Facebook ရဲ့ Memorialization Feature

အဖေက Facebook ကို အကျိုးရှိရှိ အသုံးချခဲ့တဲ့သူ တယောက်ပါ။ Facebook ကနေတဆင့် ငယ်သူငယ်ချင်းတွေ ပြန်တွေ့ခဲ့ရလို့ ဝမ်းသာခဲ့တယ်။ သူအားတဲ့အချိန်ဆို Facebook လေးဖွင့်သုံးလေ့ရှိပါတယ်။ သူ့အကောင့်ကို သူများဝင်သုံးမှာကို မကြိုက်တဲ့ အဖေက သူမဆုံးခင် သူဆုံးသွားရင် သူ့ Facebook acc ဖျက်ဖို့ မှာထားခဲ့တယ်။ အဖေဆုံးသွားတော့ Facebook acc ကို ဘယ်လို လုပ်မလဲဆိုပြီး ကျနော်တို့ စဥ်းစားခဲ့တယ်။ အဖေ့ Facebook acc မှာ အမှတ်တရတွေ အများကြီး ရှိတဲ့အတွက် ကျနော်တို့က မဖျက်ပဲ ဒီအတိုင်း ထားချင်တယ်။ တယောက်ယောက် ဝင်သုံးမှာလည်း ကျနော်တို့ မကြိုက်ဘူး။ နည်းလမ်း လိုက်ရှာရင်း Memorialization ဆိုတာကို သွားတွေ့မိတယ်။


Memorialization ဆိုတာကတော့ သေဆုံးသူရဲ့ Facebook acc ကို ထာဝရပိတ်ပစ်လိုက်ပြီး Profile ကို သေဆုံးသူနှင့် ခင်မင်ရင်းနှီးသူတွေအတွက် သေဆုံးသူကို အမှတ်ရနေမဲ့နေရာလေးတခုအဖြစ် ပြောင်းလဲပစ်လိုက်တာပါ။ Facebook account ရဲ့ Settings က အစ သေဆုံးသူ ထားရစ်ခဲ့တဲ့အတိုင်း ရှိနေမှာ ဖြစ်ပြီး သူရွေးချယ်ထားခဲ့တဲ့ Legacy account ပိုင်ရှင်ကသာ သူ့ Facebook account မှာ သူများက လာပြီး Post တင်တာတွေ၊ Tag လုပ်တာတွေကို ထားသင့် မထားသင့် စီမံကြီးကြပ်ပေးနိုင်အောင် လုပ်ထားတာ ဖြစ်ပါတယ်။ သာမန် Facebook user တွေနှင့် ကွာခြားချက်က Memorialized လုပ်ထားတဲ့ Acc ဟာ ဝင်ကြည့်လိုက်လျှင် Profile မှာ Remembering လို့ ပေါ်နေပြီး Add Friend မရှိတော့ပဲ Friend တွေ Post တင်နိုင်မဲ့ Tributes နှင့် သေဆုံးသူ သုံးစွဲခဲ့တဲ့ Timeline ဆိုပြီး နှစ်ခု ရှိနေမှာ ဖြစ်ပါတယ်။
 

Remembering လို့ ပေါ်နေမဲ့ Memorialized account ဖြစ်အောင် ဘယ်လို လုပ်ရလဲ


Memorialization request form တင်ရပါတယ်။ အရင်ဦးဆုံးတော့ Memorialized လုပ်မယ့် အကောင့်ပိုင်ရှင်က Legacy Contact တခု ရွေးပေးရပါတယ်။ မိမိမရှိတော့တဲ့ နောက်ပိုင်း မိမိရဲ့ Facebook acc စီမံပေးမဲ့သူပေါ့။ Legacy contact မရွေးထားလည်း ရပါတယ်။ သို့သော် Memorialized ဖြစ်သွားတာနှင့် အကုန်ပိတ်သွားပြီး ထာဝရ lock ကျသလို ဖြစ်သွားမှာမို့ အရင်လို ပြန်ဖြစ်အောင် လုံးဝ လုံးဝ လုပ်လို့ မရတော့ပါဘူး။ Legacy contact မထားထားတဲ့ Memorialized Acc တွေဆို ပိုင်ရှင် မရှိတော့တဲ့ အုတ်ဂူတွေလို ဖြစ်သွားမှာပါ။


 Memorialized Request form ထဲမှာ

> Memorialized လုပ်မဲ့ Acc ရဲ့ profile link
> သေဆုံးသွားတဲ့ နေ့ ရက် လ နှစ်
> သေဆုံးသူရဲ့ သေဆုံးကြောင်း ပြနိုင်မဲ့ အထောက်အထား စာရွက်စာတမ်း
> လျှောက်ထားသူရဲ့ Email Address

ရေးထည့်ပေးရပါတယ်။ ကျန်အချက်အလက်တွေက ကိစ္စမရှိပေမဲ့ သေဆုံးသူရဲ့ သေဆုံးကြောင်း ပြနိုင်မဲ့ အထောက်အထား စာရွက်စာတမ်းက နဲနဲ လက်ပေါက်ကပ်ပါတယ်။ သင်္ချိုင်းလက်မှတ် ဓာတ်ပုံရိုက်တင်ပို့တာ Facebook က မသိပါဘူး။ နောက်မှ Memorial card တခု လုပ်ပြီး တင်လိုက်မှ Form က တင်လို့ ရသွားပါတယ်။ Memorial card က လုပ်ရလွယ်ပါတယ်။ သေဆုံးသူရဲ့ ဓာတ်ပုံတပုံသာ လိုအပ်တာပါ။ Online ပေါ်မှာ Memorial card လုပ်ပေးတဲ့ free website တွေရှိပါတယ်။ ကျနော်တော့ Free website တွေမှာ ရတဲ့ လှတဲ့ memorial card တခု နှင့် လုပ်လိုက်ပါတယ်။


Memorial card နှင့် Request form တင်လိုက်တော့ ၁၀ မိနစ်လောက်အကြာမှာ Facebook Team က Email ပို့လာပါတယ်။ သေဆုံးသူနှင့် ပတ်သက်လို့ သူတို့လည်း ဝမ်းနည်းရပါကြောင်းနှင့် Memorialized လုပ်ဖို့ သေဆုံးသူရဲ့ အမှန်တကယ် သေဆုံးကြောင်းပြမဲ့ အထောက်အထား စာရွက်တွေကို ယခု Email ကို Reply ပြန်ပို့ပေးပါရန်လို့ ရေးထားပါတယ်။ ကျနော်က အဖေ့ရဲ့ သင်္ချိုင်းလက်မှတ်၊ ကြေးမုံသတင်းစာမှာ ပါတဲ့ နာရေးကြေညာ ဖြတ်ပိုင်းပုံ ပြန်ပို့ပေးလိုက်ပါတယ်။ ခဏလေးပဲ ကြာပါတယ်။ Facebook team ကနေ ကျနော် တောင်းဆိုထားတဲ့ Account ကို Memorialized လုပ်ပြီးပြီ ဖြစ်ကြောင်း Reply email တစောင် ပြန်ရောက်လာပါတယ်။


 
အဖေ့ဖုန်းက Facebook account ထဲ ဝင်ကြည့်တာ auto log out ဖြစ်သွားပြီး ပြန်ဝင်လို့ မရတော့ပါဘူး။ Messenger လည်း ထို့အတူပါပဲ။ Password, Email မှန်နေတာတောင် လုံးဝ ပြန်ဝင်လို့ မရတော့တာပါ။ အခုဆိုရင် အဖေ့ Facebook account ဟာ သူထားရစ်ခဲ့တဲ့အတိုင်း ပုံမပျက် ရှိနေပြီ ဖြစ်ပါတယ်။ သူ့ Account ကို ဝင်ကြည့်တိုင်း Remembering ဆိုတဲ့ စာသားနှင့် အဖေ တင်ခဲ့တဲ့ ပို့စ်တွေ တွေ့နေရတာက ကျနော်တို့အတွက် နှစ်သိမ့်မှု တခု ဖြစ်နေပါတယ်။
 

Memorialization request ကို ဘယ်ကနေ တင်ရတာလဲ


နည်းလမ်း (၁)



1. Menu
2. Help and Support
3. Help center ကို ဝင်ပါ


4. Search မှာ Memorialization request ကို ရိုက်ထည့်ရှာပါ။


5. ပေါ်လာတဲ့ Question&Answer တွေထဲက ဒုတိယတခုကို ရွေးပါ။


6. Contact us ကို နှိပ်လိုက်ပါက Memorialization request form ကို ရောက်သွားပါလိမ့်မယ်။

နည်းလမ်း (၂)



Memorialized account အဖြစ် ပြောင်းချင်သူရဲ့ Facebook profile ထဲ ဝင်ကြည့်ပါ။ အစက်သုံးစက်ကို နှိပ်ပြီး Profile ထဲ ဝင်ပါ။


Find Support or Report profile ရွေးပါ။
Something Else ကို ရွေးပါ။


Memorialized this account ဆိုတာ ရွေးပါ။ Memorialization request form ကို ရောက်သွားပါလိမ့်မယ်။

Documentation of Death မှာ Memorial card ရွေးထည့်ပါ။


ကျနော့်အဖေ memorial card



-End-

Post a Comment

0 Comments