နျန့်ပိုင်ယွီ စကားတခွန်းမှ မပြောနိုင်တော့ပဲ ထိုအကောင်ကြီးကိုသာ ကြည့်နေမိသည်။ ထိုကျားသည် အရင်က သူတို့နှင့်အတူ ရှိနေခဲ့တာမို့ ဒီအတိုင်း ဆွဲထုတ်သွားပြီး သတ်ဖို့ကို သူ မလုပ်နိုင်ပေ။
အသတ် မခံရမှာကို သိသည့် ထိုကျားသည် သူ့ဖဝါးတွေနှင့် အသကုန် ထွက်ပြေးသွားတော့သည်။
ထိုကျားသည် သနားစရာကောင်းလှသည်။ ထန်ထိုင်မင်လန်နှင့်အတူ ရှိနေစဉ်တုန်းကတော့ စွမ်းအားကြီး မိစ္ဆာကျားဗိုလ်တကောင် ဖြစ်ခဲ့သည်။ သို့သော် ထန်ထိုင်ကျင့်နောက် လိုက်သည့်အချိန်ကစ၍ ထိုကျား မျက်နှာထားစရာနေရာ မရှိတော့လောက်အောင် သိမ်ငယ်နိမ့်ဆင်းသွားရပြီး လူတွေကို ကျေနပ်အောင် ပြုမူပြနေရတဲ့ဘဝ ရောက်ခဲ့တော့သည်။
စူးစူး သည် ခွက်နှင့်ဇွန်းကို လွှင့်ပစ်လိုက်ပြီး ထန်ထိုင်ကျင့်ကို တချက်မှ လှည့်မကြည့်ပဲ ထွက်သွားတော့သည်။
စူးစူး မိဖုရားခေါင်နေရာကို တောင်းဆိုလိုက်သည့် အချိန်ကစလို့ ထန်ထိုင်ကျင့် မျက်လုံးထဲက စိတ်ခံစားချက်တွေသည် တက်လိုက် ကျလိုက်နှင့် အမျိုးမျိုး ဖြစ်ပျက်နေတော့သည်။ တခါတရံ အထင်သေးပြီး လှောင်ပြောင်နေသောပုံ ရှိသည်။ တခါတရံ လွန်ဆွဲနေပြီး အေးစက်နေပြန်သည်။
ကုံးယွီက ပြောသည်။ “သူက မိစ္ဆာဘုရင်။ မိစ္ဆာဘုရင်ရဲ့ ပင်ကိုယ်သဘာဝကိုက စွမ်းအားနှင့် အဆင့်အတန်းကိုပဲ ပိုနှစ်သက်တယ်။ တခြားမိစ္ဆာဘုရင်တယောက်ရဲ့ ဘဝကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်ကို သခင် မှတ်မိသေးလား။ အဲ့ဒီ မိစ္ဆာဘုရင်မှာ မယား မရှိခဲ့ဘူးလေ။ ပြီးတော့ နတ်နယ်ပယ်က အလှဆုံးမိန်းကလေးတောင်မှ သူ့လက်နဲ့ သနားစရာကောင်းလောက်အောင် နှိပ်စက်ညှင်းပန်းခံခဲ့ရပြီး သေသွားခဲ့ရတာ။ ဒါကြောင့် ထန်ထိုင်ကျင့်တော့ သခင့်ကို မိဖုရားခေါင်နေရာ လုံးဝပေးမှာ မဟုတ်ဘူး”
စွမ်းအားကိုပဲ ရှာဖွေတာကိုက မိစ္ဆာဘုရင်ရဲ့ သဘာဝ ဖြစ်နေသည်။
ထန်ထိုင်ကျင့်သည် သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မြင်သည်။ စူးစူးကို သူကြိုက်နေကြောင်း ဝန်ခံခဲ့လျှင် သူ ဒီနေရာကနေ ဆက်မသွားနိုင်တော့ပဲ ရပ်တန့်နေပေလိမ့်မည်။
အကယ်၍ ရှီပြည်ထောင်၊ ချားပြည်ထောင်နှင့် နိုင်ငံရေးအရ လက်ထပ်နိုင်ခဲ့လျှင် မြောက်ပိုင်းနယ်မြေကို သူသိမ်းနိုင်မှာ ဖြစ်ပြီး ရှေးဟောင်းမှော်အတတ်ပညာနှင့်လည်း နီးစပ်နိုင်မည် ဖြစ်သည်။
အကယ်၍ တာအိုဘုန်းကြီးအိုကို သန့်ရှင်းစင်ကြယ်သော တာအိုနှလုံးသားပိုင်ရှင်မိန်းကလေးတယောက် ကို ရှာခိုင်းပြီး သူမကို လက်ထပ်ယူခဲ့မည် ဆိုလျှင် မသေမျိုးဂိတ်တံခါး ပွင့်လာသည့်အချိန်ကျလာပါက မသေမျိုးတာအိုနှလုံးသား ရဖို့ တစွန်းတစ မြင်ရနိုင်ချေ ရှိမည် ဖြစ်သည်။
သူ့ကိုယ်သူ ဘယ်သူလဲဆိုတာ အခုထိတိုင် မမြင်နိုင်သေးသော ထန်ထိုင်ကျင့်သည် အခုချိန်ထိ အသက်ရှင်နိုင်မည်လို့ ထင်မထားခဲ့လောက်အောင် ပျော့ညံ့ပြီး သိုင်းပညာမလေ့ကျင့်နိုင်သော ခန္ဓာကိုယ်ပိုင်ရှင် ဓားစာခံမင်းသားတယောက်ဟု သူ့ကိုယ်သူ မြင်နေဆဲ ဖြစ်သည်။
ပြီးတော့ စူးစူးက သူ့ကို ဘာတွေ ပေးနိုင်မှာလဲ?
ထိုအချိန်လေးတွင် ကုံးယွီသည် ထန်ထိုင်ကျင့် တွေးနေသော အတွေးတွေကို နားလည်သည်။ ထန်ထိုင်ကျင့်သည် စူးစူးကို လိုချင်မိခဲ့လျှင် သူ့တောင်ပံကို သူချိုးမိသလို ဖြစ်နေပေလိမ့်မည်။
“သူ မပေးဘူးဆိုတာ ငါသိတယ်” စူးစူး ပြောလိုက်သည်။
“သခင် သိနေတယ်?”
“ဟုတ်တယ် … ငါလည်း မိဖုရားခေါင် နေရာကို မလိုချင်ပါဘူး” စူးစူး ပြောသည်။ “ငါ တမင်ကို ဒီစကားပြောခဲ့တာ …. ကောင်းတဲ့အချက် ၂ ချက် ရှိတယ် … ထန်ထိုင်ကျင့်က တလောကလုံးမှာ ရှိတဲ့လူတိုင်းဟာ သူ့ကို အန္တရာယ်ပေးချင်ကြတဲ့လူတွေချည်းလို့ အမြဲတမ်း ထင်နေတယ် … ငါ မိဖုရားခေါင်နေရာ လိုချင်တယ်လို့ သူ့ကို ပြောလိုက်တဲ့အချိန် သူ့ရင်ထဲ စိတ်သက်သာရာ ရသွားတယ် … သူ့စိတ်ခံစားချက်တွေ လှုပ်ရှားမှုရှိလာလေလေ ငါတို့ ရည်မှန်းချက်နဲ့ နီးစပ်လာလေပဲ …. ပြီးတော့ ယဲ့ပင်းချန် …. သူအမှန်တကယ် ဘာလုပ်ချင်လဲဆိုတာ ငါမြင်ချင်မိတယ်"
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အစ်မကြီးသည် ပဟေဠိဆန်သောသူတယောက် ဖြစ်သည်။ မိစ္ဆာဘုရင်တောင်မှ သူမအပေါ် သနားကြင်နာသည့် အပြုအမူတွေ ပြနေရသဖြင့် သူမတွင် လျှို့ဝှက်ချက်တခုခု ရှိနေရမည် ဖြစ်သည်။
ထန်ထိုင်ကျင့်၏ စိတ်ခံစားချက်များသည် အခုတလော မတည်ငြိမ်ပေ။ စူးစူးကလည်း သူ့ကို လျစ်လျူရှုထားသည်။
သို့သော်လည်း အသွင်ပြောင်းနိုင်ပြီ ဖြစ်သော မိစ္ဆာကျားကို မတွေ့ရတော့။ တနေ့တွင် နျန့်မုနင်သည် စူးစူးကို ထူးထူးဆန်းဆန်းအကြည့်ဖြင့် ကြည့်လာပြီး ပြောသည်။ “အရှင်မင်းကြီးက မိစ္ဆာကျားကို ဝိညာဉ်ဝါးမျိုအလံထဲ ပစ်ထည့်လိုက်ပြီ”
အရှင်မင်းကြီးက မိစ္ဆာကျားကို တာအိုဘုန်းကြီးအိုဆီက ပညာတွေ သင်ယူလို့ရအောင်ဆိုပြီး ပစ်ထည့်လိုက်တာဟု ဆိုသည်။ အခု မိစ္ဆာကျားကတော့ ဝိညာဉ်ဝါးမျိုအလံအောက်တွင် နေ့တိုင်း ငိုနေရပြီ ဖြစ်သည်။
စူးစူး ဂရုဏာသက်သွားသည်။
လေးလပိုင်း၏ အစောပိုင်းကာလတွင် ကျိုးပြည်ထောင်ရဲ့ ပန်းပွဲတော် ကျင်းပသည်။
နန်းတွင်းထဲတွင် စားသောက်ပွဲကြီး ကျင်းပကြသည်။ နေရာတိုင်း နေရာတိုင်း မီးပုံးတွေ အရောင်စုံအလံတွေနှင့် အလှဆင်ထားကြသည်။ တကျိုးပြည်ရဲ့ ပန်းပွဲတော်သည် ဖြုန်းတီးဖို့ အတီးအမှုတ်တွေနှင့် ကုန်ဆုံးဖို့ နှစ်သက်ကြတဲ့သူတွေ ဂုဏ်ယူကြတဲ့ အထိမ်းအမှတ်တခုလို ဖြစ်နေသည်။
ကျိုးပြည်ထောင်၏ ရိုးရာသည် အယူစွဲ မရှိကြ။ ထိုပွဲတော်နေ့တွင် လူငယ် လူရွယ်တွေသည် သူတို့ ချစ်ရသူတွေကို ပိုးပန်းကြသည်။
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေကို သီချင်းဆိုပြကြသည်။ နှစ်ယောက် ချစ်ကြိုက်သွားကြပြီး သဘောတူလျှင် နေရာတနေရာကို သွားကြရုံ။
ကုံးယွီက စာအုပ်ကြီးထဲကအတိုင်း ပြောသည်။ “ကျိုးပြည်ထောင်က အထိန်းအကွပ်တွေ မရှိတာ လူတွေကို စိတ်ဓာတ် ပျက်စီးအောင် ထားထားသလိုပဲ”
မှောင်စပြုချိန်တွင် စူးစူးသည် နန်းတွင်းသူ နန်းတွင်းသားများ စကားစမြည်ပြောသံ၊ ရယ်မောသံများ ကြားလိုက်ရသည်။
“ငါ ကြားရတယ် …. ဖူးရန် (သခင်မ)က ရေကျောက်စိမ်း ကို သူ့ဘာသာသူ လုပ်တယ်တဲ့ … ရေကျောက်စိမ်းက ညီညီညာညာနှင့် ၂ ခြမ်းကွဲသွားတယ် ဆိုပဲ”
“အရှင်မင်းကြီး ရခဲ့ရင် သေချာပေါက် ဝမ်းသာမှာ”
ရေကျောက်စိမ်းသည် ကျိုးနိုင်ငံ၏ ထင်ရှားသော ကျောက်တမျိုး ဖြစ်သည်။ မီးပြင်းဖိုလို နေရာမှာ သန့်စင်အောင် လုပ်ဖို့လိုပြီး သေချာပြုပြင်ပြီးနောက် ရေထဲ ထည့်လိုက်သည့်အခါ ထိုကျောက်သည် ၂ ခြမ်းကွဲသွားသည်။
အနုစိတ်စိတ် အချိုးကျကျနှင့် ကွဲသွားလေလေ ရေကျောက်စိမ်းရဲ့ အရောင် ပိုပြီး ကောင်းလာလေလေ လုပ်တဲ့သူရဲ့ ရိုးသားမှု ပိုပြီး ပြသနိုင်လေလေ ဖြစ်သည်။
ကုံးယွီက မကောင်းတဲ့အကြံတခု ပေးသည်။ “သခင်လည်း ထန်ထိုင်ကျင့်အတွက် ရေကျောက်စိမ်းတခု မလုပ်ပေးလိုဘူးလား”
ယဲ့ပင်းချန်သည် ရေလို နူးညံ့ပျော့ပျောင်းသည်။ ဇနီးလိုတမျိုး အမေလိုတဖုံ ပါရမီနှင့် ပြီးပြည့်စုံသူ ဖြစ်သည်။ သူ၏ သခင်ကျတော့ သူ့သခင့်နှလုံးသားက ရေလို တည်ငြိမ်နေသည်။ တရားကျင့်ကြံဖို့ကောင်းသည့် တည်ငြိမ်မှုမျိုး ဖြစ်သည်။ ကုံးယွီသည် တိတ်ဆိတ်စွာ စိုးရိမ်နေမိသည်။
ကျိဇယ် သေသွားခဲ့ပြီ။ ဟွမ်းယွမ်း (အသုရာချောက်နက်) ပိတ်ထားသည့် ချိပ် ပျက်စီးသွားဖို့က အချိန် တနှစ်ပဲ ကျန်တော့သည်။
တစ်နှစ်ဆိုသည့် အချိန်သည် နတ်တို့ဘဝ မျက်စိတမှိတ် အချိန်ပဲ ကြာသည်။ မျက်ရည်ပုလဲကနေ သံချောင်းထွက်လာဖို့က သူ့ထဲတွင် အခုမှ အစပြုနေရုံမျှသာ ရှိသေးသည်။
မိစ္ဆာအရှင်ငယ်၏ နှလုံးသားသည် အေးစက်တည်ငြိမ်သည်။ သူ၏ ရယ်မောမှုတွေ စိတ်ရှုပ် စိတ်ပျက်မှုတွေ ဒေါသတွေက သူများတွေရဲ့ စိတ်ခံစားမှုတွေကို အတုယူသင်ယူရာကနေ ဖြစ်လာတာ ဖြစ်သည်။
ကုံးယွီက သူတို့ ရည်ရွယ်ချက် မပြီးမြောက်မှာကို စိုးရိမ်နေသည်။
စူးစူး ခေါင်းခါရင်း ပြောသည်။ “သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာက အသုံးမဝင်ဘူး။ ကျင်းလန်အန်းကိုပဲ ကြည့်”
“ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
စူးစူး ပြုံးလိုက်ပြီး ပြောသည်။ “ထွက်ပြေးကြည့်ကြည့်ရအောင် …. ကုံးယွီရေ … ငါတို့ ထွက်မပြေးဖြစ်တာ အတော်ကြာနေပြီ မဟုတ်လား”
အစကတော့ စူးစူး ဘာကိုဆိုလိုမှန်း ကုံးယွီ နားမလည်ခဲ့။ စူးစူးက အလွန်ကြီးမားသည့် စက္ကူစွန်ကြီးတခု ယူထုတ်လိုက်သည့်အချိန် ကုံးယွီက စူးစူး ဘာလုပ်တော့မယ်ဆိုတာ ခန့်မှန်းမိသွားသည်။
နွေဦးရာသီ၏ လသည် ဓားသွားလို ကြည်လင်တောက်ပနေသည်။
စူးစူး စက္ကူစွန်ကြီးကို သယ်ကာ နက္ခတ်စင်ပေါ် တွယ်တက်သွားသည်။ ထိုနောက် စက္ကူစွန်ပေါ်တက်ပြီး ထိုအဆောက်အအုံပေါ်ကနေ ခုန်ချ ပျံသန်းသွားလိုက်သည်။
သူမ ခြေအောက်တွင် မီးရှူးမီးပန်းတွေနှင့် မီးပုံးပျံတွေနှင့် ကောင်းကင်တခွင် လှပနေသည်။ ကြွယ်ဝချမ်းသာနေသော ကျိုးပြည်သည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။
လေညှင်းက သူမ ဂါဝန်အောက်စ အနားကို တိုက်ခတ်နေသည်။ သူမသည် လေပွေမန္တန် သုံးပြီး နန်းတွင်းဂိတ်တံခါးပေါ်ကနေ ပျံသန်းထွက်သွားသည်။
ပျံသန်းရင်း အတော်ဝေးဝေးရောက်သည့် အခါ စောင့်နေကျနေရာတွင် စောင့်နေသော နျန့်မုနင်ကို စူးစူး မြင်လိုက်ရသည်။ နျန့်မုနင် အံ့ဩ ထိတ်လန့်သွားပြီး အကူအညီမဲ့စွာနှင့် ရပ်ကြည့်နေသည်။ သူမသည် စူးစူးကို ထိခိုက်အောင် မလုပ်ရဲတာကြောင့် စားသောက်ပွဲကြီး ကျင်းပနေသည့် နန်းဆောင်သို့ အမြန်ပြေးသွားတော့သည်။
စူးစူးသည် မေးကို မော့တင်လိုက်ပြီး ကုံးယွိနှင့်အတူ ကြွယ်ဝချမ်းသာပြည့်စုံနေသော လူ့လောကကြီးကို ကြည့်ကြည့်သည်။ ထို အဆုံးအစမရှိတဲ့ လောကကြီးသည် မသေမျိုးတို့နေရာတောင်တွေထက် ပိုပြီး နွေးထွေးနေသည်။
စူးစူးသည် လူအရှုပ်ဆုံးလမ်းကို ရွေးပြီး ဆင်းသက်လိုက်သည်။
မျက်နှာဖုံးတခု ဝယ်လိုက်ပြီး သူမ မျက်နှာပေါ် တပ်လိုက်သည်။ “နင် ခန့်မှန်းကြည့် … သူငါ့ကို ဖမ်းဖို့ အထိတ်တလန့်နဲ့ ဘယ်အချိန် ထွက်လာမလဲဆိုတာ ကြည့်ရအောင်”
မိန်းကလေးသည် လက်နောက်ပစ်ပြီး လမ်းလျှောက်ကာ လူအုပ်ထဲ ဝင်ရောလိုက်သည်။
နန်းတွင်းစားသောက်ပွဲကြီး ကျင်းပနေတာ မပြီးဆုံးသေး။ ယဲ့ပင်းချန်သည် ထန်ထိုင်ကျင့်အတွက် ရေကျောက်စိမ်း နောက်တခု လုပ်နေသည်။
“အရှင်မင်းကြီး လာဘ်လာဘ ပေါများ၍ ကံကောင်းခြင်းများဖြင့် ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်” သူမ ရှက်ပြုံးလေး စွက်ကာဖြင့် ပြောလိုက်သည်။
ထန်ထိုင်ကျင့် ငြိမ်ဆိတ်နေပြီးနောက် နှုတ်ခမ်းစွန်း ကွေးတက်သွားကာ နူးညံ့သော အပြုံးတပွင့် ပေါ်လာသည်။
ယဲ့ပင်းချန်သည် သူ့ကို ကြည့်လိုက်ရာ ထိုအမူအရာကနေ ရှောင်းလင်၏ အငွေ့အသက် မှုံဝါးဝါးလေး တွေ့လိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်ချင်သွားသည်။
ခန်းမထဲ တီးလုံးသံတွေနှင့် မြိုင်ဆိုင်နေပြီး ကချေသည်တွေသည် မွှေ့ယမ်းကခုန်လိုက်တိုင်း သူတို့လက်ရှည်အင်္ကျီစ များ လေထဲ လွှင့်လျက် ယဉ်ကျေးသိမ်မွေ့စွာ ကခုန်နေကြသည်မှာ အိပ်မက်ကမ္ဘာထဲ ရောက်နေသလိုပင်။
ရုတ်တရက် ကိုယ်ရံတော် အဝတ်စား ဝတ်ထားသည့် နျန့်မုနင် ခန်းမထဲ အလောတကြီး ပြေးဝင်လာပြီး ထန်ထိုင်ကျင့်နားနားကပ်ကာ တစုံတခု ပြောလိုက်သည်။
ယဲ့ပင်းချန် ကြည့်နေရာ ထန်ထိုင်ကျင့်သည် နူးညံ့သိမ်မွေ့ပုံပြနေရာကနေ ရုတ်ချည်း အေးစက်ပြီး ကြောက်စရာကောင်းသည့် အမူအရာအဖြစ် ပြောင်းလဲသွားသည်။
သူ့မျက်လုံးများ တဖြည်းဖြည်းနှင့် မဲမှောင်လာပြီး အသက်ရှူသွင်းလိုက်တိုင်း ရင်အုံ နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ ခန်းမထဲရှိလူတွေကို မုန်းတီးပြီး ကြောက်စရာကောင်းတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့အောက်ရှိ လူများသည် စားဖို့သောက်ဖို့ပဲ အလုပ်များနေကြပြီး သူ့ကို လုံးဝ သတိမပြုမိကြပေ။
ဧကရာဇ် ရွှမ်ယိသည် ရုတ်တရက် ထရပ်လိုက်ပြီး လူအားလုံးက သူ့ကို ကြည့်လိုက်ကြသည်။ မျက်လုံးနက်နက်တွင် အရည်တွေ စိုလဲ့နေပြီး အပြုံးဖြင့် ပြောသည်။ “ကိုယ်တော်မှာ လုပ်စရာရှိသေးတယ် … အရင်သွားနှင့်မယ် … ဂုဏ်သရေရှိလူကြီးမင်းတို့ လုပ်စရာ မရှိရင် သွားလို့ရပြီ”
လူအုပ်ကြီးတွင် သူ့ကို လေးစားသည်ထက် ကြောက်ရွှံ့နေကြသည့်သူ များသည်။ အထူးသဖြင့် အရင်က ထန်ထိုင်မင်လန်သစ္စာခံဖြစ်ခဲ့သည့် သူများသည် အလျင်အမြန် အရိုအသေပြုကာ ခန်းမထဲကနေ ထွက်သွားကြတော့သည်။
တစုံတယောက်က အမည်းရောင် လေးနှင့်မြှား ကို ဧကရာဇ်လက်ထဲ ထည့်ပေးလိုက်သည်။ သူ ယူလိုက်ပြီး အမိန့်မနာခံသည့် သားကောင်တကောင်ကို ဖမ်းဖို့ ထွက်လာသလိုမျိုး အလျင်အမြန် ထွက်လာသည်။
သူ့နောက်ကျောကို ကြည့်နေရင်းနဲ့ ယဲ့ပင်းချန်သည် ထို လေးနှင့်မြားသည် အမှန်တကယ်ပစ်ဖို့ မဟုတ်ပဲ မနာခံသည့် မိန်းမငယ်လေးအား ခြောက်လှန့်ဖို့အတွက်ပဲဆိုတာကို နားလည်လိုက်သည်။
သူမသည် နျန့်မုနင် ပြောစကား ကြားနိုင်သည့် အကွာအဝေးတွင် ရှိခဲ့တာ ဖြစ်သည်။
ထန်ထိုင်ကျင့်သည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အနောက်ပြန်လှည့်ကြည့်လိုက်သည်။
ယဲ့ပင်းချန် ပါးပေါ် မျက်ရည်များ လိမ့်ဆင်းလာသည်။ သူမ ငိုရင်းနှင့် သူ့ကို ငေးစိုက်ကြည့်လိုက်သည်။ ထန်ထိုင်ကျင့် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ပြုံးပြလိုက်သည်။ “လက်ဆောင်ပြန်ပေးဖို့ ကိုယ်တော်မေ့နေတယ် … နျန့်ပိုင်ယွီ … ဖူးရန်ကို ရတနာသိုက်ဆီ ခေါ်ဆောင်သွား … သူ ကြိုက်တာ ရွေးစေပြီး သူ့အခန်းကို ပို့ပေးလိုက်”
ယဲ့ပင်းချန် အသနားခံသည့် အမူအရာဖြင့် သူ့ကို ကြည့်နေခဲ့သည်။
ထန်ထိုင်ကျင့် ပြန်လှည့်သွားပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားတော့သည်။
ရှောင်ဟွေး စိုးရိမ်စွာဖြင့် ပြောသည်။ “ဖူးရန်”
ယဲ့ပင်းချန်သည် သူမပါးပေါ်က မျက်ရည်တွေ သုတ်လိုက်ပြီး တိုးတိုးလေး ညည်းလိုက်သည်။ “ခုထိ အလုပ်မဖြစ်သေးဘူးပဲ”
နျန့်မုနင်နှင့် လရိပ်စစ်တပ်တို့သည် ဧကရာဇ် ရွှမ်ယိနောက် လိုက်ပါလာကြသည်။ လမ်းမပေါ်ရှိ အမျိုးသမီး တော်တော်များများသည် မျက်နှာဖုံးတပ်ထားကြသည်။
လူတွေ ဟိုသွား ဒီလာ လုပ်နေကြပြီး ရယ်မောသံတွေ နေရာတိုင်းကြားနေရသဖြင့် မိန်းကလေးတယောက်ကို ရှာတွေ့ဖို့ ခက်ခဲနေ၏။
နျန့်မုနင် ပြောသည်။ “အရှင်မင်းကြီး … တတိယယဲ့မိန်းကလေး ထွက်ပြေးမှာ မဟုတ်ဘူး … ကျွန်မတို့လက်ထဲမှာ သူ့အဘွား ရှိသေးတယ်”
ထန်ထိုင်ကျင့် လေသံက အသည်းအသန် ဖြစ်နေပြီး နျန့်မုနင်ပြောတာ သူ မကြားချေ။ “ကိုယ်တော်သိနေတယ် … သူ ထွက်ပြေးလိမ့်မယ်ဆိုတာ … ကိုယ်တော် သူ့ခြေထောက်ကို ရိုက်ချိုးထားခဲ့သင့်တာ”
လူသားတွေက ရက်စက်တတ်သည်။ ထန်ထိုင်ကျင့်သည် သူ့အမေက ဗိုက်ထဲက သူထွက်လာဖို့ အချိန်ကြာအောင် လုပ်မိခဲ့လို့ သူ နှောင့်နှေးမနေပဲ သတ်ပစ်ဖို့ ရွေးခဲ့သလိုမျိုး။
စူးစူးအနေနဲ့ ဆိုရင်လည်း သူမသည် သူမအဘွားကို ပစ်ထားရစ်ပြီး ထွက်ပြေးသွားဖို့ ဖြစ်နိုင်ချေ အပြည့်ရှိနေသည်။
နျန့်မုနင် မြင်နေရသည်။ အရှင်မင်းကြီးသည် ခရမ်းရောင်ဝတ်အမျိုးသမီးတဦးကို ပုခုံးကို ကြမ်းကြမ်းတမ်းတမ်းဆွဲကိုင် လှည့်ပြီး တပ်ထားသည့် မျက်နှာဖုံး ဆွဲဖယ်ပစ်လိုက်သည်။ သူရှာနေသည့်လူ မဟုတ်မှန်း သိရသည့်အခါ ထိုအမျိုးသမီးကို တွန်းဖယ်ပစ်လိုက်သည်။
သူ့ကို ကြည့်ရတာ သစ္စာဖောက်ခံရ၍ အလွန်ဝမ်းနည်းနေကာ ဒေါသထွက်နေသည့် လူတယောက်လို ဖြစ်နေသည်။ သူ၏မျက်လုံးများမှာ ဒေါသဖြင့် နီမြန်းနေသည်။
“သူပေးထားခဲ့တဲ့ကတိကို သူဖျက်တယ် … သူ့ကို ရှာတွေ့ခဲ့ရင် ကိုယ်တော် သူနဲ့ အဲ့အဘွားကြီးကို မြွေတွင်းထဲ ပစ်ချမယ်”
နျန့်မုနင် စကားဆက်မပြောရဲတော့ပေ။ ထိုအရာက သူ့ပုံရိပ်ယောင် ဖြစ်ချင်ဖြစ်နေပေလိမ့်မည်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ဒေါသကနေ ဝမ်းနည်းသံနှင့် စိတ်ရှုပ်ထွေးမှုတွေ သူမ ကြားလိုက်ရသည်။
တတိယယဲ့မိန်းကလေးတွင် လုပ်နိုင်စွမ်းရှိသည်။ အကယ်၍ သူမ ထွက်ပြေးခဲ့လျှင် လူအနည်းငယ်သာ သူမကို တွေ့အောင် ရှာနိုင်လိမ့်မည်။
သူတို့ လျှောက်နေတာ အချိန်အတော်ကြာသွားပြီ ဖြစ်သည်။ လရိပ်စစ်တပ် အရှိန်အဝါကြောင့် လမ်းပေါ်ရှိလူတွေ တယောက်ပြီး တယောက် ပြေးကုန်ကြသည်။
ရုတ်တရက် ထန်ထိုင်ကျင့် လိုက်ရှာနေရာကနေ ရပ်လိုက်သည်။
အခု နောင်တမဲ့တံတားပေါ် သူရပ်နေသည်။ တံတားအောက်တွင် ချစ်သူစုံတွဲ တတွဲ ရှိနေသည်။ ထိုစုံတွဲကို သူ ကြည့်လိုက်သည်။ ရုတ်တရက် သူနှုတ်ခမ်းထောင့်စွန်းကနေ သရော်အပြုံးတခု ထွက်လာသည်။
နျန့်မုနင်သည် မကောင်းတာတွေ ဖြစ်တော့မည်ဟု စိတ်ထဲ ခံစားလိုက်ရသည်။
အရှင်မင်းကြီးသည် လေးကြိုးပေါ် မြားထည့်ပြီး လေးတင်လိုက်သည်။ လူအုပ်ဆီ ချိန်ရွယ်လိုက်သည်။ တံတားအောက်နားတွင် ရပ်နေသော ယောကျာ်းတယောက်ရဲ့ ဒူးကို တချက်တည်း ထိအောင် ပစ်လိုက်သည်။
ထိုယောကျာ်းနှင့်အတူ ပါလာသော မိန်းမ စူးစူးဝါးဝါးအသံဖြင့် အော်ဟစ်လိုက်သည်။
ပျော်ရွှင်စည်ကားသိုက်မြိုက်နေခဲ့သော ပွဲတော်သည် ချက်ချင်းဆိုသလို ဖရိုဖရဲ ဝရုန်းသုန်းကား ဖြစ်သွားသည်။ နျန့်မုနင် ပျာယာခတ်သွားပြီး “အရှင်မင်းကြီး …. သူတို့က အရှင်မင်းကြီးရဲ့ ပြည်သူတွေ!”
နွေဦးရာသီ တိုက်လေတွင် လေအေးတွေ ရောပါနေသည်။ ညနက်သန်းခေါင် တိုက်နေသည့် လေပြည်လေညှင်းကြား သူရပ်ရင်း ချိုသာစွာ ပြောလိုက်သည်။ “အို? … ဘယ်သူက ဂရုစိုက်လို့လဲ”
သူ လေးထပ်တင်လိုက်ပြီးနောက် လူတွေကို စတင် ပစ်သတ်တော့သည်။
နျန့်မုနင် မျက်နှာ ဖြူဖျော့နေသည်။ သူမ မောင်နှင့် မတူသည့်အချက်က သူမသည် အရှင်မင်းကြီးရဲ့ခံစားချက်မဲ့ပြီး ရက်စက်တဲ့အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။
ထန်ထိုင်ကျင့်သည် သူ့ခြေအောက်က လူတွေကို ဝက်ငယ် ဆိတ်ငယ်တွေလိုမျိုး သူ့မျက်စိထဲ မြင်နေသည်။ သွေးရောင်လွှမ်းနေသည့် သူ့မျက်လုံးထဲ အပြုံးရိပ်သမ်းနေသည်။
နျန့်မုနင် ငေးကြောင်ကြောင် ဖြစ်နေသည်။ နောက်ဆုံးတော့ ဖြူမည်းတရိစ္ဆာန်မျက်နှာဖုံးတခု ယူထုတ်လိုက်ပြီး ထန်ထိုင်ကျင့် မျက်နှာတွင် တပ်ပေးလိုက်သည်။
လူတွေရဲ့ စိတ်ကို အဆုံးရှုံး မခံနိုင်ဘူး။
သူမ လက်နှင့် ခြေထောက်တွေ အေးစက်နေသည်။
ထိုမြင်ကွင်း လုံးဝ မထိန်းချုပ်နိုင်တော့တဲ့ အနေအထား မရောက်ခင်လေးတွင် ဝတ်ရုံပြာဝတ်ထားသည့် လူတယောက် ပေါ်လာသည်။ ထိုလူသည် ထန်ထိုင်ကျင့်လက်ထဲက လေးနှင့်မြားကို ကန်ထုတ်ပစ်လိုက်သည်။
နူးညံ့ပျော့ပျောင်းနေသော ဆံနွယ်သည် ရေတံခွန်လိုမျိုး လေထဲ လွင့်နေသည်။ သူမသည် ကန်ထုတ်လိုက်၍ ကျလာသော လေးနှင့်မြားကို ဖမ်းယူလိုက်ပြီး ခံစားချက်မဲ့စွာနှင့် ထန်ထိုင်ကျင့်ဆီ တည့်တည့် ချိန်လိုက်သည်။
နျန့်မုနင်သည် အလျင်အမြန်ပင် ထိုမိန်းကလေး၏လက်ကို ကာထုတ်လိုက်ပြီး အရှင်မင်းကြီးကို ကာကွယ်လိုက်သည်။
ထန်ထိုင်ကျင့်သည် မျက်နှာဖုံးကို ချွတ်ကာ လွှင့်ပစ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “မင်း ပြန်ရောက်ပြီပဲ”
သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့ရှိ မိန်းကလေးတပ်ထားသည့် လိပ်ပြာပုံငွေရောင်မျက်နှာဖုံးကို ဖယ်ပစ်လိုက်သည်။
လူ့လောကကြီးရဲ့ ပန်းတွေ အလှပဆုံး ဖူးပွင့်နေကြပြီ။ မျက်နှာဖုံးအောက်တွင် မိန်းကလေးငယ်၏ အနည်းငယ် အေးစက်နေသည့် မျက်လုံးသည် ညနက်လရောင်အောက်က ဓားတစင်းလို လင်းလက်နေပြီး သူ့ကို ဒေါသထွက်ထွက်ဖြင့် ကြည့်နေသည်။
ထန်ထိုင်ကျင့်လည်း သူမကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။
နျန့်မုနင် စိတ်ထဲမှာတော့ သူမအရှင်မင်းကြီး ပြောခဲ့ဖူးသည့် မြွေတွင်းထဲ ပစ်ချမည် ဆိုသည့် စကားကိုပဲ ထပ်တလဲလဲ တွေးနေမိသည်။
ဝရုန်းသုန်းကား ဖြစ်နေသည့် လူအုပ်ကြီးက မပြီးဆုံးသေး။ မရပ်နိုင်သေးသော အော်ဟစ်သံတွေနှင့် ဆူညံနေသည့်ကြားထဲ လူငယ်ရွှမ်ယိသည် ထိုမိန်းကလေးအား ဖက်လိုက်သည်။
သူမ အရိုးတွေ ကျိုးကြေသွားလောက်တဲ့အထိကို သူ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သို့သော် သေလောက်တဲ့အထိတော့ အားမပြင်း။ သူမကို အမှန်တကယ် သေစေချင်လျှင် သူ ဖက်တောင် ဖက်မည် မဟုတ်။
ချိတ်ဆွဲထားသည့် မီးအိမ်များကို သူ့မျက်လုံးနက်နက်ဖြင့် ကြည့်ရင်း စူးစူး နားရွက်နား ကပ်ကာ စကားတချို့ ပြောလိုက်သည်။
စူးစူး ကြက်သေသေသွားသည်။ “ဘာ?”
လမ်းပေါ်က စူးစူးဝါးဝါး အော်ဟစ်နေသံများက ထိုလူရွယ်၏ ပြောစကားကို ဖုံးသွားစေသည်။ စူးစူးသည် ဖက်ထားသည့် ခါးနေရာက ဖိအားကိုပဲ သူမ ခံစားနေရသည်။
သူ့နှုတ်ခမ်း စုဝိုင်းနေပြီး သူပြောခဲ့သည့် စကား ပြန်မပြောတော့ပဲ သူ့အောက်က စီးဆင်းနေသည့် မြစ်ရေကိုပဲ အေးစက်စွာ ကြည့်နေသည်။
ကုံးယွိ တိုးတိုးလေး ပြောပြသည်။ “သူပြောတာက … သခင့်ကို မိဖုရားခေါင် နေရာ ပေးမယ်တဲ့ … သခင် ထွက်ပြေးခဲ့မယ်ဆိုရင် သူ တကယ်သတ်မှာတဲ့”
စူးစူး ခဏလောက် အေးခဲသွားသည်။ ပြီးတော့ ပြုံးလိုက်သည်။
မျက်ရည်ပုလဲ ပတ်ပတ်လည်တွင် ဝိညာဉ်ခြွေသံ ၃ ချောင်း ဝန်းရံနေပြီ ဖြစ်သည်။ ကုံးယွိ ပျော်ရွှင်စွာဖြင့် ပြောသည်။ “ဝိညာဉ်ခြွေသံ ၃ ချောင်း ထွက်လာပြီ!”
၆ ချောင်း ကျန်သေးသည်။
ထန်ထိုင်ကျင့် သိပ်မပျော်။ မျက်လွှာချလျက် စူးစူး၏ ငွေရောင် လိပ်ပြာ မျက်နှာဖုံးကို သူ ကစားနေသည်။ သူ့အမူအရာက စူးစူးကပဲ သူ့တမိသားစုလုံးကို အကုန် သတ်ပစ်လိုက်သလိုမျိုး ဖြစ်နေသည်။
စူးစူး မျက်လုံးထဲမှာတော့ ကြည့်လို့ ကောင်းနေသည်။ ရှားရှားပါးပါး မြင်ရသည့် မြင်ကွင်းတခုပင်။
သူမ တမင်ပြောလိုက်သည်။ “အနီရောင် ဖီးနစ်ငှက်ပုံထိုးထားတာပါတဲ့ အပြာရောင် ဝတ်ရုံ လိုချင်တယ်”
သူ အေးစက် တည်ငြိမ်နေပြီး ဘာမှ မပြော။
စူးစူး မိဖုရားခေါင်ကြီး မဖြစ်ချင်ခဲ့။ သို့သော် သူ၏ မျက်လုံး နက်နက်ကနေ အကြွေးရှင်တယောက်ရဲ့ မိုးပြိုကျတော့မလို ဖြစ်နေသည့် အမူအရာကို တွေ့ရတော့ သူမ ရွှင်လန်းအားရသွား၏။
သူမ အမူအရာ အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းချုပ်လိုက်သည်။ သူ၏ ခံစားချက်မရှိသော မဲမှောင်နေသည့် မျက်နှာထားအတိုင်း အတုခိုး လိုက်လုပ်ကြည့်သည်။
“မင်း … ရယ်ချင်ရင် ရယ်လိုက်” အသံဩဩဖြင့် သူပြောလာသည်။
ထိုစကားကို အရင်က သူပြောခဲ့ဖူးသည်။ ထိုအချိန်တုန်းက မျက်စိတဖက်ကန်းနေခဲ့ပြီး ပြိုလဲခါနီး ဖြစ်ခဲ့သည့် သူ့ကို စူးစူးက ဆွဲထူမပေးခဲ့သည်။
ဒီကနေ့မှာတော့ စူးစူး မယဉ်ကျေးနိုင်တော့။ သူမသည် လက်မောင်းကြား ခေါင်းငုံ့ကာ တခစ်ခစ် ရယ်တော့သည်။
သူ့နှုတ်ခမ်း စုဝိုင်းလာပြီး ငွေရောင်လိပ်ပြာမျက်နှာဖုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်နေသည်။
အချိန်အတော်ကြာတဲ့အထိကို စူးစူး ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်။ ထန်ထိုင်ကျင့် ဆက်သည်းမခံနိုင်တော့ပေ။ သူမ မေးကို ဆွဲကိုင်လိုက်ပြီး “တော်လောက်ပြီ … ထပ်မလွန်လာနဲ့”
“ကိုယ်တော် မင်းကို မိဖုရားခေါင်နေရာပေးတယ် ဆိုတာ မင်း တောင်းသမျှ အကုန်လုပ်ပေးမယ်လို့ မဆိုလိုဘူး”
မိန်းမငယ်လေးသည် စိုလဲ့နေသော မျက်လုံးတွေ မျက်တောင်ခပ်ပြီး ပြောလိုက်သည်။ “အို..”
သူသည် သူမကို အချိန်အတော်ကြာတဲ့အထိ စူးစိုက်ကြည့်နေခဲ့ပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ “တကယ်လို့ ကိုယ်တော့်ကို ထပ်လိမ်ခဲ့လို့ရှိရင် …”
ထန်ထိုင်ကျင့် မျက်လုံးထဲ ခံစားမှုကင်းမဲ့နေသလို စိတ်အားထက်သန်မှုတွေလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။ စူးစူးသည် ဒီတခါတော့ သူ နောက်ပြောင်ပြောနေတာ မဟုတ်ဘူး၊ အရေခွံနွာတာ အရိုးထွင်ထုတ်တာတွေ သူ တကယ်လုပ်နိုင်လောက်တယ်ဆိုတာ အသေအချာ သိလိုက်ပြီ ဖြစ်သည်။
သူမသာ သစ္စာဖောက်ခဲ့လျှင် သို့မဟုတ် အဝေးကို ထွက်ပြေးသွားခဲ့မိပါက သူ သည် သူမကို သေတဲ့အထိ မုန်းမှာ သေချာသည်။
စူးစူး သည် လူငယ်လေး၏ မျက်လုံးနက်နက်များကို ကြည့်ရင်း သူမရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
သူမသည် မျက်ရည်ပုလဲတွင် ဖြစ်ပေါ်လာပြီးသော ဝိညာဉ်ခြွေနတ်သံ ၃ ချောင်းကို တိတ်တဆိတ် ထိလိုက်သည်။ သူမ နှလုံးသားထဲ သေချာသွားပြီ။
နှစ်တစ်ရာကျော် ကြာပြီးနောက် သူမရှေ့ရှိ ထိုလူသည် အဝါရောင် သဲတစ်ဆုပ်စာလောက်တောင် ရှိတော့မည် မဟုတ်ပေ။
0 Comments