သိမ်ငယ်စိတ်က လူတိုင်းမှာရှိပါတယ်။ လူတိုင်းလိုလို အနည်းနဲ့အများတော့ သိမ်ငယ်စိတ် ရှိကြပါတယ်။
သိမ်ငယ်စိတ်ကလည်း ပုံစံအမျိုးမျိုးနဲ့ ဖြစ်တတ်တယ်နော်။
ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လုပ် အချိုးမကျဘူး ငါအသုံးမကျဘူး လို့ ထင်တာလည်း သိမ်ငယ်စိတ်ဖြစ်သလို ငါတော်တယ် ငါသိတယ် ငါတတ်တယ် လို့တွေးပြီး တွေ့သမျှလူကို ကိုယ်သိကြောင်းတတ်ကြောင်း ပြောချင်နေတာလည်း သိမ်ငယ်စိတ်ပါပဲ။
ကိုယ့်ကိုယ်ကိုယ် အထင်သေး အားငယ်နေတာလည်း သိမ်ငယ်စိတ်ဖြစ်သလို အလကားနေရင်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတာလည်း သိမ်ငယ်စိတ်တစ်မျိုးပါပဲ။
လူတွေ့ရင် ကြွားချင်တာ အင်မတန်သိသာတဲ့ သိမ်ငယ်စိတ်ကြီး ရှိလို့ပါလို့ ပြောနိုင်ပါတယ်။ များများသိမ်ငယ်လေ မျာများကြွားလေပါပဲ။
အချင်းချင်းတွေ့ရင် သူကသာသလား ငါသာသလား ဒါပဲ တွေးနေတတ်တာလည်း သိမ်ငယ်စိတ်ကြောင့်ပါပဲ။
ကြည့် ငါကားကောင်းကြီးစီးနိုင်တယ် ... အိမ်ကောင်းကောင်းကြီးလည်း ရှိတယ် ... နာရီအကောင်းစားကြီးလည်း ပတ်ထားတယ် စိန်တွေရွှေတွေလည်း ဝတ်ထားတယ် ၊ ကြည့်လေ ... ငါ့ဝင်ငွေကလည်း သောက်သောက်လဲကောင်းတာ ... လူတွေက ငါ့ကိုအထင်ကြီးသွားကြပြီ လို့ တွေးပစ်လိုက်တာလည်း အင်မတန်ကြီးတဲ့ သိမ်ငယ်စိတ်အကြီးကြီး ရှိလို့ပါနော်။
ဘယ်သူတွေ ငါ့ထက် ဘယ်လောက်တော်တယ်ပြောပြော တရားဘက်မှာတော့ ငါကသာတယ် ... ငါက တရားတွေ အများကြီးပိုသိတယ်လေ ...ပါဠိလိုတွေ ိုရွတ်ပြီးတော့လည်း တရားစကားတွေ ပြောတတ်တယ် ... တရားစခန်းလည်း ခဏခဏဝင်တယ် ... ဘယ်ဆရာတော်နဲ့ဆို ဘယ်လောက်ရင်းနှီးတယ်...။ ဒါလည်း သိမ်ငယ်စိတ်ပဲ။
သာမန်အားဖြင့် သိမ်ငယ်စိတ် လုံးဝမပါတဲ့အတွေး တွေးဖြစ်ဖို့ ခက်ပါတယ်။ သိမ်ငယ်စိတ်ကင်းပြီး စိတ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ စိတ်ရဲ့သဘာဝ စိတ်ရဲ့ သူ့ပင်ကိုယ်nature ကကို သိမ်ငယ်တတ်တဲ့သဘာဝ ဖြစ်နေလို့ပါ။
သိမ်ငယ်တတ်တဲ့ ဒီသဘာဝကို ကျော်လွန်ပြီး အင်မတန်တည်ကြည်တဲ့ dignity အပြည့်ရှိတဲ့ စိတ်ဖြစ်ဖို့ စိတ်ကငြိမ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းလေး တည်နေဖို့ သတိကို လေ့ကျင့်ရတာနော်။
သတိနဲ့ ကိုယ့်စိတ်ကိုကိုယ် သိရင် ငါဘယ်သူလဲဆိုတာ သိလာတယ်။ ကိုယ့်ကိုယ်ကိုယ် ပီပြင်လာတယ်။
ကိုယ့်စိတ်ကိုကိုယ် မသိတဲ့သူ ငါဘယ်သူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မပီပြင်တဲ့သူအတွက် ငါဆိုတာ ဟိုလူ့အားကျ ဒီလူအားကျ ၊ ဟိုလူလုပ်တာ ကောင်းတယ်ထင် ပြီးရင်လိုက်လုပ် ၊ ဒီလူလုပ်တာ ကောင်းတယ်ထင် ပြီးရင်လိုက်လုပ်။ အဲဒီတော့ စိတ်က အားမရှိဘူး။
သတိရှိလာရင် ငါဘယ်သူလဲဆိုတာ သိလာတယ်။ စိတ်က အားရှိလာတယ်။ သူများလုပ်တိုင်း လိုက်မလုပ်တော့ဘူး။ စိတ်က ခိုင်မာလာတယ်။
သတိရှိလာရင် ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်ပြီး တွေးတဲ့အတွေးတွေ နည်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်ပြီး တွေးတဲ့အတွေးမှန်သမျှ dignity မရှိဘူး။ သူက ငါ့ထက်သာတယ်လို့ တွေးတာလည်း dignity ရှိတဲ့စိတ် မဟုတ်ဘူး။ ငါက သူ့ထက်သာတယ်လို့ တွေးတာလည်း dignity လုံးဝမရှိဘူး။
သတိနဲ့သိနေတဲ့ အကျင့်ကို လုပ်ထားရင် သတိက ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေကို ပြင်ပြင်သွားတဲ့သဘာဝ ရှိပါ့လား ဆိုတာ သိလာလိမ့်မယ်။ ကိုယ့်မှာ လိုအပ်ချက်လေးတွေ ရှိနေရင် စိတ်က ပြောတယ်။ လုပ်ပုံကိုင်ပုံလေးတွေ ပြင်ဖို့ ပြောင်းဖို့ လိုရင်လည်း ပြင်ရမယ် ပြောင်းရမယ် ဆိုတာ သိလာတယ်။ ပြောတဲ့ဆိုတဲ့နေရာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့နေရာမှာလည်း ပိုကောင်းအောင် လုပ်တတ်လာတယ်။
သတိဟာ ဉာဏ်ကို အားပေးတယ်။ သတိရှိလာလို့ရှိရင် ဉာဏ်ပိုထွက်တယ်။ ဉာဏ် ပိုကောင်းလာတဲ့အတွက် ရှေ့ကို ကြိုမြင်တယ်။ ကြိုမြင်လို့ ကြိုပြီးတော့ ပြင်ထားနိုင်တယ်။ ရှေ့ကို ကြိုမြင်ထား ကြိုပြင်ထားနိုင်လို့ ကိုယ့်ကိုယ်ကိုယ်လေးစားတဲ့စိတ် တိုးလာတယ်။ ဉာဏ်အမြော်အမြင်ရှိတာ ကိုယ့်ကိုယ့်ကိုယ်လေးစားတဲ့စိတ် ဖြစ်စေတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ်က သိမ်ငယ်စိတ်နဲ့ ပြောင်းပြန်ပါနော်။
သတိနဲ့ ကိုယ့်စိတ်ကိုယ်သိတဲ့အကျင့်ကို အားကောင်းအောင် လေ့ကျင့်ပြုစုတာ ကြာလာရင် ထူးခြားတာတစ်ခု ခံစားရအုံးမယ်။ အဲဒါ ဘာလဲဆိုတော့ ငါ့ဟာ ငါ့ဘဝငါ တကယ်နေနေတာလို့ ခံစားရမယ်။ ငါ့ဘဝဆိုတာ တကယ်ရှိတယ်လို့ ခံစားရမယ်။ I am living my life လို့ ခံစားရတယ်။
လူတိုင်း ငါ့ဘဝငါ တကယ်နေနေတာလို့ မခံစားရပါဘူးနော်။ လူတိုင်း ငါ့မှာ ဘဝတစ်ခုပီပီပြင်ပြင်ရှိတယ်လို့ မခံစားရပါဘူး။ လူတော်တော်များများက ဘဝကို ဝါးတားတား နေနေတာပါ။ တကယ် အသက်မဝင်ဘူး။ တကယ် living လို့ ပြောလို့မရဘူး။
တကယ်အသက်ဝင်တဲ့စိတ်နဲ့ နေတဲ့သူဟာ အမှားမရှိတော့ဘူးလားလို့ ဆိုတော့ ရှိပါသေးတယ်။ ဒါပေမယ့် သူက အသက်ဝင်နေလို့ အမှားထဲက သင်ခန်းစာ ရသလောက် ထုတ်တတ်တယ်၊ အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားဘူး။ ကိုယ့်မှာ ဖြစ်နေတာ ဘာဖြစ်နေလို့ ဖြစ်နေမှန်း မသုံးသပ်တတ်ဘူး ယောင်တောင်တောင် အတတနဲ့ ဆိုတာမျိုး မဟုတ်ဘူး။ efficient အများကြီးဖြစ်တဲ့သူ ဖြစ်လာတယ်။
ကိုယ့်စိတ်ကို သတိနဲ့သိနေတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် မြင်နိုင်တယ် ကြည့်နိုင်တယ်။ ကိုယ် ချို့ယွင်းချက် အားနည်းချက်တွေကို သိနိုင်တယ် သုံးသပ်နိုင်တယ် ။ ကိုယ့်ကိုယ်ကိုယ် study လုပ်နိုင်တယ်။
ဒီလို ကိုယ့်ကိုယ်ကိုယ် study လုပ်နိုင်တဲ့ အရည်အချင်းဟာ ဘဝမှာ ကြုံတွေ့လာရတဲ့အခြေအနေတွေကို သုံးသပ်နိုင်တယ်။ ဘဝတစ်ခုလုံးကိုလည်း သုံးသပ်နိုင်တယ်။ ဉာဏ်အမြော်အမြင်အကြီးကြီးနဲ့ အဆင့်တစ်ခု ကိုယ့်ကိုယ်ကိုယ် မြင့်သွားဖို့ မြှင့်ယူနိုင်တယ်။
ကိုယ့်ဘဝတစ်ခုလုံးကို Learning လုပ်ရင်း ... ကိုယ့်အားနည်းချက်ကို အားသာချက်ဖြစ်အောင် လုပ်နိုင်တယ် ... လိုအပ်တဲ့ပညာကို ရအောင် ရှာနိုင်တယ်... ထိထိရောက်ရောက် ဖြစ်အောင်လည်း လုပ်နိုင်တယ် ဆိုတဲ့ ဒီလိုအရည်အချင်းတွေ တိုးလာအောင် ဖြစ်လာအောင် သတိက အထောက်အကူ အများကြီး ပေးပါတယ်။
သတိနဲ့ ကိုယ့်စိတ်ကိုယ်သိတယ် ... ကိုယ့်မှာ ပီပြင်တဲ့ ငါဆိုတာလည်း ရှိတယ် ... ငါ့ဘဝကို ငါနေနေတယ်လို့ တကယ်ခံစားလို့ရတယ်... တစ်နေ့တခြား တိုးတိုးသိလာနေတာတွေလည်း ရှိတယ် ... ဒါဆိုရင် growing လည်းရှိနေတယ်လို့ ပြောလို့ရတယ်။ တိုးတက်နေတယ် ကြီးထွားနေတယ်။ အသက်ဝင်နေတယ်။ ရှေ့ကို တိုးနေတယ်။
Living ရှိနေတယ် Learning လည်းရှိနေတယ် Growing လည်း ရှိနေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အားရနေတဲ့စိတ် ဖြစ်မှာပဲ ကျေနပ်နေတဲ့စိတ် ဖြစ်မှာပဲ။ ကိုယ့်ကိုယ်ကိုယ် အားရနေတယ် ကျေနပ်နေတယ် ဆိုရင် ရွှင်လန်းနေတဲ့စိတ်လည်း ဖြစ်မှာပဲ။ ရွှင်လန်းနေတဲ့စိတ်က သိမ်ငယ်စိတ်နဲ့ပြောင်းပြန်ပဲ။
သတိနဲ့နေလာရင် အသက်ဝင်နေတယ် ... အသက်ဝင်တဲ့ဘဝ ရှိလာလို့ Living ဆိုတာရှိလို့ Learning ဆိုတာရှိလာလို့ Growing ဆိုတာ ဖြစ်လာနေလို့ရှိရင် ... ကိုယ့်ကိုယ်ကိုယ် Strong ဖြစ်တယ်လို့ ခံစားရတယ်။ Strong ဖြစ်နေတဲ့စိတ်ကလည်း သိမ်ငယ်စိတ်နဲ့ လုံးလုံးပြောင်းပြန်ပါနော်....။
ဘဝမှာ အစစအရာရာ လုပ်တိုင်းဖြစ်လို့ ပညာတွေတတ်လို့ ဘွဲ့အကြီးကြီးတွေ သုံးထပ်ကွမ်းတောင် ရထားလို့ ဥစ္စာပစ္စည်းတွေ ပေါများပြည့်စုံလို့ ရာထူးကြီးကြီးတွေရှိလို့ ဆိုတိုင်း အဲဒီလူကို strong ဖြစ်တဲ့သူလို့ ပြောလို့ မရပါဘူး။
ပုခုံးပေါ်မှာ ကြယ်ပွင့်တွေ တပြုံကြီးတပ်ထားပေမယ့် သူ့စိတ်ကလေး ကြည့်လိုက်တော့ စိတ်ကလေးက သေးသေးလေး။ အဖိုးတန်ပစ္စည်းတွေ ပေါများတဲ့ လူချမ်းသာကြီး ဆိုတဲ့သူလည်း ကြွားချင်တဲ့စိတ်တွေ များနေလို့ စိတ်ကသေးသေးလေး။ လူတွေအားကျရလောက် အောင်မြင်ကျော်ကြားတဲ့သူပေမယ့် သူ့အောင်မြင်မှုကျသွားပြီးလား စိုးရိမ်နေရတာနဲ့ သူ့ကြည့်လိုက်ရင် သူ့စိတ်က သေးသေးလေး။
တကယ် strong ဖြစ်တဲ့စိတ် ဖြစ်ဖို့ဆိုတာ ကိုယ့်စိတ်အကြောင်း ကိုယ်တကယ်သိတဲ့သူမှ ဖြစ်နိုင်တာပါ။
သတိကြောင့် တကယ် Really Living ဆိုတာ ဖြစ်လာတယ် ... Learning လုပ်နိုင်တယ် Growing လည်း ဖြစ်နေတယ် ... ဆိုမှ တကယ် Strong ဖြစ်တယ်ဆိုတာ ဖြစ်တာပါ။
ဘာတွေ ဘယ်လောက်ကြီး ပြည့်စုံပြည့်စုံပါ ... ကိုယ့်စိတ်အကြောင်းကိုယ် တကယ်သိမှသာ I feel Strong လို့ ခံစားရတာပါနော်။
ကိုယ့်စိတ်အကြောင်း ကိုယ်သိပြီး ကိုယ့်ရဲ့ အကောင်းဆုံးအရည်အသွေးတွေ အမြင့်ဆုံးထိ ထွက်ပေါ်အောင် လုပ်နိုင်ပြီဆိုရင် စိတ်ရွှင်လန်းမှု ရှိလာလိမ့်မယ်၊ စိတ်က လွတ်လပ်လာမယ်၊ ခိုင်လည်း ခိုင်ခန့်လာမယ်။ ခိ်ုင်ခန့်နေတဲ့စိတ် ငြိမ်သက်နေတဲ့ ရွှင်လန်းနေတဲ့စိတ်ထဲကို သိမ်ငယ်စိတ်က ဘယ်လိုမှ ဝင်ချင်လို့ မရပါဘူး။ လွတ်လပ်နေတဲ့စိတ်ထဲကို သိမ်ငယ်စိတ် ဘယ်လိုမှ ဝင်လို့မရပါဘူး။
စိတ်ကို စုစည်းထားတဲ့အကျင့်ကို လုပ်ပါ။ စုစည်းနေတဲ့စိတ်ဟာ ထက်နေတဲ့ဓားနဲ့တူပါတယ်။ ဖွာရာကျဲ မနေတဲ့စိတ်မှာ ထက်မြက်တဲ့အစွမ်းသတ္တိ ရှိပါတယ်။
အလုပ်တစ်ခုခု လုပ်နေပါ။ အလုပ်ဟာ စိတ်ကိုစုစည်းပေးတယ်။ အလုပ်လုပ်နေရင် စိတ်အားလည်း ထွက်တယ်။
ကိုယ်ချစ်တဲ့အလုပ်လည်း လုပ်ပါ။ စားဝတ်နေရေးအတွက်လည်း အလုပ် လုပ်ပါ။ စားဝတ်နေရေးအတွက် အလုပ်တွေလုပ်ရင်း တခြားလည်း ကျေရမယ့်တာဝန်တွေကျေရင်း သတိနဲ့လည်း နေတတ်အောင် လေ့ကျင့်ပါ။
You live
You learn
You grow
You become stronger.
စိတ်နဲ့ပတ်သက်ပြီး အကောင်းဆုံး quality မှန်သမျှ ရဖို့ဆိုရင် သူ့သဘာဝလမ်းကြောင်း ရှိပါတယ်။ ဖြတ်လမ်း မရှိပါဘူး။
ဖြတ်လမ်းမရှိလို့ပဲ ဉာဏ်တွေ ထွက်လာတာ...
ဖြတ်လမ်းမရှိလို့ပဲ သတ္တိတွေထွက်လာတာ...
ဖြတ်လမ်းမရှိလို့ပဲ ကိုယ့်ဘဝကိုယ် ရွေးယူနိုင်တာ ...
ဖြတ်လမ်းမရှိတဲ့လမ်းကို လျှောက်ရဲလို့ကိုပဲ မိမိကိုယ်ကိုယ်သာ ကိုးကွယ်ရာ ဆိုတာကို နားလည်တာပါ ....။
You live
You learn
You grow
You become stronger .....
Credit
Ma Htet Htet Htun
0 Comments