"Ori and the Blind Forest" Review (PS4, Xbox One, PC)


၂၀၁၅ E3 ကတည်းက ကျနော် အဲ့ဂိမ်းကို စိတ်ဝင်စားခဲ့တယ် ။ ကျနော်က RPG ကစားသမားပေမယ့် ဘေးတိုက်သွား platform အမျိုးအစားဖြစ်တဲ့ အဲ့ဒီ Ori and the Blind Forest ကိုတော့ ထူးထူးခြားခြား စိတ်ဝင်စားခဲ့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ တခြား platforming ဂိမ်းတွေနဲ့မတူ တမူထူးခြားနေပြီး ရုပ်ထွက်ကအစ ... ဘယ်လိုပြောရပါလိမ့်? ... ရွှန်းရွှန်းစို တောက်တောက်ပပနဲ့ မျက်စိကို ဖမ်းစားထားနိုင်တယ် ။ တကယ်ကို လှတာ ။ ချစ်စရာကောင်းတယ် ။ ဒါပေမယ့် ရုပ်ထွက်လှတဲ့ ဂိမ်းအများစုဟာ အများသောအားဖြင့် gameplay, content သိပ်မကောင်းကြဘူး ။ ဒါကြောင့် ဒီဂိမ်းကို စိတ်ဝင်စားပေမယ့် သိပ်စွံမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ် ။ သို့ပေမယ့် ကျနော် စမ်းဆော့ကြည့်ခဲ့တယ် ။ Ori and the Blind Forest က PC နှင့် Xbox One အတွက် ထွက်ထားတော့ PC ကို ရွေးချယ်ခဲ့ပါတယ် ။

စမ်းဆော့ကြည့်တဲ့အခါ gameplay အတော်လေးကောင်းတာကို တွေ့ရတယ် ။ skill တွေ ability တွေ များများစားစားမရှိပေမယ့် တခုတခုရဖို့ အရမ်းကြီးလည်း မ grind ရဘူး ။ grind ရတာ စိတ်သိပ်မရှည်တဲ့ ကျနော့်အတွက်တော့ အံကိုက်ပဲပေါ့ ။ boss fight ထက် အနောက်ကတစ်ခုခုလိုက်လာလို့ ပြေးရတာက ပိုခက်နေသလို ခံစားရတယ် ။ ဒါကတော့ platform ဂိမ်း မဆော့ဖူးသမားအနေနဲ့တော့ ခက်ကောင်း ခက်နေတာ ဖြစ်ပါလိမ့်မယ် ။ ပထမအစတော့ ဟိုနေရာသွားမရ ဒီနေရာသွားမရနဲ့ နဲနဲကသိကအောက်ဖြစ်ရပေမယ့် နောက်ပိုင်းကျရင်တော့ skill တွေ unlock ဖြစ်လာတာကြောင့် လွယ်လာတယ် ။ တခါတလေ skill အကုန်ရထားရင်တောင်မှ ထိုင်စဉ်းစားရတဲ့ နေရာလေးတွေ ရှိတယ် ။ ဆော့ရင်း အသွားအလာ နားလည်လာတဲ့အခါ တချို့နေရာတွေဆို skill တွေ တကူးတက လိုက်ဖွင့်စရာမလိုပဲ ကျော်ဖြတ်နိုင်သွားပါလိမ့်မယ် ။ တစ်နေရာရာမှာ တစ်,နေရင် ထပ်ကြိုးစား မနေတော့ပဲ အချိန်နဲနဲကြာမှ ပြန်ကြိုးစားတတ်တဲ့အကျင့် ရှိတဲ့ ကျနော့်အတွက်တော့ ဒီဂိမ်းပြီးဖို့ အချိန်တော်တော်ယူလိုက်ရပါတယ် ။


ပြီးတော့ ဇာတ်လမ်းလေးကလည်း ချစ်စရာလေးပါ ။ အစပိုင်းမှာကတည်းက ခံစားလိုက်ရတယ် ။ ဒါပေမယ့် ဇာတ်လမ်းက ဆော့ရင်း ဆော့ရင်းနဲ့ နောက်ပိုင်းရောက်ခါနီးတော့ မထင်မှတ်ထားတာလေးတွေ ဖြစ်လာတယ် ။ အဆုံးပိုင်းလည်းရောက်ရော ..... အဲ့ဒါကတော့ သိချင်ရင် ကိုယ့်ဘာသာကိုယ် ဆော့ကြည့်ပါလို့ ပြောပါရစေ ။

နောက်ခံတီးလုံးတွေကလည်း အရမ်းနားထောင်ကောင်းပါတယ် ။ ညအိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ် ပြောပြနေသလိုပါပဲ ။ အနောက်ကနေ တစ်ခုခု အလိုက်ခံရလို့ ပြေးနေတဲ့အချိန်မှာ ထွက်တဲ့ နောက်ခံသီချင်းဆိုလည်း ပြေးနေရတဲ့သူကို ချောက်ထဲကျအောင် တွန်းပို့နေသလိုခံစားရတယ် ။ သီချင်းတွေက သူ့နေရာနဲ့သူ လိုက်ဖက်အောင် ထည့်ထားတယ် ။ (ကျနော်တော့ နားထောင်ကောင်းလို့ အင်တာနက်ပေါ်မှာ OST album လိုက်ရှာကြည့်ပါဦးမယ်)

Platform ဂိမ်းတွေ ဆော့ဖို့ဆိုရင် အဓိကက လက်နဲ့ ခလုတ် အချိန်ကိုက် နှိပ်နိုင်ဖို့နှင့် ဂိမ်းထဲ ကိုယ့် character ရဲ့ အခုန်၊ အကျ တွက်ချက်တတ်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ် ။ Ori and the Blind Forest မှာ Ori လေးရဲ့ အခုန်၊ အကျကအစ အသေးစိတ် ထိန်းလို့ရနေတော့ တခါတလေ နှိပ်ရင်း Timing လွဲလွဲသွားတတ်လို့ အားမရလို့ အော်နေမိတာ ခဏခဏပါပဲ XD ။ ကျနော်တော့ အု ... အား ... ဟာ ... တောက်! အာမေဋိတ်သံ ပေါင်းစုံမြည်ပြီး ဆော့နေမိတယ် ။


နောက်ဆုံးအနေနဲ့ ရုပ်ထွက်အကြောင်း ပြောရရင်တော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ ရုပ်ထွက်က အိပ်မက်ဆန်ဆန် အရောင်အသွေး ၊ ရွှန်းရွှန်းစိုစို တောက်တောက်ပပနဲ့ အရမ်းကြည့်လို့ ကောင်းပါတယ် ။ ချစ်စရာကောင်းနေပါတယ် ။ အပြစ်ပြောစရာမရှိလောက်အောင် လှပနေတာပါ ။ ကျနော်က ကွန်ပျူတာနဲ့ဆော့တော့ ကွန်ပျူတာမှာ အဲ့ဂိမ်းကို setting သိပ်ချိန်ပေးစရာမလိုဘူး ။ အဲ့ဒါကိုတော့ သဘောကျတယ် ။ တခြားဂိမ်းတွေဆို အသေးစိတ် လိုက်ချိန်ညှိပေးနေရတာကိုး ။ ကွန်ပျူတာက ဂိမ်းကို run နိုင်ရင် နိုင်တယ် ။ သတိထားမိသလောက် tear screen ဖြစ်နေတာတို့ ထစ်တာတို့ အနားသတ်မညီညာတာတို့ ဘာမှ မရှိဘူး ။ Full quality ပဲ ။ ဆော့ရတာ စိတ်ချမ်းသာတယ် ။

Ori and the Blind Forest ဂိမ်းကို Microsoft က ထုတ်ပြီး developer ကတော့ Moon Studio ပါ ။ platform adventure ဂိမ်းတွေထဲ အကောင်းဆုံးဆု ၊ ရုပ်ထွက်အလှဆုံးဆု ၊ Best Audio ၊ Xbox Game of the Year ၊ Best Art Direction ၊ Outstanding Achievement in Animation ၊ Outstanding Achievement in Art Direction ၊ Outstanding Achievement in Music Composition ၊ Game, Original Adventure စတဲ့ ဆုများစွာ ရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် ။ သူ့ရဲ့ နောက်ဆက်တွဲအနေနဲ့ Ori and the Will of the Wips ဂိမ်းလည်း Windows 10 နှင့် Xbox One အတွက် ထွက်ရှိထားပြီးပါပြီ ။


နိဂုံးချူပ်အနေနဲ့ ပြောရရင် ကျနော့်ကို Platform ဂိမ်းထဲ ဆော့ရအကောင်းဆုံးဂိမ်းပြပါလို့ မေးလာခဲ့ရင်တော့ Ori and the Blind Forest ဂိမ်းကို ကျနော် ညွှန်းပြမှာပါ ။ Ori and the Blind Forest ဂိမ်းဟာ ကျနော့် ရင်ထဲထိရောက်သွားခဲ့တဲ့ ဂိမ်းတစ်ခုလို့လည်း ပြောရမှာ ဖြစ်ပါတယ် ။ မဆော့ဖူးသူတွေ ဆော့ဖြစ်အောင် ဆော့သင့်ကြောင်း တိုက်တွန်းပါရစေ ။

10/10


Post a Comment

0 Comments