အဖေ

"ချွင် ချွင် ချွင် ကလောက် ကလောက်"
အဖေ့ရဲ့ အလေးမ,ရာကနေ ဝိတ်တုံး သံပြား အချင်းချင်း ပွတ်တိုက်သံကြောင့် ကျမ အိပ်ရာကနေ နိုးလာသည်။ အသက် ၆၅ ကျော်နေပြီ ဖြစ်တဲ့ အဖေဟာ အခုထိတိုင် အလေး,မ နေဆဲ။ အဖေ့ရဲ့ ဝိတ်တုံးတွေ အတော့်ကိုလေးသည်။ အားရှိပါတယ်ဆိုတဲ့ ကျမ နိုင်အောင် မ,မနိုင်ပါ။ ခွဲစိပ်အထူးကုဆရာဝန်ကြီး ဖြစ်တဲ့အဖေဟာ ခွဲစိပ်ရာမှာ တိကျသေချာဖို့ အရေးကြီးတဲ့အတွက် လက်ဖျံကြောတွေ သန်မာလာအောင်လို့ အလေး,မ နေတာ ဖြစ်တယ်လို့ ကျမကို ပြောပြခဲ့သည်။ အသက်ကြီးလာရင် ကြွက်သားတွေက အားနည်းလာတတ်တာမို့ ပိုပြီး လေ့ကျင့်ရမှာ လို့လည်း ပြောခဲ့ဖူးသေးသည်။

အဖေ အလေး,မ, အသံကြားရတဲ့အချိန်ဆို ခန့်မှန်းခြေ မနက် ၆ နာရီလောက် ရှိနေပါပြီ။ ပုံမှန်အားဖြင့် အဖေဟာ မနက် ၅ နာရီလောက်ဆို ထနေပါပြီ။ အောက်ထပ်ဆင်းကာ သွားတိုက် မျက်နှာသစ်ပြီး အားကစားဘောင်းဘီ လဲကာ အပေါ်ဆုံးထပ်တွင် သွေးပူလေ့ကျင့်ခန်း စလုပ်သည်။ ထို့နောက် အလေး,မ, အားကစား လေ့ကျင့်ခန်း လုပ်တော့သည်။ အဖေလေ့ကျင့်ခန်းလုပ်တာ ၁ နာရီ ကြာအောင် လုပ်လေ့ရှိပါသည်။

အသံတွေ ကြားနေရသော်လည်း အိပ်ပုပ်ကြီးသည့်ကျမ မထဖြစ်ပဲ တရေးပြန်အိပ်ပျော်သွားသည်။ ၇ နာရီခွဲလောက် ပြန်နိုးလာသည်။ အောက်ဆင်းလာတော့ အဖေဟာ အမေကို စျေးတွင် ပို့ထားရစ်ပြီး တအိမ်လုံးစားမယ့်မုန့်တွေ ဝယ်လာပြီးလို့ ကျမဆိုင်မှာ တပ်ထားတဲ့ TV ဖွင့်၊ သတင်း ကြည့်ရင်း တဖက်ကလည်း ဓာတ်ခဲရေဒီယိုဖွင့် ဘီဘီစီ မနက်ခင်းသတင်း နားထောင်ရင်း မနက်စာစားနေပါပြီ။ အဖေဟာ မနက်စာကို ဗိုက်အပြည့်စားတတ်သည်။ ၂ဝဝ တန် အစုံသုပ် တပွဲကို မနေ့က ကျန်သည့် ထမင်းခြမ်းနှင့်ရောသည်။ အရည်များများနှင့် စားတတ်သူမို့ ရေနွေးထပ်ထည့်လိုက်သည်။ ပြီးတော့ စူပါကွေကာအုပ်တခွက်နှင့် TV ရှေ့ထိုင်ပြီး စားတော့တာပါပဲ။

အဖေ့ကို ကြည့်လိုက်ရင် အားပါးတရ ရှိလှသည်။ ဒါကြောင့်လည်း ယခုအသက် ၆၀ ကျော်သည့်တိုင် ဘာရောဂါလည်း မဖြစ်၊ ကျန်းကျန်းမာမာ ဒေါင်ဒေါင်မြည် ရှိနေတာ ဖြစ်သည်။ အဝင်အထွက်ကလည်း မှန်မှမှန်။ အဖေ စားပြီးလျှင် အိမ်သာဝင်တတ်သည်။ ဆေးကုနေလျှင် ကုနေတုန်း အိမ်သာဝင်လို့ အဆင်မပြေတာကြောင့် အခုကတည်းက ကြိုဝင်ထားတာဟု ပြောသည်။ အိမ်သာတက်ပြီးနောက် ထွက်ကာ အမေ့ကို ကြိုဖို့ အဖေ ဆိုင်ကယ် မောင်းထွက်သွားသည်။ အဖေဟာ အမေ့ကိုခေါ်ပြီး အိမ်ပြန်ရောက်သည့်အချိန်ဆိုလျှင် ၈နာရီထိုးလုလု ဖြစ်နေပါပြီ။ ထိုအခါမှ အမေနှင့် ကျမ မနက်စာ စားသည်။

နေ့တိုင်း မနက် ၈ နာရီထိုးတာနှင့် အဖေ ဆေးခန်းစဖွင့်သည်။ အမေက ၈ နာရီခွဲကျော်မှ ဟင်းစချက်ဖြစ်သည်။ ကျမလည်း ၉ နာရီထိုးမှ ဆိုင်ဖွင့်ဖြစ်သည်။ ဆိုင်ကြည့်ရင်း အမေဟင်းချက်တာ ကူညီပေးရင်းနဲ့ပါ။ အဖေဟာ သူပျင်းလာပြီး သူ့ဆေးခန်းထဲ လူနာ မရှိသည့်အခါမျိုးနှင့် ကြုံလျှင် အမေနှင့်ကျမ ဟင်းချက်ရာ မီးဖိုချောင်ထဲ ရောက်လာပြီး သူ့ဆေးခန်းကို လူဝင်လာတာ မြင်ရတဲ့ နေရာမှာ ခုံလေးချကာ ထိုင်ရင်း ဖုန်းသုံးတော့သည်။ သူ့ Facebook ထဲ ဝင်ကြည့်ပြီး ဗဟုသုတွေတွေ့ရင် ကျမတို့ကို ပြောပြတော့သည်။ အဲ့လိုအချိန်ဆိုရင် အဖေဟာ ဟင်းချက်နေသည့် အမေ့ကို စိတ်တိုအောင် စိတ်ဆိုးအောင် သူ့ Facebook newsfeed ထဲမှာ တွေ့ရတဲ့ ပို့စ်တွေက စာတွေဖတ်ပြရင်း အမျိုးမျိုးပြောပြီး စကား အနိုင်လုပွဲ စတော့တာပါပဲ။ သို့ပေမည့် ခွဲစိပ်စရာများ ရှိသည့်အခါမျိုးဆိုလျှင်တော့ ဆေးခန်းထဲ ထိုင်ခုံချကာ ထိုင်လျှက် ဆေးစာများ ပြန်လေ့လာနေတတ်သည်။ အများသောအားဖြင့် ဆေးခန်းထဲ လူနာမရှိတော့လျှင် ဆေးပညာအသစ်များ လေ့လာနေလေ့ရှိသည်။

၁၁ နာရီလောက် ရှိပြီဆိုရင် အဖေ နေ့လည်စာ စားဖို့ အမေ့ကို အမြန်ပြင်ဆင်ပေးဖို့ တကျီကျီ ပြောပါပြီ။ ထိုအခါ အမေက လက်စသတ်စရာရှိတာလေးတွေ လက်စသတ်ပြီး အဖေစားဖို့ ပြင်ဆင်ပေးသည်။ အဖေ နေ့လည်စာ စားပြီးလျှင် တရေးတမော အိပ်သည်။ တနာရီ သို့ နာရီဝက်လောက်သာ ရှိသည်။ အိပ်ရာထမှ မျက်နှာသစ် အဝတ်အစားလဲပြီး တော်ဝင်ဆေးရုံသွားပြီး သူ့လူနာတွေကို ခွဲစိပ်ပေးတော့သည်။ ပြီးလျှင် ခွဲစိပ်ပြီး လူနာတွေကိုကြည့်ဖို့ လူနာတွေရှိရာ ဆေးရုံတွေကို သူသွားသည်။ ရောင်းလှည့်သည်။

အဖေ့ ပါတနာ ဆေးရုံက တော်ဝင်ဆေးရုံ။ သူခွဲစိပ်လို့ အဆင်ပြေပြီး သူပြောတဲ့အတိုင်း အတိအကျလုပ်ပေးတတ်လို့ ခွဲစိပ်ရမဲ့ လူနာတွေဆို တော်ဝင်ဆေးရုံကိုချည်း လွှတ်လေ့ရှိသည်။ လူနာတွေက တခြားဆေးရုံတွေမှာ တက်ချင်ပါတယ်ဆိုမှ တခြားဆေးရုံတွေဆီ ရွေးလွှတ်သည်။

နေ့လည်စာ စားပြီး တရေးအိပ်ပြီးမှ အဖေဟာ သူ့ကားလေး မောင်းပြီး ထွက်သွားတတ်သည်။ မြိတ်မှာရှိတဲ့ ဆေးရုံ တရုံပြီး တရုံ သွား၊ ခွဲစိပ်၊ ရောင်းလှည့်သည်။ အိမ်ပြန်ရောက်သည့်အချိန်ဆိုရင်တော့ ညနေ ၄ နာရီ ဝန်းကျင် ရှိနေပါပြီ။ ၄ နာရီခွဲ ဆိုလျှင် ဆေးခန်းဖွင့်မှာဆိုတော့ ဆေးကုနေချိန် ဗိုက်မဆာအောင်လို့ အဖေ ထမင်း ထပ်စားသည်။ အဖေ့ထုံးစံ အစာစားပြီးတိုင်း သွားတိုက်၊ မျက်နှာသစ်၊ အိမ်သာတက်သည်။ Operation အကြီးစား ဝင်သည့်အချိန်ဆိုလျှင် ညနေ အိမ်ပြန်ရောက်တိုင်း အဖေ ရေချိုးသည်။

၄ နာရီခွဲတွင် အဖေ ဆေးခန်းဖွင့်သည်။ အခြားဆရာဝန်တွေလို အကူနာ့စ်တွေ ဘာတွေ မထား။ ဆေးခန်းကို အဖေ့တယောက်တည်း စီမံသည်။ သတ္တိကောင်းလှသော ပင်ပန်းမှုဒဏ်ခံနိုင်ရည်ရှိသော အဖေ။ ညနေ ၅ နာရီလောက်တွင် အမေလည်း ရေချိုးပြီး အလယ်ထပ်တွင် နားနေပြီး ကျမဆိုင်လည်း ပိတ်လိုက်တော့ အဖေတယောက်တည်း ဖြစ်သွားသည်။ အဖေ ည ၇ နာရီခွဲလောက်ထိ ဖွင့်ပြီး လူနာမလာတော့လျှင် ဆေးခန်းပိတ်လိုက်သည်။ အိမ်တံခါးလည်း အကုန်ပိတ်ပြီး လက်စသတ်စရာရှိတာတွေ လက်စသတ်ပြီးနောက် ထမင်းစားသည်။ ထိုအခါမှ အမေနှင့် ကျမ အဖေနှင့်အတူ ညစာစားသည်။ ထမင်းစားဝိုင်းတွင် ဓာတ်ခဲရေဒီယိုဖွင့် ဘီဘီစီသတင်း နားထောင်ကာ ထမင်းစားရင်း ဒီနေ့ တွေ့ကြုံလာခဲ့ရတာတွေ အမေနှင့်ကျမကို ဖောက်သည်ချသည်။ အဖေ စားပြီးတာနှင့် ရေချိုးသည်။ ပြီးလျှင် ဘုရားရှိခိုးပြီး အလယ်ထပ်တွင် အမေ ကျမတို့နှင့်အတူ ထိုင်ပြီး တီဗွီကြည့်သည်။ တနေ့လုံးအလုပ်လုပ်ထားခဲ့ရတော့ မောပန်းနေတော့ သိပ်မကြာပါ၊ တီဗွီ ကြည့်ရင်းနဲ့ အိပ်ပျော်သွားပါတော့သည်။

၉ နာရီထိုးခါနီးလောက် ရှိလျှင် ကျမက အဖေ့ကို အချိန်ပြောကာ အခန်းထဲ သွားအိပ်ပါလားဟု ပြောမှ ထကာ သွားအိပ်သည်။ အဖေ့ရဲ့ ထူးခြားချက်ထဲက တခုဟာ ခေါင်းအုံးနှင့် ခေါင်း ထိတာနှင့် ချက်ချင်း အိပ်ပျော်သွားတတ်တာပဲ ဖြစ်သည်။ ဒီအချက်ကိုတော့ ကျမ သဘောအကျဆုံး ဖြစ်သည်။

အဖေဟာ အအိပ်မြန်သလို အအိပ်လည်း ဆတ်သည်။ အသံတစ်သံကြားတာနဲ့ ဒါမှမဟုတ် သူ့အသားကို ထိတာနဲ့ကို ချက်ချင်း သိသည်။ အိပ်နေရင်းလည်း ထယောင်တတ်သည်။ ယောင်လျှင်လည်း သူ ခွဲစိပ်ခန်းထဲရောက်နေသလို ဟိုဟာယူလိုက်၊ ဒီဟာယူလိုက်နှင့် ခိုင်းနေပြီး တခါတရံ ဆေးပညာဆိုင်ရာ အခေါ်အဝေါ်တွေ ရွတ်လိုက်နှင့် ယောင်တတ်သည်။ ဒါကို ကြည့်ခြင်းအားဖြင့် အဖေဟာ သူ့ရဲ့ ဆေးပညာကို ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲဆိုတာကို သိနိုင်သည်။ ကျမ အိပ်ခန်းနှင့် ကပ်လျက် ရှိနေတော့ ညအိပ်လျှင် အဖေ့ရဲ့ အိပ်မောကျနေသော ဟောက်သံ၊ အဖေ့ရဲ့ ထယောင်သံများ ကျမ မကြာခဏကြားကြားရသည်။

စိတ်စွဲတတ်သည့် ကျမ တခါတလေ သရဲကားကြည့်မိလျှင် ညနက် မျက်စိကြောင်ပြီး ကြောက်နေတတ်သည်။ သို့သော် အဖေရဲ့ ထယောင်နေသံများကြောင့် စိတ်ထဲမှာ သိပ်မကြောက်တော့။

အခုတော့ ညနက် အဖေ့ရဲ့ ထယောင်နေသံတွေလည်း မကြားရတော့တာ ၂ နှစ် ရှိသွားပြီ ဖြစ်သည်။ အလေးတုံးတွေမှာလည်း ဖုံတက်လို့ ဖြူဖွေးနေပါပြီ။ ပါရဂူဆေးခန်း ဆိုသည့် ဆိုင်းဘုတ်လေးလည်း အမှတ်တရပစ္စည်း အဖြစ် ပစ္စည်းပုံထဲ ရောက်လို့နေပါပြီ။ သွားလေသူကတော့ နေ့စဉ်မိုးသောက် လည်ပတ်နေတဲ့ ဘဝစက်ဝန်း ရပ်သွားလို့ အနားယူနိုင်သွားပေမဲ့ ကျန်ရစ်ခဲ့သူ အသက်ရှင်တဲ့သူတွေကတော့ ရှေ့ဆက်လျှောက်ရဦးမှာပါ။

ဒါပေမဲ့ တခါတလေမှာတော့ ဒီရင်ဘတ်ထဲ စူးအောင့်နေတုန်း၊ အသက်ရှူမဝ ဖြစ်နေတုန်း၊ မျက်ရည်ကျနေရတုန်းပါပဲ။


Post a Comment

0 Comments