A Dream Within a Dream [Review]



A Dream Within a Dream


မြင်နေကျပုံစံတွေကနေ ထူးထူးခြားခြား ကွဲထွက်နေတာကို မြင်ရမဲ့ ရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ စီးရီးတစ်ခုပေါ့။ 

ကိုယ့်ကို မင်းသမီးကို ထူးထူးခြားခြား နောက်စေ့တီးချင်စိတ် ပေါ်လာစေတဲ့ ကားတစ်ကားလို့ ဆိုရမယ်။ မင်းသားကို သနားစိတ်နဲ့ ရင်ထဲ ထွေးပွေ့ပေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ကားတစ်ကားလို့လည်း ဆိုရမယ်။ 

ဇာတ်လမ်းကတော့ မျက်မှောက်ခေတ်က မင်းသမီးက အကြောင်းတစ်ခုခုကြောင့် ဇာတ်ညွှန်းကမ္ဘာထဲ ဝင်သွားပြီး သူ​သေရမဲ့နေရာတွေမှာ သူ့ဥာဏ်လေးနဲ့ မသေအောင် ပြောင်းလဲတယ်ပေါ့။ မင်းသမီးက အစကတော့ ဇာတ်ညွန်းကမ္ဘာနဲ့ မျက်မှောက်ခေတ်ကမ္ဘာကို ခွဲခြားတွေးနေနိုင်သေးတယ်။ နောက်တော့ မင်းသားကို ချစ်မိသွားရာကနေစလို့ ဒီဇာတ်ညွှန်းကမ္ဘာထဲ လုံးဝနစ်ဝင်သွားတော့တယ်။ ဇာတ်ညွှန်းကမ္ဘာသာ ပြောတယ်။ တကယ်တော့ ဂိမ်းတစ်ခုလို့ပြောမှ ပိုမှန်မယ်။ တစ်စုံတစ်ယောက် ဖန်တီးထားတဲ့ စည်းမျဉ်းတွေ ရှိတဲ့ကမ္ဘာထဲ ဇာတ်ကောင်တွေက AI တွေ၊ သူ့ဟာသူ တွေးတောတတ်လာပြီး အဆင့်မြင့်လာတဲ့ပုံစံ။ ဇာတ်ကောင်တွေက player နဲ့အတူ ဇာတ်ညွှန်းအစီအစဉ်ကို အကုန်လိုက်ပြောင်းပစ်နိုင်လာတော့ အဆုံးသတ်မှာ သူတို့တွေ ဘယ်လို ဖြစ်သွားကြမှာလဲ။ စည်းမျဉ်းအတိုင်း သွားကြမှာလား။ သွေဖီသွားပြီး တခြားဘာဇာတ်သိမ်း ဖြစ်လာမှာလဲ။ ဒီအချက်လေးက နောက်ပိုင်းအခန်းတွေရောက်လာတာနဲ့အမျှ တရိပ်ရိပ် တွေးမိလာတယ်။ သိချင်စိတ်တွေ ဖြစ်လာရော။ 

စကြည့်လိုက်တာကနေ နောက်ဆုံးအပိုင်း ရောက်သည်အထိ စိတ်ဝင်စားမှုဒီဂရီ ကျမသွားအောင် ဆွဲသွားနိုင်တယ်။ 

Acting - အကုန်လုံး တော်ကြတယ်။ လိုနေတဲ့သူဆိုလို့ တယောက်မှ ရှာမတွေ့ခဲ့ဘူး။ ထူးထူးခြားခြား အနေနဲ့ မင်းသားဆယ့်ရှစ်။ လူအများမြောက်စားလို့ တိမ်ပေါ်ရောက်နေတဲ့ တစ်ယောက်ရဲ့ acting က တကယ့်ကို လူကို အူတက်အောင် ရယ်နေရအောင် လုပ်ထားနိုင်တယ်။ ပြီးတော့ အတည်ပေါက်ကြီးနဲ့ ထထဖောက်တဲ့ အကွက်တွေ သုံးထားတာ တွေ့ရတယ်။ 

Story - ထူးခြားတယ်။ စိတ်ဝင်စားအောင် ဆွဲဆောင်ထားနိုင်တယ်။ ရင်ထဲ ကလိကလိဖြစ်နေအောင် လုပ်ထားနိုင်တယ်။ ဇာတ်ကောင်တွေကို ပေါ့ရွှတ်ရွှတ် မလုပ်ထားတာ တွေ့ရတယ်။ မင်းသားဆယ့်ရှစ် ဇာတ်ကောင်က ပေါတောတော ကာရိုက်တာ ဆိုပေမဲ့ အရေးလည်းကြုံရော ထုတ်ပြလိုက်တာ လူကို ဝါးကနဲ လေးစားသွားစေတာပဲ။ အတည်ပေါက်အထာနဲ့ အနောက်လေးတွေ စွက်လို့ ပိုပြီး ရယ်ပြုံးချင်စရာကောင်းအောင် လုပ်ထားတယ်။ 

Background music- နောက်ခံသီချင်း - စိတ်ထဲရောက်တယ်။ နားထောင်လို့ကောင်းတယ်။ တိရိစ္ဆာန်လေးတွေရဲ့ အော်သံတွေက ရယ်စရာ tempo ကိုအမြင့်ဆုံးရောက်အောင် တင်ပေးနိုင်တယ်ဆိုတာ ဒီကားမှာမှ စတင်ခံစားမိတယ်။ acting နဲ့ပေါင်းလိုက်တဲ့အခါ အသက်ရှူလို့မရတော့လောက်အောင်ထိ ရယ်ချင်စိတ် ဖြစ်လာတော့တာပဲ။

Computer effect - သိပ်မရှိ။ historical ဇာတ်လမ်းဆိုတော့ သိပ်တော့ မလိုပါဘူးလေ။ ပုံမှန်ပါပဲ။ time pause လုပ်ထားတဲ့အခန်းမှာလည်း မဆိုးလှ။ 

Costume - ဝေါင်း …. အရမ်းအရမ်းကို လှ။ ခေါင်းဆောင်းတွေမှာ ရွှေတွေထည့်သုံးထားတာ များတယ်။ အထူးသဖြင့် ‘နန်ဟန်’ဝတ်တဲ့ နန်းဝတ်နန်းစားတွေ အရမ်းကိုမှ လှတယ်။ အရောင်လေးတွေ စပ်ထားတာ တော်တယ်။ မင်းသားရဲ့ လက်ရှိဖော်ပြလိုတဲ့ စိတ်အခြေအနေ၊ ရောက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ ထင်ဟပ်နေအောင် လုပ်ထားနိုင်တယ်။ မင်းသမီးလည်း ထို့အတူ။ historical drama ဆိုတော့ costume မှာ အားထည့်ထားတာက ပုံမှန် ဆိုပေမဲ့ တကားနဲ့တကား လှတာတွေက မတူညီမှုတွေနဲ့ အရမ်းကို လှနေကြတာပဲ။ 

ရယ်ရတာများလို့ ကပေါက်တိကပေါက်ချာတွေ လုပ်ပြတာများလို့ အပေါစား ကားတစ်ကားလို့ မထင်လိုက်နဲ့။ ရှေ့မှာ သင့်ကို တွေးစရာတွေ တောင်းနဲ့ချီ ပုံချပေးထားသလိုပဲ။ တော်ရုံလူဆို သိပ်နားလည်မှာ မဟုတ်ဘူး။ အချိန်ခရီးသွားတွေ၊ အပြိုင်ကမ္ဘာတွေ၊ ရုပ်ဝတ္တုတစ်ခုရဲ့ သူ့ဘာသာသူ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ ဆိုင်တဲ့ သိပ္ပံပညာရပ်၊ စိတ်ကူးယဉ်၊ ဘာသာရေး အကုန်နားလည်သဘောပေါက်ထားမှသာ ဒီကားရဲ့ ဇာတ်လမ်းတိုးတက်မှု ဖြစ်စဉ်ကို နားလည်နိုင်ပါလိမ့်မယ်။ ဇာတ်သိမ်းမှာလည်း ကိုယ်လိုရာ ဆွဲတွေးနိုင်သလောက် ending တွေလည်း ရှိနေပါလိမ့်မယ်။

Must watch!

A Dream within a Dream
Country: China
Episodes: 40
Aired: Jun 26, 2025 - Jul 11, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: iQiyi
Duration: 45 min.

•••••••

မြန်မာစာတန်းထိုး - https://t.me/gcchinesecollection/528

Post a Comment

0 Comments