ကျိုးပြည်သူပြည်သားတချို့က သူ့ကို သဘောမကျ။ မထောက်ခံကြပေ။
လွန်ခဲ့သော ထန်ထိုင်မင်လန် နန်းတက်သည့်အချိန်က ထန်ထိုင်မင်လန်သည် ရှေ့ဘုရင်၏ ဘုရင့်ရာထူးစွန့်လိုက်သည်ဆိုသော တော်ဝင်အမိန့်ကနေ တဆင့် ထီးနန်းကို တရားဝင် ရရှိခဲ့တာဖြစ်သည်။ သို့သော် ထန်ထိုင်ကျင့်ကတော့ သူ၏ အစ်ကိုတော်ကို လုပ်ကြံသတ်ဖြတ်ကာထီးနန်းရယူခဲ့သည်။ ထို့ကြောင့် သူသည် ကျိုးပြည်သူများကြားတွင် ဖြောင့်မတ်မှန်ကန်သည့်မင်းတပါး၏ ဂုဏ်သိက္ခာ မရှိသည့် လူတယောက် ဖြစ်နေသည်။
သူသည် စစ်တိုက်ရဝါသနာပါသူ၊ လူတွေကို သတ်ဖြတ်ရတာ ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်သည်။
အရင်တခါက မင်းသား ၈ ကို ရှာတွေ့ဖို့ တအိမ်ဝင် တအိမ်ထွက်နှင့် အကြမ်းပတမ်း ရှာခဲ့တာကြောင့် လူတွေရဲ့ မနှစ်မြို့မှုတွေ မြင့်တက်လာခဲ့သည်။
သို့သော်လည်း အခုထိတော့ သူ့ကို ထောက်ခံသူအများအပြား ရှိနေဆဲ။
ဘာပဲဖြစ်ပါစေ၊ ထန်ထိုင်ကျင့်ကြောင့် ရှပြည်ထောင်သည် ကျိုးပြည်ထောင် လက်အောက်ရောက်ခဲ့ရပြီး ယိုယွင်းကျဆင်းနေခဲ့သော တကျိုးပြည်ကြီးသည်လည်း အမှောင်ထု ဖယ်ရှားခံရပြီး ဂုဏ်ယူစရာ စိတ်အားတက်ကြွဖွယ် ပြည်ကြီးတခုအဖြစ် ပြောင်းလဲလာခဲ့တာဖြစ်သည်။
ထန်ထိုင်ကျင့်သည် သူထီးနန်းရယူပြီးကတည်းက နန်းတက်ပွဲ အခမ်းအနား မပြုလုပ်ခဲ့။ ထို့ကြောင့် နန်းတက်ပွဲအခမ်းအနား အခုမှ လုပ်ဖို့ သူ ရုတ်ချည်းဆုံးဖြတ်လိုက်တာကို ပြည်သူတွေ မမျှော်လင့်ခဲ့ကြပေ။
တရားဝင် နန်းတက်ပွဲအခမ်းအနား လုပ်ပြီးလျှင် တိုင်းပြည်နာမည်ကိုလည်း ပြောင်းချင်ပြောင်းလဲရနိုင်သလို ကျင့်သုံးမည့် တိုင်းပြည်မူဝါဒတွေလည်း ပြောင်းလဲပစ်ချင် ပြောင်းလဲပစ်ရနိုင်သည်။ ထိုသည် လာမည့် နှစ်အနည်းငယ်အတွင်း ထန်ထိုင်ကျင့်သည် နန်းတွင်းရေးရာတွင် တည်ငြိမ်အောင် လုပ်ဖို့နှင့် စစ်တိုက်တာ ရပ်ဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။
အပြင်လူတွေတော့ မသိနိုင်ပေမဲ့ နန်းတွင်းထဲမှာတော့ ကောလဟာလတခု တိုးတိုးတိတ်တိတ်ထွက်ပေါ်လာနေသည်။
နန်းတက်ပွဲလုပ်မည့်နေ့တွင် အရှင်မင်းကြီးသည် မိဖုရားခေါင် ရွေးချယ်တင်မြောက်မည်ဖြစ်သည်။
အစက မယုံကြ။ သို့သော် ပိုးထည်ချည်ထည် အများအပြား ချင်းချန်နန်းဆောင်ဆီ ဝင်လာသည့် အချိန်မှ ထိုကောလဟာလသည် အမှန်တကယ် ဖြစ်နေကြောင်း အားလုံးသိသွားသည်။
ရက်စက်တတ်သည့် ထိုဘုရင်ငယ်သည် အမှန်တကယ်ကို မိဖုရားခေါင် ရွေးချယ်တင်မြောက်တော့မည်။
သူတို့ရဲ့ မိဖုရားခေါင်အသစ်၊ ခရမ်းရောင်ဝတ်ရုံဝတ် ထို မိန်းကလေးငယ်သည် မြနန်းဆောင်ထဲတွင် သူမဝတ်မည့် မင်္ဂလာခေါင်းခြုံပုဝါကို ပန်းထိုးနေသည်။
နန်းတွင်းထဲ ပြန်ရောက်လာပြီးနောက် စူးစူးသည် ချင်းချန်နန်းဆောင်ကနေ ပြောင်းရွှေ့ခံရသည်။ ထန်ထိုင်ကျင့်က နျန့်မုနင်ကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားပေမဲ့ စူးစူးကိုတော့ ချင်းချန်နန်းဆောင်တွင် အတင်းအကြပ် မနေခိုင်းတော့ပေ။
ပန်းထိုးဆရာမတွေက စူးစူးကို တလေးတစားဆက်ဆံကာ စိတ်ရှည်ရှည်ဖြင့် သင်ပေးကြသည်။ “မိန်းကလေး …. ဒီလိုမျိုးထိုးရတာ မဟုတ်ဘူး … ဒီလိုထိုးလိုက်ရင် ခြုံပုဝါ အနောက်ဘက်ခြမ်းက ကြည့်လို့ မကောင်းတော့ဘူး”
စူးစူးသည် ဇာထိုးပန်းထိုးအလုပ်တွင် ပါရမီမပါပေ။ သူမ ပြောသည်။ “ဘယ်လိုထိုးရမလဲ မသိဘူး …. ရှင်တို့ ကျွန်မအတွက် ကိုယ်စား ထိုးပေးကြပါလား?”
ပန်းထိုးသည်တွေ သူတို့ နှုတ်ခမ်းတွေကို အုပ်ပြီး ရယ်လိုက်ကြသည်။ စူးစူး စိတ်ရှုပ်သွားဟန်ကို မြင်ရတော့ တယောက်က ပြောသည်။ “မိန်းကလေး …. ရယ်စရာဖြစ်နေပြီ။ ကျိုးနိုင်ငံရဲ့ရိုးရာစည်းမျည်းအရ လက်ထပ်တော့မဲ့မိန်းကလေးက သူ့လက်နှင့် မင်္ဂလာခြုံပုဝါကို ပန်းထိုးရမှာပါ … ဒီလိုထိုးထားတဲ့ မင်္ဂလာခြုံပုဝါက မင်္ဂလာဇနီးမောင်နှံ ၂ ယောက်လုံးကို သက်ထက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့ ကံကောင်းခြင်းတွေ ရလာစေမှာပါ”
တခြားတယောက်က ဝင်ပြောသည်။ “ဒါ့အပြင် အရှင်မင်းကြီးက မိန်းကလေးကို မိန်းကလေးလက်နှင့် ပြီးအောင် ပန်းထိုးရမယ်ဆိုပြီး အမိန့်ချထားပါတယ်”
စူးစူး မင်္ဂလာမီးငှက်ဝတ်ရုံတော့ ချုပ်ဖို့ မလို။ နန်းတက်ပွဲအခမ်းအနား လုပ်မည့်ရက်ရောက်ဖို့အချိန် ၂ လ လိုသေးသည်။ မင်္ဂလာခေါင်းခြုံပုဝါ ပန်းထိုးဖို့ အချိန် ရသေးသည်။
ပန်းထိုးရုံမှတပါး တခြား လုပ်စရာ ဘာမှမရှိသည့် စူးစူးသည် ငွေအပ်နှင့် အပ်ချည် ကောက်ကိုင်ကာ ပန်းထိုးသည်တွေ သင်ပြမှုအောက်တွင် ဆက်လက် ပန်းထိုးရတော့သည်။
ကုံးယွိ နှစ်သိမ့်ပေးရှာသည်။ “စိတ်ရှည်ရှည်ထားပါ”
သူက မင်္ဂလာခေါင်းခြုံပုဝါမှာ ပန်းထိုးတာလောက်ပဲ နင့်ကို လုပ်ခိုင်းတာ၊ နင်က သူ့အသက်ကိုနှုတ်ချင်နေတာနော်။
နေ့ပိုင်းတွင် စူးစူးသည် ပန်းထိုးသည်တွေဆီကနေ ပန်းထိုးနည်း သင်ယူပြီး ညနေပိုင်းတွင်လမ်းလျှောက်ထွက်သည်။
ထန်ထိုင်ကျင့် စိတ်အခြေအနေ ကောင်းနေသည် ဟု ထင်ရသည်။ မိစ္ဆာကျား ပြန်လွတ်လာသည်။
သို့သော် နန်းတွင်းထဲတွင် လူ့အသွင်ပြောင်းခြင်း တားမြစ်ခံရသည်။ ရံဖန်ရံခါ သစ်ပင်အောက်တွင် ကျားအသွင်ဖြင့် နေပူဆာလှုံနေသည့် မိစ္ဆာကျားကို စူးစူး တွေ့နေရသည်။ သို့ပေမည့် သူမ အနားကပ်သွားမလို့ လုပ်တိုင်း ထိုကျား အသကုန် ထွက်ပြေးသွားသည်နှင့် ကြုံရသည်။
စူးစူး အစက တွေးထင်ထားသည်က သူမ မိဖုရားခေါင် အပ်နှင်းခံရမည့်သတင်း ပျံ့သွားလျှင်သူမ၏ တွေးရခက်သော အစ်မကြီး လှုပ်ရှားမှုတခုခု ရှိလာမည်ဟူ၍။
သို့သော် နန်းတွင်းထဲ နေရင်း စူးစူးသည် သူမနှင့် တကြိမ်သာ တွေ့ခဲ့ရသည်။ အတော်လှမ်းသည့်နေရာကနေ ယဲ့ပင်းချန်သည် စူးစူးကို ပြုံးပြခဲ့တာ ဖြစ်သည်။ သူမအပြုံးမှာ အလွန်တည်ငြိမ်နေပြီး နူးညံ့နေသည်။
ယဲ့ပင်းချန် မျက်နှာသည် ကသိကအောက် ဖြစ်နေကြောင်း မသိမသာပြနေပေမဲ့ ဝမ်းနည်းစရာကောင်းလောက်အောင် သနားစဖွယ် ပုံမျိုး ပေါ်နေသည်။
သူမ နောက်ကျောကို စူးစူး ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ကုံးယွိ အမြန် ပြောလိုက်သည်။ “သခင် …. သူ့ကို သနားလို့ မဖြစ်ဘူးနော် … အဲ့ဒီ ယဲ့ပင်းချန်က ကြောက်စရာကောင်းတယ်လို့ ကုံးယွိ အမြဲ ခံစားနေရတယ်”
“ငါ သိတယ်” စူးစူး ပြောသည်။ “ငါ သူ့ကို မသနားဘူး”
ယဲ့ပင်းချန်သာ အရင်တုန်းကလိုမျိုး တမင်ရည်ရွယ်ပြီး ငွေကွင်းကို ထိန်းချုပ်ကာ သူမကိုယ်သူမ တိုက်ခိုက်ခဲ့သလိုမျိုး လုပ်ခဲ့လျှင် သူတော့ ဒီအတိုင်း သေဖို့ ထိုင်စောင့်နေမှာ မဟုတ်ဘူးလို့သာ စူးစူး စိတ်ထဲ ခံစားမိသည်။
အခုတော့ ယဲ့ပင်းချန် ဘာမှမလုပ်သေးတာက စူးစူးစိတ်ထဲ မသေချာမရေရာသည့် ခံစားချက်ဖြစ်စေသည်။
စူးစူး မြနန်းဆောင်ကို ပြန်လာတော့ ထန်ထိုင်ကျင့် ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထန်ထိုင်ကျင့်သည် အခုတလော နေရတာ သိပ်မသက်သာ။ အခွန်စည်းကြပ်ရာတွင် စိစစ်ရသည်။ နန်းတက်ပွဲအခမ်းအနားအတွက် ပြင်ဆင်ရသည်။ တဖက်တွင်လည်း မင်းသား ၈ ကိုရှာနေရသေးသည်။
တခါတရံ ချင်းချန်နန်းဆောင်က မီးများ ညတော်တော်နက်သည်အထိ လင်းထိန်နေတတ်သည်။
သူ့လက်ထဲတွင် တစုံတခု ကိုင်ထားသည်။ စူးစူး လျှောက်လာပြီး ကြည့်လိုက်တော့ သူမပန်းထိုးနေသည့် မင်္ဂလာခေါင်းခြုံပဝါ ဖြစ်နေသည်ကို တွေ့ရသည်။
ထိုခေါင်းခြုံပုဝါစတွင် မီးငှက် (မင်္ဂလာငှက်)ပုံ ထိုးထားသည်။ စူးစူးက အခုမှ ပန်းထိုးစသင်သူတယောက် ဖြစ်သဖြင့် အပ်ချည်စ ရှာမတွေ့ ဖြစ်နေသည်။
တချက်ကြည့်လိုက်တာနှင့် ခေါင်းခြုံပုဝါစက ရွှေရောင်အပ်ချည်လမ်းများက မညီမညာ ဆိုးဆိုးဝါးဝါး ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
ထန်ထိုင်ကျင့် မကျေမနပ်ဖြင့် စူးစူးကို ကြည့်လိုက်သည်။
သူ ထုတ်မပြောပေမဲ့ သူ့အမူအရာကို စူးစူး နားလည်နေပြီး ပြောလိုက်သည်။ “ရှင် ဇာထိုးပန်းထိုးအတတ်လည်း တတ်တယ်လား?”
စူးစူး အပြစ်ကင်းစွာဖြင့် သူ့ကို ကြည့်ရင်း ပြောသည်။ “ဇာထိုးပန်းထိုးအတတ်ကို ကျွန်မမတတ်ဘူး …. ဒါပေမဲ့ ပန်းထိုးသည်တွေက ပြောတယ် ….. သတို့သမီးကိုယ်တိုင် ပန်းထိုးထားတဲ့ ခေါင်းခြုံပုဝါကမှ မင်္ဂလာဇနီးမောင်နှံ ၂ ယောက်လုံးကို ကံကောင်းစေမှာတဲ့ … ကျွန်မထိုးထားတာ ရှင် ကြည့်ရခက်နေရင်လည်း ပန်းထိုးသည်တွေကို ထိုးခိုင်းလိုက်ပါလား … ကွာခြားချက်ကို ဘယ်သူက သိနိုင်မှာမို့လဲ”
ထန်ထိုင်ကျင့် လှောင်ပြောင်လိုက်သည်။ “မင်းလို အရည်အချင်းမျိုးနဲ့ မိဖုရားခေါင် ဖြစ်ချင်သေးတယ်လား?”
သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ စူးစူး ရပ်နေသည့် နေရာတွင် မရှိတော့ချေ။
မိန်းမငယ်လေးသည် ငွေရောင်တောင်ဇလပ်ပန်းပုံထိုးထားသည့် အိပ်ရာပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းရင်း သူမ လက်မောင်းပေါ် ခေါင်းတင်လျှက် အနားယူနေသည်။နွေရာသီ ရောက်နေပြီ ဖြစ်သည်။ တကျိုးပြည်၏ နွေရာသီက အလွန်ပူပြင်းလှသည်။ သူမလက်ကို မြောက်လိုက်သည်။ သူမလက်ချောင်းများကြားတွင် အင်းစက္ကူအဝါတချပ် မီးထတောက်သွားပြီး အလွန်လှပသော ဆီးနှင်းပွင့်တွေ သူမ ဘေးပတ်ပတ်လည်တွင် ကျဆင်းလာသည်။
သွယ်လျလှပသော သူမလက်ချောင်းလေးများဖြင့် ထို ဆီးနှင်းပွင့်များကို လိုက်ဖမ်းသည်။သူမ၏ခရမ်းရောင်ဂါဝန်သည် ကုတင်ပေါ်တွင် ဖြန့်ကားလျှက် ရှိနေသည်။
သူမဆံနွယ်ပေါ် ဆီးနှင်းပွင့်များ တင်နေသည်။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာ လူငယ်လေးသည် သူမမျက်နှာအား ငေးကြည့်နေသည်ကို တွေ့ရသည်။ စူးစူး ခေါင်းငဲ့စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ “ရှင် ခုနက ဘာပြောလိုက်တာလဲ?”
ကျဆင်းနေသည့် ဆီးနှင်းပွင့်များသည် မိန်းကလေး နဖူးပေါ်ရောက်သည့်အခါ အပြာရောင်ရေခဲ ပုံဆောင်ခဲလေးတွေ အဖြစ် ပြောင်းလဲသွားသည်။ သူမသည် နွေဦးရာသီတွင် ကျမည့်နှင်းကို သိပ်သည်းအောင် လုပ်ခဲ့ပေမဲ့ မထူးခြားခဲ့။ မျက်စိတမှိတ်အတွင်းမှာပင် အေးမြနေသည့် ခံစားချက် ပျောက်ကွယ်သွားတော့သည်။ မိန်းကလေး၏ နူးညံ့နေသောအလှတရားတော့ကျန်ရစ်ခဲ့သည်။
ထန်ထိုင်ကျင့် အေးစက်စက်မျက်နှာဖြင့် အဝေးကို ထွက်သွားတော့သည်။
ကုံးယွိ သတင်းပို့သည်။ “သူ့နားရွက် နီနေတယ်”
စူးစူး ထကြည့်တော့ တခုခု မှားနေသည်ကို တွေ့လိုက်ရသည်။ “ငါ့ရဲ့ ထိုးမပြီးသေးတဲ့ ခေါင်းခြုံပုဝါကော?”
ကုံးယွိ ပြောသည်။ “ထန်ထိုင်ကျင့် ယူသွားပြီ”
စူးစူး တခဏလောက် စဉ်းစားလိုက်သည်။ သူမ မျက်လုံးတွင် အပြုံးရိပ် သမ်းသွားသည်။
ချင်းချန်နန်းဆောင်က မီးအိမ်များ ည အတော်နက်မှ မီးငြိမ်းသွားခဲ့သည်။ စိတ်ညစ်စရာပေးမည့် ပန်းထိုးသည်များ စူးစူးထံ ရောက်မလာခဲ့တော့ပေ။
လဝက်လောက် ကြာသည့်အချိန်တွင် ပန်းထိုးပြီးသား မင်္ဂလာခေါင်းခြုံပုဝါတထည်ကို စူးစူးလက်ခံရရှိခဲ့သည်။
ထိုခေါင်းခြုံပုဝါကို သူမ အိပ်ရာခေါင်းရင်းတွင် ထားထားခဲ့တာ ဖြစ်သည်။ ရွှေရောင်အပ်ချည်မျှင်တွေနှင့် သေသပ်လှပစွာ အနားသတ်ထားပြီး အစိတ်အပိုင်းတခုချင်းစီကို လှလှပပ တိတိကျကျ ထိုးထားတာ ဖြစ်သည်။ စူးစူး ယူလိုက်ပြီး သူမ လက်ချောင်းဖြင့် ထိကြည့်လိုက်ရာ ထန်ထိုင်ကျင့် အေးစက်စက်မျက်နှာနှင့် ပန်းထိုးနေပုံကို မြင်နေရသည်။
အမျိုးသမီး ပန်းထိုးသည် လက်ရာနှင့် နှိုင်းယှဉ်ရလျှင် ထို မီးငှက် (မင်္ဂလာငှက်) ပုံက အတော့်ကို ကျစ်ကျစ်လျစ်လျစ် ရှိလှသည်။
စူးစူးသည် ထူးကဲကောင်းမွန်လှသော မီးငှက်ပုံကို ကြည့်ပြီး အံ့အားသင့်နေခဲ့သည်။
ကုံးယွိလေသံတောင် ခက်ခဲရှူပ်ထွေးသွားပြီး ပြောလာသည်။ “အေးခဲနန်းတော်မှာ ကြီးပြင်းလာတဲ့ ကလေးဟာ သက်မွေးဝမ်းကြောင်းအတတ်ပညာ အကုန်တတ်တယ်”
မိစ္ဆာဘုရင်တယောက်သည် ထိုကိစ္စတွင် အတော် ယုံကြည်နေရှာသည်။ နတ်မြတ်နတ်ကောင်းတွေက သူ့ကို ကောင်းချီးပေးမည်ဟု မျှော်လင့်နေသည်။
တော်တော်ရယ်ချင်စရာကောင်းနေပေမဲ့ သေချာတွေးကြည့်လိုက်လျှင် အတော်ရှုပ်ထွေးလှသည့် ကိစ္စ ဖြစ်သည်။
စူးစူး ခေါင်းခြုံပုဝါကို ထားလိုက်သည်။ သူမ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးတက်သွားသည်။
သူမဘဝတွင် တစုံတယောက်ရဲ့ ခံစားချက်တွေအပေါ် သူမ လိမ်ညာမိတာသည် ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ကြည့်ရတာ သူမ အောင်မြင်ခဲ့သည်နှင့် တူသည်။
စူးစူး မင်္ဂလာခေါင်းခြုံပုဝါ လက်ခံရရှိပြီး ၂ ရက်အကြာတွင် ထန်ထိုင်ကျင့်က စူးစူးကို မိဖုရားခေါင်အဖြစ် တင်မြှောက်မည့်သတင်း နန်းတွင်းခုံရုံးအထိ ရောက်သွားသည်။
ထန်ထိုင်ကျင့်သာ တခြားမိန်းကလေးကို မိဖုရားခေါင်အဖြစ် တင်မြောက်ခဲ့လျှင် မှူးမတ်တွေအနေနှင့် သူ့ကိုယ်ရေးကိုယ်တာကိစ္စတွင် ဝင်ရောက်စွက်ဖက်ကြမည် မဟုတ်။ သို့သော် ယခုက စူးစူး ဖြစ်နေသည်။
ရန်သူ့စစ်သူကြီး ယဲ့ရှောက်သည် ကျိုးပြည်ကို အနှစ် ၂၀ လောက် ဖိနှိပ်တိုက်ခိုက်လာခဲ့သူဖြစ်သည်။ ယခု အရှင်မင်းကြီး လက်ထပ်ချင်သည့် မိန်းကလေးသည် ထို ရန်သူ၏ သမီး ဖြစ်နေသည်။
အစိုးရအမှုထမ်းများအားလုံးက ရှေ့ရေး ကြိုတွေးနေကြသည်။ အကယ်၍သာ ယဲ့မိသားစုဝင် ထိုမိန်းကလေးသည် ရည်မှန်းချက်ကြီးသူ ဖြစ်ပြီး ပထမဆုံးမွေးလာသည့် ကလေးသာယောကျာ်းလေး ဖြစ်ခဲ့လျှင် တကျိုးပြည်သည် သွယ်ဝိုက်သော နည်းဖြင့်ယဲ့မိသားစုလက်ထဲသို့ ရောက်သွားပေလိမ့်မည်။
မှူးမတ်များက ချက်ချင်းပင် အသနားခံစာ တင်ကြတော့သည်။
ထိုကိစ္စ မဆိုထားနှင့်။ အပြင်ဘက်တွင်လည်း အခုထိ ပုန်းနေပြီး ထီးနန်းပြန်သိမ်းဖို့ အခွင့်ကောင်း ချောင်းနေသည့် မင်းသား ၈ ရှိနေသေးသည်။ အရှင်မင်းကြီးနှင့် ထိုအပြစ်သား၏သမီးတို့ လက်ထပ်ခြင်းသည် ပြည်သူပြည်သားတွေ၏ စိတ်ကို လုံးဝ ဆုံးရှုံးသွားလိမ့်မည်။
သူတို့တင် မဟုတ်သေး။ ထန်ထိုင်ကျင့် စကားကို အမြဲနားထောင်နေကြ ရန်ကျိ တောင်မှ ဒီလိုလုပ်တာ မကောင်းဘူးဟု ထင်သည်။
ရန်ကျိ ပြောသည်။ “အရှင်မင်းကြီး တတိယယဲ့မိန်းကလေးကို ကြိုက်နေရင် အချစ်တော်မိန်းကလေး အဖြစ်ထားလို့ရပါတယ် …. တကယ်နှစ်သက်ခဲ့ရင် ဖူးရန်ဘွဲ့ ပေးလို့ရပါတယ် … တကယ်လို့ သူ့လို ရန်သူတစ်ယောက်ရဲ့ သမီးကို တိုင်းပြည်မိခင်နေရာ ဖြစ်တဲ့ မိဖုရားခေါင်နေရာ ပေးလိုက်မယ်ဆိုရင် ပြည်သူတွေရဲ့ အမြင်မှာ အရှင်မင်းကြီးဟာ တိုင်းပြည်သစ္စာဖောက်တယောက် ဖြစ်နေပါလိမ့်မယ်”
သူ့စကား ကြားလိုက်တာနှင့် ချက်ချင်း ထန်ထိုင်ကျင့် ပြန်လည် ချေပ ပြောဆိုလိုက်သည်။“ကိုယ်တော် သူ့ကို ကြိုက်တယ်လို့ ဘယ်သူ ပြောတာလဲ”
ရန်ကျိ : “….” ဒါက အကြောင်းပြချက်လား … အကြောင်းပြချက်က မဆီလျော်ဘူးအရှင်မင်းကြီး
သူတို့ ၂ ဦး တယောက်ကို တယောက် ကြည့်နေကြသည်။ ထန်ထိုင်ကျင့်က လေသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။ “သူက မိဖုရားခေါင်ဆိုတဲ့ ဘွဲ့ပဲ လိုတာ”
အို? … သူ တောင်းသမျှ နင်ပေးနေပြီးတော့ သူ့ကို မကြိုက်ဘူးလို့ ပြောနေဆဲ?
ရန်ကျိ အကူအညီမဲ့စွာဖြင့် ညည်းညူပြောသည်။ “ကျန်းလူကြီးမင်းနှင့် အမတ် တချို့ အပြင်မှာ ဒူးထောက်နေဆဲပါ … အရှင်မင်းကြီး … သူတို့က အရှင်မင်းကြီး ထီးနန်းရအောင် ကူညီပေးခဲ့တဲ့သူတွေပါ … အရှင်မင်းကြီးကို အကြံဥာဏ်တွေပေးရင်းနဲ့ သေဆုံးသွားတာမျိုး မဖြစ်သင့်ပါဘူး”
ထန်ထိုင်ကျင့် မျက်လုံးထဲ လှောင်ပြောင်သရော်မှုများ ပြည့်နေသည်။
ရန်ကျိ သက်ပြင်းချလိုက်သည်။ သူ့ရင်ထဲ ခါးသီးမှု ခံစားလိုက်ရသည်။ သူ့အမြင်တွင် စူးစူးကို မိဖုရားခေါင်အဖြစ် လက်ခံရတာက ဘာမှမလုပ်ရပဲ ဒုက္ခကို ဖိတ်ခေါ်သလို ဖြစ်နေသည်။လောကတွင်ရှိသမျှ လူတိုင်း သဘောတူကြမှာ မဟုတ်။ ထန်ထိုင်ကျင့် တကယ် လုပ်ခဲ့လျှင်မှူးမတ်နှင့် တိုင်းသူပြည်သားတွေကို လုံးဝ စိတ်ပျက်စေမိလိမ့်မည်။
ထိုကိစ္စသည် ရက်အတော်ကြာအောင် မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်ခဲ့သည်။အနောက်ဆောင်တွင် နေနေသည့် ယဲ့ပင်းချန်တောင် ထိုအကြောင်းကြားရသည်။
ထန်ထိုင်ကျင့် စိတ်ပြောင်းဖို့အတွက် သူစီးလာသည့် စစ်ရထားကို ဦးခေါင်းဖြင့် တိုက်ကာတားပြီး နားချသည့် လူတောင် ရှိခဲ့သည်။ ထိုလူကား ချိုက်လူကြီးမင်း။
နန်းတွင်းတွင် တီးတိုးပြောသံတွေ ထွက်လာသည်။ ဘယ်သူစလိုက်မှန်းမသိရပေမဲ့အရှင်မင်းကြီး၏ မိဖုရားခေါင် အပ်နှင်းမည့်ကိစ္စ ရှိလာတော့မည်မဟုတ် ဆိုသည့် စကားဖြစ်သည်။
လက်ရှိတွင် ယဲ့ပင်းချန်သည် အနောက်ဆောင်တွင် ဖူးရန်ဘွဲ့ရထားသည့် တဦးတည်းသောမိန်းကလေး ဖြစ်သည်။ သူမသည် စွပ်ပြုတ်ပူပူနွေးနွေးတခွက် ယူဆောင်လာကာ ထန်ထိုင်ကျင့်ကို တွေ့ဖို့ ရောက်လာသည်။
သူမသည် ပန်းများအပြည့် ဖူးပွင့်လျှက်ရှိသော ချောင်းဟွာနန်းဆောင်ရှေ့ဖြတ်ပြီး ထန်ထိုင်ကျင့် ရှိရာ ခန်းမရှေ့ ရောက်ခါနီးတွင် အမြန်လျှောက်လာသော ဝေရှီနှင့် ဝင်တိုက်မိသည်။
ထိုမိန်းမစိုးအိုကြီး၏ မျက်နှာ ဖြူဖျော့နေ၏။ ယဲ့ပင်းချန်ကို မြင်သည့်အချိန်တွင် သူသည်ခဏလောက် သူ့မျက်နှာထားပြန်ပြင်ယူပြီးမှ သူမကို အရိုသေပေးလိုက်သည်။
ဝေရှီ ခန္ဓာကိုယ်တွင် ပေနေသည့် သွေးကွက်တွေ မခြောက်သေးတာကို ယဲ့ပင်းချန် မြင်လိုက်ရသည်။
“ဖူးရန်ကို အရိုအသေပြုပါတယ် … ကျွန်တော်မျိုး အရေးတကြီး လုပ်စရာရှိလို့ သွားခွင့်ပြုပါဦး..” ဝေရှီ အပြေး မသွားခင်လေးတွင် နောက်ပြန်လှည့်ပြီး အရေးတယူ သတိပေးထားရစ်သည်။ “ဒီနေ့ အရှင်မင်းကြီး နေရာမှာ ….. ဖူးရန် တွေ့ဆုံဖို့ မသင့်ဘူး … ဒါကြောင့် နောက်ပြန်လှည့်ပြီး ကိုယ့်နန်းဆောင်မှာပဲ အနားယူရင် ပိုကောင်းပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် … ဝေ့ရှီကုန်းကုန်း … သတိပေးတဲ့အတွက်” ယဲ့ပင်းချန် ပြောလိုက်သည်။
ဝေရှီ မနားတော့ပဲ သုတ်သုတ် ထွက်သွားတော့သည်။
ဝေရှီသည် မြနန်းဆောင်ဘက် ဦးတည်သွားနေကြောင်း ယဲ့ပင်းချန် သတိပြုမိလိုက်သည်။
သူမ လျှောက်နေရာကနေ ရပ်လိုက်သည်။ ဝေရှီ၏ နောက်ပြန်လှည့်ဖို့ အကြံပေးစကား နားမထောင်ပဲ ရှေ့ကို ဆက်သွားသည်။
ထန်ထိုင်ကျင့်ရှိရာ နန်းဆောင်ခန်းမရှေ့ အရောက်တွင် သွေးတွေ ပြန့်ကျဲနေပြီး လူ့ဦးခေါင်းတလုံး ယဲ့ပင်းချန် ဂါဝန်အောက်နားဆီ လိမ့်ဝင်လာသည်။
သူမ အနောက်တွင် ရပ်နေသည့် ရှောင်ဟွေ့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ယဲ့ပင်းချန် မျက်နှာ သွေးမရှိတော့သလို ဖြူဖျော့သွားသည်။ လရိပ်စစ်သားတယောက် သူတို့အနောက်ကို ရောက်လာကာ ရှောင်ဟွေ့ ပါးစပ်ကို ပိတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။ “ဖူးရန် … အပြစ်ပြုမိပြီ … အရှင်မင်းကြီး အလုပ်များနေပါတယ် … ဖူးရန်ကို တွေ့ဖို့အဆင်မပြေသေးပါဘူး … ကျေးဇူးပြုပြီး နောက်ပြန်လှည့်သွားပေးပါ”
ယဲ့ပင်းချန် လျင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုမှသာ ရှောင်ဟွေ့ပါးစပ်ကို ပိတ်ထားသည့်လရိပ်စစ်သားက သူ့လက်လွတ်ပေးလိုက်သည်။ ရှောင်ဟွေ့ ခြေထောက် ဆိုးဆိုးဝါးဝါးတုန်လှုပ်နေပြီး ယဲ့ပင်းချန်ဆီ လဲပြိုကျလာသည်။
ယဲ့ပင်းချန် ဆက်မကြည့်ရဲတော့ပဲ ရှောင်ဟွေ့နှင့်အတူ လှည့်ပြန်တော့သည်။
စူးစူးကို ဝေရှီ လာခေါ်သည့်အချိန်တွင် လရိပ်စစ်သားများသည် ကြမ်းပြင်ပေါ် ကျန်ရစ်ခဲ့သည့် ခြေရာလက်ရာတွေကို ရှင်းလင်းနေကြသည်။
ဆည်းဆာနေသည် သွေးလို နီရဲနေသည်။ ဝတ်ရုံနက်ဝတ်ထားသည့် ဧကရာဇ်သည် စင်မြင့်ပေါ်တွင် ထိုင်နေသည်။ လက်ထဲတွင် ဓားတချောင်းကိုင်ထားပြီး ကောင်းကင်က မီးလိုနီရဲတောက်ပနေသည့် နေကို ကြည့်နေသည်။
တလောကလုံးကလူတွေက သူ့ရန်သူ ဖြစ်နေ၍ အေးစက်စက်နှင့် လျစ်လျူရှူထားတဲ့ ခံစားချက် သူ့မျက်နှာတွင် ပေါ်နေသည်။ သူ့လက်ချောင်းတွေက ဓားရိုးကို တင်းတင်း ဆုပ်ကိုင်ထားသည်။
ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် နန်းတွင်းအစေခံ အားလုံးကို ထွက်ခိုင်းထားသည်။
အရာအားလုံး သန့်ရှင်းအောင် ရှင်းလင်းပြီး ဖြစ်ပေမဲ့ သွေးညှီနံ့ကိုတော့ ပျောက်အောင် မဖျောက်နိုင်ပေ။ စူးစူးသည် ထန်ထိုင်ကျင့် လက်ထဲက ဓားကို ဖျတ်ကနဲ ကြည့်လိုက်သည်။ သူလည်း ပြန်ကြည့်လိုက်ရာ သူမနှင့် အကြည့်ခြင်း ဆုံသွားသည်။
သူတို့ ၂ ဦး တယောက်ကို တယောက် အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ စူးစူး သူ့ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောသည်။ “ရှင် တယောက်ယောက်ကိုသတ်ခဲ့တာလား?”
ထန်ထိုင်ကျင့် တော်တော်ကြာအောင် သူမကို စိုက်ကြည့်နေပြီးမှ သူ့လက်မြောက်လိုက်ပြီးသူမ ပါးကို ကိုင်လိုက်သည်။
“ကိုယ်တော် မင်းအတွက် လုပ်ခဲ့တာ” သူ ဓားကို လွတ်ချလိုက်သည်။ မျက်လုံးထဲက ခံစားချက်မဲ့နေမှုများသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ တခုခုကို သတိရလာ၍ ရယ်သံတိုးတိုးလေးဖြင့် ပြောသည်။ “မင်းက မိဖုရားခေါင် ဖြစ်ချင်တယ် …. ဒါပေမဲ့ အဘိုးအိုချိုင်ကသူသေမှပဲ ရမယ်လို့ ပြောတယ် … ဒါကြောင့် ကိုယ်တော် သူ့ကို သတ်လိုက်တယ်”
စူးစူး ရုတ်တရက် ဘာမှ မပြောနိုင်တော့။
သူမလည်ပင်းထဲ တခုခု နင်နေသလို ခံစားရသည်။ တဖက်တွင်လည်း သူမ စက်ဆုပ်ရွံရှာသွားပေမဲ့ သူ၏ တည်ငြိမ်နေသည့် မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသောအခါအကြောက်တရားတွေနှင့် တုန်လှုပ်သွားသည်။
ထန်ထိုင်ကျင့်သည် “ရှူး”ဆိုပြီး တိတ်နေရန် ဟန်အမူအရာပြလိုက်ပြီးနောက် တည်ငြိမ်စွာပြောသည်။ “စိတ်မပူပါနဲ့ … ကိုယ်တော် သတ်တယ်ဆိုတာကို ဘယ်သူမှ မသိဘူး … အဘိုးအိုချိုင်က အသက်ကြီးလို့ အနားယူရမဲ့အချိန် ရောက်နေပြီ … ကိုယ့်ဇာတိကိုယ်ပြန်တဲ့လမ်းမှာဓားပြအုပ်စုနဲ့ တွေ့သွားပြီး အသတ်ခံလိုက်ရတယ်”
စူးစူး ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာထားနှင့် သူ့ကို ကြည့်ပြီး ပြောသည်။ “ဘာကြောင့်ဝေ့ရှီကုန်းကုန်းကို အခေါ်လွှတ်ပြီး ကျွန်မကို လာခိုင်းရတာလဲ?”
ထန်ထိုင်ကျင့် ပြုံးပြီး ပြောသည်။ “သူတို့က မင်းကို မိဖုရားခေါင်မမြောက်ခိုင်းဘူးလေ … ကိုယ်တော် ဘာလုပ်ခဲ့လဲဆိုတာ မင်းကို မြင်တွေ့စေချင်လို့”
ငယ်ရွယ်နုပျိုသော လူငယ်လေး၏ မျက်လုံးတွင် သွေးရောင်လွှမ်းနေသည်။ သူ့အပြုံး ပျောက်ကွယ်သွားပြီးနောက် စူးစူး ပုခုံး ၂ ဖက်ကို သူ့လက်ဖြင့် ပိုက်လိုက်ပြီး စူးစူး တကိုယ်လုံးကို သူ့လက်မောင်းတွင်းသို့ ဆွဲထည့်လိုက်သည်။
ကုံးယွိ စိတ်ဆိုးဆိုးဖြင့် ပြောသည်။ “သူဘာဖြစ်နေတာလဲ? …. လူသားတွေ တစုံတယောက်ကိုသဘောကျရင် အကောင်းဆုံးကြိုးစားပြီး သဘောကျနေသူကို ပေးဆပ်ပြီး ဒီလူအတွက်အရာရာ စဉ်းစားပေးရမယ် မဟုတ်ဘူးလား”
ထန်ထိုင်ကျင့် အပြုအမူ လုပ်ဆောင်ချက်တွေသည် သူ့သခင်ငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာတွင်ဖိအားတိုးစေသည်။
သူ တစ်ယောက်ယောက်ကို သတ်လိုက်တယ်။ သူမအတွက် သူ သတ်လိုက်ကြောင်းကို သူမကို ခေါ်ပြီးပြတယ်။
တကယ့်ကို စိတ္တဇသမားပဲ။
သူ့လက်မောင်းတွင် သံချေးနံ့၊ သွေးနံ့များ စွဲနေသည်။ စူးစူး သူမခေါင်းကို အပြင်ဘက် လှည့်လိုက်သည်။ သူ့ မျက်နှာကို မြေကြီးပေါ်ထားပြီး တက်နင်းချင်စိတ် ပြင်းပြင်းပြပြ သူမ ခံစားရသည်။
“ယဲ့ရှီးဝူ!” သူပြောသည်။
“ပြော..” စူးစူး စိတ်ရှုပ်နေသည့် လေသံနှင့် ပြောလိုက်သည်။
“မင်းကို မိဖုရားခေါင် တင်မြောက်တာ ဘာ ရည်ရွယ်ချက်မှ မရှိဘူး … ကိုယ်တော်မှာ ပြသနာပေါင်းစုံ တက်ရတယ်”
“ကျွန်မ အတင်းလုပ်ခိုင်းနေလို့လား?”
“ဒါကြောင့် နောင်ကျလို့ မင်း ကိုယ်တော့်ကို ကောင်းကောင်း မဆက်ဆံရင် …” သူ့ကိုယ်သူပြောသလိုနှင့် စူးစူး နားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ သူမတကိုယ်လုံးကို ရစ်ပတ်ထားသည့် အဆိပ်ပြင်းမြွေတကောင်လို သူ့လေသံက တိုးပြီး အေးစက်နေသည်။ “မင်းကို လုံးဝ အလွတ်မပေးဘူး”
သူမ မော်ကြည့်လိုက်တော့ လူငယ်၏ အေးစက်စက် အမူအရာ အောက်တွင် ပုန်းခိုနေသည့်မရေမရာ ရှုပ်ထွေးမှု ပါးပါးလေး တွေ့လိုက်ရသည်။
ဒီခြေလှမ်းကို သူလှမ်းမိတာ မှန်လား မှားလားဆိုတာ သူကိုယ်သူ မသိ ဖြစ်နေပေလိမ့်မည်။
စစ်တိုက်ခြင်းကို စွန့်လွှတ်လိုက်တာ၊ စွမ်းအားကို အမြဲမပြတ် ရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုစွန့်လွှတ်လိုက်တာ။ သူ့ရှေ့တွင် အဆုံးသတ်မရှိတဲ့ တွင်းတတွင်း ရှိနေတယ်လို့ သူမြင်နေရသည်။ ဒီတွင်းထဲ သူဝင်သွားခြင်းသည် သူ့ခန္ဓာကိုယ် တစစီ ဖြစ်သွားရနိုင်သည်၊ ရှိသမျှအရာအားလုံး ဆုံးရှုံးသွားရနိုင်သည်၊ သို့သော်လည်း ဘာပဲ ဖြစ်နေပါစေ သူ ရအောင် ဝင်သွားခဲ့သေးသည်။
သူမ လက် အောက်ချလိုက်ပြီး ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။ “အင်း ..”
သူမ နားတွင် သူ့ရင်အုံဆီက စည်းချက်မှန်မှန် ခုန်နေသည့် ရင်ခုန်သံ ကြားနေရသည်။ မိစ္ဆာဘုရင်သည် မွေးလာကတည်းက အချစ်သံယောဇဉ်ကြိုးမျှင် ပါမလာခဲ့သူ ဖြစ်ကြောင်း စူးစူးမသိခဲ့ရလျှင် ဒီအရာတွေ အားလုံးသည် အဓိပ္ပာယ်မရှိသည့် ပြက်လုံးတခုလို့ ခံစားရမှာသေချာသည်။
0 Comments