မိဘတော်တော်များများရော၊ ပတ်ဝန်းကျင်အသိုင်းအဝန်းကပါ အရွယ်ရောက်တဲ့ သမီးကိုပြောလေ့ရှိတဲ့စကားများကတော့
“ အရွယ်ရောက်ပြီ၊ အိမ်ထောင်ပြုဖို့ သမီးစဉ်းစားသင့်ပြီ”
“ လူဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ရတယ် သမီး”
“ ဒီတစ်ယောက်မှ မင်းလက်မခံရင်တော့ နောက်တစ်ယောက်တွေ့ဖို့၊ မလွယ်တော့ဘူး”
ကျွန်တော်တို့ အရှေ့ တိုင်းယဉ်ကျေးမှုရဲ့ ပြသနာတစ်ရပ်က၊ မိန်းခလေးဆိုတာ အလိုက်ခံရတဲ့ဘက်ကပါ။ ကိုယ်ကိုယ်တိုင် ယောကျ်ားတစ်ယောက်ကို ခိုးကြိုက်ပိုင်ခွင့်ရှိတယ်၊ အထာပေးပိုင်ခွင့်ရှိတယ်၊ ရေလာမြောင်းပေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ပေါ်တင်လိုက်ပိုင်ခွင့်မရှိဘူး၊ ကိုယ်က ကြိုက်လို့စလိုက်ရင် တစ်ဘက်သားက လက်ခံဖို့မပြောနဲ့၊ ကိုယ်ပါဈေးပေါတယ်ဆိုပြီး အထင်အမြင်သေးမှုကိုပါ ထပ်ခံလိုက်ရသေးတယ်။
အခုခေတ်လူငယ်များအတွက်တော့၊ အလွန်ဆက်သွယ်ရတာ လွယ်ကူတဲ့ facebook တို့၊ မက်ဆင်ဂျာတို့ ပေါ်လာတော့၊ အရင်ထက်စာရင် ရည်းစားနဲ့ အိမ်ထောင်ဘက်ရှာရတာ အများကြီးအဆင်ပြေသွားပါတယ်။ ဒါပေမဲ့၊ အခုခေတ်လူငယ်များ ကံကောင်းတယ်လို့ ပြောရမှာထက်၊ ကံဆိုးတဲ့လူ ပိုများတယ်လို့ ဆိုရမှာပါ။ လူမှုရေး ကွန်ယက်နဲ့ အိမ်ထောင်ပြုဖြစ်တဲ့အတွဲတော်တော်များများ အဆင်မပြေကြပါ။
ဘာပဲပြောပြော သမီးရေ၊ ယောက်ျားတစ်ယောက်က မင်းကိုတကယ်ချစ်မယ်၊ မင်းကိုကာကွယ်နိုင်မယ်၊ မင်းကို ချစ်ဖို့သက်သက်အတွက်ကြောင့်နဲ့ လက်ထပ်နိုင်မှသာ၊ မင်းအိမ်ထောင်ပြုဖို့ စဉ်းစားသင့်ပါတယ်။
သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမှာမို့လို့ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် ဘဝပျော်ရွှင်မှုနဲ့ ဝေးသွားလိမ့်မယ်၊ မူလကိုယ့်မှာရှိတဲ့ ဘဝရဲ့ မိသားစုသုခအားလုံးပါဆုံးပါးသွားနိုင်ပါတယ်။
ယနေ့ခေတ်၊ ယနေ့အခါ မိန်းခလေးတစ်ယောက်အဖို့၊ အဖြည့်ခံဘဝကို လုံးဝမစဉ်းစားပဲ၊ အလုပ်ကောင်းကောင်းလုပ်သင့်တယ်။ ပိုက်ဆံရှာသင့်တယ်၊ သူငယ်ချင်းများများ ပေါင်းသင်းသင့်တယ်၊ ပိုမိုကျယ်ပြောတဲ့ ကမ္ဘာလောကကြီးကို တိုးဝှေ့ ကြည့်ရှု သင့်တယ်၊ ကိုယ်လိုချင်တဲ့ဘဝပုံစံကို ကိုယ်ရအောင် ဖန်တီးသင့်ပါတယ်။
အခုခေတ်ဆိုတာ ယောကျ်ားနဲ့ မိန်းမ တန်းတူညီတူပဲလို့ ဘယ်လောက်ပဲ ဆိုထားစေကာမူ..
လက်ထပ်တယ်ဆိုတာ ယောက်ျားနဲ့ မိန်းမအတွက် အနေအထားချင်းမတူသေးဘူး၊
လက်ထပ်တယ်ဆိုတာ ယောကျ်ားများအတွက်၊ နားနေဖို့နေရာ တစ်ခုဖြစ်သွားပေမဲ့၊ မိန်းမများအတွက် “ အိမ်ထောင်” စစ်စစ် ဖြစ်သွားနိုင်ပါတယ်။
ယောက်ျားများအတွက်၊ လက်ထပ်တယ်ဆိုတာ၊ ချစ်တဲ့လူ၊ ဂရုစိုက်တဲ့လူ တစ်ယောက်ပိုလာတာပါ။ မိန်းမများအတွက်၊ မိသားစုတစ်ခုလုံးနဲ့ ပတ်သက်နေတတ်ပါတယ်။ မိခင်မေတ္တာကြီးကျယ်တယ်ဆိုတာ မိန်းမများရဲ့ အခွင့်အရေးများနဲ့ စတေးထားရပါတယ်။
ဒါကြောင့်မို့လို့၊
ကိုယ်ကလည်းချစ်ပြီး၊ ကိုယ့်ကိုလည်း တကယ်ချစ်တဲ့လူ တွေ့တဲ့အခါကျမှ စဉ်းစားပါ။
မျက်နှာအတွက်၊ ဂုဏ်အတွက်နဲ့ လက်မထပ်ပါနှင့်၊
မျက်နှာတို့ဂုဏ်တို့ဆိုတာ၊ အနိစ္စတကာ့ထဲမှာ၊အနိစ္စဖြစ်တာ အမြန်ဆုံးအရာတွေပါ။
မိဘများစိတ်ချမ်းသာဖို့အတွက်လည်း၊ ကိုယ်တကယ်မချစ်ရင်၊ လက်မထပ်ပါနှင့်၊
လက်ထပ်လိုက်လို့၊ ကိုယ်မှမပျော်ခဲ့ရင်၊ မိဘတွေ ဘယ်မှာလာ စိတ်ချမ်းသာတော့မှာလဲ၊
“ အပျိုကြီး” အခေါ် မခံချင်လို့လည်း လက်မထပ်လိုက်ပါနှင့်၊
လောကမှာ ပျော်ရွှင်အောင်မြင်နေတဲ့ အပျိုကြီးတွေ ဒုနဲဒေးနဲ့ပါ။
အရွယ်ရောက်ပြီ၊ အရွယ်ကျော်တော့မယ်၊ တန်ဖိုးကျတော့မယ်၊ ဆိုတာကို အစိုးရိမ်လွန်ပြီး၊ လက်မထပ်လိုက်ပါနှင့်၊
မကျေနပ်ရင် မယူဘူး၊ အပျိုကြီးလုပ်တော့ကော၊ ဘာဖြစ်မှာမို့လို့လဲ၊
0 Comments