70 - ငါ့အမုန်း

အမှန်တကယ်ကိုပင် ချိုက်လူကြီးမင်း သေဆုံးမှုက ဖုံးကွယ်ခံရသည်။

ချိုက်လူကြီးမင်းသည် ရာထူးမှ အငြိမ်းစားယူပြီး ကိုယ့်ဇာတိ ကိုယ်ပြန်လာသည့်လမ်းတွင် ဓားပြလက်ချက်ဖြင့် သေဆုံးသွားရတာ ဖြစ်ကြောင်း အသိပေးခဲ့သည်။ သို့သော် မှူးမတ်တွေသည် ဥာဏ်ကောင်းကြသူများ ဖြစ်ကြသည်။ ဘာဖြစ်ခဲ့လဲဆိုတာ သူတို့အကုန်လုံး ခန့်မှန်းနိုင်ကြသည်။

ဧကရာဇ်သာ တခြားသူတယောက် ဖြစ်ခဲ့လျှင် ထိုကိစ္စသည် မှူးမတ်တွေရဲ့ ဒေါသကို နှိုးဆွပေးသလို ဖြစ်စေမည့် ကိစ္စဖြစ်သည်။ သို့သော် ယခုက ထန်ထိုင်ကျင့်။ သူသည် လူသတ်ချင်လျှင် လူသတ်လိုက်သည်။ ပြတ်ပြတ်သားသားပင်။ သူ ကျော်ကြားမှုကို မလိုအပ်။ မျက်နှာလည်း မလိုချင်။

ဘယ်သူတဦးတယောက်ကမျှ သူ့လိုလူမျိုးကို ဘာမှကို လုပ်လို့ မရ။

အတိုချုံးပြောရလျှင်၊ ထန်ထိုင်ကျင့်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ကိစ္စကြုံလာပါက အစကတည်းကပင် အလျော့ပေးလိုက်ကြပြီး မည်သူကမျှ အပြစ်ရှာထောက်ပြဖို့ အစပင်မပြုရဲကြတော့ပေ။

အရာအားလုံး အထစ်အငေါ့မရှိ အဆင်ပြေချောမွေ့နေခဲ့ရာ မျက်စိတမှိတ် အတွင်းမှာပင် ၆ လပိုင်း ရောက်သွားခဲ့ပြီ ဖြစ်သည်။

နန်းတက်ပွဲအခမ်းအနားရက် မရောက်မီ တရက်အလိုတွင် စူးစူးသည် မင်္ဂလာမီးငှက် သတို့သမီး ဝတ်စုံကို စမ်းဝတ်ကြည့်သည်။ ခမ်းနားထည်ဝါလှပနေသော သတို့သမီးဝတ်စုံသည် အလွှာအထပ်ထပ်ဖြင့် ချုပ်ထားပြီး ရွှေရောင်အပ်ချည်မျှင် သုံးကာ ချုပ်ထားသဖြင့် ဝတ်စုံသည် နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။

ထိုဝတ်စုံကို ပန်းထိုးသည် ၃၆ ယောက်က အချိန် ၂ လ ကြာမြင့်အောင် ချုပ်လုပ်ခဲ့ရတာ ဖြစ်သည်။

နျန့်မုနင်တောင်မှ ထိုဝတ်စုံသည် အလွန်ကြည့်ကောင်းကြောင်း လက်ခံထားသည်။

စူးစူး အဝတ်ပြန်လဲနေသည့်အချိန်တွင် တယောက်က ယဲ့ပင်းချန် ရောက်လာကြောင်းကို သတင်းလာပို့သည်။

“ရာသီဥတု မဆိုးဘူးပဲ … တတိယညီမလေး …. အတူတူ လမ်းလျှောက်ထွက်ကြမလား?” ယဲ့ပင်းချန် မေးလိုက်သည်။

သူမ မျက်လုံးတွေ အနည်းငယ် နီနေသည်။ မြင်တွေ့ရသည့် လူတိုင်းလိုလိုပင် သူမ ငိုထားကြောင်း သိနိုင်သည်။ နန်းတွင်းအစေခံတွေက စူးစူးကို ကြည့်လိုက်ပြီး ယဲ့ပင်းချန်ကို ကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးထဲတွင် သနားဂရုဏာသက်သည့် အရိပ်အယောင် ရှိနေကြသည်။

အရှင်မင်းကြီးသည် ထိုမိန်းကလေးကို ရွေးချယ်သတ်မှတ်လိုက်ပြီးနောက်ပိုင်း ထိုဖူးရန် နန်းဆောင်ဆီ ညနက်အချိန်ပင် ရောက်မလာတော့။ ထိုဖူးရန်သည် အတော် သနားစရာကောင်းလှသည်။

စူးစူး ရင်ထဲပြုံးမိသွားသည်။ “ကောင်းပြီလေ”

သူတို့ ၂ ယောက်သည် နန်းတွင်းပန်းခြံ တပတ် လမ်းလျှောက်ထွက်ကြသည်။ နျန့်မုနင် သူတို့နောက်က ကပ်ပြီး လိုက်ပါလာသည်။

ယဲ့ပင်းချန် ခါးခါးသီးသီး ပြုံးလိုက်ပြီး ပြောသည်။ “အစ်မ ဒီနေ့ရောက်လာတာ တတိယညီမလေးကို ရန်စကားပြောဖို့ ရောက်လာတာလို့ တတိယညီမလေး ထင်ကောင်း ထင်နေလိမ့်မယ်။ တကယ်တော့ ရွှမ့်ဝမ်မင်းသား ဆုံးပြီးကတည်းက အစ်မက ကံကောင်းခြင်းတွေ မရနိုင်တဲ့သူတယောက်လို့ နားလည်လာခဲ့တာ … ပြီးတော့ တတိယညီမလေးကိုလည်း မပြိုင်နိုင်ဘူးဆိုတာ သိလာခဲ့တယ်”

စူးစူး ပြောသည်။ “ကောင်းချီးပေးခံရတာ၊ မကောင်းတာတွေ ဖြစ်တာက တစုံတယောက်ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး …. နင့် ကံကြမ္မာက ဘာကြောင့် တယောက်ယောက်အပေါ်မှာပဲ မှီခိုနေရမှာလဲ?”

ယဲ့ပင်းချန် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ “ဒီလို ပြောတာ မဆိုးဘူးပဲ … ဒါပေမဲ့ အဲဒါတွေ အရေးမကြီးတော့ပါဘူးလေ …. တတိယညီမလေးက မနက်ဖြန်ဆို တကျိုးပြည်ရဲ့ မိဖုရားခေါင် ဖြစ်တော့မှာ … တခုလောက် တောင်းဆိုချင်တယ် … ကျေးဇူးပြုပြီး အရှင်မင်းကြီးထံ အစ်မအတွက် တောင်းဆိုပေးလို့ရမလား … နန်းပြင်ထွက်ခွင့်ပြုပေးဖို့ပေါ့ …. နန်းပြင်မှာရှိတဲ့ ရွာကိုပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရှပြည်ကိုပဲ ဖြစ်ဖြစ် ဘယ်နေရာကိုမဆို ရပါတယ် … ငါ့အတွက်တော့ ဒါဟာ လက်ဆောင်တခုလိုပါပဲ”

အသနားခံသည့် အကြည့်များဖြင့် စူးစူး လက်ကို ကိုင်ကာ ပြောလိုက်သည်။

စူးစူး သူမလက်ကို ရုတ်လိုက်ပြီး ပြောသည်။ “ကျောင်းဟွာဖူးရန် … တောင်းဆိုချင်ရင် ကိုယ်တိုင်တွေ့ပြီး တောင်းဆိုလိုက်ပါ ….. ငါ ကူညီနိုင်မှာ မဟုတ်ဘူး”

မိန်းမလှတယောက်၏ မျက်ရည်များသည် စူးစူးအပေါ် သက်ရောက်မှု မရှိပေ။ စူးစူးက ယဲ့ပင်းချန် လက်များကို ဆွဲဖယ်ပစ်လိုက်သည်။ “ဘာမှ ပြောစရာ မရှိတော့ရင် ကျွန်မ နန်းဆောင်ဆီ ပြန်ပြီ”

ယဲ့ပင်းချန်သည် ကျောခိုင်းသွားသည့်သူမကို ကြည့်ပြီး သူမလက်တွေ ရုတ်လိုက်သည်။ ဝမ်းနည်းပုံလည်း မပြ၊ ဝမ်းသာပုံလည်း မရပေ။

ကုံးယွိ တွေးမတတ်လောက်အောင် ဖြစ်နေပြီး ပြောလာသည်။ “သူ အမှန်တကယ် ဘာလုပ်ချင်နေတာလဲ? … ကျိုးပြည်နန်းတော်ကနေ ထွက်ချင်နေတာတော့ မဖြစ်နိုင်ဘူး”

စူးစူး လက်ဖဝါး ဖြန့်ကြည့်လိုက်သည်။

ကုံးယွိ အံ့ဩသွားပြီး ပြောလိုက်သည်။ “ဟေ? …. အဲ့ဒါ ဘာကြီးလဲ? ယဲ့ပင်းချန် ထည့်ပေးလိုက်တာလား?”

စူးစူးလက်ထဲတွင် အစိမ်းရောင်ကျောက်တုံးတတုံး ရောက်နေသည်။

စူးစူး ပြောသည်။ “ဒါ အဘွားရဲ့ ရတနာကျောက်တုံး”

ယဲ့မိသားစု နယ်နှင်ဒဏ်ပေးခံရပြီး စည်းစိမ်ဥစ္စာတွေ အကုန်အသိမ်းခံရသည့် အချိန်တုန်းက ယဲ့သခင်မကြီး လျှို့ဝှက်သိမ်းထားခဲ့သည့် တခုတည်းသော ထို ရတနာကျောက်တုံး။

ထိုရတနာကျောက်တုံးသည် သူမအဘွား ငယ်ရွယ်စဉ်က သူမအဘိုးက အဘွားကို ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့တာဖြစ်သည်။ စူးစူး ယဲ့သခင်မကြီးကို ကျောတွင် ပိုးလျှက် လျှိုကျိုးကို သွားသည့်အချိန်တုန်းက အေးစက်သည့် ညအချိန် ရောက်သည့်အခါတိုင်း ယဲ့သခင်မကြီးက အရင်တုန်းကအကြောင်းတွေ သူမကို ပြန်လည်ပြောပြခဲ့သည်။

အဘွားက ဒီရတနာကျောက်လေးကို အရမ်းတန်ဖိုးထားတာ … ဘာကြောင့် ယဲ့ပင်းချန်လက်ထဲ ရောက်နေရတာလဲ?

စူးစူး ရင်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရနေသည်။

ကုံးယွိ ပြောသည်။ “စိတ်မပူပါနဲ့ …. ထန်ထိုင်ကျင့် ထားတဲ့နေရာမှာ ယဲ့သခင်မကြီး အမြဲတမ်း ရှိနေပါတယ် … ဘာအန္တရာယ်မှ မရှိပါဘူး … သခင့်လိုမျိုးပဲ ယဲ့ပင်းချန်လည်းပဲ နန်းတွင်းထဲမှာပဲ ရှိနေတာပဲကို … ယဲ့သခင်မကြီးနဲ့ပတ်သက်တဲ့ ကိစ္စ ရှိမှာ မဟုတ်ဘူး … လွန်ခဲ့တဲ့ ၂ ရက်တုန်းက ယဲ့သခင်မကြီးဆီက သူအန္တရာယ်ကင်းကြောင်း ရေးထားတဲ့ စာ ရခဲ့တာပဲ မဟုတ်လား”

စာအကြောင်း ပြောရင်းနှင့် စူးစူးသည် ထိုရတနာကျောက်တုံး ကြည့်ပြီး သံသယ ဖြစ်လာသည်။

သူမအဘွား ရေးပေးခဲ့ဖူးသည့် စာတိုလေးတွေကို အမြန်ထုတ်ကာ သေချာနှိုင်းယှဉ်ကြည့်သည်။ စာတော်တော်များများတွင် လက်ရေးက အတူတူပင်။

စူးစူး မွန်းကျပ်လာသည်။

လူတယောက်တည်းက ရေးတာ ဖြစ်သော်လည်း အစောင်တိုင်းတွင် စာကို တပုံစံတည်း တူအောင်တော့ ရေးမည်မဟုတ်။

သူမ စာနှင့် ရတနာကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အပိုင်းအစတွေကို ဆက်စပ်ကြည့်လိုက်သည့်အခါ ရုတ်တရက် …..

အဘွားမှာ တခုခု ဖြစ်နေပြီ။

စူးစူး အနောက်ကို ပြန်လှည့်လျှောက်လာတော့ ယဲ့ပင်းချန်သည် သူတို့စကားပြောပြီး လမ်းခွဲခဲ့သည့် နေရာတွင်ပင် ရပ်စောင့်နေသည်ကို တွေ့လိုက်သည်။

ပန်းများအကြားတွင် ရပ်နေသော ယဲ့ပင်းချန်သည် စူးစူး ပြန်လာတာကို မအံ့ဩချေ။ သူမ ချိုသာစွာ ပြောလိုက်သည်။ “တတိယညီမလေး … အခုတော့ အစ်မနဲ့ စကားကောင်း ပြောချင်သွားပြီလား?”

စူးစူး ခေါင်းလှည့်လိုက်ပြီး နျန့်မုနင်ကို ပြောလိုက်သည်။ “မနက်ဖြန်ကျရင် သုံးရမဲ့ ကျောက်စိမ်းတံဆိပ်တုံးက ယွိမင်နန်းဆောင်မှာ ကျွန်မ မေ့ကျန်ရစ်တယ် … ကျွန်မကိုယ်စား ချင်ချန်နန်းဆောင်ဆီ ယူသွားထားပေးလို့ ရမလား?”

နျန့်မုနင် မျက်မှောင်ကြုတ်သွားသည်။

စူးစူး ပြောသည်။ “တခြားတယောက်ကို ယူခိုင်းလိုက်လို့လည်း ရပါတယ်”

ကျောက်စိမ်းတံဆိပ်တုံးကဲ့သို့ အရေးကြီးလှသည့် ကိစ္စတွင် နျန့်မုနင်သည် သူမကိုယ်စား တခြားတယောက်ကို မည်သို့ တာဝန်ယူခိုင်းလို့ ရမည်နည်း။ သူမသည် စူးစူးကို မျက်စိဒေါက်ထောက်ကြည့်နေဖို့ လရိပ်အဖွဲ့သားတယောက်ကို တိုးတိုးပြောလိုက်ပြီးနောက် ယွိမင်နန်းဆောင်ကို ထွက်သွားတော့သည်။

ညီအစ်မ ၂ ယောက် ကျောက်ဆောင်တခုအနောက်သို့ လမ်းလျှောက်သွားသည်။ စူးစူး ရတနာကျောက်တုံးကို ယူထုတ်ကာ လက်ဖဝါးပေါ် တင်ပြီးပြကာ မေးလိုက်သည်။ “အဲ့ဒါ ဘာဖြစ်တာလဲ?”

ယဲ့ပင်းချန်သည် ပျော့ညံ့အားနည်းသော ကိုယ်ဟန်အနေအထားကနေ တမျိုးပြောင်းသွားပြီး စူးစူးကို ရှုပ်ထွေးသည့် အမူအရာနှင့် ကြည့်လိုက်သည်။

“ညီမလေးကို အခုမှ လာပြောပြတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့ … အဘွားမှာ တခုခု ဖြစ်ခဲ့တာ သေချာတယ် …. ရွှမ့်ချန်ဝမ်က သူ မသေခင် အသက်အသေခံပြီး သစ္စာစောင့်သိတဲ့သူတွေ စုစည်းပြီး ဖွဲ့ထားတဲ့ တပ်ဖွဲ့တဖွဲ့ ချန်ထားရစ်တယ် … အဲ့ဒါက ပုန်းနေတဲ့ (ချန်လုံဝေ့) နဂါးအစောင့်တပ်ပဲ … အစကတော့ အဘွားနေတဲ့နေရာမှာ ဖန်လူကြီးမင်းက လျှို့ထားခဲ့တယ် … နောက် သူသေတော့ ဒီ နဂါးအစောင့်တပ်က ပျောက်ခြင်းမလှ ပျောက်သွားရော … ဒါကို အရှင်မင်းကြီးက လိုချင်နေတယ် …. လူတွေကြားထဲ ကိုယ်ရောင်ဖျောက်နေနေတဲ့ မင်းသား ၈ လည်း လိုချင်နေတယ်”

စူးစူး ပြောသည်။ “ဒါကြောင့် နင်ငါ့ကို ပြောချင်တာက … မင်းသား ၈ က ထန်ထိုင်ကျင့်ကို ရန်မစရဲဘူး … ဒါကြောင့် သူက အဘွားကို ဖမ်းပြီး အဲ့ဒီ ပုန်းနေတဲ့ (ချန်လုံဝေ့) နဂါးအစောင့်တပ်ရဲ့ နေရာကို မေးတယ်ပေါ့”

“မှန်တယ်” ယဲ့ပင်းချန် ပြောသည်။ “ညီမလေးက အဘွားဆီ သွားတွေ့ခွင့် ပိတ်ခံထားရပေမဲ့ အစ်မ အမေက သွားတွေ့လို့ ရတယ် …. သိပ်မကြာခင်တုန်းက အမေ အဘွားဆီ သွားတွေ့တယ် … ဒါပေမဲ့ အဘွားက ပျောက်နေပြီး ဒီ ရတနာကျောက်တုံးလေးပဲ တွေ့ရတော့တာ”

စူးစူး အေးတိအေးစက်ဖြင့် သူမကို စစ်ဆေးကြည့်သည်။

ကုံးယွိ တိုးတိုးလေး ပြောသည်။ “ယဲ့ပင်းချန် ပြောတာ အမှန် ဖြစ်နိုင်တယ်”

ယဲ့ပင်းချန် ဆက်ပြောသည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းသား ၈ သတင်းလွှင့်ခဲ့တယ် … ပုန်းနေတဲ့ (ချန်လုံဝေ့)နဂါးအစောင့်တပ်ကို ခေါ်လာရင် အဘွားကို အသက်ချမ်းသာပေးမယ်တဲ့ … မဟုတ်ရင်တော့ …”

သူမ တိုးတိုးလေး ပြောသည်။ “ဒီနေ့ ညနက်သန်းခေါင်အချိန်မှာ အဘွား သေလိမ့်မယ် … နန်းတော်တခုလုံးက ဒီသတင်း သိနေကြပြီးပြီ … အရှင်မင်းကြီး နန်းတော်ကနေ ထွက်သွားတဲ့အချိန်ကို မှတ်မိသေးလား? …. မင်းသား ၈ ဘက်တော်သားတွေကို သူထွက်သွားရှာခဲ့တာလေ … အရှင်မင်းကြီးက ညီမလေးကို ပေးမသိခဲ့ဘူး … နန်းတွင်းအစေခံတွေလည်း ညီမလေးကို မပြောပြရဲကြဘူးလေ … အစကတော့ အစ်မ မစွန့်စားရဲဘူး ဒါပေမဲ့ သူက အစ်မအဘွားလည်း ဖြစ်နေတာမို့လို့”

“တတိယညီမလေး” ယဲ့ပင်းချန်သည် စူးစူးကို အကဲခတ်လိုက်သည်။ “ပုန်းနေတဲ့ (ချန်လုံဝေ့)နဂါးအစောင့်တပ်က …. ညီမလေး လက်ထဲမှာလား”

စူးစူး မာနအပြည့်ဖြင့် ရယ်ပြီး ပြောလိုက်သည်။ “မရှိဘူး”

စူးစူး ပြောသည်။ “နင် ဘာလုပ်ဖို့ ကြံနေလဲ ဆိုတာ ငါ ဂရုမစိုက်ဘူး … ဒါပေမဲ့ အဘွား ဒီလို ဖြစ်ရတာ နင်နဲ့ ပတ်သက်နေကြောင်း ငါ သိရတာနဲ့ … ငါ ပေးခဲ့ဖူးတဲ့ ကတိ ဖျက်ရချင် ဖျက်ရပါစေ … နင့်တသက်လုံး ဒုက္ခတွေနဲ့ ခံစားပြီး နေသွားရအောင် ငါ လုပ်ပြမယ်”

[စူးစူးပြောတဲ့ ကတိ ဆိုတာ ရှောင်းလင် သူ မသေခင် စူးစူးဆီက တောင်းခဲ့တဲ့ ယဲ့ပင်းချန်ကို ထိခိုက်နာကျင်အောင် မလုပ်ပါဘူး ဆိုတဲ့ကတိ]

စူးစူး အတွက်တော့ အဘွားသည် လူ့လောကတွင် နွေးထွေးသည့် မိသားစုချစ်ခြင်းမေတ္တာကို ပေးခဲ့သည့် တဦးတည်းသောသူ ဖြစ်သည်။ ဘာပဲဖြစ်နေပါစေ။ အဘွားတခုခု ဖြစ်သွားမှာကို စူးစူး လုံးဝ အဖြစ်မခံနိုင်ပေ။

မင်းသား ၈ သတ်မှတ်ပေးထားသည့် နောက်ဆုံးအချိန်သည် ယနေ့ည သန်းခေါင်ယံအချိန် ဖြစ်သည်။ စူးစူးသည် အဘွားနှင့် လဲလှယ်ဖို့အတွက် (ချန်လုံဝေ့)နဂါးအစောင့်တပ်ကို အချိန်မီရှာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

ယဲ့ပင်းချန် မျက်လွှာချကာ သိမ်မွေ့စွာ ပြောသည်။ “အစ်မမှာ မကောင်းတဲ့အကြံစည် ရှိတယ်လို့ ညီမလေး ထင်ချင် ထင်နိုင်ပါတယ် … ဒါပေမဲ့ ညီမလေး အဘွားကို ကယ်နိုင်လိမ့်မယ်လို့ အစ်မ စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်”

စူးစူး ပြောလိုက်သည်။ “နှလုံးကာအကြေးခွံ ထုတ်လိုက်”

“ဘာ?” ယဲ့ပင်းချန် အံ့ဩစွာဖြင့် စူးစူးကို ကြည့်လိုက်သည်။

စူးစူး ပြောသည်။ “နင်က စိတ်ရင်းနဲ့ ငါ့ကို အမှန်တကယ် လူကယ်စေချင်ရင် နင့်ရတနာကို ငါ့ကို ပေးလိုက် … ငါ အဘွားကို သွားကယ်မယ်”

ယဲ့ပင်းချန် အနောက်ကို ခြေတလှမ်း ဆုတ်သွားသည်။

စူးစူး ရယ်ပြီး ပြောသည်။ “ကြည့် … နင်လုပ်နေတာတွေက အဘွားအတွက်လို့ ပြောနေတာတွေ ရပ်လိုက်စမ်းပါ … ယဲ့ပင်းချန် …. နင်က နင့်ကိုယ်နင်ပဲ ချစ်တာ”

ယဲ့ပင်းချန်သည် မသိစိတ်၏ စေ့ဆော်မှုအရ ချက်ချင်း တုံ့ပြန်လိုက်သည်။ “မဟုတ်ဘူး … ငါ့ပစ္စည်းယူသွားမှ အဘွားကို ကယ်နိုင်မယ် မကယ်နိုင်ဘူးဆိုတာ ငါ ဘယ်လိုလုပ်သိနိုင်မှာလဲ”

စူးစူး တချက်ကြည့်လိုက်သည်။ သူမနှင့် အဓိပ္ပာယ်မရှိတာတွေ ပြောမနေတော့ပဲ ထိုနေရာက ထွက်ခွါသွားတော့သည်။

“ကျွန်တော်တို့ ဘာလုပ်ကြမလဲ?” ကုံးယွိ မေးသည်။

“လူကယ်မယ်”

“မိဖုရားခေါင်မဖြစ်ချင်တော့ဘူးလား”

“လူတယောက်ရဲ့ အသက်က သေမလား ရှင်မလား အခြေအနေ ဖြစ်နေပြီ … မိဖုရားခေါင်က ဖြစ်ချင်သေးတယ်လား?” စူးစူး စိတ်ဆိုးဆိုးဖြင့် ပြောသည်။

သူမ ရည်ရွယ်ချက်က ထန်ထိုင်ကျင့်၏ မိဖုရားခေါင် လုပ်ဖို့ မဟုတ်။ အကယ်၍ သူမ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ခဲ့လျှင် ဒီနေ့ညနက်သန်းခေါင် မတိုင်ခင် အချိန်မီ လုပ်နိုင်လိမ့်မည် ဖြစ်သည်။

ထန်ထိုင်ကျင့်သည် စူးစူး လူကယ်မှာကို သူ မလိုချင်ခဲ့တာကြောင့် ထိုကိစ္စကို စူးစူးကို ပေးမသိခဲ့တာ ဖြစ်သည်။

အကယ်၍ ဒီ့ထက် ပိုရက်စက်တဲ့အတွေး တွေးရလျှင် … ထန်ထိုင်ကျင့်သည် ပုန်းနေသည့် (ချန်လုံဝေ့)နဂါးအစောင့်တပ်ကို မျှားခေါ်ထုတ်ချင်၍ မင်းသား ၈ က စူးစူးအဘွားကို လာဖမ်းတာကို တမင်လွှတ်ပေးခဲ့မည် ဖြစ်သည်။

ဒါ့အပြင် ထန်ထိုင်ကျင့်က စူးစူး လက်ထဲတွင် နဂါးအစောင့်တပ် ရှိနေရမည်ဟု သူခံစားနေရသည်။ စူးစူးက နဂါးအစောင့်တပ်ကို မင်းသား ၈ ထံ ပေးလိုက်မှာကို သူ ကြောက်နေသည်။ ထိုသို့ ပေးလိုက်လျှင် မင်းသား ၈ သည် သူ့ထက် ဂုဏ်သိက္ခာပိုတက်သွားပြီး အာဏာပိုရှိလာမည် ဖြစ်ကာ သူ၏ဖြစ်တည်မှုကိုပါ လှုပ်ကိုင်လာနိုင်မည် ဖြစ်သည်။ အကယ်၍ မင်းသား ၈ က ယဲ့သခင်မကြီးကို အမှန်တကယ် သတ်ခဲ့လျှင် စူးစူးက ဘာပဲဖြစ်နေပါစေ နဂါးအစောင့်တပ်ကို မင်းသား ၈ အား လုံးဝ ပေးတော့မည် မဟုတ်ချေ။

သို့သော်လည်း၊ နဂါးအစောင့်တပ်သည် သူမလက်ထဲတွင် အမှန်တကယ် မရှိ။

စူးစူးသည် ထိုယဲ့ပင်းချန် ဥာဏ်ကောင်းကြောင်း ဝန်ခံရပေမည်။ ထောင်ချောက် ဖြစ်နေပါစေ၊ သူမ သွားကို သွားရပေလိမ့်မည်။

စူးစူး စာတစောင် ရေးထားခဲ့သည်။ စာထဲတွင် မနက်ဖြန် မတိုင်ခင် သူမ သေချာပေါက် ပြန်လာခဲ့မည် ဖြစ်ကြောင်း ထန်ထိုင်ကျင့်ကို ပြောထားသည့် အကြောင်း ဖြစ်သည်။

ကုံးယွိ သတိပေးသည်။ “သခင် … ဒီမှာ မထားနဲ့လေ … ပေါရယ်ဖူရှန်း (မှတ်ဥာဏ်တံလျှပ်လောက) မှာတုန်းက မင်ယဲ့နဲ့ စန်းကျိုတို့ရဲ့ အဖြစ်အပျက်ကနေ ရခဲ့တဲ့ သင်ခန်းစာ မှတ်မိသေးရဲ့လား?”

စူးစူးသည် စန်းကျိုအတွက် ထားခဲ့တဲ့ မင်ယဲ့စာကို ထျန်းဟွမ်းက ဝင်ဖျက်သွားတဲ့ အကြောင်းကို ချက်ချင်းတွေးမိသွားသည်။

သူမ စာကို ပြန်ယူလိုက်ပြီး အင်းစာရွက်နှင့်အတူ မီးမြိုက်ပစ်လိုက်သည်။

မနက်ဖြန် မတိုင်ခင် သူမ ပျောက်နေကြောင်း ရှာတွေ့သည့် မည်သူမဆို၊ သူမအခန်းထဲဝင်လာတာနှင့် အခန်းထဲရှိ ရေငွေ့ကနေ ပုံသဏ္ဠာန်ဖြစ်လာသည့် စာလုံးတွေကို မြင်ပြီး ထန်ထိုင်ကျင့်ဆီ သတင်းပို့ကြလိမ့်မည်။

တံခါးအပြင်ဘက်ရှိ အစေခံတွေကို သူမ အနားယူတော့မည့်အကြောင်းနှင့် မည်သူကမျှ လာမနှောင့်ယှက်ဖို့ ပြောပြီး သူမ တံခါးကို ပိတ်လိုက်သည်။

စူးစူး ချင်းရှစ်ပန်း သုံးကာ နေရာရွှေ့ပြောင်းအစီအရင် ဆွဲလိုက်သည်။

သူမ လက်ချောင်းထိပ်ကနေ သွေးတွေ စီးထွက်လာသည်။ သူမနံဘေးတွင် ထားထားသည့် အနီရောင်၊ ရွှေရောင်အပ်ချည်မျှင်တွေနှင့် လှပစွာ ထိုးထားသည့် မင်္ဂလာခေါင်းခြုံပုဝါကို တချက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူမ ပျောက်ကွယ်သွားတော့သည်။

စူစူး အခန်းထဲတွင် ငွေကွင်းနှင့်အတူ ယဲ့ပင်းချန် ပေါ်ထွက်လာသည်။

လေထဲ လွင့်မျောနေသော ရေငွေ့တွေသည် ပုံသဏ္ဠာန်ပေါ်လာဖို့ တဖြည်းဖြည်း စုစည်းသိပ်သည်းလာ​နေသည်ကို ကြည့်ရင်း ယဲ့ပင်းချန် တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဥာဏ်ကောင်းသားပဲ”

သူမ ရင်ခွင်ထဲရှိ နှလုံးကာအကြေးခွံကနေ ငွေရောင်အလင်းတန်း ထွက်လာသည်။ သူမ လက်လှမ်းပြီး ဝေ့ယမ်းလိုက်ရာ ထိုရေငွေ့ထုသည် သဲလွန်စပင်မကျန်ပဲ ကွယ်ပျောက်သွားတော့သည်။

“ဒါပေမဲ့ နှလုံးကာအကြေးခွံက ပိုအသုံးဝင်တယ် … ဝမ်းနည်းပါတယ် … တတိယညီမလေး … နင် ငါ့ကိုမှ အသက်ရှင်လမ်း မပေးခဲ့ပဲလေ”



တချိန်တည်းမှာပင် ဝိညာဉ်ဝါးမျိုအလံကနေ အမည်းရောင်အခိုးအငွေ့တွေ တလိပ်လိပ် ထလာပြီး တာအိုဘုန်းကြီးအို အပြေးရောက်လာကာ သတင်းပို့သည်။

“အရှင်မင်းကြီး …. နန်းတွင်းထဲ မှော်အစီအရင်လှုပ်ရှားမှု ရှိတာ တွေ့လိုက်ရတယ်”

ထန်ထိုင်ကျင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်သည်။ သူ့လက်ကို ရုတ်လိုက်သည်။ သူ့နှုတ်ခမ်းပါးပါးတွင် နီရဲတောက်တောက်တွေ စွန်းထင်းနေသည်။ သူ့ရှေ့တွင် ရှိနေသော မိစ္ဆာကြွက်သည် ဆန့်တငင်ငင်လှုပ်နေပြီး သူ့လက်ထဲက အနက်ရောင် ချီဓာတ်သည် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

သူ မျက်လွှာချလိုက်သည်။

ထန်ထိုင်ကျင့်သည် တခဏလောက် အတွေးထဲ နစ်မျောနေခဲ့ပြီးနောက် ရယ်သွမ်းသွေးလိုက်သည်။ သူ ပြောင်းလဲပြီလို့ ထင်ခဲ့သည့်အရာတွေ ရှိခဲ့ပေမဲ့ တကယ်တမ်းတော့ မပြောင်းလဲပဲ ရှိနေသေးသည်။ ဥပမာ သူကိုယ်တိုင်သည် ဘဝသက်တမ်း ဆွဲဆန့်ဖို့အတွက် ကုန်သွားသည့် စွမ်းအင် ဖြည့်တင်းဖို့ရာ မိစ္ဆာအမြုတေကို လိုအပ်နေဆဲ ဖြစ်သည့် မိစ္ဆာတကောင် ဖြစ်နေတုန်းပင်။

လွန်ခဲ့သော တခဏက သူ တွေးတောနေခဲ့သေးသည်။ အကယ်၍ သူမသာ ဤအကြောင်း သိခဲ့လျှင် သူ့ကို ရွံရှာသည့် မျက်လုံးများဖြင့် ကြည့်နိုင်လောက်သည် ဟူ၍။ သို့ပေမည့် နောက်တခဏတွင်တော့ တယောက်ယောက်က သူမ ထွက်သွားပြီ ဖြစ်ကြောင်း သူ့ကို လာပြောပြန်သည်။

တဖန်။

ထန်ထိုင်ကျင့် ထရပ်လိုက်သည်။ တံခါးအပြင်ဘက်တွင် နျန့်ပိုင်ယွီ စောင့်ကြပ်နေသည်။

အချိန်အနည်းငယ်အကြာတွင် ဖြုဖပ်ဖြူလျော်မျက််နှာနှင့် နျန့်မုနင် ပေါ်လာသည်။ “မိန်းကလေးကို မတွေ့ရတော့ဘူး”

ထန်ထိုင်ကျင့်သည် သူမ ထင်ထားတာထက်ကို ပိုပြီး တည်ငြိမ်နေသည်။ သူသည် လေးလေးနက်နက် ပြုံးလိုက်ပြီး “ငွေလိပ်ပြာ ဘယ်မှာလဲ”

နျန့်မုနင်သည် သေတ္တာတခု အမြန်ယူထုတ်လိုက်သည်။

ငွေလိပ်ပြာ၏ တောင်ပံများသည် ညနက်အမှောင်ထဲတွင် အဖြူရောင်အလင်းစက်ဝန်း ဖြာထွက်နေပြီး တနေရာကို ဦးတည်ပျံသန်းထွက်သွားသည်။

ထန်ထိုင်ကျင့် အသံနိမ့်ဖြင့် ပြောလိုက်သည်။ “ချန်နန် နေရာပဲ … မင်းသား ၈ ပုန်းနေတဲ့ နေရာ”

ဒါဆို နဂါးအစောင့်တပ် (ချန်လုံဝေ့) က သူမနဲ့ ရှိနေတာပဲ။ ဖြစ်နိုင်တာက၊ သူမသည် နဂါးအစောင့်တပ်ကို မင်းသား ၈ ဆီပေးပြီးလျှင် သူ့ဆီ ဘယ်သောအခါမှ ပြန်လာတော့မည် မဟုတ်။

သူသည် သိသိသာသာကို ပြုံးနေခဲ့သော်လည်း နျန်ပိုင်ယွီကတော့ သူ၏ အရှင်မင်းကြီး စိတ်အခြေအနေသည် တော်တော်ဆိုးဝါးနေမည်ဟု ခံစားနေရသည်။

နျန့်မုနင် ခေါင်းငုံ့နေသည်။

ခြေရာခံလိုက်သည့်နည်းတွေက လူ့လောကတွင် လုံးဝ အသုံးမဝင်။

စူးစူး ဘယ်မျက်လုံးက သွေးလိုနီရဲနေသည်ကို မြင်ရသည့် ကုံးယွိက အမြန်ပြောလာသည်။ “သခင် …. ချင်းရှစ်ပန်း အလွန်အကျွံသုံးနေတာ ရပ်ပါတော့ …. သခင့်လူသားခန္ဓာကိုယ်က တန်ပြန်သက်ရောက်ဒဏ်ကို မခံနိုင်ဘူး”

စူးစူး တိတ်ဆိတ်နေသည်။

တကယ်တော့ လူရှာရင်း ဒီနေရာအထိ ရောက်လာသည့်အချိန်တွင် သူမရဲ့ အတွင်းကလီစာများ နာကျင်ကိုက်ခဲလွန်း၍ အသိမရှိတော့လောက်အောင် ဖြစ်နေပြီး ဖြစ်သည်။ ချင်းရှစ်ပန်း သုံးသည့် အခေါက်တိုင်း သူမခန္ဓာကိုယ်တွင် နာကျင်မှုတွေ အလွန်အမင်း ခံစားရမည်ဟု ကုံးယွိ ပြောသည်။

သူမ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မနက်ဖန် မနက် မတိုင်ခင် သူမအဘွားကို ပြန်ခေါ်လာနိုင်မည်ဟု သူမ မျှော်လင့်နေသည်။

မင်းသား ၈ ပေးထားသည့် အချိန် ရောက်တော့မည် ဖြစ်သည်။

ရုတ်တရက် .. သစ်ပင်ကြားကနေ မျက်လုံးစိမ်းနှင့် မြေခွေး ၂ ကောင်သည် သူမကို မထင်မရှား ကြည့်နေသည်ကို တွေ့ရသည်။ သူမ အနားတော့ ကပ်မလာရဲကြ။

တခုခု မှားနေပြီလို့ စူးစူး ခံစားလိုက်ရသည်။ လေထဲတွင် ထူးဆန်းသည့် ရနံ့ ရှိနေသည်။ သူမ စဉ်းစားလို့ မရခင်မှာပင် သူမ ရင်ခွင်က ပူလာပြီး ဝိညာဉ်ခြွေနတ်သံ ၃ ချောင်း ထပ်ပေါ်လာသည်။

၆ ချောင်း ဖြစ်သွားပြီ။

တခုခု လေခွင်းလာသည့်အသံ သူမ ကြားလိုက်ရသည်။ စူးစူး အလိုလိုသိစိတ်ဖြင့် ထိုမြှားကို ချက်ချင်းပင် ရှောင်ရှားလိုက်သည်။

လက်ခုပ်တီးသံ ကြားလိုက်ရပြီး သစ်ပင်ကြားကနေ ခရမ်းနက်ဝတ်ရုံနှင့် လူငယ်တဦး ထွက်ပေါ်လာသည်။ သူ့ကို ကြည့်ရတာ အသက်ကြီးပုံ မပေါက်။ သို့သော် မျက်နှာတွင် သတ်ဖြတ်ချင်နေသည့် မိစ္ဆာအငွေ့အသက်တွေ ရှိနေသည်။

ထိုသူသည် စူးစူးကို မြင်ရသည့်အခါ သားကောင်ကို လိုက်နေသည့် မုဆိုးတယောက်နှယ် စိတ်လှုပ်ရှားသွားသည်။

“မင်းက တတိယယဲ့မိန်းကလေးပဲ ….. အချိန်အကြာကြီး စောင့်လိုက်ရတယ် …. နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”

“မင်းသား ၈?” စူးစူး မေးလိုက်သည်။ “ကျွန်မ အဘွား ဘယ်မှာလဲ”

“အဲ့ဒီ အဘွားကြီးလား?…. စိတ်မပူပါနဲ့ …. အချိန်တခုအထိတော့ သူ လုံခြုံတယ် …. ချန်လုံဝေ့ (နဂါးအစောင့်တပ်) တံဆိပ်တုံးကော? ယူလာခဲ့လား?”

အမှန်တော့ စူးစူးသည် မင်းသား ၈ ကို တွေ့လိုက်ရသည့်တခဏ သူမ စိတ်ပျက်သွားသည်။

သူမသည် ချင်းရှစ်ပန်း၏စွမ်းအားကို သုံးကာ တိတ်တဆိတ်ခိုးလာခဲ့တာ ဖြစ်သည်။ မင်းသား ၈ ရှာတွေ့သွားမှာကို သူမ မလိုချင်ခဲ့။ အဘွားကို တွေ့အောင် ရှာပြီး တိတ်တဆိတ် ပြန်ခေါ်ဆောင်သွားဖို့ ရည်ရွယ်ချက်နှင့် လာခဲ့ပေမဲ့ မထင်ထားခဲ့မိတာက မင်းသား ၈ သည် ထိုနေရာတွင် သူမကို စောင့်နေခဲ့တာပဲ ဖြစ်သည်။

မင်းသား ၈ သည် ထန်ထိုင်ကျင့်ထက် ၂ နှစ်ငယ်သည်။ သူ့မျက်ခုံးမှာ အနည်းငယ် ထူပြီး ထန်ထိုင်ကျင့်ရုပ်ရည်လောက် အသက်ရှူမှားသွားလောက်စေမည့် ရုပ်ရည် မရှိသော်လည်း ကြည့်ကောင်းသည့် အသွင်အပြင် ရှိသည်။

ကုံးယွိ လေးလေးနက်နက် ပြောသည်။ “ယဲ့ပင်းချန် သတင်းပေးလိုက်တာ ဖြစ်နိုင်တယ်”

ကြောက်စရာကောင်းသည့် မှန်းဆချက်ပင်။ အကယ်၍ ယဲ့ပင်းချန် ဖြစ်ခဲ့လျှင် သူမသည် စူးစူးအဘွားကို သတ်ဖို့ကြိုးစားနေမှန်း သိသာနေပြီ ဖြစ်သည်။

စူးစူး တည်ငြိမ်အောင် ထိန်းလိုက်ပြီး တံဆိပ်တုံးကို သူမ အင်္ကျီ လက်ဖြင့် တဝက်ဖုံးကာ လက်ပေါ်တင်ပြလိုက်ပြီး ခပ်မြန်မြန်ပင် လက်ရုတ်လိုက်ရင်း “ကျွန်မ ယူလာတယ် … ကျွန်မအဘွားကို ကြည့်ပါရစေ”

မင်းသား ၈ သည် သူမ မှန်းဆ၍ မရနိုင်သော အမူအရာဖြင့် သူမကို ကြည့်လိုက်သည်။

“ဒီ တံဆိပ်တုံးလား?”

စူးစူး ပြောသည်။ “ဟုတ်တယ်”

တကယ်တော့ ထို တံဆိပ်တုံးသည် မိဖုရားခေါင်တံဆိပ်တုံး ဖြစ်သည်။ သူမ ရင် တဒိန်းဒိန်း ခုန်နေသည်။ မင်းသား ၈ သေချာမြင်မသွားဘူးလို့ သူမ မျှော်လင့်နေသည်။

မင်းသား ၈ ခေါင်းခါလိုက်သည်။ “တံဆိပ်တုံးက မင်းလက်ထဲမှာ မဟုတ်ဘူး …. ချန်လုံဝေ့ (နဂါးအစောင့်တပ်) တံဆိပ်တုံးက ဘယ်လိုပုံစံလဲဆိုတာကိုတောင် မင်းမသိဘူး”

သူ ထူးထူးခြားခြား ရယ်လိုက်သည်။ “မင်းပြလိုက်တဲ့ အရာက မိဖုရားခေါင်တံဆိပ်တုံးနဲ့ ဆင်နေတယ် … ငါ့အမေနဲ့ ကိုယ်လုပ်တော်တွေ တနေ့ ပိုင်ဆိုင်ရဖို့ အိပ်မက်မက်ခဲ့ဖူးတဲ့ အရာပေါ့ …. ငါ့ရဲ့ ရက်စက်လှတဲ့အကိုတော်မင်းကြီးက မင့်ကို ပေးထားတာလား?”

စူးစူး အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ အကျိုးမရှိတာတွေ ပြောမနေတော့ပဲ တိုက်ခိုက်ဖို့ အတွက် သူမ လက်ကို မြောက်လိုက်သည်။

မင်းသား ၈ သည် ကျယ်ကျယ်လောင်လောင်ရယ်လိုက်ပြီး မျက်နှာလည်း မဲမှောင်သွားသည်။ “ကောင်မစုတ်လေး …. ငါ့ပိုင်နက်နယ်မြေထဲ ဝင်လာပြီး မာနထောင်ပြရဲသေးတယ် …. မိမစစ်ဖမစစ်ကောင်စုတ်က မင်းကို ဂရုစိုက်နေတယ်ဆိုတော့ မင်းဒီမှာ နေကျန်ရစ်ရမယ်”

နီနီရဲရဲ မီးလျှံ နကျယ်ကောင်တွေ လေထဲတွင် ရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။

ကုံးယွိ အော်လိုက်သည်။ “ချီးထုပ်ပဲ …. ထန်ထိုင် တော်ဝင်မိသားစုဝင် အယောက်တိုင်းလိုလိုမှာ ကိုယ်ပိုင် မိစ္ဆာကောင်တွေ ရှိကြတယ်ဟ!”

နီနီရဲရဲ မီးလျှံနကျယ်ကောင်မိစ္ဆာသည် နဂိုဇစ်မြစ်က ကျိုးပြည် တော်ဝင်မိသားစုပိုင် ဖြစ်ပြီး မင်းသား ၈ လက်ထဲတွင် အကောင်ရေ ဘယ်လောက်များများ ရှိနေလဲဆိုတာ မသိရပေ။

စူးစူးအတွက် အခုချိန်ပြေးလျှင် သူမ မီသေးသည်။ သို့သော် သူမ ပြေးလျှင် သူမ အဘွား ဘယ်လိုရှိမည်နည်း။

သူမ ဓားကို ဆွဲထုတ်လိုက်ပြီး သူမကို တိုက်ခိုက်နေသည့် နီနီရဲရဲမီးလျှံနကျယ်ကောင်မိစ္ဆာ ၂ ကောင်လောက် သတ်ပစ်လိုက်သည်။

သို့သော် မီးလျှံနကျယ်ကောင်တွေ အလွန်များနေသည်။ ပျားအုံကို တုတ်နှင့် ထိုးလိုက်သလို ရှိရှိသမျှ မီးလျှံနကျယ်ကောင်တွေသည် စူးစူးဆီ တည့်တည့် ပျံသန်းလာနေကြသည်။

ထိုအခြေအနေတွင် စူးစူး တလက်မမျှ ရှေ့မတိုးရဲ။

စူးစူး ကိုယ် တပတ်လှည့်ပြီး မြေကြီးပေါ် ဆင်းလိုက်သည်။ မီးလျှံနကျယ်ကောင်တွေက အကောင်ကြီးသည့်အတွက် နေရာကျဉ်းကျဉ်းတွေဆီ ရှောင်တိမ်းရင်း မင်းသား ၈ ဆီ နီးကပ်သွားလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတယ်” မင်းသား ၈ အော်ပြောလိုက်သည်။

ထိုနေရာတွင် သူပုန်းပြီး စောင့်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီး ပုံမှန်အားဖြင့် တွေးရလျှင် သူ့တွင် ဝှက်ဖဲ အများအပြား ရှိနေမှာ သေချာသည်။ ထန်ထိုင်မင်လန်နှင့် ထန်ထိုင်ကျင့်တို့သည် မကောင်းတဲ့ အကြံအစည်တွေနှင့် ရက်စက်တဲ့ ဘုရင်တွေ ဖြစ်သည့်အလျောက် မင်းသား ၈ ကို ထောက်ခံအားပေးကူညီသူအများအပြား သဘာဝကျကျ တိုးတက်လာနေသည်။

မီးလျှံနကျယ်ကောင်တွေ တုတ်တုတ်မျှ မလှုပ်တော့။ သို့သော် စူးစူး အနောက်တွင် ရုတ်တရက် သွေးရောင်ပိုက်ကွန် ဖြန့်ကြဲချလိုက်သည်။

ကုံးယွိ ထိတ်လန့်သွားသည်။ “အရိုးပျော်ပိုက်ကွန်ပဲ … သခင် … အဝေးကိုရှောင်ထွက်လိုက် …”

အရှေ့တွင် မီးလျှံနကျယ်ကောင်၊ အနောက်တွင် အရိုးပျော်ပိုက်ကွန်။ စူးစူး ရုတ်တရက် နားလည်သွားသည်။ ထန်ထိုင်ကျင့်နှင့် သူမ အမြဲ တိုက်ခိုက်ခဲ့ပေမဲ့ ထန်ထိုင်ကျင့်က သူမကို အမြဲ အလျော့ပေး၍သာ သူမ အနိုင်ရခဲ့သည်ချည်း။ ထန်ထိုင်ကျင့်သည် သူမနှင့် ပတ်သက်လာလျှင် အသက်သေစေမည့်အကွက် သူ လုံးဝ ထုတ်မသုံးခဲ့။

မင်းသား ၈ သည် ထန်ထိုင်ကျင့်ကို လုံးဝ မနိုင်နိုင်။ စူးစူးသည် မင်းသား ၈ နှင့် စတင် ရင်ဆိုင်ရကတည်းက သူမ ရှုံးနေသည့် အနေအထား ရောက်နှင့်နေပြီ ဖြစ်သည်။

အနောက်တွင် ရှိနေသည့် အရိုးပျော်ပိုက်ကွန်ကို ရှောင်ရှားဖို့အတွက် စူးစူးသည် မီးလျှံနကျယ်ကောင် ဆီ တိုးဝင်လိုက်သည်။

မီးလျှံနကျယ်ကောင်၏ နှုတ်သီးသည် စူးစူး ပုခုံးကို ထိုးဖောက်တော့မည့် ဆဲဆဲ။

ငွေလိပ်ပြာသည် မီးလျှံနကျယ်ကောင်အုပ်ထဲ ပျံသန်းဝင်သွားသည်။ မှောင်မဲနေသည့် ညနက်ထဲက သစ်တောအုပ်တွင် ရုတ်တရက် ထွက်လာသည့် အလင်းတန်းကြောင့် မီးလျံနကျယ်ကောင်တွေ အန္တရာယ်တခုခု အနံ့ရမိသလို ပြန့်ကြဲသွားပြီး ထွက်ပြေးကြကုန်သည်။

စူးစူး သနားစရာကောင်းလောက်အောင် မြေပြင်ပေါ် လဲကျနေခဲ့သည်။ တိမ်ပုံစံ အမည်းရောင်ဖိနပ်စီးထားသည့် ခြေတစုံ သူမ ရှေ့ရောက်လာသည်။

သူမ ခေါင်းမော့ကြည့်လိုက်တော့ ထန်ထိုင်ကျင့်ကို တွေ့လိုက်ရသည်။ သူမကို လှောင်ပြောင်ရယ်မောလိုက်သည်။ “မင့် အရည်အချင်းမျိုးနဲ့ လာပြီး အသေခံရဲသေးတာလား”

မင်းသား ၈ ဆီ လှည့်ကြည့်ပြီး သရော်ပြုံးဖြင့် ပြောလိုက်သည်။ “တိရစ္ဆာန်လေး …. မင်း ဘယ်လိုပုံစံနဲ့ သေချင်လဲ … ရွေးခွင့်ပေးမယ်”

ညီအကိုအရင်းတွေ ဖြစ်နေကြသည့်အပြင် တယောက်ကို တယောက် ရန်လို ကျိန်ဆဲတာတွေလည်း တူနေကြပြန်သည် ဟု စူးစူး တွေးနေမိသည်။

ထန်ထိုင်ကျင့်က ပိုများနေသည်။

မင်းသား ၈ ဒေါသထွက်နေသည်။ “ဒီနေ့ မင်း ပြန်သွားလို့ မရတော့ဘူး”

ထိုနေရာသည် မင်းသား ၈ ပိုင်နက် နယ်မြေ ဖြစ်သည်။ ထူးဆန်းသည့် မြူနှင်းအခိုးအငွေ့တွေ လေထဲ ရောနှောပျံ့နှံ့နေသည်။ ထန်ထိုင်ကျင့် အနောက်က ဝိညာဉ်ဝါးမျိုအလံသည် အမြန်လည်ပတ်မွှေ့ယမ်းလိုက်ရာ ထိုမြူနှင်းအခိုးအငွေ့တွေသည် မျက်စိတမှိတ်အတွင်း လွှင့်ပျယ်သွားတော့သည်။ မင်းသား ၈ ပြောသည်။ “ဒါ မဖြစ်နိုင်ဘူး!”

ထန်ထိုင်ကျင့် ပြောသည်။ “သတ်ကြစမ်း”

စူးစူး ထရပ်လိုက်ပြီး ထန်ထိုင်ကျင့် နံဘေးတွင် ရပ်လိုက်သည်။

အခြေအနေမဟန်တော့သည်ကို မြင်ရသည့် မင်းသား ၈ သည် ထွက်ပြေးဖို့ လုပ်တော့သည်။

စူးစူးသည် သူမ အဘွားကို စဉ်းစားမိပြီး မင်းသား ၈ နောက် လိုက်ဖို့ လုပ်သည်။

သူမ ရှေ့တလှမ်းတိုးလိုက်ရာ ထန်ထိုင်ကျင့်က သူမ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး စိတ်ဆိုးစွာဖြင့် ပြောသည်။ “မင့် သေချင်နေလား?”

“ကျွန်မ အဘွား“

သူမ စကား ၂ လုံးသာ ပြောရသေးသည်။ ငွေပြာရောင်မြှားတချောင်း လေထဲ ဖြတ်သန်းဝင်ရောက်လာသည်။

ထန်ထိုင်ကျင့်သည် စူးစူးကို ဖက်ကာ ဝင်လာသောမြှားကို ရှောင်ပေးလိုက်သည်။

မြားအမြောက်အများ သစ်ပင်ကို ထိုးဖောက်သွားပြီး တချောင်းပြီး တချောင်း သူတို့ဆီ တည့်တည့်မတ်မတ် ဝင်လာသည်။

နျန့်ပိုင်ယွီ ရင်ထဲ နင့်ကနဲ ဖြစ်သွားသည်။ ဒါ မင်းသား ၈ လူတွေ မဟုတ်ဘူး …. အဲ့ဒါ ချန်လုံဝေ့ (နဂါးအစောင့်တပ်) ပဲ

ထန်ထိုင်ကျင့် ဖက်လိုက်သည့် အခိုက်အတန့် စူးစူး ဦးနှောက်ထဲ ဗလာဖြစ်သွားသည်။ တခြားအရာတွေကြောင့်တော့ မဟုတ်။ သူမ ကိုယ်ပေါ်ရှိ မျက်ရည်ပုလဲသည် ရုတ်တရက် ပူလာပြီးနောက် ဝိညာဉ်ခြွေနတ်သံ ၉ ချောင်း ဖြစ်လာတာကြောင့် ဖြစ်သည်။

ထန်ထိုင်ကျင့် လုံးဝသတိမပြုမိသေး။ ငယ်ရွယ်နုပျိုသော မိစ္ဆာဘုရင်၏ အချစ်သည် ထိတွေ့မရသော လေထုလို ဖြစ်နေသည်။

သူ့နှလုံးသားသည် ရေသေရေလို ဖြစ်နေသည်။ နှလုံးသား တလှပ်လှပ်ဖြစ်တာတောင်မှ ဆူညံသံကင်းမဲ့လျှက်။ သူ့နှလုံးခုန်သံက ဆိတ်ငြိမ်လှသည်။ ရေသေအိုင်တခုလိုပင်။

မျက်နှာပြင် တည်ငြိမ်နေပေမဲ့ အတွင်းတွင် ဆူပွက်နေဆဲ။

မြေကြီးပေါ် ၂ ယောက်သား လဲကျသွားသည့်အချိန် သူသည် သူ့လက်ဖဝါးဖြင့် သူမ ခေါင်းအနောက် ခံပြီး ကာပေးလိုက်သေးသည်။

ချက်ချင်းဆိုသလို သူမ မျက်စိရှေ့ရှိ အရာတွေ အကုန်လုံး ရပ်သွားပုံရသည်။

ထန်ထိုင်ကျင့်သည် သူမနှင့် အလွန်နီးကပ်နေသည်။ သူမ မျက်လုံးထဲ စိုးရိမ်ပူပန်မှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ငယ်ရွယ်နုပျိုသော ထိုလူငယ် ခန္ဓာကိုယ်ဖြင့် သူမကို ကာကွယ်ပေးထားသည်။ မြားတွေ သူတို့ နောက်ကျောကနေ ဖြတ်ပျံသွားကြသည်။

စူးစူး ခန္ဓာကိုယ်ပေါ်ကနေ တခုခု ပြုတ်ကျလာသည်။ သူမ ကြည့်လိုက်တော့ ရှောင်ရှန်း ပေးခဲ့ဖူးသည့် အဆိပ်ပိုးကောင်သည် မြားထိပြီး ၂ ခြမ်းကွဲသွားသည်ကို တွေ့ရသည်။

သူမတွင် အဆိပ်ပိုးကောင်အကြောင်း စိတ်ထဲထည့်ဖို့ အချိန် မရှိ။ သူ့ကို သတ်မည်ဆိုလျှင် အခုအချိန်က အကောင်းဆုံးအချိန် ဖြစ်နေသည်။

ကုံးယွိတောင်မှ စိတ်လှုပ်ရှားနေသည်။ “သခင် … အမြန်လုပ်တော့”

ထိုအရာသည် သူတို့ရဲ့ အရေးကြီးဆုံး ရည်မှန်းချက် ဖြစ်သည်။


စူးစူး အံကြိတ်လိုက်ပြီး မျက်ရည်တွေ ကျလာသည်။ ထန်ထိုင်ကျင့်သည် သူ့လက်မောင်းတွေနှင့် သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ နောက်တခဏတွင် ဝိညာဉ်ခြွေနတ်သံ ၃ ချောင်းသည် သူ၏ နောက်ကျောတွင် ပေါ်လာပြီးနောက် သူ့နှလုံးသားထဲ ထိုးစိုက်ဝင်သွားတော့သည်။

ထန်ထိုင်ကျင့် ခေါင်းငိုက်ကျသွားပြီး ကြက်သေသေသွားသည်။ မိန်းကလေး၏ မျက်လုံးများတွင် စိတ်ခံစားချက်မဲ့နေသည်ကို သူ မြင်လိုက်ရသည်။

သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ပါးစပ်ထောင့်စွန်းကနေ သွေးများ ယိုစီးကျလာသည်။ တခဏကြာသော် သူမကို ဖက်ထားရာကနေ လွတ်လိုက်သည်။ “ဘာကြောင့်လဲ?”

စူးစူး ကြည်လင်သော မျက်လုံးများဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်မ အစကတည်းက ရှင့်ကို သတ်ဖို့ ရောက်လာတာ”

“ငါ့ကို သတ်ဖို့?” သူ အသံဖျော့ဖျော့ဖြင့် ပြောသည်။ “မဟုတ်ဘူး …. မင်း လုပ်ဖို့ မဟုတ်ခဲ့ဘူး … ဒါပေမဲ့ … ငါ ….”

သူပြောမည့်စကား ကြားဖြတ်ခံရပြီး နောက်ထပ် ဝိညာဉ်ခြွေနတ်သံ ၃ ချောင်းသည် သူ့နှလုံးထဲ ထပ်ပြီး ထိုးစိုက်ဝင်သွားပြန်သည်။

သူ့မျက်နှာသည် စာရွက် ၁ ရွက်လို ဖြုဖျော့နေပြီ ဖြစ်သည်။ ရုတ်တရက် ခံစားချက်မဲ့စွာဖြင့် သူမကို ကြည့်ရင်း သူ့ခေါင်း မော့လိုက်သည်။

မျက်လုံးတလုံးလုံး နက်မှောင်လာသည်။

“မင်း ငါ့ကို တချိန်လုံး လိမ်ညာခဲ့တယ် … မင်း ငါ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး …. မင်းက သူတို့လိုပဲ … ငါ့ကို သေစေချင်နေတာပဲ!”

စူးစူးသည် တခုခု ပုံမမှန်တော့သည်ကို ခံစားလာရပြီး နောက်ဆုံးကျန်တော့သည့် ဝိညာဉ်ခြွေနတ်သံ ၃ ချောင်းကို သူ့နှလုံးထဲ အမြန် ရိုက်သွင်းဖို့ လုပ်သည်။

ရုတ်တရက် ထူးထူးခြားခြား သူ့နှုတ်ခမ်းစွန်း ကွေးတက်သွားသည်။

၆ လပိုင်း၏ ညနက်သန်းခေါင်ယံတွင် တိုက်နေသည့် လေသည် ရေခဲတုံးလို ရုတ်ချည်း အေးစက်သွားပြီး စူးစူး ဆံပင်ကြား တိုးဝင်လာသည်။

ထန်ထိုင်ကျင့် နှလုံးရှိရာ နေရာတွင် …. အပြာရောင်အကြေးခွံတခု အလင်းဖျော့ဖျော့ လင်းလာသည်။

ကုံးယွိ ပင့်သက်ရှိုက်လိုက်သည်။ “ယဲ့ပင်းချန်က သူ့ကို နှလုံးကာအကြေးခွံ ပေးလိုက်တာပဲ”

နောက်ဆုံးကျန်သည့် ဝိညာဉ်ခြွေနတ်သံ ၃ ချောင်းသည် နှလုံးကာအကြေးခွံနှင့် ထိမိသွားပြီး တစ်စစီ ဖြစ်သွားတော့သည်။

ငယ်ရွယ်နုပျိုသော လူငယ်၏ မျက်နှာသည် အလောင်းကောင်လို ဖြူဖျော့နေသည်။ သူ့လက် မြောက်လိုက်သည်။ စူးစူး လေထဲ နောက်ပြန် လွင့်ထွက်သွား၏။

စူးစူးသည် ချင်းရှစ်ပန်းကို အလွန်အကျွံ သုံးထားခဲ့ပြီး ဖြစ်သည့်အတွက် သူမ ခံနိုင်ရည်စွမ်းက အဆုံးထိရောက်သွားပြီ ဖြစ်သည်။ နှလုံးကာအကြေးခွံကြောင့် သူမ ဒဏ်ရာရသွားပြီး ပါးစပ်ကနေ သွေးအမြောက်အများ အန်ထွက်လာတော့သည်။

သူမ လည်ပင်းပေါ် ဓားတချောင်း ရောက်လာသည်။

စူးစူး နှလုံးသား သမုဒ္ဒရာရေနက်ထဲ ကျသွားသလို ခံစားနေရပြီး စိတ်နှင့် ခန္ဓာကိုယ် လုံးဝ အေးခဲနေသည်။ ဝိညာဉ်ခြွေ နတ်သံ ၃ ချောင်း …… ပျက်စီးသွားပြီ။

သူမ ရည်ရွယ်ချက် ရှုံးနိမ့်သွားပြီ။

ထိုအရာတွေထက် ပိုကြောက်ဖို့ကောင်းသည့် အရာက သူမ အရှေ့က ထိုလူ။ ထိုလူငယ်သည် ပါးစပ်ထောင့်မှ သွေးစီးကြောင်းနှင့် ဒူးထောက်လျှက် သူမကို ကြည့်နေသည်။ “မင်း ငါ့ကို အရူးတယောက်လို ရယ်စရာကောင်းတယ်လို့ ထင်နေလား”

စူးစူး အပြင်းအထန် ချောင်းဆိုးနေသည်။

သူမ လည်ပင်းကို ဖမ်းကိုင်လိုက်ပြီး ငိုသံတဝက် ရယ်သံတဝက်ပါသည့် ထူးခြားသည့်အသံဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ သဘောကျနှစ်သက်မှုကို မင်းတန်ဖိုးမထားမှတော့ … ငါ့ရဲ့အမုန်းကို ခံစားကြည့်လိုက်တော့”

စူးစူး စကားတခွန်းမှ ပြန်မပြောနိုင်တော့ပေ။ သူမ နှလုံး အတုန်လွန်ပြီး မေ့မျောသွားတော့သည်။



“ဒီနေ့ ၁၅ ရက်မြောက်နေ့”

တစုံတယောက်က သူမ နားနားကပ်ကာ ပြောလိုက်သည်။

၁၅ ရက်? ကြားကြားရခြင်း ဒီစကားက ဘာကို ဆိုလိုနေမှန်း သူမ နားမလည်။ သူမ စိတ်တွေ ပရမ်းပတာ ဖြစ်နေသည်။ နွေရာသီ ညတာ ဖြစ်နေတာတောင်မှ အအေးဓာတ်က သူမကို ခိုက်ခိုက်တုန်နေစေသည်။

၁၅ ရက်! စူးစူး မျက်လုံးတွေ တဖြည်းဖြည်း ဖွင့်လိုက်သည်။

အေးစက်နေသော အချုပ်ခန်းတခုတွင် ရောက်နေသည်။ ဘာမျှမရှိသော ကျောက်သားအိပ်ရာတခုပေါ်တွင် သူမ လဲလျောင်းနေခဲ့သည်။ သူမလက်ကို သူမ သေချာမမြင်နိုင်လောက်အောင် အခန်းတခန်းလုံး မှောင်မဲနေသည်။

ကျောက်သားအိပ်ရာ၏ အခြားတဖက်စွန်းတွင် လူပုံသဏ္ဠန်အရိပ်တခု တိတ်ဆိတ်စွာ ထိုင်နေသည်။

သူမလက်တွေ ခြေတွေကို ရေပျော့ကြိုးဖြင့် ချည်ထားသည်ကို သူမ သိလိုက်ရသည်။

အမှောင်ထဲ ထိုလူရိပ်၏ မျက်လုံးများက စူးစူး ရုန်းကန်နေသည်ကို ရယ်သွမ်းသွေးရင်း ကြည့်နေသည်။

စူးစူး နှလုံးသားသည် သမုဒ္ဒရာရေနက်ထဲ ပြုတ်ကျသွားသလို ခံစားနေရဆဲ။

“အရမ်းကြောက်နေတယ် … ဟုတ်တယ်မလား?” အသံတိုးတိုးဖြင့် တဟက်ဟက်ရယ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ ပြောသည်။ “ရှေ့ရက်တွေတုန်းက …. အခု မင်းခံစားနေရတဲ့ စိတ်အခြေအနေလိုမျိုး ကိုယ်တော် နေ့နေ့ညည ခံစားခဲ့ရတာ”

“အမှောင်ထဲမှာ အမြဲနေလာတဲ့ လူတယောက်ဟာ … မနက်ဖြန်ကျရင် အလင်းရောင်များ တွေ့ရမလားဆိုပြီး အမြဲ စောင့်မျှော်တတ်တယ် … ဒါပေမဲ့ မင်း တွေ့လား …. ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ကိုယ်တော့်ကို မကယ်နိုင်တော့ဘူး … အခုလိုမျိုး …. မင်းကိုလည်း မကယ်နိုင်တော့ဘူး”

စူးစူး မသိစိတ်ဖြင့် သူမ ကိုယ်ပေါ်က အဆိပ်ပိုးကောင်ကို ရှာနေမိသည်။ ကွဲအက်သောအသံဖြင့် တတွတ်တွတ် ပြောနေမိသည်။ “အဆိပ်ပိုးကောင် …. မရှိတော့ဘူး”

သူမ တုံ့ပြန်မှုကို ကြည့်ရင်း ထန်ထိုင်ကျင့် လှောင်ရယ်ရယ်လိုက်သည်။

(ချန်လုံဝေ့) နဂါးအစောင့်တပ်ရဲ့ ပစ်လိုက်သော မြားတွေအကြား အဆိပ်ပိုးကောင် ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ၁၅ ရက် တခါ အာနိသင်ပြလေ့ရှိသည့် နွေဦးပိုးချည်ထုံးဖွဲ့သီ အဆိပ် ပြန်ထလာပြီ ဖြစ်သည်။

“မင်း ငါ့နောက်ကွယ်မှာ အကြိမ်ကြိမ် လှောင်ပြောင်ခဲ့တယ် ….. ကြည့်စမ်း ….. ထန်ထိုင်ကျင့် ဆိုတဲ့ ဒီအရူးက …. မင်း သူ့ကို ရိုက်တယ် … ကြိမ်းမောင်းတယ် …. အရှက်ရအောင် လုပ်တယ် …. ဒါပေမဲ့ မင်းကို မသတ်ရက်ဘူး …. မင်းကို မိဖုရားခေါင်အဖြစ် တင်မြောက်ဖို့တောင် လုပ်လိုက်သေးတယ် …. သာမန်လူတွေလို မင်းနဲ့အတူတူ အိုမင်းပြီး သေသွားဖို့ လုပ်တယ်”

“သူ မိုက်မဲလွန်းတယ် ….. မင်း သူ့ကို နောက်တစ်ကြိမ် ထားသွားမှန်း သိနေတာတောင်မှ မင်းဆီလာဖို့ သူရွေးချယ်တုန်းပဲ …. ဘာကြောင့်လဲဆိုတာ သိလား … မင်းသား ၈ ဆိုတဲ့ တိရစ္ဆာန်ကောင် သတ်တာ မင်းခံရမှာကို သူ ကြောက်လို့”

“ဒါပေမဲ့ ချန်လုံဝေ့ မြှားတွေ …. နှလုံးထဲထိရောက်အောင် ရိုက်သွင်းခံလိုက်ရတဲ့ သံချောင်းတွေ ….. ဒီအရာတွေက သူ့ကိုယ်သူ အပေါစားတယောက်ပါလား ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ် ….. မင်း ငါ့ကို သတ်ဖို့ လုပ်တုန်းက ဝန်လေးနေတာ နည်းနည်းလေးလောက် မဖြစ်ခဲ့ဘူးလား?”

သိပ်သည်းအောင် မှောင်မည်းနေသည့် လျှို့ဝှက်အခန်းထဲတွင် သူ၏ အသည်းအသန်ဖြစ်ပြီး ကသုတ်ကရက် ပြောသွားသည့်လေသံသည် ငြီးတွားနေသည့် လူတယောက်အသံလို ဖြစ်နေသည်။ သို့သော် အတွင်းစိတ်ထဲ ကယောက်ကယက် ဖြစ်နေပြီး ဒေါသထွက်နေတာတောင် အပြင်ပန်းတွင် ဘာမှမဖြစ်သလို တည်ငြိမ်ပြနေနိုင်သည်။

စူးစူးသည် သူမ နှလုံးသားထဲတွင် ပြောမပြနိုင်လောက်အောင် ထိတ်လန့်မှု ခံစားလိုက်ရသည်။ သူမ တစ်ကိုယ်လုံး ပူလောင်နေပြီး အသက်ရှူမဝသလို ဖြစ်နေသည်။

အချိန်တွက်ကြည့်ရလျှင် နွေဦးပိုးချည်ထုံးဖွဲသီအဆိပ်သည် ခန္ဓာကိုယ်ထဲ အာနိသင် မပြတော့သည်မှာ တစ်နှစ်ခွဲလောက်ရှိနေပြီ ဖြစ်ပြီး ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ် သုံးခဲ့သည့် ဖြေဆေးအရှိန်သည်လည်း ယခုအချိန်တွင် ပျက်ပြယ်နေလောက်ပြီ ဖြစ်သည်။ အဆိပ်ပိုးကောင် မရှိတော့ဘူးဆိုလျှင် အချိန်ကျလာပါက သူ့ခန္ဓာကိုယ်တွင် အဆိပ်ထလာမည် ဖြစ်ပြီး အချိန်မီ အဆိပ်မဖြေနိုင်လျှင် သူမ သေသွားရပေလိမ့်မည်။

သူမ ဂါဝန်စကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း စိတ်ထဲ ရုန်းကန်နေမိသည်။

သူနှင့် ဝေးဝေးနေချင်သော်လည်း အဆိပ်အာနိသင်က သူမကို ပြင်းပြင်းထန်ထန် ခံစားရအောင် လုပ်နေသည်။

ထန်ထိုင်ကျင့် ပြောသည်။ “စိတ်မပူပါနဲ့ …. မင်း ငါ့ရဲ့ မိဖုရား လုပ်ရတာ ဂရုမစိုက်တော့ဘူးဆိုတာ ငါသိတယ် ….. ငါ ထပ် မမိုက်မဲတော့ဘူး … ကိုယ်လုပ်တော်တွေကို ငါဂရုစိုက်တယ်ဆိုတာ သိတယ်မလား”

“မင်း ကိုယ်လုပ်တော်တောင် မဖြစ်နိုင်တော့ဘူး”

“ဒီမှာပဲ သေလိုက်တော့” နတ်ဆိုးတယောက်လို တီးတိုးတီးတိုး ပြောရင်း “တကယ့်သနားစရာပဲ … မင်းဆန္ဒအတိုင်း ငါမသေခဲ့တော့ … မင်းရဲ့ ငရဲ ရောက်လာပြီပဲ”

သူမ အောက်ရှိ ကျောက်သားကုတင်သည် ရေခဲတုံးလို အေးစက်နေသည်။ စူးစူး နေရထိုင်ရ ကောင်းတာဆို၍ ဘာတခုမျှ မခံစားရ။

ကုံးယွိဆီက တုံ့ပြန်မှု ထွက်မလာ။ သူမ အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေပြီး သူမ ခန္ဓာကိုယ်အောက်ရှိ ကျောက်သားကုတင်ကို လက်ချောင်းများဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သေခါနီး ငါးတကောင်လိုပင်။ သို့သော် သူ့ဆီတော့ သူမ လုံးဝ လက်မလှမ်းခဲ့။

ထန်ထိုင်ကျင့်၏ မျက်လုံးများမှ အလင်းမှိန်မှိန်သည် သူ၏ လျစ်လျူရှုမှုကို ထိုးဖောက် ပြောင်းလဲသွားစေပြီးနောက် သူ ထကာ ထွက်သွားတော့သည်။

စူးစူးသည် ကုတင်ပေါ်တွင် လဲကျသွားသည်။ သူမသည် နာကျင်မှုကြောင့် ရင်တထိတ်ထိတ်ဖြင့် တုန်ရီနေသည်။ သူမ မျက်လုံးတွင် သွေးမြူခိုးများ လွှမ်းနေ၍ လျှို့ဝှက်အခန်းကို သဲသဲကွဲကွဲ မမြင်ရပေ။

သွေးအမြောက်အများ လျင်မြန်စွာ ထွက်လာပြီး သူမ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသည်။

သူမသည် သွေးတစ်လုတ်ကို ထွေးပစ်ထုတ်လိုက်သည်။ သူမသည် အသက်တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်မှ ထွက်ခွါသွားနေသည်ကို ခံစားနေရသည်။

အရမ်းအေးလိုက်တာ။

သူမ၏ အသက်ရှူသံများ အားနည်းလာသည့်အချိန်တွင် ပျောက်ကွယ်သွားသည့် ခြေသံများ လျင်မြန်စွာ ပြန်ရောက်လာသည်။ တယောက်ယောက်က သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ယခုဖြစ်နေသည့် ထိုသူ့စိတ်ခံစားချက်က စိတ်ဆိုးနေလား ဒေါသထွက်နေလားဆိုတာ ထိုသူ မသိ။ လူသတ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ဒေါသထွက်နေပြီး သူမလက်ချောင်းအရိုးတွေ ကျိုးကြေသည်အထိ ထိုသူ ဆုပ်ကိုင်ထားနေမိသည်။

ထန်ထိုင်ကျင့်သည် ရုတ်တရက် သူမ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဆတ်ခနဲ ဆွဲထူမလိုက်ပြီး နံရံသို့ ဖိကပ်လိုက်သည်။

“မင်းကို ဒီလိုမျိုး သေအောင် လွတ်ထားမဲ့ အစား ငါ့လက်နဲ့ သတ်မယ်”

စူးစူး နာကျင်မှုကြောင့် မျောနေရာကနေ နိုးလာသည်။ မဟုတ်ဘူ။ သူမ သေလို့ မရဘူး။

သူမကိုယ်သူမ တွေးနေသည်။ မရဘူး … ဒီလိုမျိုး သေသွားလို့ မရဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်ဆက်ရှင်ရမယ်။

တဆတ်ဆတ်တုန်ရီစွာနှင့်ပဲ ခုနက ဝင်လာခဲ့သူ၏ လက်ကို သူမ ဆွဲကိုင်ထားလိုက်သည်။ သူမ လက်ချောင်း ၁၀ ချောင်းဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ရာ သူမ၏လက်သည်းများသည် ထန်ထိုင်ကျင့် လက်ခုံပေါ် ထိုးစိုက်လုနီးနီး ဖြစ်နေသည်။

“ကျွန်မကို ကယ်ပါ" 

မိန်းကလေးသည် သူ့လက်မောင်းတွင်း တဆတ်ဆတ်တုန်ရီလို့ နေသည်။ သူ့လက်ချောင်းများသည် သူမ လက်သည်းကုတ်ခြစ်ရာများကနေ သွေးထွက်နေသည်။ သူ့အရေပြားတွင် ကုတ်ခြစ်ရာကြောင့် ဟက်တက်ကွဲရာများပင် ပေါ်နေသည်။

အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ မျက်လုံးမှိတ်ကာ အကျယ်ကြီး အော်ရယ်လိုက်သည်။ “ မင်းလည်း …”

မိန်းကလေး တုန်လှုပ်သွားပြီး သူ့လည်ပင်းကို ဖက်လိုက်သည်။

ညဉ့်ယံထဲက အလင်းမှိန်မှိန်သည် သူမ မျက်စိရှေ့တွင် တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားသည်။ စူးစူး ပင့်သက်ရှိုက်လိုက်သည်။

သူမ လက်ချောင်းများ နာကျင်နေသည်။ ခန္ဓာကိုယ်တခုလုံး နာကျင်နေသည်။ ရည်မှန်းချက် ကျရှုံးရာကနေ ဖြစ်လာသည့် ကြောက်ရွှံ့မှု၊ နွေဦးပိုးချည်ထုံးဖွဲ့သီအဆိပ်ရဲ့ ထိုးနှက်မှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုတွေက သူမကို တိရိစ္ဆာန်ငယ်လေးလို တုန်လှုပ်စေခဲ့သည်။

ထန်ထိုင်ကျင့်သည် သူ့လက်ချောင်းများကို သူမဆံပင်ထဲသို့ ထိုးသွင်းလိုက်သည်။ သူမသည် တောင်တက်စပျစ်နွယ်ပင်လို သူ့ခန္ဓာကိုယ်ကနေ အဟာရများ စုပ်ယူကာ သူမအသက်ရှင်သန်ဖို့ ကြိုးစားတော့သည်။

မိုးလင်းခါနီးပြီ။

စူးစူး အသိပြန်ဝင်လာသည့်အချိန်တွင် သူမ နံဘေးနားက လူသည် ငြင်ငြင်သာသာ ရယ်မောနေသည်ကို တွေ့ရသည်။ သူမကို လှောင်ရယ်ရယ်တာလား၊ သူကိုယ်သူပဲ ရယ်နေတာလား သူမ သေချာမသိပေ။ နောက်တော့ ရယ်နေတာရပ်ပြီး သူ ကလေးဘဝတုန်းက ကြားဖူးနားဝရှိခဲ့သည့် သီချင်းတပုဒ် ညည်းလိုက်သည်။

ရေမတွက်နိုင်သော အထီးကျန်ညတွေမှာ နန်းတွင်းအစေခံတွေကို ဖျော်ဖြေရာမှာ သုံးခဲ့သည့် သီချင်းတစ်ပုဒ် ဖြစ်သည်။ ထို ကြောက်စရာကောင်းသော အထီးကျန်ညများတွင် သူသည် ညစ်ညမ်းသည့်အရာတွေကလွဲ၍ ဘာကိုမှ မတတ်မြောက်ခဲ့။

ယခု သူမအား သီချင်း ဆိုပြနေသည်။

သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ နှုတ်ခမ်းကို နမ်းလိုက်သည်။ သူမ၏ နာကျင်ကိုက်ခဲနေသော လက်ချောင်းရိုးများကို အလွယ်တကူ ဖျစ်ညှစ်လိုက်သည်။

“နာလား? … ငါ့ နှလုံးသားထဲက နာကျင်မှုတွေနဲ့ နှိုင်းယှဉ်လို့တောင် မရဘူး”

ငါ သူ့ကို အရမ်းကို သတ်ချင်ခဲ့တာ။ ဒါပေမဲ့ ငါ သူ့အသက်ရှင်ဖို့ ရွေးခဲ့တယ်။

အမှောင်ထဲတွင် ထန်ထိုင်ကျင့် ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာသည်။ သူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သီချင်းဆက်ညည်းနေသည်။

အချိန်တခုကြာသော် သူသည် သူမ လက်ချောင်းတွေကို မြဲမြဲ ဆုပ်ကိုင်လိုက်သည်။ သူသည် သူမ ခုခံတွန်းလှန်လို့ မရအောင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

အဆုံးမရှိသောညတွင် ထန်ထိုင်ကျင့်သည် သနားညှာတာမှုနှင့် ခံစားမှု ကင်းမဲ့နေသည်။

“မင်း ခံစားမိလား?”

သူမ ဆံနွယ်ပေါ်က အေးခဲနေသည့် မျက်ရည်စများ သူ ထိလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် သုတ်လိုက်သည်။

သူ့ရဲ့ အမုန်းတရား။

Post a Comment

0 Comments