ဘယ်အရွယ်ပဲ ဖြစ်ဖြစ်
အချစ်စစ်ဆိုတာ...
နေနဲ့လ၊ ရွှေနဲ့မြပမာ
လိုက်ဖက်တင့်တယ်ဖို့ မလိုအပ်သလို၊
ဂုဏ်ချင်း၊ အဆင့်ချင်းလည်း ပနံသင့်နေဖို့ မလိုအပ်ပါ။
အချစ်ဆိုတာ၊ သူများအမြင်မှာ လှပဖို့မဟုတ်ပဲ
ကိုယ်ခံစားချက်နဲ့ကိုယ်၊ ကြည်မြူးနေဖို့ ပိုအရေးကြီးပါတယ်။
အချစ်စစ်ဆိုတာ..
ချစ်နေတဲ့ သူနှစ်ဦးအကြား
ရင်ထဲမှာ ရှိနေတဲ့ လေးနက်တဲ့ နားလည်သိတတ်မှုမျိုးပါ။
တစ်ဦးရဲ့ ပိုမိုကောင်းမွန်တဲ့ ပျော်ရွှင်နေထိုင်နိုင်မှု အတွက်
နောက်တစ်ဦးက အလိုလို ပေးဆပ်နေချင်တဲ့ ခံစားမှုမျိုးပါ။
အချစ်စစ်ဆိုတာ..
ချစ်ခွင့်ရှိတဲ့အချိန်မှာ
အပြည့်အဝတန်ဖိုးထားပြီး
ချစ်ခွင့်မရှိခဲ့ရင်တောင်မှ
ဆုမွန်ကောင်းနဲ့ လက်လွတ်တတ်ခြင်းပါ။
အချစ်စစ်ဆိုတာ...
အတွင်းစိတ်က ယိုထွက်လာတဲ့ ဂရုစိုက်မှုတစ်မျိုးပါ။
လှပတဲ့သစ္စာစကားမရှိသလို၊
ရိုမန့်တစ်ဆန်ဆန် အပြုအမူလည်း မရှိပါ။
နေ့ဓဓူဝမှာ၊ ပြောလိုက်တဲ့စကား၊ ပြုလိုက်တဲ့အပြုအမူ
ဟန်ပန်အမူအယာများရဲ့ အစက်အပျောက်များကြားမှာ
တစ်စက်ချင်း ယိုစိမ့်ထွက်လာတဲ့ ခံစားမှု အသိပါ။
အသက်အရွယ် တစ်ဖြည်းဖြည်းရလာတော့၊
အချစ်ဆိုတာ၊ အားကိုးမှု တစ်မျိုး၊
တွယ်တာမှု တစ်မျိုး၊ စိတ်အားထားရာ တစ်မျိုး ဖြစ်သွားပါတယ်။
မျက်စိအောက် အပျောက်မခံတာမျိုး မဟုတ်တော့ပဲ၊
အလိုလို သတိရနေတတ်တဲ့ အစွဲအလမ်းတစ်မျိုး ဖြစ်သွားတာပါ။
တစ်ချက်ကြည့်လိုက်ရုံနဲ့၊ နားလည်မှု အပြည့်ဖြစ်သွားပြီး၊
တစ်ယောက်ရဲ့ စိတ်ခံစားမှုကို၊ ဓါတ်ကူးသလို ခံစားတတ်သွားတဲ့ အကျင့်ပါ။
နောက်ဆုံးတော့၊ တစ်သက်တာ အချစ်ဆိုတာ
အတူတကွ လက်တွဲပြီး၊ အတူတကွ အိုမင်းကြခြင်းပါ။
တစ်ယောက်ကို တစ်ယောက် ဆံပင်ဖြူ ရေတွက်ပေးရင်း
တွန့်နေတဲ့ ပါးပြင်ပေါ်က အပြုံးကို အမြဲ ကြည်နူးနေစမြဲပါ။
အချစ်ဦးအနေနဲ့ မင်းကိုသိကျွမ်းခဲ့တာ နောက်ကျခဲ့ပေမဲ့
မရှေးမနှောင်းမှာ လူ့ဘဝကို စွန့်ခွာသွားစေချင်ပါတယ်။
ကျန်ခဲ့တဲ့လူ၊ အထီးသိပ်မကျန်စေဖို့ပါ။
Credit to Sayar U Aung Ko Latt
0 Comments