ခရီးသွားမှတ်စု ၁


Friend တစ်ယောက်က တရုတ်ပြည်က မဟာတံတိုင်းအကြောင်း ခရီးသွားတစ်ယောက်က ရေးထားတဲ့ ပို့စ်ကို မြင်တော့ ပြန်ပြီး မြင်ယောင်လာတယ်.... မဟာတံတိုင်းပေါ်တက်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်လာတယ်

တရုတ်ပြည်ရဲ့ နွေဦးရာသီကို အထင်သေးမိတာ ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရတဲ့ အကြောင်းလေး ..... နွေရာသီသာဆိုတယ်.... မဟာတံတိုင်းပေါ်ရောက်တော့ ချမ်းလိုက်တာ ဂစ်ဂစ်တုန်နေတာပဲ..... ခေါင်းစွပ်အနွေးထည် အပါး ယူသွားမိတာ ငါးပါးမှောက်တော့မလို့.... အင်္ကျီသေတ္တာထဲထည့်လာတဲ့ အင်္ကျီ ၇ စုံလုံး တစ်ထည်ပေါ်တစ်ထည် ထပ်ပြီး ဝတ်ထားလိုက်မိတာ နဲနဲသက်သာသွားတယ် ..... ဓာတ်ပုံရိုက်တော့ လှသားပဲ ..... လူဝံကြီးရုပ်ထွက်မှာ စိုးရိမ်နေခဲ့တာ :3

မဟာတံတိုင်းအပေါ်ရောက်တော့ လေအေးတွေ တဟူးဟူးတိုက်နေတာ ပါးတွေချမ်းစိမ့် ဇက်တွေတောင် တုန်တယ် ..... ဒါတောင် နေ့လည်ကြောင်တောင် ၁၂ နာရီ တိတိကြီး ..... နားရွက်နားတဝိုက် အေးလွန်းလို့ နှာရည်တွေ တောက်တောက်ကျလာကော..... နှာရည်တွေ မကျအောင် နှခေါင်းကို တစ်သျှူးစနဲ့ ဆို့ထားရတယ်..... ယူသွားတဲ့ တစ်သျှူးထုပ် ၃ ထုပ် အကုန်ကုန်တယ်.... နှာရည်တွေစိုစိလို့ လဲရင်းနဲ့ ကုန်တာလေ ...... တိုက်တဲ့လေကလည်း ကြမ်းလွန်းတယ် .... တခါလေတိုက်လာရင် လူတောင် ယိုင်တယ် .... လေတိုက်နှုန်းကလည်း ပြင်း လေကလည်း အေးစိမ့်နဲ့ နှာရည်ယိုပြီး ခေါင်းတစ်ခြမ်းပါ ကိုက်လာတယ် .... ကြာကြာနေရင် ထိုင်ငိုချင်စိတ်ပေါက်လာတယ် ....

ဒါပေမယ့် ရောက်တုန်းခိုက်တုန်း ကြည့်ရတာလေ လက်လွတ်လိုက်ရင် နှမြောဖို့ကောင်းတယ် ဆိုပြီး တံတိုင်းအောက် ပြန်ပြေးဆင်းချင်စိတ်ကို ချုပ်တီးပြီး လိုက်ပတ်ကြည့်ခဲ့တယ် .... ငယ်ငယ်တုန်းက ကြားခဲ့ရတဲ့ မဟာတံတိုင်းကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့ရတော့ အရမ်းဝမ်းသာမိတယ် .... ဝါး.... နေ့လည်ကြောင်တောင်ကြီး ပြီးတော့ ကောင်းကင်မှာ တိမ်လုံးဝမရှိဘူး .... ကြည်လင်တဲ့ နေရောင်အောက်မှာ မဟာတံတိုင်းကြီး အရမ်းလှတယ် ..... အပေါ်မှာ အတော်ကျယ်တာ ..... သူတို့ပြောတော့ ဒါက အကျဉ်းဆုံးအပိုင်းတဲ့ .... တံတိုင်းအကျယ်က စက်မှုဇုံကားတစ်စီးစာ လွတ်လွတ်လပ်လပ် သွားလို့ရတယ် ... wiki ထဲ စာတွေ လျှောက်ဖတ်ထားတော့ တံတိုင်းနံရံတွေ လိုက်စူးစမ်းကြည့်တယ် .... ကျောက်သားပါပဲ ... တံတိုင်းနံရံက ကျောက်တုံးကို အပြားအချပ်ရအောင် ထွင်းပြီး စီထားတယ် .... liner တွေက ကျောက်သားမှုန့်တွေနဲ့ လုပ်ထားလား မသိဘူး .... တော်တော်မာတယ်... လက်သည်းနဲ့ ခြစ်လို့တော့ ထွက်တယ်

လှေကားကျတော့ ခြေနင်းမှာ ခြေတပြားစာတောင်မရှိဘူး... ကျဉ်းလွန်းတယ် .... Rise ကျတော့ တော်တော်မြင့်တယ် .... ခြေလှမ်းကို မနဲ လှမ်းတင်နေရတာ .... ဒါပေမယ့် ခြေနင်းက ၈ ဆင့်လောက်မှာ တခါ ကျယ်သွားတယ် .... သွားရင်းနဲ့ ခြေနင်းတစ်နေရာမှာ အပေါက်ကြီးတစ်ပေါက်ကို သွားတွေ့မိတယ် .... အထဲကို ငုံ့ကြည့်လိုက်တော့ ယက်ထားတဲ့ ကောက်ရိုးချပ်ကြီးရှိနေတယ် .... အပြည့်မဟုတ်ဘူး.... ပေါက်နေတယ် .. ကောက်ရိုးချပ်အောက်မှာ ကျောက်ပြားနဲ့ ကျောက်မှုန့်တွေ ရှိနေတယ် .... wiki ထဲ ဖတ်မိထားတာက ရှီဟွမ်တီလက်ထက်တုန်းက မဟာတံတိုင်းဆောက်တာ တခုနဲ့ တခု စေးကပ်ဖို့ ထမင်းရည်သုံးခဲ့တယ် ငြမ်းတွေကို ကောက်ရိုးတွေနဲ့ လုပ်ပြီး အသုံးပြုခဲ့တယ်ဆိုပဲ .... အဲ့ဒါပဲ ဖြစ်မယ် ... လှေကားတွေ ပုံစံချရာမှာ ကောက်ရိုးတွေယက်ပြီး ခွက်တွေလုပ် ထမင်းရည်တွေနဲ့ ကျောက်သား ကျောက်ခဲတွေ ရောပြီး လုပ်ခဲ့တာ ဖြစ်မယ် ....

မာယာခေတ်တုန်းက အဆောက်အအုံဆောက်ရာမှာ ကျောက်သားတုံးတွေ အသုံးပြုခဲ့ကြတယ်.... ပြီးတော့ ကျောက်တုံးတွေ တခုနဲ့တခု စေးကပ်ဖို့ သဲနဲ့ကျောက်မှုန့်ကို သုံးကြတယ် ..... သဲနဲ့ကျောက်နဲ့ ဘယ်လိုစေးသွားလဲဆိုတော့ ကပ်မယ့် ကျောက်တုံး ၂ ခု အလယ်မှာ ထည့်ပြီး ပွတ်တိုက်တာ .... အချိန်ကြာလာတဲ့အခါ ရေငွေ့တွေနဲ့ ပေါင်းသွားပြီး တဖြည်းဖြည်းလှုပ်မရတော့တဲ့အထိ ပွတ်တိုက်ရင်းနဲ့ စေးကပ်သွားတယ်တဲ့ .... အဲ့ဒါကြောင့် နံရံတစ်ခုပြီးဖို့အတွက် လပေါင်းများစွာ အချိန်ယူရတယ်တဲ့ .... Discovery က လာတာကို ကြည့်ခဲ့တာ အချိန်ကြာပြီမို့လို့ မေ့တေ့တေ့တောင် ဖြစ်နေပြီ ....

မဟာတံတိုင်းကြီးကို အခွင့်အရေးရရင် နောက်တခါ သွားကြည့်ချင်သေးတယ် .... ရောက်ခဲ့တဲ့ အချိန်တုန်းက အေးလွန်းလို့ ခုန်ပေါက်ပြီး နေရတာနဲ့ နှာရည်ယိုနေရတဲ့ ပြသနာနဲ့ ခေါင်းကိုက်ရတာနဲ့ ဗိုက်ဆာလို့ ဂလွီဂလွီအော်သံတွေနဲ့ ကြုံနေရလို့ အေးဆေးတောင် လှည့်ပတ်မကြည့်ခဲ့ရဘူး .... တရုတ်ပြည်ကြီးက ကောင်းပေမယ့် အစားအစာတော့ လုံးလုံးမကြိုက်... အရသာမရှိ... ပေါ့ရွှတ်ရွှတ် ပြဲစိစိနဲ့... စားလို့ လုံးဝမဝင်ဘူး .... နောက်တခါသွားဖြစ်ရင် ငပိကြော်တစ်ဗူးပိုက်သွားမယ်

Post a Comment

0 Comments