက ပျံထွက်လာသည်။

လေထဲ ရောက်တော့ မီးထတောက်လာပြီး ထန်ထိုင်ကျင့် လည်ပင်းအင်္ကျီ စကို မီးလာလောင်ကျွမ်းတော့သည်။

မိန်းကလေးသည် တခြားဘက်ခြမ်းကို လှည့်နေခဲ့ပြီး ဖြစ်ပြီး သူ့ကို မသိကျိုးကျွန် ပြုထားပြီး ဖြစ်သည်။



နွေဦးရာသီ စတင်လာခဲ့ပြီးနောက် နန်းတွင်းလည်း သက်ဝင်လှုပ်ရှားလာပြီ ဖြစ်သည်။

ထန်ထိုင်ကျင့် စောစော ပြန်လာခဲ့ပြီး အစေခံ အမြောက်အများသည် တရုတ်ဆီးပင်က ပန်းပွင့်တွေ ခူးနေကြတာကို သူမြင်လိုက်ရသည်။

သူတို့ အနီရောင် ဝတ်စုံတွေ ဝတ်ထားကြပြီး ခြင်းအနီတွေ ကိုင်ထားကြသည်။ တချက် ကြည့်လိုက်တာနှင့် တစုံတယောက်က သူတို့ကို အမိန့်ပေးစေခိုင်းထားကြောင်း သိနိုင်သည်။

ဝေရှီ အရှေ့ကို တိုးလာပြီး ရှင်းပြသည်။ “အရှင်မင်းကြီး …. နွေဦးရာသီ စနေပါပြီ …. ဒီရက်ထဲ ကျွန်တော်တို့ ကျိုးပြည်ရဲ့ ရက်မြတ်ကောင်း ကျရောက်တော့မှာပါ … ဒီရက်မှာ နတ်တွေထံ ကျွန်တော်တို့ တိုင်းပြည် သာယာဝပြောဖို့၊ ရာသီဥတု ကောင်းမွန်နေဖို့၊ အေးချမ်းသာယာဖို့ ဆုတောင်းကြမှာပါ … ကျောင်းဟွာသခင်မက နက္ခတ်စင်မှာ တင်ဖို့အတွက် အကောင်းဆုံးနဲ့အလှဆုံး ဆီးပင်ပန်းပွင့်တွေကို ခူးပြီး ဒီရက်ပိုင်းအတွင်း ပြင်ဆင်ထားဖို့ အမိန့်ပေးထားပြီးပါပြီ …”

တရုတ်ဆီးသီးပင်က ပန်းပွင့်များ ထန်ထိုင်ကျင့်လက်ပေါ် ကြွေကျလာသည်။ သရော်ပြုံး ပြုံးရင်း ပြောလိုက်သည်။ “နတ်တွေဆီ ဆုတောင်းမယ်?”

သူ၏ သရော်ပြုံးပြုံးရင်း ပြောလိုက်သည့် စကားအဓိပ္ပာယ်ကို ဝေရှီ နားမလည်ခဲ့ပေ။ တရုတ်ဆီးသီးပင်ပန်းတွေကြားကနေ သွယ်လျလှပသော လူရိပ်တခု ပေါ်လာသည်။

ထန်ထိုင်ကျင့်ကို မြင်တော့ သူမ နူးညံ့စွာ ပြုံးပြလိုက်သည်။

“အရှင်မင်းကြီး ပြန်လာပြီလား”

ထိုသူကား ယဲ့ပင်းချန်။

ထန်ထိုင်ကျင့် ခေါင်းငြိမ့်ပြကာ သူ့မျက်လုံးထဲက ထေ့ငေါ့ချင်နေမှုကို ဖိနှိပ်ချုပ်တည်းရင်း နွေးထွေးစွာ မေးလိုက်သည်။

“ပင်းချန် … မင်း ခန္ဓာကိုယ် ဘယ်လိုနေသေးလဲ”

ယဲ့ပင်းချန် အရိုအသေပေးကာ နူးညံ့စွာ ပြောသည်။ “ဒီကိုယ်လုပ်တော်ရဲ့ ခန္ဓာကိုယ် နေပြန်ကောင်းသွားပါပြီ … အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်မပါပဲ ဆုတောင်းပွဲအခမ်းအနားကို ပြင်ဆင်ပေးမိတဲ့အတွက် ကျေးဇူးပြုပြီး ဒီကိုယ်လုပ်တော်ကို ခွင့်လွှတ်ပေးပါ … အရှင်မင်းကြီးက ဒီလို အရေးမပါတဲ့အရာတွေကို စိတ်ထဲ ထည့်မထားတတ်တာကို ဒီကိုယ်လုပ်တော် သိထားပါတယ် … ဒါပေမဲ့ အရှင်မင်းကြီးက ကျိုးပြည်ထောင်ကြီးအတွက် ဧကရာဇ် ဖြစ်လာပြီမို့ ပြည်သူပြည်သားတွေရဲ့ ဆန္ဒနှင့် ထောက်ခံမှုက မရှိမဖြစ် လိုအပ်လာပြီ အတွက်ကြောင့်မို့ပါ”

ဒီလိုခံစားချက်မျိုး ထန်ထိုင်ကျင့် မခံစားရခဲ့တော့တာ အချိန်အတော်ကြာခဲ့ပြီပဲ။

ကျင်းလန်အန်း မှလွဲ၍ ဘယ်သူကမှ ထိုအရေးမပါသော ကိစ္စတွေမှာ ကူညီပြီး စီစဉ်ပေးသွားရဲသည့် သူ မရှိခဲ့။ ကျင်းလန်အန်း တယောက်သာ ထိုသို့သော ကိစ္စတွေမှာ သူ့အတွက် လုံလောက်အောင် ကြည့်စီစဉ်ပေးသွားခဲ့တာ ဖြစ်သည်။ ထန်ထိုင်ကျင့် ပြောသည်။ “ကိုယ်တော် ဘယ်လို အပြစ်တင်ရက်ပါ့မလဲ”

ယဲ့ပင်းချန် ရှက်ပြုံးပြုံးပြလိုက်သည်။

သူမသည် မွေးလာကတည်းက ချောမောလှပနေခဲ့သူ ဖြစ်သည်။ ဖူးပွင့်နေသော တရုတ်ဆီးပင် ပန်းပွင့်တွေကြား ရပ်နေသည့် သူမ၏ အလှတွင် အပြုံးလေးတပွင့် ပန်ဆင်လိုက်သည့်အခါ သူမအလှက ပိုပြီး ကောင်းမွန်လှပသွား၏။

ယောကျာ်းဘဝသေသွားသည့် မိန်းမစိုး ဝေရှီ တောင်မှ သဘောကျသည့် အမူအရာ မှုံပျပျလေး ပြသွားသည်။

ယဲ့ပင်းချန်သည် သူမ မျက်လုံးဝင့်ပြီး ကြည့်လိုက်သည်။ ဝတ်ရုံနက် ဝတ်ထားသည့် ဧကရာဇ် မျက်လုံးအကြည့်တွေမှာ မူးမေ့သွားမတတ် အရူးအမူးဖြစ်သွားသည့် အရိပ်အယောင်ကို မျှော်လင့်ထားခဲ့သည်။ သို့သော် သူမ ထင်ထားတာနဲ့ တခြားစီ ဖြစ်နေသည်။ သူ့အမူအရာမှာ အပြုံးများနှင့် နူးညံ့သိမ်မွေ့နေဆဲပင်။

စိတ်ဝင်စားမှု မပြသလို သူမကို အရူးအမူးလည်း မဖြစ်။

သူမ မျက်နှာမှာ အမူအရာ မပြပေမဲ့ စိတ်ထဲမှာတော့ သံသယ အနည်းငယ် ဖြစ်နေသည်။

ဘာကြောင့်လဲ?

ထန်ထိုင်ကျင့်အပေါ် ထိရောက်မှု မရှိတာ ဘာကြောင့်လဲ?

မဟုတ်ဘူး။ လုံးဝ မထိရောက်တာ မဟုတ်ဘူး။ အနည်းဆုံးတော့ ရက်စက်တဲ့ ထိုဘုရင်ငယ်သည် တခြားသူတွေထက်တော့ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသေးသည်ပဲ။ အရင်တုန်းက သူမ တခြားပြည်ထောင်၏ နန်းပြင်ဝင်းတွင် နေရတဲ့ အချိန်တုန်းက မာနကြီး လျှာစောင်းထက်သော ဖန်ယီကျစ်တောင်မှ သူမကို မြင်လျှင် အသက်ရှူမှားပြီး မျက်နှာနီလာခဲ့သေးသည်။

ထန်ထိုင်ကျင့်၏ တုံ့ပြန်မှုက ငြီးငွေ့စရာကောင်းသည်။

ယဲ့ပင်းချန် တိတ်ဆိတ်စွာဖြင့် သူမဘာသာ သူမ တွေးတောနေခဲ့သည်။ တခြားသူများပြောတာ ကြားခဲ့ရတာကို ထောက်ချင့်လျှင် သူမ နားလည်သည်က အရှင်မင်းကြီးသည် တခြားသူတွေထက် စာရင် ပိုပြီး သွေးအေးသူမို့ သူ့ခံစားမှုတွေကို မပြပဲ ထိန်းချုပ်ထားတာများလားဟူ၍။

ရှောင်းလင်ရဲ့ ခံစားချက်တွေလည်း ရေလို တည်ငြိမ်နူးညံ့ခဲ့တာ မဟုတ်ဘူးလား?

ထိုအတွေး တွေးမိရင်း သူမသည် စိတ်မရှည်တာမျိုး မဖြစ်တော့ပဲ အနီရောင်ဝတ်ထားသည့် အစေခံမတွေနှင့်အတူ ထိုနေရာမှ ထွက်ခွါသွားတော့သည်။

သူမ ထွက်ခွါသွားသည်နှင့် ချက်ချင်း၊ ထန်ထိုင်ကျင့် မျက်လုံးထဲက အပြုံးများ ပျောက်ကွယ်သွားတော့သည်။

သူ့လက်ပေါ် တင်နေသည့် တရုတ်ဆီးပင်ပန်းပွင့်တွေကို ကြိတ်ချေပစ်လိုက်ပြီး ခြေဖြင့် တက်နင်းပစ်လိုက်သည်။

ဝေရှီ ခြေလှမ်းသွက်သွက်ဖြင့် ထန်ထိုင်ကျင့် အနောက် ပြေးလိုက်လာပြီး ဒီနေ့ မည်သည့်နေရာတွင် ထန်ထိုင်ကျင့် ညစာစားမည့်အကြောင်း ရင်တုန်တုန်ဖြင့် မေးလိုက်သည်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အမေးတခုပါပဲ။ ကျောင်းဟွာသခင်မရဲ့ ရိုးသားမှုက တွေ့ရခဲပြီး ဘာပဲ ဖြစ်ဖြစ် ရက်စက်သော ထိုဘုရင်ငယ်သည် သခင်မကို နှစ်သိမ့်ပေးသင့်တာပဲ မဟုတ်လား။

ထန်ထိုင်ကျင့်သည် သူပြောမလို့ လုပ်နေတုန်းမှာပင် သူ့ မျက်လုံးများက ရေခဲတုံးလို အေးစက်သော အသွင် ချက်ချင်း ပြောင်းလဲသွားသည်။

ဝေရှီ ကြည့်လိုက်သည်။ ပန်းရောင်ဝတ်ထားသော မိန်းမငယ်လေးသည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေပြီး လက်တွင် ကျောက်စိမ်းပန်းကန်လုံးနှင့် ဇွန်း ကိုင်ထားလျှက် အဝါရောင်ဝတ်ထားသောလူတယောက်ကို ရေတိုက်နေသည်ကို တွေ့လိုက်ရသည်။

စူးစူး ရေတိုက်မလို လုပ်လိုက်သည့်အခါ ထိုလူသည် ပါးစပ်ဟလိုက်သည်။

ထိုလူ မျက်နှာမှာ လေးထောင့်ကျကျနှင့် အတော်ကြည့်ကောင်းသည်။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသည်။ အနည်းငယ် ရိုးရှင်းပြီး ရိုးသားပုံရသည်။

ထန်ထိုင်ကျင့်သည် ထိုလူကို အေးစက်စွာ ကြည့်လိုက်သည်။ သူရောက်လာသည်ကို စူးစူး သတိထားမိပြီး သူ့ကို ခေါင်းမော့ကြည့်လိုက်သည်။

အဝါရောင်ဝတ်ထားသည့် ထိုလူသည် စူးစူးကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေသည်။ စူးစူး နောက်တဇွန်းခပ်ကာ ထိုလူ ပါးစပ်ထဲ ခွံ့ကျွေးလိုက်သည်။

ထိုလူ ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။

စူးစူး နောက်တကြိမ် ခွံ့ကျွေးမလို့ လုပ်နေတုန်းမှာပင် တစုံတယောက်က သူမလက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

သူမ မော်ကြည့်လိုက်သည့်အခါ ကြောက်စရာကောင်းသည့် အေးစက်စက်မျက်နှာကို တွေ့လိုက်ရသည်။ သူမရှေ့ရှိ ရက်စက်သော ထိုဘုရင်ငယ်သည် သူ့ခေါင်းကို ငဲ့စောင်းကြည့်ရင်း ချိုသာစွာ မေးလိုက်သည်။ “မင်း ဘာလုပ်နေတာလဲ”

သူ စိတ်ဆိုးနေတယ်ဆိုတာ ဖြစ်နိုင်သည်။ သို့သော်လည်း ယခုမျက်နှာ အနေအထားအရတော့ သူ အလွန်အမင်းကို စိတ်ဆိုးဒေါသထွက်နေကြောင်း စူးစူး သိလိုက်ရသည်။

စူးစူး ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ထန်ထိုင်ကျင့် ရယ်သည်။ သူ မနာလိုစိတ် ဖြစ်နေပြီး ဒေါသထွက်နေသည်။ “နျန့်ပိုင်ယွီ”

နျန့်ပိုင်ယွီ သူ့အနောက်ကို ရောက်လာသည်။ ထန်ထိုင်ကျင့် ချိုချိုသာသာ ပြောသည်။ “ဆုတောင်းပွဲအခမ်းအနားမှာ မီးပုံးပျံတွေ လိုတယ်။ မီးပုံးပျံတွေထဲမှာ လူ့အရေပြားနဲ့ လုပ်ထားတဲ့ မီးပုံးပျံက အမာဆုံးနှင့် အလှပဆုံးလို့ ကိုယ်တော် ကြားရတယ်။ သူ့အရေပြားကို ကြည့်လိုက်စမ်း …. မဆိုးဘူးပဲ”

ထန်ထိုင်ကျင့်သည် မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေသော အဝါရောင် ဝတ်ထားသည့် ထိုလူကို အေးစက်စက်နဲ့ ကြည့်လိုက်သည်။

ဝေရှီသည် ရက်စက်တတ်သည့် ထိုဘုရင်ငယ် နောက်ပြောင်ပြောနေတာမဟုတ်မှန်း သိရသည့်အခါ သူ့ခြေထောက်များ တုန်လှုပ်ယိမ်းယိုင်လာသည်။

နျန့်ပိုင်ယွီ တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ “ဟုတ်ကဲ့”

အဝါရောင်ဝတ်ထားသောထိုလူရှေ့ကနေ စူးစူး ပိတ်ရပ်လိုက်ကာ “နေပါဦး …. ရှင် ဘာလုပ်ချင်နေတာလဲ”

ထန်ထိုင်ကျင့် ဘာအမူအရာလည်း မပြပဲ သူမကို စိုက်ကြည့်နေသည်။

၂ ယောက်စလုံး မတိုးသာမဆုတ်သာ အခြေအနေ ရောက်နေသည်။ စူးစူးသည် ထန်ထိုင်ကျင့်ကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ် ထိုင်နေသော အဝါရောင်ဝတ်ထားသည့် ထိုလူကို ကြည့်လိုက်သည်။ ထိုလူသည် စိတ်ရှုပ်ထွေးနေပြီး ကြောက်ရွံ့နေ၏

“ရှင် … သူ့ကို တကယ် သတ်ချင်နေတာလား?” သူမ မေးလိုက်သည်။

ထန်ထိုင်ကျင့် ဘာမှမပြော။ သို့သော် သူ့မျက်လုံးနက်နက်တွေထဲ အသေသတ်ချင်သည့် အငွေ့အသက်များ ပြည့်နှက်နေပြီး ဘယ်သူ့ကို ရည်ရွယ်နေမှန်း စူးစူး မသိရပေ။

စူးစူး ပြောသည်။ “ဒါဆို သတ်ချင် သတ်လိုက် …. ဘာပဲဖြစ်ဖြစ် …. သူက ရှင့်ရဲ့ မိစ္ဆာကျားတကောင်ပဲဟာကို”

သူမပြောစကား ကြားလိုက်သည့် အခိုက်အတန့် ထန်ထိုင်ကျင့် မျက်လုံးထဲက အေးစက်စက်ဒေါသက အနည်းငယ် အေးခဲသွားသည်။ မြေပြင်ပေါ်က အဝါရောင်ဝတ်ထားသော ထိုလူကို သူကြည့်လိုက်သည်။

ထိုလူက သူ့ကို ရှက်ပြုံးအပြုံးဖြင့် မျက်နှာ ချိုသွေးလိုက်သည်။

အကယ်၍ သူ့မှာသာ အမြှီး ရှိခဲ့လျှင် ကြောက်ရွံ့စွာဖြင့် အမြီးနှံ့ပြနေပေလိမ့်မည်။

နောက်ကျိနေတဲ့ ချီဓာတ်ကို သန့်ရှင်းပေးတဲ့ မန္တန် ရေ တခွက်လောက် တောင်းသောက်ခဲ့တာပဲ ရှိတာကို။ ဘာကြောင့် အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ?

မီးပြင်းဖိုထဲ အထည့်ခံရသည့် ထိုကျားသည် နောက်ဆုံးမှာ လူအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပြီး သင့်တော်သည့် ကျင့်ကြံမှုများကို ကျင့်ကြံချင်နေခဲ့တာ ဖြစ်သည်။

ရက်စက်တတ်သည့် မင်းဆိုးငယ်က ဘာအတွက်ကြောင့် သူ့ကို အသေသတ်ချင်နေပြီး အရေခွံနွှာချင်နေရတာပါလိမ့်?


Post a Comment

0 Comments