ကင်ဆာ

ကင်ဆာနှင့်ပတ်သက်တဲ့ ပို့စ်တွေ တွေ့ရင် ကျမ အဖေ့ကို သတိရလာသည်။ တနေ့ မိသားစု ထမင်းစားဝိုင်းမှာ ထမင်းစားရင်း အဖေက Facebook ထဲက ဖတ်မိခဲ့တဲ့ သတင်းတခု ကျမတို့ကို ပြန်ပြောပြသည်။ သတင်းက နာမည်ကြီးဆေးတက္ကသိုလ်တခုက ဆရာဝန်တွေကို စစ်တမ်းကောက်ထားတဲ့ စစ်တမ်းကောက်ချက်တစ်ခုပါ။

သင့်မှာသာ ကုလို့မရတော့တဲ့ ရောဂါ ရခဲ့လျှင် သင့်နောက်ဆုံးအချိန်ကို ဘယ်လို အနေအထားမျိုးနှင့် ဖြတ်သန်းသွားမှာလဲ လို့မေးပြီး စစ်တမ်းကောက်တာ ဖြစ်သည်။ 90% သော ဆရာဝန်တွေဟာ ကိုယ့်အိမ်ကိုယ့်ရာမှာ ကိုယ့်မိသားစုနဲ့ပဲ သူတို့ရဲ့နောက်ဆုံးအချိန်ကို ဖြတ်သန်းသွားမယ်လို့ ပြန်ဖြေထားကြပါသည်။ အဲ့ဒီ စစ်တမ်းအကြောင်း ပြောပြရင်း အဖေက သူ့အမြင်ပါ ပြောပြသည်။

ငါသာ ကင်ဆာရောဂါ ဖြစ်ပြီး ကုမရတော့တဲ့ အဆင့် ရောက်ခဲ့ရင် ဆေးရုံ တက်မကုဘူး။ ခန္ဓာကိုယ်မှာ ပိုက်တွေ တန်းလန်း၊ အပ်တွေ သွင်းထားရတဲ့ အခြေအနေမျိုး ငါမကြိုက်ဘူး။ ဘာမှ မလုပ်ဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစုနဲ့ပဲ စိတ်သက်သက်သာသာနဲ့ အေးအေးချမ်းချမ်း သေသွားမယ်။

ထမင်းစားရင်း အမှတ်တမဲ့ ပြောလိုက်သလို ဖြစ်နေပေမဲ့ အဖေ့စကားကို ကျမ ကောင်းကောင်း မှတ်မိနေပါသည်။ စိတ်ထဲ စွဲကျန်ရစ်သည်။

ကျမလည်း အဖေ့အတွေးနှင့် ထပ်တူပါ။ အဖေကတော့ သေခြင်းတရားကို တရားဓမ္မနှင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကျော်ဖြတ်သွားခဲ့ပါပြီ။ ကျမလည်း အချိန်ကျလို့ သေခြင်းတရား ရောက်လာခဲ့ရင် ရင်ဆိုင်နိုင်အောင် အတော် ကြိုးစားရဦးမှာပါ။



Post a Comment

0 Comments