အသုံးချ စိတ်ပညာ နည်းလမ်းကလေးများ

၁။ ချီးမွမ်းတတ်ခြင်းဟာ ဘယ်နေရာမှာဖြစ်ဖြစ် ချောဆီပါ။

သုတေသနအရ လူတွေအားလုံးဟာ ကိုယ့်ကို ချီးမွမ်းတဲ့လူကို ပိုနှစ်သက်ကြပါတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းအုန်းတော့ အချက်ကျကျ လောင်းတတ်ရင် အကျိုးဖြစ်တာကို တွေ့ရပါတယ်။
မှန်မှန်ကန်ကန်နဲ့ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ မည်သည့်အခါမျှ အကျိုးမယုတ်ပါ။

၂။ စိတ်ညစ်လာရင် ခဏရပ်လိုက်ပါ။

တကယ်လို့ စိတ်တအားညစ်လာရင် လက်ထဲမှာရှိတဲ့ အလုပ်ကိုဖြစ်ဖြစ်၊ စကားပြောနေရင်ဖြစ်ဖြစ်၊ ခဏရပ်ဆိုင်းလိုက်ပါ။ ကိုယ့်ကိုယ်ကို ငြိမ်သက်တဲ့ အချိန် ( ၂ ) မိနှစ်၊ ( ၃ ) မိနှစ်လောက်ပေးကြည့်လိုက်ပါ။ တော်တော် သက်သာသွားတာကို တွေ့ရပါလိမ့်မည်။

၃။ စိတ်လုပ်ရှားနေရင် တစ်ခုခု ဝါးလိုက်ပါ။

လူ့သဘာဝအရ အစာစားနေတဲ့အချိန်ဟာ လူ့ဦးနောက်က လုံခြုံမူကို ခံစားရစေတယ်လို့ ပညာရှင်များတွေ့ရှိထားပါတယ်။ အဲဒါကြောင့် စိတ်လုပ်ရှားမူ များနေရင် ပီကေ ဖြစ်ဖြစ်၊ ဝါးစားစရာ အစားအစာ တစ်ခုဖြစ်ဖြစ်၊ ဝါးစားလိုက်ပါ။ တော်တော်သက်သာသွားတာကို တွေ့ရပါလိမ့်မည်။

၄။ ဘယ်သူက သင့်ကို ပိုရင်းနီးတယ်ဆိုတာ သိချင်ရင်

အဖွဲ့ တစ်ဖွဲ့ထဲမှာ စကားလက်ဆုံ ကျနေတဲ့အခါပဲဖြစ်ဖြစ်၊ ရီစရာ မောစရာ ပြောကြတဲ့အခါဖြစ်ဖြစ်၊ တစ်ခုခု ဆွေးနွေးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ လူတွေဟာ ကိုယ်နဲ့ ပိုရင်းနီးတဲ့လူနဲ့ မျက်ရိပ်မျက်ကဲ ဖလှယ်တတ်ကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘယ်သူက ကိုယ့်ကိုပိုခင်တယ်ဆိုတာ သိချင်ရင် သူပြုံးရီနေတဲ့အခါမှာ ဘယ်သူ့ကို ကြည့်နေသလဲဆိုတာကို သတိထားကြည့်လိုက်ပါ။ အဖြေပေါ်လာပါလိမ့်မယ်။

၅။ သူများကိုယ့်ကို ကြိုဆိုသလား ဆိုတာ သိချင်ရင်

တကယ်လို့ စကားဝိုင်းတစ်ခုခုကို သင်ဝင်သွားတဲ့အခါ သူတို့ရဲ့ ခြေထောက်ကို သတိထားကြည့်လိုက်ပါ။ တကယ်လို့ ခန္ဒာကိုယ်အပေါ် ပိုင်းပဲ ကိုယ့်ဘက်ကိုလှည့်ပြီး စကားပြောတယ်ဆိုရင် သင့်ကို မကြိုဆိုချင်တဲ့ သဘောပါပဲ။

၆။ တစ်ခုခုကို အောင်မြင်အောင် ဆွေးနွေးချင်ရင်

တစ်ခုခုကို လေးလေးနက်နက် မဆွေးနွေးခင်မှာ ပေါ့ပေါ့ပါးပါး အရင်ဆွေးနွေးနိုင်ဖို့ လ္ဘက်ရည်ဆိုင်မှာဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာဖြစ်ဖြစ်၊ ဖိတ်ခေါ် ဆွေးနွေးရင် တစ်ဘက်သားရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့စိတ်ကို ဖြေလျှော့စေတယ်လို့ ဆိုပါတယ်။ အချိန်အားဖြင့် နေ့လည်း ( ၂ )နာရီနဲ့ ( ၄ ) နာရီကြားလောက်မှာတွေ့ရင် ပိုမို ပေါ့ပါးတတ်တယ်လို့ ဆိုပါတယ်။

၇။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို သင်တကယ်သိချင်ရင်

သိပ်ပြီးရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုပါ။ အချက် ( ၂ ) ချက်ကို အဓိကထားကြည့်ပါ။
က။ သူဘာကို ကြွားသလဲ၊
ခ။ သူဘာကို ဖုန်းကွယ်ချင်သလဲ၊
လူ့သဘောသဘာဝအရ လိုအပ်ချက်ကို ကြွားဝါတတ်ပြီး၊ သိမ်ငယ်မူကို ဖုန်းကွယ်တတ်ကြပါတယ်။
အဲဒီ ( ၂ ) ချက်ကိုသိရင် ကျန်တာ ခန့်မှန်းရတာ လွယ်ပါပြီ။

၈။ ချီတုံချတုံ ဖြစ်နေရင် ခေါင်းပန်းလှန်ပါ။

တစ်ခုခုကို လုပ်မလား၊ မလုပ်ဘူးလား ဆုံးဖြတ်ရခက်တဲ့အချိန်မှာ ခေါင်းပန်းလှန်လိုက်ပါ။ ခေါင်းပန်းလှန်ခြင်းဟာ အဖြေမှန်ကို မရစေပေမဲ့ ပိုက်ဆံစေ့ ကျခါနီးအချိန်မှာ ကိုယ့်အတွင်းစိတ်က ခေါင်းပိုဖြစ်စေချင်သလား၊ ပန်းပိုဖြစ်စေချင်သလားဆိုတဲ့ ခံစားချက် ဝင်လာပါလိမ့်မယ်။ အဲဒီခံစားချက်ဟာ ကိုယ် ပိုဖြစ်စေချင်တဲ့အဖြေဖြစ်ပါတယ်။

၉ ။ အကြောင်းမဲ့ ပူပန်နေရင်

အကြောင်းမဲ့ တစ်ခုခုကို စိုးရိမ်နေသလိုလို၊ ပူပန်နေသလိုလို ဖြစ်ခဲ့ရင် အိမ်သန့်ရှင်းရေး လုပ်လိုက်ပါ။ အခန်း ရှင်းလိုက်ပါ။ တော်တော် သက်သာသွားတာကို သင်တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကိုယ့်ကိုယ်ကို ပြန်ဖြစ်စေဖို့

တကယ်လို့ သင့်ဘဝရဲ့ ပထမအပိုင်းဟာ သူများအတွက် အသက်ရှင်ခဲ့တယ်ဆိုရင် ဒုတိယအပိုင်းမှာ ကိုယ့်အတွင်းစိတ်ရဲ့ စကားသံကို နားထောင်ပြီး ကိုယ့်အတွက် ကိုယ်ပြန်အသက်ရှင်သင့်ပါတယ်။

၁၁။ ဖိစီးမူ အရမ်းများတဲ့အခါ

စိတ်ဖိအား အရမ်းများတဲ့အခါ ခန္ဒာကိုယ်ပုံစံ နည်းနည်း ပြောင်းပေးလိုက်ပါ။ သက်တောင့်သက်သာ တဲ့ ပုံစံဖြစ်သွားရင် စိတ်ဖိအားကို တော်တော်လျှော့နည်းသွားစေတယ်လို့ ဆိုပါတယ်။

၁၂။ တစ်ဦးတစ်ယောက်က သင့်ကို အကြောင်းမဲ့ ဒေါသထွက်တဲ့အခါ

အကြောင်းမဲ့ စိတ်ဆိုးခံရပြီး အော်ငေါက်ခံရတဲ့ အခါ ငြိမ်ငြိမ်လေးနေပြီး သူ့ကိုပြန်ကြည့်လိုက်ပါ။ သူပိုပြီးဒေါသ ကြီးလာပါလိမ့်မယ်။ ပြီးရင် ဒေါသကုန်ခန်းသွားမယ်။ ပြီးရင် သူ့ဟာသူ အရှက်ရသွားမယ်။

၁၃။ စိတ်ကို နုပျိုစေတဲ့ အသက်ရှည်နည်းလမ်းကလေးများ

က။ တစ်ရက်မှာ အနည်းဆုံးတစ်ကြိမ် ရယ်မောပါ။ ရယ်မောခြင်းဟာ အိုမင်းခြင်းကို ကာကွယ်စေတဲ့အပြင် စိတ်ဖိအားကို သက်သာစေပါတယ်။

ခ။ တစ်ရက် ( ၇ ) နာရီ ပြည့်အောင်အိပ်ပါ။ လုံလောက်တဲ့ အိပ်ရေးဟာ မှန်ဉာဏ်ပိုမို ကောင်းမွန်စေပြီး စိတ်ရွှင်လန်းမူကို ဖြစ်ပေါ် စေပါတယ်။

ဂ။ ( ၂ ) နာရီထိုင်တိုင်း ခဏထပြီး ကိုယ်လက်လုပ်ရှားပေးပါ။ သုတေသန အရ အချိန်ကြာကြာထိုင်နေခြင်းဟာ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေပါတယ်။

ဃ။ ညအိပ်ယာမဝင်ခင်မှာ တစ်နေ့တာ ဖြစ်ခဲ့တာတွေကို တစ်ခေါက်ရစ်ပြီး ပြန်စဉ်းစားလိုက်ပါ။ ကျေးဇူးတင်စရာရှိတာကို စိတ်ထဲမှာ ကျေးဇူးတင်လိုက်ပါ။ ကျန်တဲ့ကိစ္စများကိုလည်း ကျေးဇူးတင်စရာ အကြောင်းရအောင်ရှာပြီး ကျေးဇူးတင်လိုက်ပါ။ သင့်ဘ၀ အကျိုးထူးလာမည်။

ကျွန်တော် လက်ရေးမှားနေတယ်လို့ ထောက်ပြတဲ့လူတော်တော်ရှိပါတယ်။ ပြုပြင်နေပါတယ်။ လက်ရေးအမှားကြီးနဲ့ post တင်တာဟာ တော်တော်တာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာ ဆင်ခြင်မိပါတယ်။ အမှားနည်းအောင် ကြိုးစားပါမယ်။ ထောက်ပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Ref: WeChat


Credit to Original Writer Aung Ko Latt 

Post a Comment

0 Comments