(၁) တစ်ခုခုမှားနေပြီလို့ခံစားရရင် ထပ်မလုပ်ပါနဲ့တော့။
အဲ့ဒီအရာကို လုပ်လိုက်လို့စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင် ။ စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။
(၂) ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျရှိပါစေ။
ဦးတည်ချက် တစ်ခုခု ထားပြီး နေ့ရက်တွေကို ရှင်သန်ပါ ။ ရည်ရွယ်ချက် မရှိဘဲ မျောနေတာမျိုးမလုပ်ပါနဲ့။ တိကျတဲ့ ဦးတည်ချက် တစ်ခုရသွားပြီဆိုရင် အဲ့ဒါကိုပဲ တစိုက်မတ်မတ် ဖန်တီးပါ။
(၃) ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်မမွေးပါနဲ့
သူများနဲ့မနှိုင်းပါနှင့် ။ သူကသူ ကိုယ်ကကိုယ်ဖြစ်ပါတယ်။ ကိုယ့်မှာလည်း ကိုယ့်အားသာချက်ဆိုတာရှိပါတယ်။မိမိပြိုင်ဘက်တစ်ယောက်ယောက် က ငွေရှာတဲ့နေရာမှာ တော်ရင်တော်နေလိမ့်မယ် ။ အဲ့ဒီအစား ကိုယ်က ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ ဘက် တော်တဲ့သူ တစ်ယောက် ဖြစ်နိုင်သေးတာပဲ ။မမျှမတ နဲ့ ရှင်သန်ရတဲ့ ဘဝဟာ အောင်မြင်တဲ့ အချိန်မှာ ချိုမြိန်မှု ကို ပေးစွမ်းနိုင်ပါတယ်။
(၄) ကိုယ့်အတွင်းစိတ်ကို ယုံကြည်မှု ရှိပါ။
လူတိုင်းဟာ စိတ်ကို ဆောင်ပြီး လှုပ်ရှားသွားရနေရတာပဲ ဖြစ်ပါတယ်။ မိမိ အတွင်းစိတ်က စကားသံတွေကို နားထောင်ပါ။စိတ်ကို လွတ်လပ်စွာတွေးတောခွင့် ပေးလိုက်ပါ။ စိတ်ကူးနဲ့ကောင်းမွန်တဲ့ အရာတွေ ဖန်တီးပါ ။ ကိုယ့်ကိုကိုယ် ယုံပါ။
(၅) ကိုယ့်ကိုကိုယ် မကောင်းတာတွေ မပြောပါနဲ့။
သေချာပါတယ်။ ငါက ဘယ်လိုဆိုးနေတာ ။ ဘယ်လို မကောင်းတာ ။ ဘယ်လို ညံ့တာလို့ သူများကို ပြောမိလိုက်တာနဲ့ သင်ကိုယ်တိုင်တဝက် ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ပါစေနဲ့ ။ ကိုယ့်ရဲ့ ကောင်းတဲ့ အချက်တွေ အမူအကျင့်လေးတွေကို ပြောဆိုပြီး စိတ်ဓာတ်ကို မြင့်တင်ပါ။
(၆) အိပ်မက်တွေကို အလျှော့မပေးလိုက်ပါနဲ့။
လူတိုင်း လူတိုင်း အိပ်မက် ကိုယ်စီရှိကြပါတယ်။ အိပ်မက်တွေလည်း မက်ကြပါတယ်။
မိမိရဲ့လှပတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နေတုန်းမှာဖြစ်နိုင်ပါ့မလား ဆိုပြီး အလျော့ပေးတာတွေ ရှိတတ်ပါတယ်။ အလျော့မပေးပါနဲ့ အိပ်မက်အဖြစ် ရှိလာကတည်းက မိမိစိတ်ကို အကောင်အထည်ဖော်စေဖို့စွမ်းအားတွေ ပေးလိုက်ပြီ ဖြစ်ပါတယ်။အိပ်မက်တွေကို မက်ပါ ။ အကောင်အထည်ဖော်ပါ ။ လက်တွေ့ကျကျ ဖန်တီး ပါ။
(၇) No ဆိုပြီး ငြင်းဖို့မကြောက်ပါနဲ့။
အားနာတာတွေ ။ ဘာတွေကြောင့် မဖြစ်နိုင်တာကို လက်ခံဖို့ဖြစ်လာတယ်ဆိုရင်
No ဆိုပြီး ငြင်းဖို့မမေ့ပါနဲ့။ မိမိ ကိုယ်ကိုယ် မိမိအသိဆုံးဖြစ်ပါတယ်။ဘယ်အချိန်မှာ ငြင်းရမလဲ ဆိုတာ ကိုယ်လုပ်နိုင် မလုပ်နိုင်ဆိုတဲ့ အပေါ်မူတည်ပြီး NO တစ်ခွန်းကို အားမနားစတမ်း သုံးလိုက်ပါ။
(၈) Yes ဆိုပြီး ပြောဖို့ မဝံ့မရဲ မဖြစ်ပါနဲ့။
မိမိအရည်အချင်း အပေါ်ယုံကြည်မှုနဲ့ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတွေကို Yes ဆိုပြီး လက်ခံပေးပါ ။ ဖြစ်နိုင်ပါ့မလား ။ လုပ်နိုင်ပါ့မလား ဆိုပြီး မဝံ့မရဲ ဖြစ်နေတာတွေ ရပ်လိုက်ပါတော့ ။ ကိုယ်နဲ့ထိုက်တန်လို့ရောက်ရှိလာတဲ့ အခွင့်အရေးအတွက် YES တစ်ခွန်းထဲ ပြောပြီး ကြိုဆိုလိုက်ပါ။
(၉) ကိုယ့်ကိုကိုယ် သနားပါ။
မိမိ ကိုယ်နဲ့မလိုက်အောင် ၊ ဝန်နဲ့မမျှအောင် ဦးနှောက် နဲ့ခန္ဓာကိုယ် ခိုင်းစေနေတာတွေ ရှိရင် တစ်ချက်လောက် ကိုယ့်ကိုကိုယ် သတိထားကြည့်ပါ။ စိတ်ချမ်းသာမှု ကိုယ်ကျန်းမာမှု ဆိုတာ ဝယ်လို့မရနိုင်ပါဘူး။
(၁၀) ထိန်းချုပ်မှုတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။
လူတစ်ယောက်ဟာ စိတ်ဖိစီးမှု၊ ထိန်းချုပ်မှုတွေ အရမ်းများလာပြီဆိုရင် ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ တစ်နေနေရာမှာ အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်။ အပန်းဖြေပါ ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် စိတ်ဖိစီးမှုတွေ လျော့ကျစေတဲ့ နည်းတွေ မိမိကိုယ်တိုင် သိပါလိမ့်မယ်။ အချိန်ရောက်ရင် တင်းကြပ်နေတဲ့ စိတ်တွေကို လွတ်လပ်ခွင့်ပေးထားလိုက်ပါ။
(၁၁ ) စိတ်ညစ်စရာတွေ နဲ့ဝေးဝေးနေပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းစဉ်းစားရလို့ ၊ ဦးနှောက်ကို အလုပ်တွေ မတရားခိုင်းလို့ ဆံပင်တွေတောင် ဖြူလာပြီဆိုတာ သင်သတိထားမိရဲ့လား ။ ဒီကြားထဲ ဘာမဟုတ်တဲ့ စိတ်ညစ်စရာတွေက ကပ်ပါလာသေး ။ နည်းလမ်းနှစ်ခုပဲ ရှိပါတယ်။ သိမ်းထားပြီး စိတ်ညစ်ခံမှာလား .. ထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနေမလား ။ အဖြေက သင့်မှာပဲ ရှိပါတယ်။
(၁၂) ချစ်တတ်ပါ။
သမီးရည်းစား အချစ်တွေမှ ချစ်တတ်တာလို့မခေါ်ဆိုပါဘူး။ တိရိစ္ဆာန် အကောင်ပလောင်လေးတွေ မွေးပြီး ချစ်တတ်တာမျိုး ။ ကလေး ပူတူတူလေးတွေကို ချစ်တတ်တာမျိုး ။အရာရာကို ချစ်တဲ့ မျက်စိနဲ့ကြည့်တတ်ရင် သင်နေတဲ့ လောကကြီးက သာယာမှု ပေးတယ် ဆိုတာ တွေ့ပါလိမ့်မယ်။
မိမိကိုယ်ကိုယ် ဂရုမစိုက်ရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး ။
Credit to Freddy
0 Comments