"Echo" Preview (PC via Steam, PS4, PS4 Pro)




"သင့် လှုပ်ရှားမှုတိုင်းဟာ သင့်အတွက် အကြီးမားဆုံး အခက်အခဲကြီး တစ်ခု"

အနန္တစကြာဝဋာကြီးထဲ အသွင်ပြောင်းလူသားမျိုးနွယ်တွေ နေထိုင်ကြတဲ့ ဂြိုလ်တစ်ခု ရှိတယ် ။ သူတို့တွေဟာ သူတို့မှာ သေပြီးတဲ့သူတွေကို ပြန်ခေါ်ယူနိုင်တယ်လို့ ယုံကြည်နေကြတယ် ။ En လို့ခေါ်တဲ့ မိန်းကလေးဟာ သူ့နောက်ကျောမှာ ပိုးထားတဲ့ red cube ထဲ ပိတ်မိနေတဲ့ သူချစ်ရတဲ့သူတစ်ယောက်ကို ပြန်အသက်သွင်းဖို့ နည်းလမ်းရှာဖို့ တစ်နေရာကို ရောက်လာတယ် ။ အဲ့ဒီနေရာကတော့ အဆုံးသတ်မရှိတဲ့ ဝင်္ကပါကြီး တစ်ခု ။

နေရာက သန့်ရှင်းတယ် ။
ပြခန်းတစ်ခုလို ။
မီးအားကောင်းကောင်းနဲ့ လင်းထိန်နေတယ် ။
ဒါပေမယ့် သက်ရှိဆိုလို့ လုံးဝမရှိ ။ En တစ်ယောက် စူးစမ်းရင်း ရုတ်တရက် သူမ နောက်ကျောကပိုးထားတဲ့ အရာက လင်းလက်လာပြီး အခန်းတစ်ခုလုံး အမှောင်ကျသွားတယ် ။ တစ်စုံတစ်ရာက တစ်ခုခုကို activate လုပ်လိုက်ပြီ ။ မီးပြန်လာလို့ အရာအားလုံး ရှင်းရှင်းလင်းလင်း မြင်ရတဲ့အချိန်မှာ တစ်ခုခု ရုပ်လုံးပေါ်လာတာကို En မြင်လိုက်ပြီ ။ အရုပ်က ပီပြင်လာတော့ En ကိုယ်တိုင်ဖြစ်နေတာကို တွေ့လိုက်ရတယ် ။ သူမရဲ့ ပုံတူ ရုပ်ပွားတစ်ခု ဖြစ်နေတယ် ။ အဲ့ပုံတူက En ကို မြင်လိုက်တာနဲ့ လမ်းလျှောက်လာပြီး En ကို လည်ပင်းလာညှစ်သတ်တယ် ။ En တစ်ယောက် ဘယ်လိုလုပ်မှာလဲ?




Echo ဂိမ်းဟာ Third-Person Science Fiction Adventure ဂိမ်းတစ်ခုဖြစ်ပြီး Ultra Utra က ဖန်တီးထားပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ် ။

ဂိမ်းထဲမှာ En တစ်ယောက် ရင်ဆိုင်ရမယ့် ရန်သူတွေက En ရဲ့ ကိုယ်ပွားတွေပဲ ဖြစ်ပါတယ် ။ အဲ့ဒီ ကိုယ်ပွားတွေကို Echo လို့ ခေါ်ပါတယ် ။ Echo ဂိမ်း က stealth ဂိမ်း တစ်ခုဖြစ်ပေမယ့် သူ့ရဲ့ AI က တခြား သာမာန် stealth ဂိမ်းတွေနဲ့ မတူ ထူးခြားပါတယ် ။ stealth အမျိုးအစား ဆိုတဲ့အတိုင်း တိတ်တဆိတ် လှုပ်ရှားရမှာ ဖြစ်ပေမယ့် En ရဲ့ လှုပ်ရှားမှုတိုင်းကို ရန်သူဖြစ်တဲ့ Echo က မှတ်ထားပြီး သူတို့ သင့်တော်သလို ပြန်အသုံးချတာပဲ ဖြစ်ပါတယ် ။ ဥပမာ En က လှေကား လက်ရန်းပေါ်က ခုန်ချပြီး Echo တစ်ယောက်ကို နောက်က လည်ပင်းညှစ်သတ်လိုက်ရင် နောက်တစ်ကြိမ် ဒီလိုနေရာမှာ ပြန်တွေ့တဲ့အခါ Echo က En လုပ်ခဲ့တဲ့အတိုင်း လှေကားလက်ရန်းပေါ်က ခုန်ချပြီး En အနောက်ကို တိတ်တဆိတ်ရောက်လာပြီး လည်ပင်းလာညှစ်သတ်တော့မှာဖြစ်ပါတယ် ။




နေရာက ဝင်္ကပါ တစ်ခု ဖြစ်နေတဲ့အပြင် computer system တစ်ခုလိုလည်း အလုပ်လုပ်ပါတယ် ။ အမှောင်ကျတဲ့အချိန်ဟာ system ပိတ်သွားတဲ့အချိန်ဖြစ်ပြီး မီးပြန်လာတဲ့အချိန်ဟာ system ပြန်တက်တဲ့ အချိန်ပဲ ဖြစ်တယ် ။ အမှောင်ကျပြီး ပြန်တက်လာတဲ့ အချိန်ကို reboot လို့ခေါ်ပါတယ် ။ ဖုန်းတစ်လုံးလိုပါပဲ ။ ဒီလို reboot ဖြစ်တာက ခဏခဏ ဖြစ်တာပါ ။ reboot တစ်ခါဖြစ်တိုင်း သူ့ရှေ့ reboot ဖြစ်တုန်းက မှတ်သားထားတဲ့ memories တွေ အကုန်ပျောက်သွားပါတယ် ။

En က တစ်နေရာမှာ တစ်ခုခု လုပ်လိုက်ရင် သူ့အနောက်မှာ သူ့ရဲ့ အရိပ်တစ်ခု ကျန်ခဲ့တာကို မြင်ရပါလိမ့်မယ် ။ ဒီ အရိပ်ကတော့ En ရဲ့ လှုပ်ရှားမှုကို Echo က မှတ်သားထားလိုက်ပြီ ဖြစ်ကြောင်း ပြတဲ့ အမှတ်အသား တစ်ခုပါပဲ ။ En ရဲ့ လှုပ်ရှားမှုတိုင်းကို မီးလင်းနေစဉ်မှာ မှတ်ထားပြီး ဘယ်အချိန်မှာ ပြန်အသုံးချလဲဆိုတော့ အခန်းတစ်ခုလုံး လုံးဝ အမှောင်ကျသွားပြီး နောက်တခေါက် ပြန်လင်းလာတဲ့ အချိန်မှာပဲ ဖြစ်ပါတယ် ။ အမှောင်ကျတဲ့အချိန်က ကြာချိန် အနည်းဆုံး စက္ကန့် ၃၀ ဝန်းကျင်လောက်သာ ရှိပါတယ် ။ ဒီလို အမှောင်ကျနေတဲ့အချိန်ဆို Echo တွေက En ရဲ့ လှုပ်ရှားမှုကို မမှတ်နိုင်တော့ပါဘူး ။ ဆိုတော့ကား မှောင်နေတဲ့အချိန်ဟာဆိုရင် En အတွက် မဟာအခွင့်အရေးကြီး တစ်ခုပါပဲ ။




ဝင်္ကပါ ဆိုတဲ့အတိုင်း ဒီနေရာ ဒီအနေအထား ဒါပဲ ထပ်ခါ ထပ်ခါ မြင်တွေ့နေရတဲ့ကြားက အဖြေရှာရမှာပါ ။ တံခါး တစ်ခုဖွင့်ဖို့ လိုအပ်တဲ့ key လေးတွေ လိုက်ရှာရမယ် ။ Health point ပြန်ဖြည့်ဖို့ အစားအစာ အမြောက်အမြား ရှိပေမယ့် En လုပ်သလိုမျိုး တထပ်တည်းကျအောင် ပြန်လုပ်နိုင်တဲ့ En ကိုယ်ပွား Echo တွေ ရှိတယ်ဆိုတာ စိတ်ထဲ ထည့်ထားရမှာ ဖြစ်ပါတယ် ။ လက်နက်ကတော့ သေနတ် တစ်လက်ရှိပေမယ့် ကျည်တောင့်တွေက ရှားပါးလွန်းတာကြောင့် မတတ်သာ အခြေအနေမျိုးမှသာ သုံးသင့်ပါတယ် ။

Graphic အနေနဲ့တော့ Unreal Engine 4 ကို သုံးထားတာကြောင့် သြချရလောက်အောင် အနုစိတ် လှပပြီး အရောင် လင်းလင်းလက်လက်တွေနဲ့ ဆွဲဆောင်မှု အပြည့်ရှိပါတယ် ။ puzzle အမျိုးအစားဖြစ်တာကြောင့် တခန်းဝင် တခန်းထွက်နဲ့ ပြသနာ အဖြေရှာရင်း ခေါင်းမူးနိုင်လောက်ပေမယ့် ပုံသေမရှိတဲ့ AI တွေရဲ့ အပြုအမူတွေ ၊ ကိုယ့်အနောက်ကို ဘယ်အခါ ရောက်လာပြီး လည်ပင်းလာညှစ်မလဲ ဆိုတဲ့ horror ခံစားချက်တွေ ၊ နောက်ပြီး ကိုယ်ရင်ဆိုင်နေရတဲ့ Echo ဟာ ဘယ်လို ဘယ်ပုံနည်းနဲ့လာရင် ကိုယ်က ဘယ်လိုမျိုး ပြန်တုံ့ပြန်ရင် ကောင်းမလဲ? အကယ်၍ ကိုယ်ဒီလိုမျိုး လှုပ်ရှားလိုက်ရင် နောက်တခါ ဒီလိုပုံမျိုးလာရင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတာတွေက အတော့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ် ။



Echo ဂိမ်းကတော့ stealth ဂိမ်း ကြိုက်သမားတွေ puzzle ကြိုက်သမားတွေ ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲ ။ ဂိမ်းကတော့ စက်တင်ဘာ ၁၉ ရက်နေ့က PC အတွက် ထွက်ရှိခဲ့ပြီးပါပြီ ။ PS4 အတွက်တော့ လာမယ့် အောက်တိုဘာလမှာ ထွက်လာတော့မှာ ဖြစ်ပါတယ် ။

Metacritic 80
8/10 – Gamespot
9.5/10 – Do you even game Bro
4/5 – Trusted Reviews

Steam Link => http://store.steampowered.com/app/551770/ECHO/

Gameplay => https://www.gamespot.com/videos/echo-offers-a-new-sci-fi-horror-take-on-stealth/2300-6440822/

Reference : gamespot
echo-game
kotaku








Post a Comment

0 Comments