ကျမရဲ့ ဆိုင်ကလေး

ကျမရဲ့ ဆိုင်လေးဟာ အဖေ့ဆေးခန်းနံဘေးကပ်ရက်မှာ ဖွင့်ထားပြီး အရမ်းကြီး မကြီးကျယ်သလို သားသားနားနားလည်း မရှိလှပါဘူး ။ ဆိုင်မှာ နေ့စဉ်အသုံးအဆောင် ပစ္စည်းအနည်းငယ်နှင့် ဆေးဝါးအနည်းငယ်ပဲ ရောင်းပါတယ် ။ လူတွေ လာဝယ်ကြတာလည်း နည်းပြီး မရောင်းရတဲ့ နေ့ရက်တွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် ကျမဆိုင်လေးဟာ မိသားစု လက်ဆုံကြရာ နေရာ စကားဝိုင်းဖွဲ့ရာ နေရာ အနားယူ အပန်းဖြေလို့ ကောင်းတဲ့နေရာ တစ်ခု ဖြစ်လို့နေပါတယ် ။ ဤသည်မှာ ကျမရဲ့ ပျော်ရွှင်မှုပင် ။

ကျမဆိုင်လေး မဖွင့်ခင်ကဆိုရင် မိသားစု စကားဝိုင်းဖွဲ့ပြောဖို့ရာ နေရာမရှိသလို အချိန်လည်း မရှိခဲ့ရပါဘူး ။ အိမ်က ၃ ထပ်အိမ် ဖြစ်သော်လည်း ၂ ထပ်သာ အသုံးပြုများပါတယ် ။ အဖေဟာ ဆရာဝန်မို့လို့ အောက်ဆုံးအထပ်မှာ သူ့ကိုယ်ပိုင် ဆေးခန်းဖွင့်ပြီး ထိုင်ပါတယ် ။ ဆေးခန်းက ရောဂါတွေ ကူးကုန်မှာစိုးသဖြင့် အဖေက အောက်ထပ်မှာ မနေခိုင်းတဲ့အတွက် အမေနဲ့ ကျမတို့ မောင်နှမ ၂ ယောက်ဟာ ထမင်းဟင်းချက်ချိန် ထမင်းစားချိန် ရေချိုးချိန်ကလွဲလို့ အောက်ထပ်ကို သိပ်ဆင်းလေ့မရှိကြပါဘူး ။ အများအားဖြင့် အဖေတစ်ယောက်တည်းသာ ရှိခဲ့ပါတယ် ။ လူနာလာလျှင် ဆေးကုလိုက် ၊ မလာလျှင် ကုလားထိုင်ပေါ်မှာ စာအုပ်လေးတစ်အုပ်နဲ့ အနားယူလိုက်နဲ့ အဖေတစ်ယောက်တည်း နေလေ့ရှိပါတယ် ။

ကျမဆိုင်ဖွင့်လိုက်တဲ့အခါ အဖေ့မှာ ပိုပျော်လာပါတယ် ။ ကျမတို့ မိသားစုဟာ ပိုပြီး စိုပြေလာပါတယ် ။ အဖေ့မှာ အလုပ်ချိန်အတွင်း စကားပြောဖော် ကူဖော်လောင်ဖက် ရှိလာပြီကိုး ။ ပြီးတော့ ဆိုင်မှာ အပန်းပြေစေဖို့ TV လည်း တပ် ရုပ်သံလိုင်းလည်း တပ်လိုက်တာမို့ ပိုပြီးတောင် တက်ကြွလာပါတယ် ။ အရင်ကဆို မနက်ဟင်းချက်တစ်ချိန်သာ အမေနဲ့ ကျမ ရှိနေတတ်လို့ စကားပြောဖော်ရပြီး ကျန်အချိန်များမှာ တစ်ယောက်တည်း အထီးကျန်နေရတာပါ ။ အခုတော့ ကျမဆိုင်က မနက်ကနေ ညနေအထိ ဖွင့်တော့ အဖေ့မှာ လူနာမရှိတဲ့အချိန်ဆို ကျမ ဆိုင်ဆီ ကူးလာပြီး သူကြိုက်တဲ့ တီဗီလိုင်းလေးလည်း ကြည့်ရနေတော့ အဖေ့တစ်ယောက်တည်း မပျင်းရတော့ပါ။ အမေလည်း ဟင်းချက်ပြီးလျှင် မိမိနှင့်အတူ လာထိုင်ရင်း ဆိုင်စောင့်ပေးပါတယ်။ ကျမဆိုင်က အဖေ့ဆေးခန်းနဲ့ တစ်နေရာတည်းဆိုတော့ အဖေရောက်လာလျှင် ကျမဆိုင် လာစောင့်ပေးသလို ဖြစ်သလို အဖေ့ဆေးခန်းကိုလည်း တစ်ခါတည်း စောင့်ကြည့်နိုင်တာမို့လို့ တချက်ခုတ် ၂ ချက်ပြတ်ပါပဲ ။ အဖေ့အနေနဲ့ ဆိုင်စောင့်တာက ဘာမှမဟုတ်ပါဘူး ။ အဓိကက ကျမနှင့် အမေ ရှိနေတော့ စကားပြောဖော်ရနေတာပါပဲ ။

ဆိုင်က တနေကုန် ဖွင့်ထားတဲ့အပြင် ဆေးခန်းနဲ့ တွဲရက်ဖြစ်နေတော့ အဖေ့ရဲ့ လူနာတွေက ဆေးခန်းအချိန်မဟုတ်လည်း လာရှာတတ်ကြပါတယ် ။ လာရှာတဲ့အချိန် အဖေရှိနေရင် ကြည့်ပေးတတ်တော့ အဖေ့အနေနဲ့ ဝင်ငွေပိုလာပါတယ် ။ ဒီ့အတွက် အဖေ ပျော်လာရပါတယ် ။ နေ့လည်နေ့ခင်း တရေးတမောအိပ်ပြီးနောက် ခွဲစိတ်စရာတွေ ခွဲစိတ်ဖို့ ထွက်သွားတတ်ပါတယ်။ ဆိုင်မှာ အမေနှင့် ကျမ ၂ ယောက်သာ ကျန်ခဲ့ပြီး အမေက အိမ်အလုပ် လုပ်စရာရှိတာလေးတွေကို ဆိုင်ကို မကြာမကြာ ကြည့်ပေးရင်း အိမ်ထဲမှာပင် သွားလိုက် လာလိုက်နှင့် အလုပ်ရှုပ်နေတတ်ပါတယ်။ ကျမကတော့ ဆိုင်စောင့်ရင်း ဝါသနာပါတဲ့ စာရေးခြင်းအလုပ်ကို လုပ်ရင်း ဆွေးနွေးရင်း ဖုန်းသုံးရင်းနဲ့ပေါ့။

ညနေလောက်ဆို အဖေဟာ ခွဲစိတ်ရာကနေ ပြန်ရောက်လာပါပြီ။ သူ့ လုပ်စရာ ရှိတာလုပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးနောက် ညနေတပိုင်း ဆေးခန်းဖွင့်ပါတယ်။ ဆေးခန်းတွေမှာ ခွဲစိတ်စရာတွေ ပတ်ခွဲပြီး အိမ်ပြန် နောက်ကျမဲ့ အခါမျိုးဆိုလျှင် ကျမဆိုင်မှာ အဖေ့ဆေးခန်း ဘယ်အချိန် ဖွင့်မဖွင့် လာမေးသမားများဖြင့် စည်ကားနေတော့သည်။ ညနေပိုင်း အဖေ ဆေးခန်းဖွင့်လို့ လူမရှိတဲ့ အချိန်တွေမှာဆို ကျမဆိုင်ကို ကူးလာပြီး သူကြိုက်တဲ့ တင်းနစ်တို့ ဘောလုံးပွဲတို့ နပမ်းတို့ ကြည့်ပါတယ်။ လူနာအလာ စောင့်ရင်းနဲ့ပါ။ ကျမလည်း လူနာအလာ စောင့်ကြည့်ပေးနေတော့ အဖေ့မှာ နောက်ဆံတင်းနေစရာ မလို၊ စိတ်ချလက်ချနှင့် တီဗီ ကြည့်လို့ရနေပါတယ်။

၅ နာရီခွဲလောက် ကျမဆိုင်ပိတ်တဲ့အခါမှာတော့ အဖေ့တယောက်တည်း ပြန်ဖြစ်သွားပါတယ်။ အဖေလည်း ဆေးခန်းကို ည ၈ နာရီလောက် ပိတ်ပါတယ်။ အဖေ ဆေးခန်း ပိတ်တဲ့အချိန်ဆို လမ်းမှာ အသွားအလာ သိပ်မရှိတော့ပါဘူး။ အဖေ ဆေးခန်းပိတ်မှ ကျမနှင့် အမေ အဖေ တို့ အတူတူ ညစာ စားကြပါတယ်။ ပြီးရင်တော့ ကျမက ဂိမ်းဆော့၊ အဖေနှင့် အမေ တီဗီကြည့်ရင်း အိပ်ပျော်နေတော့တာပါပဲ။ ပြီးလျှင် အိပ်ကြပါတယ်။

ဒါကတော့ ကျမဆိုင်လေးရဲ့ တနေ့တာ အချိန်ဇယားလေးပါ။ တရက်တရက် ဒီလိုပဲ ဖြတ်သန်းလာခဲ့ပြီး ဆိုင်လေး တိုးတက်လာ မလာတာနှင့် ပတ်သက်ပြီး ကျမ စိတ်ထဲ သိပ်မရှိပါဘူး။ ကျမ နေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တယ်၊ ကျမအဖေကို တဖက်တလမ်းက အထောက်အကူ ပြုပေးနိုင်တယ်ဆိုရင်ပဲ ကျမ ကျေနပ်ပါပြီ။ ကျမဆိုင် ဆိုင်ကြီးဖြစ်လာဖို့ တခါမှ မတွေးခဲ့မိပါဘူး။ အဓိကက ကျမအဖေကို သူ့ဘေးနားကနေပြီး သူလိုအပ်တာတွေ ကူညီပေးနေရဖို့ပါပဲ။

အဖေကလည်း ပြောပါတယ်။ ငါ့သမီးဆိုင်ရှိနေတော့ အဆင်ပြေတယ်၊ ငါလည်း ငါကြည့်ချင်တဲ့ တင်းနစ်တွေ ကြည့်လို့ရသွားတယ် သတဲ့။ ကြားရတာ ဝမ်းသာမိပါတယ်။ ကိုယ်က တော်အောင် လုပ်ပြပြီး မိဘဂုဏ်ယူဝင့်ကြွားလို့ရမဲ့ သားသမီး မဖြစ်ခဲ့တော့ Support ကောင်းကောင်းပေးနိုင်တဲ့ မိဘစကား မြေဝယ်မကျ နားထောင်တဲ့ သားသမီးတော့ ဖြစ်ရမယ်ဟု စိတ်ထဲ တွေးထားမိသူပါ။

အခု အဖေ ဆုံးသွားပြီ ဖြစ်သလို ကျမဆိုင်လေးလည်း ပျောက်သွားခဲ့ပါပြီ။ အဖေ့အတွက် မိဘစကား နားထောင်တဲ့ သားသမီး လုပ်ခဲ့တာ၊ အဖေ့ကို စိတ်ဆင်းရဲအောင် မလုပ်မိခဲ့တာကို ပြန်တွေးရင်း ငါ တာဝန်ကျေခဲ့ပါတယ်လို့ တွေးရင်း ဖြေသိမ့်နေရပါတယ်။ အဖေ့ကို ဆုံးရှုံးမှုကြောင့် ရင်ထဲမှာတော့ ဝမ်းနည်းမှုတွေ အတိုင်းအဆမရှိအောင် ခံစားနေရပါတယ်။ ဖြေမဆည်နိုင်အောင်ပါပဲ။

အဖေ့ကို အရမ်းသတိရတယ်။



Post a Comment

0 Comments