သက်ကြီးပင်စင်စား တစ်ဦးရဲ့ အကြံပေးစကားများ

သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။

၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။ သားသမီးများကို အနားမှာ တစ်သက်လုံးခေါ်ထားဖို့ အားမထုတ်သင့်ပါ။ သူတို့မှာ ယော့က္ခထီး ယော့က္ခမ တွေရှိပါသေးတယ်။ သူတို့ အလုပ်တွေ ရှိသေးတယ်။ သူတို့ဘဝတက်လမ်းအတွက် သူတို့ရုန်းကန်ရသေးတယ်။ သူတို့ သားသမီးနဲ့ သူတို့ လွတ်လွတ်လပ်လပ်နေချင်ကြသေးတယ်။

၂။ ဒီအချိန်မှာ သားသမီးအပေါ် ချစ်တယ်ဆိုရင် သူတို့ကို ပြသနာလျှော့ပေးပါ။ စိတ်သဘောထား ကြီးပေးပါ။ စိတ်ပျော်အောင် နေပေးပါ။ ကျန်းမာအောင် ဂရုစိုက်ပါ။ အပြစ်တင်တာ၊ ညည်းတွားတာ ရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် လက်ဖြန့်မတောင်းရပါစေနဲ့၊

၃။ အသက်ကြီးလာရင် သုံးဖို့၊ ဆေးကုဖို့ အိုစာတော့ လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ အမွေအကုန်လုံး မခွဲပေးသင့်ပါ။ ကလေးနားပြန်တောင်းရင် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။

၄။ ပိုင်ဆိုင်မှု လျှော့ဝယ်ပါ။ အသုံးအဆောင် လျှော့ဝယ်ပါ။ ပစ္စည်းများလေ ဝန်ထုတ်ဝန်ပိုး များလေ ဖြစ်တယ်။

၅။ အိမ်ပုန်းမလုပ်ပါနဲ့၊ လမ်းများများလျှောက်ပေးပါ။ မနက်တိုင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့တွေနဲ့ ဝင်ရောပါ။ အကကပါ။ ငါးစာကျွေးပါ။ အင်တာနက်တက်တတ်ရင် စိတ်ဝင်စားတာ ဝင်ကြည့်ပါ။ စာဖတ်ပါ။

၆။ ပင်စင်စားခါစ၊ အလုပ်မှ အနားယူခါစ ကျန်းကျန်းမာမာ ရှိနေသေးပေမဲ့ တစ်ရက်ရက်တော့ သတိမေ့လာမှာပါ။ အိုစာကြောင်လာမှာပါ။ အဲဒီတော့ ရှင်းရှင်းလင်းလင်း သတိရတုန်း ချန်စရာရှိတာချန်၊ ခွဲစရာရှိတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ခွဲထားပေးလိုက်ပါ။ သားသမီးတွေ ပြသနာနဲ့ ဝေးတာပေါ့၊

၇။ လောကကြီးမှာ မင်းကို အချစ်ဆုံးဟာ မင်းရဲ့ အိုဖေါ်ပါ။ အခုအချိန်မှာ အချင်းချင်း တန်ဖိုးထားတတ်ဖို့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။

၈။ သားသမီးများအတွက် အကောင်းဆုံးချန်ထားသင့်ခဲ့တဲ့ အမွေအနှစ်ကတော့ မေတ္တာထားတတ်ခြင်း၊ သဘောထားကြီးခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ အလုပ်ကြိုးစားခြင်းနဲ့ မှန်မှန်ကန်ကန် နေထိုင်တတ်ခြင်း ဆိုတဲ့ နာမည်ကောင်းပါ။ သားသမီးများ နောင်အခက်အခဲ၊ အကြပ်အတည်း ကြုံခဲ့ရင် ဖေဖေဆိုရင် ဒီအနေအထားမှာ ဘယ်လိုတုန့်ပြန်မလဲ၊ မေမေသာ ဒီလိုကြုံခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ အတွေးမျိုး သားသမီးမှာ ရှိစမြဲပါ။

၉ ။ မျှော်လင့်ချက်မထားထားရင် စိတ်ပျက်တာတွေ နည်းပါးတာပေါ့၊ မိမိက အိုလာလို့ မိမိရဲ့ စိတ်ချမ်းသာမှုကို သားသမီးအပေါ် ပုံအပ်မထားသင့်ပါ။ ကိုယ်တတ်နိုင်တဲ့ ဘောင်အတွင်းကနေပြီး ကိုယ်တိုင်ရဲ့ အိုဘဝကို စီမံသင့်ပါတယ်။

၁၀။ နာတာရှည် လဲလျောင်းနေတဲ့ မိဘလူနာများအတွက် တာဝန်ကျေပွန်တဲ့ သားကောင်းသမီးကောင်း ရှားပါးပါတယ်ဆိုတဲ့ စကားပုံရှိပါတယ်။  အဲဒီစကားပုံကို သတိရပါ။

၁၁။ ထိုက်သင့်တဲ့ အကွာအဝေးဆိုတာ မေတ္တာကို ပိုမိုနွေးထွေးစေတတ်ပါတယ်။ သားသမီးနဲ့လည်း ထိုက်သင့်တဲ့ အကွာအဝေး ရှိသင့်ပါတယ်။ မေတ္တာ ဝန်ထုတ်ဝန်ပိုး လျှော့တာပေါ့။

၁၂။ သားသမီးအရေးမှာ မဆိုင်တာ သိပ်ဝင်မရှုပ်တော့ဘူး၊ နားထိုင်းသင့်ရင် နားထိုင်းတော့မယ်၊ ပါးစပ် “ အ” သင့်ရင်လည်း၊ “ အ” လိုက်တော့မယ်။

၁၃။ လောကကြီးကို သင်ပိုင်ဆိုင်ပါတယ်၊ ကျွန်တော်လည်း ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ကျန်းမာပြီး အသက်ရှည်တဲ့လူတွေက ပိုပြီးပိုင်ဆိုင်ပါတယ်။

၁၄။ ကိုယ့်ကိုယ်ကို အချိန်ပိုပေးတော့မယ်။ ကိုယ်စိတ်ပျော်တဲ့ အလုပ်ကို ပိုလုပ်တော့မယ်၊ သူများအတွက်နဲ့ သိပ်အနစ်နာမခံတော့ဘူး၊ ကိုယ့်အတွက်နဲ့ ကိုယ်အသက်ရှင်ဖို့ အချိန်ဖြစ်သင့်ပါပြီ။

၁၅။ သားရေး သမီးရေးမှာ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပမ်းစား ပျိုးထောင်ခဲ့ပြီးပြီ၊ မြေးတွေအလှည့်မှာတော့ အပျော်ထိန်းလောက်ပဲ ဝန်ဆောင်မှု ပေးတော့မယ်။ မျိုးဆက်ကျော်ပျိုးထောင်မှုမျိုး မလုပ်တော့ဘူး၊

၁၆။ လူ့လောကကို ရှင်းအောင်မြင်တတ်ပြီ၊ လွတ်ချတတ်အောင် စိတ်ထားတတ်ပြီ၊ ဘာသာရေးမှာ အာရုံဝင်စားပြီ၊ သက်ရှိသက်မဲ့ အားလုံးအပေါ် မေတ္တာထားတတ်နေပါပြီ။

Credit to Original writer Sayar U Aung Ko Latt


Post a Comment

0 Comments