အောက်တိုဘာလဖွားတို့အတွက် သင်္ကေတရတနာ ကြောင်ကျောက်

အောက်တိုဘာလတွင် မွေးဖွားသူများ၏ သင်္ကေတ ရတနာကျောက်သည် Opal ဟုခေါ်သည့် ကြောင်ကျောက် ဖြစ်သည် ။ ၁၄ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် ရတနာကျောက် တစ်ခုလည်း ဖြစ်ပါသည် ။ မျှော်လင့်ခြင်းကျောက်တုံး ဟုလည်း ခေါ်ဆိုကြပါသေးသည် ။ ကြောင်ကျောက်နှင့်အတူ တွဲဖက်၍ Pink Tourmaline ဟုခေါ်သည့် ပန်းရောင် ဖရဲအူကျောက်သည်လည်း အောက်တိုဘာလဖွားတို့၏ သင်္ကေတ ကျောက်တစ်ခု ဖြစ်သည် ။


 ကြောင်ကျောက်၏ အစွမ်းသတ္တိ နှင့် အယူအဆများ

ကြောင်ကျောက်၏ အစွမ်းသတ္တိမှာ လူ၏ အကျင့်စရိုက် ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ပေါ်လွင်ထင်ရှားလာအောင် မြှင့်တင်ပေးတာပဲ ဖြစ်သည် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ၊ မိမိကိုယ်ကို မိမိ လေးစားမှု ၊ ကိုယ့်အစွမ်းအစအပေါ် အကြွင်းမဲ့ ယုံကြည်မှုတွေ တိုးမြှင့်လာအောင် ကူညီထောက်ပံ့ပေးပါသည် ။ ပေါ့ပါးခြင်း နှင့် သဘာဝကျခြင်းကိုလည်း ယူဆောင်လာပေးသည် ။ သဘာဝကျတဲ့ တီထွင်ဖန်တီးမှုစွမ်းအားတွေ ၊ အနုပညာဝါသနာတွေ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးသလို လူမှုဆက်ဆံရေးမှာ တခြားသူရဲ့ သရုပ်မှန် မြင်နိုင်အောင် ကူညီထောက်ပံ့ပေးပါသည် ။ ကြောင်ကျောက်၏ သဘာဝမှာ စုပ်ယူနိုင်ခြင်း ၊ အလင်းပြန်နိုင်ခြင်း စသည့် ဂုဏ်သတ္တိများ ရှိသည့်အတွက် ကိုယ့်အတွေးအကြံများကို ပေါ်လွင်ထင်ရှားအောင် လုပ်ပေးပြီး ဖြစ်ပေါ်လာသည့် အတွေးအကြံများ၏ ဆိုးကျိုး ကောင်းကျိုး သက်ရောက်မှု အကုန်လုံးသည် ကိုယ့်ဆီကိုပဲ ပြန်လာတတ်သည့် အစွမ်းရှိသည် ။ ထိုကြောင့် ကံကြမ္မာကျောက် ဟုလည်း အမည်တွင်သည် ။ ကြောင်ကျောက်သည် တရားမျှတမှု ၊ လိုက်လျောညီထွေမှု တွေကို ကိုယ်စားပြုတဲ့အပြင် ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ ကျောက်တစ်မျိုးလည်း ဖြစ်ပါသည် ။

ကြောင်ကျောက်သည် အချစ် ၊ စွဲလမ်းမှု ၊ စိတ်ဆန္ဒ ၊ လိင်စိတ်ထက်သန်မှုနှင့် ဆက်နွယ်နေသည်ဟု ရှေးဂရိလူမျိုးတို့က ယုံကြည်ကြသည် ။ တိမ်မြုပ်နေသော စိတ်ခံစားချက်ကို ပြင်းထန်လာအောင် လှုံ့ဆော်ပေးပြီး အဟန့်အတားတွေ ဖြေလျော့ပေးသည့်အတွက် ဖျားယောင်းသွေးဆောင်သည့် ကျောက်ဟု ခေါ်ကြသည် ။ စိတ်ခံစားမှု တည်ငြိမ်အောင်လည်း ထိန်းချူပ်ပေးနိုင်သေးသည် ။ ကြောင်ကျောက်ကို ဝတ်ဆင်ခြင်းအားဖြင့် သစ္စာစောင့်သိခြင်းနှင့် ယုံကြည်ခြင်းကို ဆောင်ကျဉ်းပေးသည် ။

ကြောင်ကျောက်သည် ဆေးပညာပိုင်းတွင်လည်း အာနိသင် သက်ရောက်မှုရှိသည်ဟု ယုံကြည်ကြသေးသည် ။ ဖျားနာခြင်း ၊ ကူးစက်ရောဂါ စသည်တို့ ကုသရာတွင် အသုံးပြုကြသည် ။ မှတ်ဉာဏ်ကောင်းစေသည် ။ သွေးနှင့် ကျောက်ကပ်ကို သန့်စင်ပေးသည် ။ အင်ဆူလင်ဓာတ် မြင့်တင်ပေးသည် ။ ကလေးမွေးရာတွင် လွယ်ကူစေသည် ။ PMS ကို လျှော့ချပေးသည် ။ မျက်စိအမြင် ကောင်းမွန်အောင် ထောက်ပံ့ပေးသည် ။ ရောဂါဘယ အကုန် ပျောက်ကင်းနိုင်သည့် နတ်ဆေးသဖွယ် ယူဆကြသည် ။ အချုပ်ဆိုရသော် ကြောင်ကျောက်သည် မည်သည့်ရောဂါမျှ မစွဲကပ်နိုင်အောင် ကာကွယ်ပေးသည့် ကျန်းမာရေးကောင်းစေသည့် ကျောက်တစ်မျိုး ဖြစ်သည် ။

ကြောင်ကျောက်သည် ဝတ်ဆင်ထားသူကို ကြံ့ခိုင်သန်မာခြင်း ပေးသည့် အပြင် ကိုယ့်ဘဝကိုယ် ထိန်းချုပ်ကွပ်ကဲနိုင်စွမ်း မြင့်မားအောင် ကူညီထောက်ပံ့ပေးသည့် ကျောက်တစ်မျိုး ဖြစ်ပါသည် ။


 ကြောင်ကျောက် ဖွဲ့စည်းပုံ

ကြောင်ကျောက်သည် စီလီကာအနုနှင့် ရေနဲ့ ပေါင်းစပ်ထားသည့် ကျောက်တစ်မျိုး ဖြစ်ပြီး သလင်းကျောက်ထက် သိပ်သည်းဆ နည်းပါးသည် ။ သက်တံ့ရောင် ကဲ့သို့ အရောင်အသွေး စုံလင်ပြီး ပြိုးပြိုးပြက်ပြက် အရောင်ကစားတတ်သော ဖွဲ့စည်းမှုကြောင့် တခြားကျောက်များ အကြား ထူးခြားပေါ်လွင်လျက် ရှိပါသည် ။ ကြောင်ကျောက်၏ အရောင်များမှာ အတွင်းသား ကျောက်ရည် ဖွဲ့စည်းပုံအလိုက် ဖြစ်ပေါ်နေသည့် ကျောက်သား စီလီကာထဲ နစ်မြုပ်နေသည့် သေးငယ်သော အမှုန်လေးများမှ အလင်းပြန်ရာမှ ထွက်လာသော အရောင်များဖြစ်သဖြင့် ပုံသေ မရှိပေ ။ ကျောက်ကို အဖြူရောင် သို့ အနီရောင် နောက်ခံဖြင့် တွေ့ရလေ့ရှိသည် ။ တခါတရံ အမည်းရောင် အဖြစ်နှင့်လည်း တွေ့ရတတ်သည် ။ အများသောအားဖြင့် အနီရောင်နောက်ခံတွင် အရောင်စုံဖြင့် တွေ့ရတတ်သည် ။ အနီရောင်တွင် လိမ္မော်ရောင်ပြေး သို့ အစိမ်းရောင်ပြေး ဖြင့်လည်းကောင်း ၊ အဝါရောင်တွင် အပြာရောင်ပြေး ဖြင့်လည်းကောင်း တွေ့ရတတ်သည် ။ ပုံမှန်အားဖြင့် နောက်ခံ အနီရောင် အရောင်အသွေး များသည့် ကြောင်ကျောက်သည် ဈေးကြီးလေ့ ရှိသည် ။ အရောင်ပြေးသည့် ပုံသဏ္ဍာန်အလိုက် ကြောင်ကျောက် တန်ဖိုး အနိမ့်အမြင့် ကွာသွားသည် ။ လေးထောင့်အကွက်တွင် လေးထောင့်အကွက်လိုက် အရောင်ပြေး ပုံသဏ္ဍာန်ရှိသည့် Harlequin opal အမည်ရှိ ကြောင်ကျောက် သည် အရှားပါးဆုံး ကြောင်ကျောက် များအနက် တစ်ခု ဖြစ်သည် ။



ကြောင်ကျောက် ဖြစ်ပေါ်လာပုံ

စီလီကာသည် အရည်ဘဝ ရှိနေစဉ် ကျောက်သားစိုင်ထဲသို့ ရေဖြင့် ထိုးချခံရပြီး ထို ကျောက်သားစိုင်ထဲတွင် တဖြည်းဖြည်း သိပ်သည်းလာကာ အခဲ အသွင်သို့ ကူးပြောင်းသွားပြီး နောက်ဆုံးတွင် ကြောင်ကျောက် ဖြစ်ပေါ်လာသည် ။ တခြား ကျောက်များနှင့် မတူသည့် အချက်မှာ ကြောင်ကျောက်သည် အခဲ အသွင်ဖြစ်နေသော်လည်း ခရစ်စတယ်လ် မဟုတ်ပေ ။ ပုံဆောင်မဲ့ အစိုင်အခဲ တစ်ခုသာ ဖြစ်သည် ။ ကြောင်ကျောက်ကို ကျောက်ဖြစ်ရုပ်ကြွင်း အခွံ ၊ သစ်ပင် နှင့် အရိုးစုများ အကြား တွေ့နိုင်သည် ။ မက်စီကို နှင့် စလိုဗားကီးယား ရှိ ဓာတ်ငွေ့တွင်း နှင့် မီးတောင် တစ်ဝိုက်ရှိ ကျောက်တွင် တွေ့ရတတ်သည် ။ သြစတေးလျ ရှိ နှုန်းတင်မြေနုတွင် ရှိတတ်သည့် ကျောက်သားများ အကြားတွင်လည်း တွေ့ရတတ်သည် ။ ကြောင်ကျောက်၏ သက်တမ်းမှာ တိုတောင်းသည် ။ အဘယ်ကြောင့်ဆိုသော် ကျောက်သားထု၏ ၅ -၂၀% သည် ရေဖြင့် ဖွဲ့စည်းထားသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ရေသည် တဖြည်းဖြည်း အငွေ့ပျံထွက်လာပြီး ခြောက်သွေ့ အက်ကွဲလာကာ ကျွတ်ဆတ်လာပြီး နောက်ဆုံးတွင် တစ်စစီ ပျက်စီးသွားတတ်သောကြောင့် ဖြစ်သည် ။ ကြောင်ကျောက်၏ အားနည်းချက်မှာ ကျောက်တွင်း အက်ကွဲရာ ဖြစ်သော်လည်း ထို ကျောက်တွင်း အက်ရာမှ တဆင့် အလင်းပြန် ဖြစ်ပေါ်လာသည့် အရောင်ပြေးပုံသဏ္ဍာန်သည်လည်း ကြောင်ကျောက်၏ အဓိက အရည်အသွေးတစ်ခု ဖြစ်နေသည် ။ အက်ကွဲရာကို မှန်ဘီလူးဖြင့် ကြည့်မှ မြင်ရတတ်သည် ။ သာမာန်မျက်စိဖြင့် ကြည့်မြင်နိုင်သော အက်ကွဲရာရှိသည့် ကျောက်ကိုတော့ ကြောင်ကျောက်ကောင်း တစ်ခုအဖြစ် မသတ်မှတ်ပေ ။

အရည်အသွေးအမြင့်ဆုံး ကြောင်ကျောက်ကို သြစတေးလျ ရှိ ကွင်းစ်လန်း နှင့် တောင်ပိုင်းဝေလပြည်နယ် ဘက်ခြမ်းတွင် တွေ့ရတတ်သည် ။ ထိုနယ်မြေများသည် ၁၈၇၀ ပြည့်နှစ်များကတည်းက ကြောင်ကျောက်ကို အဓိက ထုတ်လုပ်သည့် နယ်မြေများ ဖြစ်ကြသည် ။ ယခုလက်ရှိတွင်မူ ကြောင်ကျောက်ကို သြစတြေးလျ ၊ မက်စီကို ၊ အမေရိက ၊ တောင်အမေရိက ၊ ဗြိတိန် ၊ ကနေဒါ ၊ ဘရာဇီး ၊ ချက်စ် နှင့် စလိုဗားကီးယား နိုင်ငံများတွင် အများဆုံး တွေ့ရသည် ။



ကြောင်ကျောက် ထိန်းသိမ်းနည်း

ကြောင်ကျောက်ကို ခြစ်ရာ စင်းရာ မရှိအောင် သေချာစွာ ဂရုတစိုက် ထိန်းသိမ်းထားတတ်ပါက နှစ်ပေါင်းများစွာ ကြာသည်အထိ ကြာရှည်ခံပါသည် ။ ကြောင်ကျောက်ကို ဆီထဲ မြုပ်ထား၍ သော်လည်းကောင်း ၊ တခြား ဓာတုပစ္စည်းများနှင့် နီးကပ်စွာ ထား၍ သော်လည်းကောင်း မပြုလုပ်သင့်ပါ ။ ရတနာဘဏ်ထဲတွင် သို့ ရတနာဘူးထဲတွင်လည်း အချိန် ကြာမြင့်စွာ မထားသင့်ပါ ။ အဘယ်ကြောင့်ဆိုသော် ရတနာဘူး နှင့် ရတနာဘဏ်များတွင် ရတနာများ အထားကြာခံစေရန် ရေငွေ့စုပ်ယူသည့် နည်းစနစ် အသုံးပြုထားသည့်အပြင် ကြောင်ကျောက်၏ သဘာဝသည် ရေ ၂၀% ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျောက်ဖြစ်သည့် အတွက် အချိန်ကြာပါက ရတနာဘူး၏ ရေငွေ့စုပ်ယူမှုကြောင့် ကျောက်အတွင်း ရေများ ဆုံးရှုံးကာ ကြောင်ကျောက်၏ အဓိက တန်ဖိုးလျော့ကျသွားပြီး နောက်ဆုံး ကျွတ်ဆတ် ပျက်စီးသွားတတ်သောကြောင့် ဖြစ်သည် ။ ထိုကြောင့် ကျောက်အတွင်း ရေဓာတ် ဆုံးရှုံးလွယ်သည့် နေရာများ ပစ္စည်းများ အကြား မထားမိအောင် သတိထားသင့်ပါသည် ။ ကြောင်ကျောက်ကို အက်ကွဲလာခြင်းမှ လျော့ကျစေရန် ကျောက်သား အနည်းငယ် ပြောင်းလဲလာသည်ကို သတိထားမိသည်နှင့် မကြာမကြာ ရေထဲတွင် အချိန်ကြာကြာလေး မြုပ်ထားကာ ထိန်းသိမ်းထားသင့်ပါသည် ။

 Reference : https://www.jewelsforme.com/opal-meaning



Post a Comment

0 Comments