Raid ဝင်နိုင်အောင် ဘာတွေ ပြင်ဆင်ထားရမလဲ?

 

Final Fantasy XIV မှာ တော်ရုံနဲ့ တူးဖော်ကစားလို့ မကုန်နိုင်တဲ့ Content အများကြီးရှိပါတယ် ။ Content အားလုံးကို နှိုက်နှိုက်ချွတ်ချွတ် သိအောင် ဆော့မယ်ဆိုရင် အနည်းဆုံး ၁ နှစ်လောက်တော့ အချိန်ပေးရပါလိမ့်မယ် ။ 80% သော content တွေဟာ တယောက်တည်း ကစားသွား လို့ရပါတယ် ။ ဒါပေမယ့် ဘာပဲပြောပြော FFXIV မှာ High End raid ကို (အကုန်မဟုတ်ပေမယ့် သူ့အချိန်သူ့အခါမှာ အမြင့်ဆုံး အခက်ဆုံး ဖြစ်နေဆဲ အချိန်မှာ) တကြိမ်တခါလောက် မကစားဖူးဘူးဆိုရင် ဒီဂိမ်းဆော့ရတာ မတန်ဘူးလို့ ကျနော်အနေနဲ့ မြင်မိတယ်။

Final Fantasy XIV Raid က အဆင့်မြင့်ဆုံး item set တွေပေးတာအပြင် ထူးခြားတဲ့ mount လေးတွေလည်း ပေးပါတယ် ။ ဥပမာ (Eden's Gate) E4S raid မှာဆို လေးယောက်စီး mount ပေးပါတယ် ။ အဲ့ဒါကတော့ Final Fantasy 14 ထဲ ရှိရှိသမျှ savage raid တွေထဲမှာ ပေးတဲ့ တခုတည်းသော လေးယောက်စီး mount ပါပဲ ။ အဲ့ဒီ Raid တွေ တခု တခု နိုင်သွားရတဲ့ ခံစားချက်က အရမ်းကို ကောင်းတယ်။ ပီတိဖြစ်ရတယ်။ ပျော်ရတယ်။ ဘယ်လိုပြောရမလဲ? ကိုယ့်အနေနဲ့ အဲ့ဒါတွေ အောင်နိုင်ဖို့က လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်၊ ပိုက်ဆံပေးလို့လည်း မရဘူး၊ ကိုယ့်အားကိုယ်ကိုး ကြိုးစားမှုနဲ့မှ အမှန်အကန် ရတဲ့ အရာတွေမို့ ပိုပျော်ရတယ်။ ပိုတန်ဖိုးထားရတယ်။ mount တွေက ကိုယ် အဲ့ဒီ raid တွေကို အောင်နိုင်ဖူးတဲ့ အထိမ်းအမှတ် တစ်ခုပေါ့ ။ အခက်ခဲဆုံးအရာကို အုပ်စုနှင့် ဖြတ်ကျော်ရတာက တစ်ယောက်တည်း ဖြတ်ကျော်ရတာထက် ပိုခက်တယ်။ အုပ်စုနှင့်ဆိုတော့ ညှိနှိုင်းရတယ်၊ သည်းခံရတယ်၊ ဆွေးနွေးတိုင်ပင် အဖြေရှာရတယ်။ ဒီတော့ ပေါင်းသင်း ဆက်ဆံရေးအပိုင်းမှာ တိုးတက်လာတယ်။ နိုင်ငံတကာက player တွေနဲ့ ဆက်ဆံရတော့ သူတို့ရဲ့ စိတ်ဓာတ်တွေ လုပ်ပုံကိုင်ပုံတွေ သိလာရတယ်။

Final Fantasy XIV raid ကတော့ တော်တော်လေး ခက်တယ်လို့ ဆိုရမှာပါ ။ ဒီ raid တွေ အောင်နိုင်ဖို့အတွက် ကိုယ့်တစ်ယောက်တည်း တော်နေရုံ ကောင်းနေရုံနဲ့ မရပါဘူး ။ ကိုယ်ယူထားတဲ့ role အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ကစားတတ်ခြင်း၊ Boss mechanic တွေ မှတ်မိနေခြင်း၊ အဖွဲ့သားတွေနှင့် အချိတ်အဆက် မိမိ ကစားတတ်ခြင်း၊ ကွန်ပလိန်းမတက် သူတပါးကို အပြစ်မဖို့ပဲ မိမိတာဝန်ကိုပဲ ကျေပွန်စွာ လုပ်ဆောင်သွားနိုင်ခြင်း တို့လိုအပ်ပြီး ဒီအထဲ အဓိကကျတဲ့ အရာကတော့ စိတ်ရှည်သည်းခံ တတ်ဖို့ပါပဲ ။

တိုက်ပွဲတပွဲမှာ အချိန်တစက္ကန့်မျှ မလစ်လပ်အောင် boss ကို dps ပေးနေဖို့ ဖိုက်နေဖို့က အဓိက ။ ဘာမှမလုပ်ပဲ ရပ်နေတဲ့ အချိန်တွေဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု (DPS loss) ဖြစ်တယ် ။

ကိုယ်ယူထားတဲ့ role အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ကစားတတ်ခြင်း

Raid တခုဝင်မယ်ဆိုရင် ကိုယ်ယူရမယ့် role တွေ အရင် စီစဉ်နေရာချ ရပါတယ် ။ Raid တခုမှာ လူ ၈ ယောက်ပါတယ် ။ Tank ၂ ယောက်၊ Healer ၂ ယောက်၊ DPS  ၄ ယောက် ။ Healer role က ဘယ်သူယူမယ်၊ dps ကို ဘယ်သူယူမယ် ၊ tank ဘယ်သူလုပ်မယ် စသဖြင့် raid မစမီ အရင်ရွေးယူကြရပါတယ် ။ ဒီတော့ Raid ဝင်တော့မယ်ဆိုရင် မိမိ အကျွမ်းကျင်ဆုံးသော၊ skill, spell တွေ အပိုင်နိုင်ဆုံးသော job နဲ့ ဝင်ပါ ။ ဘယ်အခြေအနေရောက်ရင် ဘာ spell သုံးတယ်ဆိုတာ စိတ်ထဲ တွေးနေစရာမလို၊ အခြေအနေကို မြင်ရုံနဲ့ တင် သူနဲ့ သက်ဆိုင်တဲ့ spell, skill တွေ ချက်ချင်း တန်းသုံးနိုင်စွမ်းရှိရပါတယ် ။ spell တွေ skill တွေရဲ့ effect အကြောင်းတွေ၊ သုံးရမယ့် combo အတွဲလိုက် ခေါင်းထဲ ရှိနေရပါမယ် ။ တကယ် raid ပြီဆိုရင် ဒီအရာတွေ စဉ်းစားနေဖို့ skill description တွေ လိုက်ဖတ်နေဖို့ အချိန် လုံးဝ မရှိပါဘူး ။

Skill တွေအကြောင်း Spell တွေအကြောင်း ခေါင်းထဲ ရှိနေဖို့အတွက် ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုတဲ့စကားလို အရင်လေ့ကျင့်ရပါတယ် ။ ဆိုတော့

ဘယ်လိုမျိုးတွေက လေ့ကျင့်မှု ဖြစ်စေသလဲ? 

Healer ဆော့သမားဆိုရင်တော့ dungeon တွေ ခနခန ဝင်ပြီး လေ့ကျင့်နိုင်တယ် ။ Healer ဆိုတာက သူ့တာဝန်က Heal ဖို့ပဲဖြစ်ပြီး Heal ဖို့အတွက်က HP လျော့တဲ့ အခြေအနေ ဖြစ်မှ ရမှာကိုး ။ ဒါကြောင့် dungeon ထဲ လေ့ကျင့်နိုင်သလို challenge ဖြစ်တဲ့ Trial Extreme တွေထဲ ဝင်ကျင့်နိုင်တာက ပိုကောင်းတယ် ။ Dungeon ထဲမှာဆို enemy ၂ အုပ်စု ၃ အုပ်စု ပေါင်းပြီး ချရတဲ့ အခါမျိုးဆို healer အတွက် နဲနဲ challenge ဖြစ်တယ် ။ အဲ့ဒီ challenge မျိုးကို နိုင်အောင် ဆော့တာမျိုးက လေ့ကျင့်ခန်းကောင်းတခုပါပဲ ။ ပထမတော့ ၂ အုပ်စုပေါင်းပြီး နိုင်အောင်ချ ၊ နိုင်သွားရင် ၃ အုပ်စု ၊ နိုင်ရင် ၄ အုပ်စု စသဖြင့် တခေါက်ထက် တခေါက် တိုးသွားလို့ရတယ် ။ ဒီလိုနဲ့ spell သုံးရာမှာ လက်မြန်လာမယ် spell ပေါင်း သုံးနည်းတွေ cooldown အချိန်စောင့်နည်းတွေ သိလာမယ် ။ ဘာ heal မျိုးက HP bar ဘယ်လောက်ထိရအောင် ဖြည့်နိုင်တယ်ဆိုတာ သိလာမယ် ။ heal amount တွေ ကြိုတင်ခန့်မှန်းလို့ တတ်လာမယ် ။ တိုက်ပွဲမှာ အချိန်လစ်ဟာမှု မရှိ အချိန်ကိုက် သုံးတတ်လာမယ် ။

Tank လည်း Dungeon ဝင်ခြင်း Trial Extreme တွေဝင်ခြင်းအားဖြင့်လည်း လေ့ကျင့်မှု ဖြစ်စေပါတယ် ။ Tank ဆိုသည်မှာ Boss က မိမိကို ဦးတည်ပြီး ရိုက်လာမယ့် ဒဏ်တချို့ (debuff ပေါ့) ခံနိုင်ဖို့ သုံးသင့်တဲ့ skill တွေ သုံးတတ်ရ ပါတယ် (ဥပမာပြရရင် boss က မိမိကို HP 5%လောက်အထိ ကျအောင် ရိုက်ချတော့မယ့် အချိန်မျိုးမှာ Paladin tank တယောက် အနေနဲ့ လာသမျှ damage အကုန် 0 ဖြစ်သွားစေမယ့် Hollowed Ground ဆိုတဲ့ skill ကို စက္ကန့်ဝက်လောက် စောပြီး သုံးလိုက်တာမျိုး ။) ရှောင်တတ် တိမ်းတတ်ရတယ် ။ Enmity လွဲပြောင်းပေးတတ်ရတယ် ။ ရန်သူ့ attention ကို ကိုယ့်ဆီ ရောက်နေရာကနေ တခြား tank ကို လွဲပြောင်းပေးဖို့ skill သုံးတတ်ရတယ်။ ဒီလိုအရာတွေ အလေ့အကျင့်ဖြစ်စေဖို့ က 8 men Trial (Extreme mode) တွေထဲ ဝင်လေ့ကျင့်တာက အကောင်းဆုံးပါပဲ ။ 8 men raid မှာ tank ၂ ယောက်ရှိတဲ့အတွက် Enmity လွဲပြောင်းပေးခြင်း အတတ်ကို အလေ့အကျင့် ရစေပါတယ် ။

DPS ကတော့ သူ့ရဲ့ ပင်မဦးတည်ချက်က Boss ကို တစက္ကန့်မလပ် damage ပေးနေဖို့ပါပဲ ။ Boss ထုတ်လာတဲ့ mechanic တွေ ကိုလည်း လွတ်အောင် ရှောင်တိမ်းရင်းနဲ့ပေါ့ ။ DPS သမားအတွက် အရေးအကြီးဆုံးသောအရာက skill rotation ပါပဲ ။ Rotation မှန်မှ damage အမြင့်ဆုံးထွက်မှာ ဖြစ်ပါတယ် ။ ဒါကြောင့် DPS သမားမှာ Rotation မှတ်မိနေဖို့က အရမ်းအရေးကြီးတယ် ။ Raid ထဲဝင်ရင် စချရတဲ့အချိန်မှာ သုံးရတဲ့ starter rotation ၊ ချနေစဉ်အတွင်း သုံးရမယ့် Rotation ၊ ပြေးရလွှားရလို့ Rotation အဆက်ပြတ်သွားတဲ့အခါ ပြန်စရမယ့် DPS အမြင့်ဆုံးထွက်မယ့် Rotation စသဖြင့် Skill Rotation အမျိုးအစားတွေ ရှိပါတယ် ။ ဒီ rotation အမျိုးအစားတွေ ခေါင်းထဲ ရှိနေဖို့ လိုတယ် ။ 

အင်တာနက်ပေါ်မှာ သက်ဆိုင်ရာ job အလိုက် Rotation guide အများအပြားရှိပါတယ် ။ ထွက်လာတဲ့ patch အပေါ် မူတည်ပြီး Rotation guide တွေလည်း ပြောင်းတတ်တာမို့ နောက်ဆုံးထွက် Rotation guide ကို ကြည့်ပြီး လေ့ကျင့်ထားဖို့လိုပါတယ် ။

DPS သမားတွေ လေ့ကျင့်ဖို့ အကောင်းဆုံးနေရာက Stone, Sky, Sea ပါပဲ ။ ပြီးတော့ rotation တွေ မှန်စေဖို့ မှတ်မိနေစေဖို့က သတိရတိုင်း Dummies တွေမှာ အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေဖို့ပါပဲ ။

Stone, Sky, Sea အကြောင်း သိလိုလျှင် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် ။

Final Fantasy 14 မှာ ဘယ် job မဆို GCD (Global Cooldown) skill/spell နှင့် OCD (Optional Cooldown) skill/spell ရှိတယ်ဆိုတာ အခြေခံအားဖြင့် သိထားဖို့ လိုပါတယ် ။ GCD skill/spell နှင့် OCD skill/spell တွေကို တလှည့်စီ သုံးပေးပါမှ boss ကို အချိန်တစက္ကန့်မလပ် dps ပေးနိုင်မှာ ဖြစ်ပါတယ် ။ GCD, OCD အကြောင်း နားလည်နေတာနဲ့တင် သင့်ရဲ့ DPS က တက်နေပြီ ဖြစ်ပြီး rotation guide/ job guide တွေ သေချာ ဖတ်ပြီး အချောသတ်နိုင်လျှင်တော့ သင်ဟာ ပရိုကျတဲ့ DPS raider ကောင်းတစ်ယောက် ဖြစ်သွားမှာ ဖြစ်ပါတယ် ။


Boss ထုတ်လာမယ့် mechanic တွေ မှတ်မိနေခြင်း

Boss ထုတ်လာမယ့် mechanic တွေ သိဖို့အတွက် စာ guide, guide video တွေ PoV (Point of View) guide video တွေ ကြည့်ပြီး မှတ်ရပါတယ် ။ 95% သော Boss mechanic တွေဟာ အစီစဉ်အတိုင်း လာပါတယ် ။ ဒါပြီး ဒါလာတော့မယ်ဆိုတာ သိထားရင် ရှောင်ရတိမ်းရလွယ်ပြီး max dps ပေးလို့ရမှာ မဟုတ်ပါလား ။ Boss Mechanic မှာ Phase အလိုက်ရှိပြီး Phase တခုချင်းစီမှာ mechanic လေးတွေ အများကြီး ပါရှိပါတယ် ။ Mechanic တွေ အစဉ်တိုင်း တခုချင်းစီလာပြီး အကုန်ပြီးသွားတဲ့အခါ နောက်တခေါက် အစကနေ ပြန်လာပါတယ် ။ အများအားဖြင့် ၂ ခေါက် ပြန်ကျော့ပြီးရင်တော့ Rage လာပါပြီ ။ ၁ မိနစ်ကြာ ဘားတန်းနဲ့ count down လုပ်ပြီး ဘားတန်း ကုန်သွားတာနဲ့ တပြိုင်နက် အကုန်လုံး သေကြရမှာ ဖြစ်ပါတယ် ။

Boss mechanic တွေမှတ်မိဖို့ ရှောင်တိမ်းတတ်ဖို့က raid မစခင် နေရာချတဲ့အခါ ကိုယ်ကစားမယ့် role ရဲ့ နေရာအလိုက် ကစားတတ်ဖို့လိုပါတယ် ။ tank ၂ ယောက်ဖြစ်တဲ့အတွက် off tank ၊ main tank ဆိုပြီး ၂ နေရာ ရှိတယ်။ Main tank က Defensive အများဆုံးနဲ့ အချိန်တိုင်းလိုလို boss ကိုယ့်စီမှာ ရှိနေအောင် လုပ်ရမှာ ဖြစ်ပြီး off tank ကတော့ အချိန်တော်တော်များများမှာ damage ပေးရပြီး add phase တွေအတွက် main tank အစားထိုးဖို့အတွက် အဆင်သင့်ရှိနေရမယ့် ဝင်ကူပေးရမယ့် တာဝန်ရှိပါတယ် ။ Healer မှာလည်း Healer 1 (H1) ,Healer 2 (H2) ဆိုပြီး ၂ နေရာရှိတယ် ။ Healer 1 က main healer အနေနဲ့ ကစားရပါတယ် ။ ဆိုလိုတာက Raid တစ်ခုလုံးရဲ့ ၇၅ ရာခိုင်နှုန်းသော healing တွေဟာ သူ့ တာဝန်ဖြစ်ပြီး cover heal, shield heal ပေးဖို့က Healer 2 က တာဝန်ယူရပါတယ် ။ DPS ကျတော့ ၄ ယောက်ဖြစ်တဲ့အတွက် DPS 1 (D1), DPS 2 (D2), DPS 3 (D3), DPS 4 (D4) ဆိုပြီး ၄ နေရာ ဖြစ်သွားပါတယ်။ အဲ့ဒီနေရာအလိုက် boss mechanic လာတာ၊ ရှောင်တာ တိမ်းတာတွေက သိပ်မတူကြဘူး။ ဒီတော့ boss mechanic မှတ်မိအောင် လေ့ကျင့်ယူမယ်ဆိုရင် ဘယ်အခြေအနေပဲ ဖြစ်ပါစေ တစ်နေရာတည်းကနေပဲ ယူပြီး လေ့ကျင့်ပါ။ ဥပမာ DPS 1 (D1) နေရာက ယူပြီး boss mechanic မှတ်မိအောင် လေ့ကျင့်နေပြီဆိုရင် ဘယ်အဖွဲ့နဲ့ပဲ လေ့ကျင့် လေ့ကျင့်၊ D1 နေရာပဲ ယူပါ။ ဒီလိုနေရာတွေ ယူလို့ရအောင် သတ်မှတ်လို့ရအောင် raid ထဲဝင်ပြီး မစခင် boss mechanic တွေပြပြီးနောက် ယူမယ့် နေရာတွေ chat box ထဲ အော်ပြီး နေရာယူကြတာ ဖြစ်ပါတယ်။

Mechanic မှတ်မိဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ raid ထဲ ထပ်ခါထပ်ခါ သေကြည့်ဖို့ပါပဲ ။ သေကြည့်ဖို့ဆိုတာ ဒီအတိုင်း raid ထဲဝင်၊ ငုတ်တုတ် ထိုင်သေနေဖို့မဟုတ် ။ လာသမျှ mechanic ကို တတ်နိုင်သမျှ လွတ်အောင်ရှောင်ကြည့်မယ် ရှောင်လို့ မလွတ်တော့ရင် အသေခံလိုက်မယ် အဲ့သလို ။ ပထမတော့ raid ထဲ ဒီအတိုင်း ဘာမှမလုပ်ပဲ mechanic ကိုချည်း လွတ်အောင် ရှောင်တိမ်းကျင့်မယ် ။ နဲနဲ မှတ်မိလာတဲ့အခါမှာ mechanic တွေ လွတ်အောင် ရှောင်ရင်းတိမ်းရင်း ဘယ်နေရာမှာ ဘယ်အချိန်လောက်ဆို DPS ပေးဖို့ အချိန်ရတယ်၊ အဲ့ဒီအချိန်လေးမှာ ဘယ် skill တွေ spell တွေ သုံးရင် ပိုထိရောက်မယ် ပိုအဆင်ပြေမယ်ဆိုတာ တခါတည်း စဉ်းစားပြီး သုံးရင်း စမ်းကြည့်သွားမယ် ။ ဒီလိုလုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ boss mechanic တွေရှောင်တိမ်းရင်းနဲ့ စက္ကန့်လစ်ဟာမှုမရှိ DPS (damage) ပေးတတ်သွားမယ် ။ နောက်ဆုံးမှာ mechanic အကုန် မှတ်မိသွားတဲ့အခါ ကိုယ် တချက် မှားသွားရင်တောင်မှ နောင်လာမယ့် အကွက်တွေမှာ အချင်းချင်း ပြန်ဖာထေးသွားနိုင်ပြီး နောက်ဆုံးမှာတော့ အောင်ပွဲဆင်နိုင်သွားမှာ ဖြစ်ပါတယ် ။

အဖွဲ့သားတွေနှင့် အချိတ်အဆက် မိမိ ကစားတတ်ခြင်း

အဖွဲ့သားတွေကို raid စ ဝင် ကတည်းက ဘယ်သူက ဘယ်အပိုင်းမှာ ဘာတာဝန်ယူ ဆိုပြီး ခွဲဝေပေးထားရပါတယ် ။ အပေါ်မှာ ပြောခဲ့သလိုပါပဲ MT ST H1 H2 D1 D2 D3 D4 စသဖြင့် နေရာတွေ ယူရပါတယ်။ Mechanic တွေကို ကိုယ်တိုင် သိထားရမှာ မှန်ပေမယ့် DPS သမားတွေက အမြဲမှားတတ်လို့ သတိပေးဖို့အတွက် တယောက်က Mechanic ဘာပြီး ဘာလာတော့မယ်ဆိုတာ အော်ပေးရပါတယ် ။ DPS သမားတွေက မှားတတ်တယ်ဆိုတာက ကျန် healer တို့ tank တို့ထက်စာရင် DPS သမားက အချိန်တိုင်းလိုလို မှတ်သားရမယ့် အရာတွေ သတိထားရတာတွေက ပိုပြီးများနေတတ်တာမို့လို့ပါ ။ DPS Raider ကောင်းတစ်ယောက် ဖြစ်ဖို့က မှတ်ဉာဏ်ကောင်းဖို့ လက်နဲ့မျက်စိ အချိန်ကိုက် လှုပ်ရှားနိုင်ဖို့ လိုပါတယ် ။ Healer လည်း Pressure အများကြီးပေးတဲ့ အပိုင်းတွေ ရောက်ရင် အဖွဲ့ဝင်တွေကို မသေအောင် heal ရင်းနဲ့ သူလည်း Mechanic တွေ မေ့သွားတတ်တယ် ။ သတိမထားမိတာမျိုး ဖြစ်သွားတတ်တယ် ။ တခြား job တွေ ထက်စာရင် Healer က boss mechanic တွေ လွတ်သွားဖို့ ရာခိုင်နှုန်း များပါတယ် ။ mechanic တွေ လွတ်သွားတော့ ဘာလာမှန်းမသိရတော့ ရှောင်တိမ်းဖို့ မလွတ်တော့ဘူးပေါ့ ။ ဒီတော့ တယောက် Mechanic တိုင်ပေးနေရင် သိပ်ပျာယာမခတ်တော့ပဲ မှန်မှန်ကန်ကန် ကစားနိုင်သွားတယ် ။ Tank လည်း ဒီလိုပါပဲ boss ကိုလိုက်ကြည့် အဖွဲ့သားအခြေအနေ လိုက်ကြည့်နေရင်းနဲ့ Tank buster တို့ ဘာတို့ လာတာ မမြင်ရတာမျိုး ဖြစ်သွားတတ်တယ် ။ သတိလက်လွတ် ဖြစ်သွားတတ်တယ်ပေါ့ ။

ပြီးတော့ အရေးပေါ် အခြေအနေမျိုး ဖြစ်လာတဲ့အခါ နေရာချိန်းတာတို့ လုပ်ဖို့လည်း အဖွဲ့သားအချင်းချင်း အဆက်အသွယ် ရှိဖို့ လိုပါတယ် ။

 ဟေး ငါ ဒါသုံးတော့မယ် ငါ့ကို ပြန်ဖြည့်ပေးဖို့ အဆင်သင့် ပြင်ထား

ဒီနေရာ ငါ ဝင်ယူလိုက်မယ် ... သူက debuff နဲ့မို့ ဝင်ယူရင် သူသေလိမ့်မယ်

Tank buster လာတော့မယ်.... off tank က ဝင်ယူဖို့ အဆင်သင့်ပြင်ထား

နင့် !???? Spell ချန်ထား.... ငါ mechanic? !??? အပိုင်းရောက်ရင် ငါသုံးတဲ့အခါ အချိန်ကိုက် သုံးဖို့

စသဖြင့် အကွက်စေ့အောင် damage အမြင့်ဆုံး ထွက်အောင် ညှိယူ ကစားသွားရမှာ ဖြစ်ပါတယ် ။ အဖွဲ့လိုက် အတိုင်အဖောက်ညီညီ အသင်းစိတ်ဓာတ်နဲ့ ကစားသွားရမှာ မှန်ပေမယ့် တချို့နေရာတွေ အရေးပေါ်အခြေအနေတွေမှာ တကိုယ်ကောင်းဆန်လိုက်လို့ အခြေအနေ ထိန်းသိမ်းနိုင်သွားတာလည်း ရှိပါတယ်။ ဒါတွေကလည်း raid ဆော့ရင်း ရလာတဲ့ အတွေ့အကြုံက စကားပြောသွားတာမို့ အဲ့လို လုပ်လို့ရတယ်လို့ တထစ်ချ မှတ်ယူထားလို့ မရပါဘူး။

ကွန်ပလိန်းမတက် သူတပါးကို အပြစ်မဖို့တတ်ပဲ မိမိတာဝန်ကိုပဲ ကျေပွန်စွာ လုပ်ဆောင်သွားနိုင်ခြင်း

လူတိုင်းမှာတော့ ကိုယ်လိုချင်တာတခု မရနိုင်တဲ့အခါ ကွန်ပလိန်းတက်ချင် ဆင်ခြေပေးချင်ကြတယ် ။ သူတပါးကို အပြစ်ဖို့ချင်တဲ့ အကျင့်လေးတွေ ရှိကြတယ် ။ တချို့မှာဆို အဲ့အကျင့်က တော်တော်လေးကို ဆိုးရွားပါတယ် ။ 

Final Fantasy 14 မှာက ကျနော်အတွေ့အကြုံအရ ပြောရရင် ဂျပန်လူမျိုးတွေက တော်တော်လေး သည်းခံနိုင်ကြသလို စိတ်ရှည်လည်း ရှည်ကြတယ် ။ တာဝန်ကို ကျေပွန်အောင် လုပ်သွားကြတယ် ။ ဘာပဲ မှားမှား Gomennasai ခွင့်လွှတ်ပေးပါ လို့ ပြောကြတယ် ။ ဘာသာစကားအခက်အခဲ ရှိပေမယ့် သူတို့နဲ့ raid ရတာတော့ စိတ်ချမ်းသာတာ အမှန်ပါပဲ ။

အနောက်တိုင်းကလူတွေက အဲ့လို မဟုတ်ဘူး ။ ပြောင်းပြန်ပဲ ။ အများအားဖြင့် အကျင့်တွေက သိပ်မကောင်းကြဘူး ။ တခါ ၂ ခါ ရှုံးရင်ကို ဝူးဝူးဝါးဝါး ဖြစ်လာကြပြီ ။ အောင်ဖို့အတွက် အမှန်အကန် ကစားနေတဲ့ အဖွဲ့ထဲ အကျင့်ယုတ်ပြီး ဝင်လာမွှေတဲ့ ကောင်တွေက ရှိသေး ။ အဲ့လိုတွေကြောင့် ဂျပန် player တွေက အင်္ဂလိပ်လို ပြောသမားဆို သိပ်မယုံချင်ကြတာ ဖြစ်တယ် ။

ဂျပန်တွေကတော့ တော်တော်ကြီးကို စိတ်ရှည်သလို ဇွဲကြီးကြတယ်။ တခါက Sigmascape Version .3 raid ကို ဂျပန်အုပ်စုနဲ့ နိုင်အောင် ချတာ ကို သူတို့ မရပ်မနားကို ကြိုးစားကြတယ်။ ကျနော်လည်း နိုင်ချင်တော့ လုံးဝမထွက်ပဲ သူတို့နှင့်အတူ တူတူကြိုးစားကြည့်တယ်။ ပေးထားတဲ့ ၂ နာရီလုံးလုံး ကုန်လို့ ၈ မိနစ်အလိုမှ နိုင်သွားခဲ့တယ်။ ၇ ယောက်လုံး ဂျပန်ချည်း။ နိုင်ငံခြားသား player ဆိုလို့ ကျနော်တစ်ယောက်တည်း။ အဲ့ဒီတုန်းက ပျော်လိုက်တာများ ပြန်ပြောမတတ်အောင်ကိုပါပဲ ။

အဲ့ဒါကတော့ ကျနော့်ရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတစ်ခုပေါ့။

 


Raid ဝင်ဖို့ ပြင်ဆင်ရမည့် အချက်များ

ပထမဦးဆုံး မိမိ ကစားမယ့် job တခုတည်းရဲ့ armor, weapon, gear level မြင့်နေရပါမယ်။ raid သတ်မှတ်ချက်ထက် ပိုမြင့်လေ ကောင်းလေ။ ပြီးလျှင် armor, weapon တွေမှာ job နှင့် သက်ဆိုင်တဲ့ materia တွေ meld ထားပါ။ အဲ့ဒါတွေက raid ထဲရောက်ရင် survive ဖြစ်ဖို့ အခွင့်အလမ်း များစေသလို raid အောင်နိုင်နှုန်း မြင့်စေပါတယ်။

မိမိကစားမည့် job နှင့် ပတ်သက်တာတွေ အခြေခံကအစ အသေးစိတ် နားလည် သိရှိထားရမှာ ဖြစ်ပြီး rotation အကုန် ရနေပြီးသား ဖြစ်နေရပါမယ် ။

ဝင်မည့် raid ရဲ့ guide ဖတ်ထားရပါတယ်။
Video ကြည့်ထားရပါတယ်။
ကိုယ်ကစားမယ့်နေရာ မှတ်ထားရပါတယ်။
Mechanic တွေ မှတ်ထားရပါတယ်။ မမှတ်မိလည်း သိပ်ကိစ္စမရှိ။ လက်တွေ့နဲ့ ပေါင်းလိုက်ရင် မှတ်မိလာပါလိမ့်မယ်။ မှတ်မိလွယ်လာစေဖို့ guide video တွေ ဖတ်ထား ကြည့်ထားရတာ ဖြစ်ပါတယ်။

အုပ်စုရှာရပါတယ်။
ကိုယ့်အုပ်စုနဲ့ ကိုယ်ဆိုရင်တော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။
အုပ်စုကတော့ party finder တွေမှာ ခေါ်လေ့ရှိကြပါတယ်။ description တွေ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ တချို့က ကိုယ့်သူငယ်ချင်းကို နိုင်အောင်လုပ်ပေးဖို့ လူခေါ်တယ်။ တချို့က ကိုယ်တိုင် နိုင်ချင်လို့ တူတူဆော့မယ့်သူမရှိပဲ တယောက်တည်းဖြစ်နေလို့ လူခေါ်တယ်။
တချို့က chest (item) လိုချင်လို့ farm ဖို့သက်သက် ခေါ်ကြတယ်။
ကိုယ်က နိုင်ချင်သမားဆိုရင်တော့ aim to clear ပါတီကို ဝင် join ပါ။ 

ကိုယ်ဝင်လိုက်တဲ့ party ဟာ ဂျပန်တွေဆိုရင်တော့ အပြောအဆိုလေး သတိထားပေးပါ ။ သူတို့ကို in game translate နဲ့ ကိုယ်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ အသိပေးပါ။ တခုခုပြောပြီးတိုင်း ကျေးဇူးတင်စကားဆိုပါ။ ဆော့ရင်း တခုခု မှားသွားလို့ရှိရင် တောင်းပန်ပါ။ I'm Sorry. တို့ Please Forgive me. တို့။ ပျမ်းမျှအားဖြင့် ဂျပန်တွေဆိုရင် raid လေ့ကျင့်တာ ပို တိုးတက်တာမြန်သလို အောင်နိုင်နှုန်း များတယ်။ English party ဆိုရင်တော့ လူအခြေအနေ အကဲခတ်ပါ။ အမှန်အကန် ဆော့သမားတွေလို့ ထင်ရရင် ဆက်သွားလိုက်ပါ။ မဖြစ်လောက်ဘူးထင်ရင် ထွက်ပြီး နောက်တဖွဲ့ ရှာပါ။

Raid ထဲ စဝင်လို့ရှိရင် တယောက်က အဲ့ဒီ raid နဲ့ သက်ဆိုင်တဲ့ macro ကို chatbox ထဲ ချပေးပါလိမ့်မယ်။ raid macro ချပြီးတာနဲ့ ဘယ်နေရာ ဘယ်သူယူမယ်ဆိုပြီး အလုအယက် chatbox ထဲ ရိုက်ကြပါလိမ့်မယ်။ ကိုယ်လည်း အမြန်ရိုက်ပါ။ ဦးရာလူ ပထမစနစ်နဲ့ သွားတာကြောင့် ကိုယ့်နေရာကို ဝင်ယူမယ့်သူတွေ ရှိနေမှာမို့ အမြန်ရိုက်ပြဖို့ လိုပါတယ်။  နေရာတူနေလို့ရှိရင် အဲ့ဒီနေရာကို ကိုယ့်ကို ပေးလို့မရဘူးလားဆိုပြီး တောင်းကြည့်ပါ။ တောင်းမရရင် ရှိတဲ့နေရာယူပြီး I'll Try my best. လို့ ပြောပြီး ကစားကြည့်ပါ။ အများအားဖြင့် ရှောင်ရတိမ်းရတာတွေက အကုန်ခပ်ဆင်ဆင် ဖြစ်နေတာမို့ သတိထားကစားရင်း အဆင်ချောလာပါလိမ့်မယ်။ မှားသွားလည်း စိုးရိမ်စရာမရှိပါဘူး။ အဖွဲ့သားတွေက သင်ဟာ ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးကြောင်း သိထားပြီးတာမို့လို့ပါပဲ ။ ဒါတောင်မှ အပြစ်တင်သေးရင်တော့ သူတို့ဘက်က အလွန်ပေါ့။

နေရာတွေယူပြီးကြရင်တော့ raid စပါပြီ။ ကစားတဲ့တလျှောက် သတိကောင်းကောင်းနဲ့ မှတ်သားရင်း ကိုယ့်တာဝန် အပြည့်အဝယူရင်း ကစားသွားပါ။ bad player တွေ salty player တွေ ယုတ်မာတတ်တဲ့ player တွေကို တွေ့ကြုံရဖို့က အခွင့်အလမ်း နည်းပါတယ်။ ပုံမှန်အားဖြင့် အချင်းချင်းရိုင်းပင်းကူညီရင်း စိတ်ရှည်သည်းခံကစားသွားကြတာ များလို့ ကိုယ်လည်း အဲ့လိုမျိုးသာ ကစားသွားရင် ဘာပြသနာမှမရှိပဲ နောက်ဆုံးမှာ အောင်ပွဲဆင်နိုင်ပါလိမ့်မယ်။

ကျနော့်အမြင်

ကစားရင်း ကိုယ်တိုင် သိရှိလာရတဲ့ rule လေးတွေရှိတယ်။

Healer မှာဆို ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ်အသက်ရှင်နေဖို့က အဓိက။ ဥပမာ မိမိက သေခါနီးနေပြီ raid wide mechanic က လာတော့မယ် dps တွေကလည်းအကုန် သေနေတဲ့အချိန်၊ ဒီလိုအချိန်မှာဆို heal ဖို့ပဲ လုပ်ပြီး dps တွေ ပစ်ထားတာမျိုး။ 

Healer သမားက heal ဖို့ မရှိလျှင် boss ကို dps ပေးနေရမယ် ။

Healer သမား heal လျှင် over heal မဖြစ်ရအောင် heal ရမည် ။ damage ထိလို့ HP ဘားမကျခင် စက္ကန့်ဝက်အလို heal cast နိုင်အောင် လေ့ကျင့်ထားရမည် ။

Caster တွေအတွက် အဓိက မှတ်ထားရမယ့်အချက်က Always Be Casting ။ ဘယ်အချိန်မဆို အမြဲ spell cast နေရမယ် ။

DPS သမားတွေအတွက် စိတ်ထဲ စွဲနေရမှာက skill/spell အမြဲ ထုတ်သုံးနေရမယ် ။ တစက္ကန့်မလပ် dps ပေးနေရမယ် ။ ချနေရမယ် ။ (DPS uptime)

DPS မှာ tank, healer တို့ထက် job rotation အလွတ်ရနေဖို့ အရမ်းအရေးကြီးပါတယ် ။ Job Rotation ဟာ Tank တို့ Healer တို့မှာ သိပ်အရေးမကြီးပါဘူး ။ သူတို့က အခြေအနေအချိန်အခါကြည့်ပြီး သုံးရတဲ့ skill/spell တွေ များတာမို့လို့ ။

Dps max ရောက်နှုန်း များစေဖို့ အုပ်စုလိုက် တပြိုင်နက်သုံးရမည့် စုပေါင်း skill/spell တွေအကြောင်း သိရှိနားလည်ထားရမည် ။ သုံးတတ်ရမည် ။

Mechanic အရှောင်အတိမ်းမှာ အသွားအလာ အချိန်နည်းနိုင်သမျှ နည်းအောင် ရှောင်တိမ်းရမည် ။ ထို့အတွက် မိမိ သုံးနေသည့် internet connection ကြောင့် ဖြစ်ပေါ်လာသည့် server tick ကို နားလည် သိရှိ သဘောပေါက်ထားရမည် ။

ဒါကတော့ ကျနော်သိသလောက်ရေးထားတဲ့ Final Fantasy 14 high end Raid အကြောင်းပဲ ဖြစ်ပါတယ်။



Post a Comment

0 Comments