ရေငွေ့စုပ်တဲ့ အထုတ်လေးတွေ အကြောင်း



ပုံမှာ ပြထားတဲ့ အထုတ်ငယ်လေးတွေကို ဆေးဗူးတွေမှာ မြင်ဖူးကြမှာပါ။ အထုတ်ပေါ်မှာ DO NOT EAT ဆိုပြီး ရေးထားလေ့ရှိပါတယ်။ တကယ်တော့ ဒီ အထုတ်လေးတွေဟာ ရေငွေ့စုပ်တဲ့ အထုတ်တွေပါ။ အထဲမှာ Silica လို့ခေါ်တဲ့ ဓာတုဗေဒ ပစ္စည်း အဖြူရောင် အကြည်ရောင် အလုံးလေးတွေ ပါပါတယ်။ ဒီ ရေငွေ့စုပ်တဲ့ အလုံးလေးတွေ အရောင်ပေါင်းစုံ ရှိပါတယ်။ ရေငွေ့ အများကြီးစုပ်နိုင်ပါတယ်။ အစုပ်လည်း မြန်ပါတယ်။ ဆန်ထက်ကို ရေငွေ့ အဆတရာလောက် စုပ်ပါတယ်။ အချိန်အကြာကြီး အထားခံပါတယ်။ မပျက်စီးတတ်ပါဘူး။

ဒီ silica ဆိုတဲ့ အလုံးလေးတွေကို
  • ဖုန်း၊ ကင်မရာ၊ အီလက်ထရောနစ် ပစ္စည်းများ၊ လက်ဝတ်ရတနာနဲ့ အစားစာ တွေ အခြောက်ထားတဲ့ နေရာမှာ စိတ်ချလက်ချ သုံးလို့ရပါတယ်။ ဓာတ်ပြုမှု လုံးဝမရှိပါ။ 
  • ဒီ အလုံးလေးတွေက မှိုမတက်အောင် ကာကွယ်နိုင်တဲ့အတွက် အစားစာအခြောက်ထားတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။ 
  • ဓာတ်ပုံတွေ ထားတာ ကြာလာတဲ့အခါ ထည့်ထားတဲ့ ပလတ်စတစ်နဲ့ ဓာတ်ပုံသား ကပ်သွားတတ်ပါတယ်။ ဒီလို မကပ်သွားအောင် လေလုံအောင် ပိတ်နေတဲ့ ဘူးထဲမှာ ဓာတ်ပုံ စာအုပ်ကို ဒီ silica ရေငွေ့စုပ်တဲ့ အလုံးလေးတွေနဲ့အတူ ထားနိုင်ပါတယ်။
  • ငွေထည်ပစ္စည်းတွေ အရောင်တောက်ပနေအောင် ဒီ ရေငွေ့စုပ်တဲ့ အလုံးလေးတွေက ပြုလုပ်ပေးနိုင်ပါတယ်။
  • သံထည်ပစ္စည်းတွေကို ဒီရေငွေ့စုပ်တဲ့ အလုံးလေးတွေ အတူထားပါက သံချေးမတက်ပါ။
  • ဒီ အလုံးလေးတွေကို ကား dashboard ပေါ် ထားထားလျှင် မိုးရွာလို့ဖြစ်စေ ဆောင်းရာသီအေးလွန်းသည် ဖြစ်စေ ကားမှန်မှာ ရေငွေ့ရိုက် နည်းပါးသွားပါလိမ့်မယ်။
  • သစ်စေ့တွေ မှိုမတက်အောင် ဒီ ရေငွေ့စုပ်တဲ့ အလုံးလေးတွေ အတူထားပေးနိုင်ပါတယ်။


phone service သမားတွေ ဆောင်ထားသင့်တဲ့ အရာပါ။ ထားတဲ့အခါ အလုံပိတ်ဘူးထဲမှာ ဒီအတိုင်း အထုတ်လိုက် ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် ဖောက်ပြီး ထည့်ထားလို့ရပါတယ်။ ဖောက်ပြီး ထည့်ထားရင်တော့ ပို အစွမ်းထက်ပါတယ်။


ဒီ အလုံးလေးတွေ ရေငွေ့စုပ်များလာရင် ဖောင်းလာတတ်ပါတယ်။ ဖောင်းလာတဲ့အခါ ဒီ အလုံးလေးတွေကို တဖန် ရေငွေ့ပြန်စုပ်အောင် လုပ်ပြီး ပြန်သုံးလို့ရပါတယ်။ ဒီ Silica အလုံးလေးတွေကို Oven ထဲမှာ 176-200 Degree အပူချိန်အောက်မှာ 15 မိနစ်လောက် ထားပြီးရင် ပြန် အသုံးပြုလို့ ရပါပြီ။ ဒီအလုံးလေးတွေက ဘာအဆိပ်မှ မရှိပါဘူး။ စားမိရင် ဘာမှ အဆိပ်မသင့်နိုင်ပေမယ့် ခန္ဓာကိုယ်က အစာမခြေနိုင်တဲ့အတွက် လည်ပင်း၊ အစာအိမ်လမ်းကြောင်း၊ အူ တို့မှာ ပိတ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါကြောင့် DO NOT EAT လို့ ရေးထားတာပါ။


ဒီ ရေငွေ့စုပ်တဲ့ အထုတ်တွေကို ဆေးဆိုင်တွေမှာ ရနိုင်ပါတယ်။ ဆေးဆိုင်မှာ ဒီ အထုတ်တွေ မလိုအပ်လို့ ဗူးနဲ့အတူ စွန့်ပစ်လေ့ရှိပါတယ်။ ဘယ်လိုတွေမှာ ပါတတ်လဲ ဆိုတော့ အားဆေးဗူး၊ သံဓာတ်အားဆေးဗူး၊ စီဗစ်ဗူး၊ အင်နာဗွန်စီတို့လို အားဆေးဗူးတွေမှာ အများဆုံး ပါတတ်ပါတယ်။ နောက်ပြီး နိုင်ငံခြားကလာတဲ့ စားစရာ အခြောက်တွေမှာ ပါတတ်ပါတယ်။ ဥပမာ ရေညှိပြားခြောက်တို့ … ဂျပန်ကလာတဲ့ မုန့်တွေမှာ ပါတတ်ပါတယ်။ ဒါကြောင့် ဆေးဗူးတွေ ဝယ်သောက်ရင် ပါလာတတ်တဲ့ ဒီလို ရေငွေ့စုပ်တဲ့ အထုတ်လေးတွေ သိမ်းထားသင့်ပါကြောင်း ……

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Photo credit to Wikipedia
Reference : ehow.com
                  wikipedia .com
                  mnn.com

Post a Comment

0 Comments