စိုက်ပျိုးရေးအတွက် မီးသွေးပေါင်းခံရည်



ကိုဝင်းကျော်ဦးခိုင်းထားတာ ကြာပါပြီ ...
ဝါးပေါင်းခံရည်လုပ်နည်း ရှာဖွေရေးပေးဦးဆိုတာ လူက ဟိုသွား ဒီသွား အလုပ်များ ...
စာရိုက်ရမှာလည်း ပျင်းပျင်းရှိနေတာနဲ့ စိတ်ကူးတည့်တာ ဦးစားပေးရေးရေးမိတယ် ...
{All Credit to original writer Ko Zin}
ဆရာသမားများ ကျွဲမြီးမတိုခင် ရွှေစိတ်တော်မငြိုခင် ဝါးပေါင်းခံရည်လုပ်နည်းအကြောင်း ရှာဖွေမွှေနှောက်ရင်း ကိုဝေအောင်ချမ်းမျိုးတင်ပြထားတဲ့ PDF ဖိုင်ကို ကူးချ Photo Convert လုပ် စာနဲ့တစ်မျိုး တစ်ပုံချင်းထောက်ကြည့်လို့ အဆင်ပြေအောင်တစ်ဖုံ တင်ပြပေးလိုက်ပါတယ် ...
အခုတင်ပြချက်ဟာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ The Nippon Foundation (ဂျပန်) နဲ့ စေတနာအဖွဲ့တို့က ပူးပေါင်းထုတ်ဝေတဲ့ စာရွက်ကိုသာ ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ပဏာမဝန်ခံပါရစေ ...

စာဖတ်လို့အဆင်မပြေရင်လည်း တစ်ပုံချင်းထောက်ကြည့်ရင်း အဆင်ပြေကြပါစေ ...

မီးသွေးပေါင်းခံရည်ဆိုသည်မှာ မီးသွေးဖိုမှထွက်ရှိသော မီးခိုးကို ပြန်လည်အအေးခံခြင်းဖြင့် ရရှိသော အရည်ဖြစ်ပြီး ဂျပန်တောင်သူလယ်သမားများ ယနေ့အထိ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျှက်ရှိပါသည်။ မီးသွေးပေါင်းခံရည်ကို ထုတ်လုပ်သည့်အခါ ဝါး (သို့) ထင်းကို အသုံးပြု၍ ထုတ်လုပ်နိုင်ပါသည်။ မီးသွေးပေါင်းခံရည်မှာ မြေသြဇာ၊ ပိုးသတ်ဆေးမဟုတ်ပါ။ သို့သော် အပင်များကြီးထွားရန်နှင့် အပင်များသို့ ရောဂါပိုးများ မကျရောက်စေရန် ကာကွယ်နိုင်သောအစွမ်းသတ္တိရှိပါသည်။ မီးသွေးပေါင်းခံရည်သည် မြေကြီးထဲတွင်ရှိသော အပင်အကျိုးပြု အဏုဇီဝပိုးများကို ပွားများစေပါသည်။ ၎င်းအဏုဇီဝများက အပင်၏အမြစ်တွင် တွယ်ကပ်ပြီး အမြစ်တွင် အပေါက်ကလေးများဖြစ်အောင် ဖန်တီးပေးပါသည်။ ၎င်းအပေါက်များမှတဆင့် အပင်အတွက်လိုအပ်သော အာဟာရများကိုစုပ်ယူခြင်းဖြင့် အပင်မှာ သန်စွမ်းကြီးထွားလာရခြင်းဖြစ်ပါသည်။ မီးသွေးပေါင်းခံရည်မှာ အနံ့ပြင်းသဖြင့် ပိုးများမလာရောက်စေရန်လည်း ကာကွယ်ပေးပါသည်။

#မီးသွေးပေါင်းခံရည်ထုတ်လုပ်နည်း

#(က) လိုအပ်သောကုန်ကြမ်းပစ္စည်းများ

(၁) သက်တမ်းသုံးနှစ်ရှိသော ဝါး ၆ လုံး သို့မဟုတ် ထင်း နွားလှည်း ၁ စီးခန့်။
မီးသွေးပေါင်းခံရည်ကိုထုတ်လုပ်သည့်အခါတွင် ဝါး သို့မဟုတ် ထင်းကို အသုံးပြုနိုင်ပါသည်။ ဝါးကိုအသုံးပြုပါက သက်တမ်းသုံးနှစ်ခန့်ရှိပြီး လူသုံးကုန်ပစ္စည်းများပြုလုပ်ရန်နှင့် အိမ်ဆောက်ရန်အတွက်အသုံးမပြုနိုင်သော ဝါးအမျိုးအစားများကိုသာ အသုံးပြုပါ။ ဝါး ၆ လုံးကို ၃ ပေအရှည်ခန့်ဖြတ်၍ နှစ်ခြမ်းခွဲပြီး နေရိပ်တွင် ၃ ရက်ခန့် ဖြန့်ထားရန်လိုအပ်ပါသည်။ ထင်းကိုအသုံးပြုပါက ၁၀ ရက်ခန့် ကြိုတင်ခုတ်ပြီး အရိပ်တွင်ဖြန့်ထားရန်လိုအပ်ပါသည်။ ထင်းနှင့်ဝါးများ ခြောက်သွေ့လွန်းပါက မီးသွေးပေါင်းခံရည် အထွက်နည်းမည်ဖြစ်သဖြင့် မစိုလွန်း မခြောက်လွန်းသော ထင်းနှင့်ဝါးကိုသာ အသုံးပြုပါ။

(၂) အချင်း ၄ လက္မနှင့် အမြင့် ၂ ပေခန့်ရှိသော သံပိုက်ဖြင့်ပြုလုပ်ထားသော မီးခိုးခေါင်းတိုင်လိုအပ်သည်။ (သံပိုက်မရရှိနိုင်ပါက ဝါးကိုအဆင်ဖောက်ပြီး အသုံးပြုနိုင်ပါသည်။)

(၃) ၂၄ ပေရှည်သော မီးခိုးငွေ့အအေးခံပိုက်၊ (၈x၃ ပေ) ရှိသော ပြောင်သွပ် ၁ ချပ်လျှင် အချင်း ၄ လက္မ၊ အရှည် ၈ ပေရှိသော ပိုက် ၃ လုံး ရရှိနိုင်ပါသည်။ မီးခိုးခေါင်းတိုင်နှင့် သွပ်ပိုက် သို့မဟုတ် ဝါးပြောင်းဆက်သည့်နေရာမှ ၆ လက္မခန့်အကွာ်တွင် မီးသွေးပေါင်းခံရည်ကျရန်အတွက် လက်မဝက်ခန့် အပေါက်ဖောက်ပါ။

(၄) မီးသွေးဖိုကိုဖုံးအုပ်ရန်အတွက် (၈x၃ ပေ) ရှိသော ပြောင်သွပ်တစ်ချပ် သို့မဟုတ် သံပြားဟောင်းတစ်ချပ်၊ ၃ ပေခွဲအရှည်နှင့် အချင်း ၀.၂၅ လက္မ (ငါးမူးလုံး) ရှိ သံချောင်း ၃ ချောင်း။

(၅) မီးစွဲရန်အတွက် ထင်းခြောက်များနှင့် ထင်းရှူးဆီများ။

(၆) ကောက်ရိုး ၅ စည်းခန့် (လက်ဆုပ်စည်း)။


#(ခ) ပြုလုပ်နည်းများ

ပုံ ၁ တွင်ကြည့်ပါ


ပထမဦးစွာ မီးသွေမီးဖိုတည်ဆောက်ရန်အတွက် အလျား ၄ ပေ အနံ ၃ ပေ အနက် ၂ ပေရှိသော မြေကို ပုံတွင်ပြထားသည့်အတိုင်း တူးပါ။ မြေကျင်းထိပ်ဖက် ၈ လက္မအကွာခန့်တွင် မီးသွေးခေါင်းတိုင်တပ်ဆင်ရန်အတွက် အချင်း ၄ လက္မခန့်ရှိ အပေါက်ကိုဖောက်ပါ။ ၎င်းအပေါက်သည် မီးသွေးမီးဖိုကျင်း၏ အောက်ခြေဖက်ကို ရောက်အောင်ဖောက်ရပါမည်။

ပုံ ၂ တွင်ကြည့်ပါ

မီးခိုးခေါင်းတိုင်ကို အချင်း ၄ လက္မတူးထားသော အပေါက်၌တပ်ဆင်ပါ။ မီးခိုးခေါင်းတိုင် အောက်ခြေပတ်လည်ကို မီးခိုးမထွက်စေရန် ရွှံ့ဖြင့်မံပေးပါ။ မီးခိုးခေါင်းတိုင်၏ L ပုံစံ အကွေး၏ဒေါင့်မှာ ၃၀ ဒီဂရီခန့်ရှိပါသည်။


 ပုံ ၃ တွင်ကြည့်ပါ

မီးခိုးခေါင်းတိုင်၏ ဆန့်ကျင်ဖက်အရပ်ရှိ ကျင်း၏ အောက်ခြေတွင် မီးစွဲငြိရန်အတွက် အပေါက်ကို ပုံတွင်ပြထားသည့်အတိုင်းဖောက်ပါ။ ၎င်းအပေါက်နှင့် မီးခိုးထွက်ပေါက်ကြားတွင် လေဝင်နိုင်ရန်အတွက် အကျယ် ၄ လက္မနှင့် အနက် ၁ လက္မခန့်ရှိ မြောင်းငယ်ကိုတူးပါ။

ပုံ ၄ တွင်ကြည့်ပါ

မီးရှို့သည့်အပေါက်ဖက်၌ ထင်းအခြောက်များထည့်ပြီးနောက် ထင်း သို့မဟုတ် ဝါးများကို ပုံတွင်ပြထားသည့်အတိုင်း စီပြီးထည့်ပါ။

ပုံ ၅ တွင်ကြည့်ပါ

ဝါး သို့မဟုတ် ထင်းကို စီထည့်ပြီးနောက် အပေါ်မှနေ၍ ကောက်ရိုးများကို ဖြန့်ခင်းပါ။


ပုံ ၆ တွင်ကြည့်ပါ

ထို့နောက် ဖိုအပေါ်တွင် သံချောင်းကိုခံပြီး သွပ်ပြားဖြင့်ဖုံးအုပ်ပါ။

ပုံ ၇ တွင်ကြည့်ပါ

သွပ်ပြားအပေါ်မှနေ၍ မြေကြီးဖြင့်ဖုံးအုပ်ပါ။ မီးခိုးများအပြင်ဖက်သို့ မထွက်စေရန်အတွက် သွပ်ပြား၏ အနားများကို မြေကြီးဖြင့် သေချာစွာဖုံးအုပ်ရန်လိုအပ်ပါသည်။

ပုံ ၈ တွင်ကြည့်ပါ

မီးရှို့ပေါက်မှနေ၍ မီးရှို့ပါ။ မီးကောင်းစွာစွဲရန်အတွက် ဇကောဖြင့်လေဟပ်ပေးရန် လိုအပ်ပါသည်။



ပုံ ၉ တွင်ကြည့်ပါ

မီးကောင်းစွာစွဲပြီးနောက် ထွက်လာသည့်မီးခိုးအရောင်မှာ အဖြူဖြစ်လာပြီး မီးခိုးကို လက်ဖြင့်ထိကြည့်ပါက ပူလာသည့်အခါတွင် သံပိုက် သို့မဟုတ် ဝါးပြောင်းဖြင့်ဆက်ပါ။

ပုံ ၁၀ တွင်ကြည့်ပါ

မီးခိုးမှာ ၂၄ ပေရှိသော ပိုက်တစ်လျှောက် ထွက်သွားပြီးနောက် ငွေ့ရည်ဖွဲ့ပြီး ပြန်ကျလာပါမည်။ ၎င်းကျလာသောအရည်များကို ပလပ်စတစ်ပုံးဖြင့်ခံပါ။ မီးသွေးပေါင်းခံရည်မှာ အက်ဆစ်ဓါတ်ပါသဖြင့် သံပုံးဖြင့် စုဆောင်းပါက သံပုံးပေါက်တတ်ပါသည်။

ပုံ ၁၁ တွင်ကြည့်ပါ

ပုံတွင်ဖော်ပြထားသော မီးသွေးပေါင်းခံရည် ၂ ပုလင်းအနက် လက်ဝဲဖက်ပုလင်းမှာ ကတ္တရာပါလျှက်ရှိသော မီးသွေးပေါင်းခံရည်ဖြစ်ပြီး လက်ယာဖက်ပုလင်းမှာ မီးသွေးထည့်ပြီး သန့်စင်ထားသော ပေါင်းခံရည်ဖြစ်ပါသည်။ ရရှိသော မီးသွေးပေါင်းခံရည်တွင် ကတ္တရာများရှိသောကြောင့် ချက်ချင်းအသုံးပြု၍မရပါ။ မီးသွေးပေါင်းခံရည်တွင် မီးသွေးတုံးခပ်ကြီးကြီး သုံးလေးတုံးခန့်ထည့်၍ သေချာစွာမွှေပြီးထားပါက ကတ္တရာများကို မီးသွေးက စုပ်ယူမည်။ ထို့နောက် အောက်ခြေတွင် ကတ္တရာများအနည်ထိုင်အောက် ၃ လခန့်ထားပြီးနောက် အပေါ်အရည်ကြည်ကို စစ်ပြီး အသုံးပြုနိုင်ပါသည်။ ကတ္တရာများသည် အပင်၏အရွက်များကို ဝါပြီးခြောက်သွေ့သွားစေနိုင်သဖြင့် ကတ္တရာများမပါစေရန် သတိပြုရပါမည်။


#အသုံးပြုနည်း

၁။ မီးသွေးပေါင်းခံရည်ကို သီးနှံမစိုက်ပျိုးမီ မြေပြင်စဉ်ကပင် အသုံးပြုနိုင်ပါသည်။ သီးနှံမစိုက်ပျိုးမီ ၁၀ ရက်ခန့်အလိုတွင် မီးသွေးပေါင်းခံရည်ကို ရေ အဆ ၅၀ ဖြင့်ရောပြီးဖြန်းပါက မြေတွင်ရှိသော အပင်အကျိုးပြု အဏုဇီဝပိုးများကို ပိုမိုများပြားလာစေပါသည်။

၂။ မီးသွေးပေါင်းခံရည်ကို အရွက်၌ဖြန်းပါက ရေအဆ ၂၀၀ သို့မဟုတ် ၅၀၀ ဖြင့်ရောပြီး ၂ ပတ် သို့မဟုတ် ၃ ပတ်လျှင် တစ်ကြိမ်ဖြန်းပါ။ အရွက်များပေါ်၌ရှိသော အဏုဇီဝပိုးများ ပွားများလာပြီး ၎င်း အဏုဇီဝပိုးများက အပင်များသို့ ရောဂါမကျရောက်စေရန် ကာကွယ်ပေးပါသည်။

၃။ မီးသွေးပေါင်းခံရည် တစ်ဂါလံတွင် ကြက်သွန်ဖြူ ၅၀ သား သို့မဟုတ် ငရုတ်သီး ၂၅ ကျပ်သားထောင်းထည့်ပြီး တစ်လခန့်ထားပြီးသုံးပါက အပင်သို့ ပိုးများမလာရောက်အောင် ကာကွယ်နိုင်သည့်စွမ်းရည် ပိုများလာမည်ဖြစ်ပါသည်။

၎။ ရေ ၅ ဂါလံတွင် မီးသွေးပေါင်းခံရည် နို့ဆီဗူးတစ်ဗူး၊ ငါးအမိုင်နိုအက်ဆစ်နို့ဆီဗူးတစ်ဝက်ခန့်ကိုထည့်ပြီး အညွန့်ထွက်ချိန်ဖြန်းပါက အညွန့်ပိုထွက်ပြီး အပင်ကြီးထွားလွယ်ပါသည်။ ၃ ပတ် သို့မဟုတ် တစ်လလျှင် တစ်ကြိမ်ဖြန်းနိုင်ပါသည်။

၅။ မီးသွေးပေါင်းခံရည်ကို ပိုးသတ်ဆေးဖြင့်ရော၍ အသုံးပြုနိုင်ပါသည်။
ပိုးသတ်ဆေးဖြင့် ရောသည့်အခါတွင် ပိုးသတ်ဆေး၏ အာနိသင်ကို ပိုမိုအစွမ်းထက်စေသဖြင့် ပိုးသတ်ဆေး၏ ပမာဏကို ယခင်သုံးစွဲနေကျပမာဏ၏ ထက်ဝက်ခန့်သာ အသုံးပြုရန်လိုအပ်ပါသည်။

၆။ သဘာဝမြေသြဇာပြုလုပ်သည့်အခါတွင် မီးသွေးပေါင်းခံရည်ထည့်ပါက အမြန်အချဉ်ပေါက်ပြီး ရရှိသော သဘာဝမြေသြဇာအရည်အသွေးမှာ ပိုကောင်းပါသည်။


#သတိပြုရန်အချက်များ

၁။ ဤနည်းစနစ်ဖြင့်ထုတ်လုပ်သော မီးသွေးပေါင်းခံရည်မှာ ဓါတ်ခွဲခန်းတွင် ထုတ်လုပ်သကဲ့သို့ အရည်အသွေးအတိအကျရမည်မဟုတ်ပါ။ သို့ဖြစ်၍ မိမိဘာသာပြုလုပ်ရရှိလာသော မီးသွေးပေါင်းခံရည်ကို ရေအဆ ၂၀၀ သို့မဟုတ် ၅၀၀ ဖြင့် ရောစပ်၍ လက်တွေ့အသုံးပြုကြည့်ပါ။ လက်တွေ့အသုံးပြု၍ တွေ့ရှိချက်အပေါ်မူတည်ကာ မီးသွေးပေါင်းခံရည်သည် မည်ကဲ့သို့သော အရောင်၊ အရသာဖြစ်ပါက ရေ ဘယ်နှစ်ဆရောသင့်သည်ကို မိမိဘာသာ လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်။

၂။ မီးသွေးပေါင်းခံရည်ကို အသုံးပြုသည့်အခါတွင် ကတ္တရာမပါစေရန် သေချာစွာစစ်ဆေး၍ သုံးပါ။

၃။ မီးသွေးပေါင်းခံရည်ဖြန်းပြီးသည့်နောက် အပင်၏အရွက်ဝါလာခြင်း အရွက်၌ အမဲစက်များဖြစ်ပေါ်လာပါက မီးသွေးပေါင်းခံရည် အချိုးများသွားခြင်းဖြစ်၍ ရေပိုရောပြီး အသုံးပြုပါ။

၎။ မီးသွေးပေါင်းခံရည်သည် အက်ဆစ်ဓါတ်ဖြစ်သဖြင့် အယ်ကာလီပိုးသတ်ဆေးဖြင့် ရော၍ မသုံးရပါ။

၅။ မီးသွေးပေါင်းခံရည်သည် မြေကြီးထဲတွင်ရှိသော အပင်အတွက်လိုအပ်သည့် အာဟာရများကို အမြစ်က စုပ်ယူနိုင်ရန်အားပေးသောကြောင့် မီးသွေးပေါင်းခံရည်ကို ကြာရှည်သုံးစွဲပါက မြေကြီးထဲတွင်ရှိသော မြေဆီမြေနှစ်များ ကုန်ခမ်းသွားနိုင်ချေရှိပါသည်။ ထို့ကြောင့် မီးသွေးပေါင်းခံရည် တစ်မျိုးတည်းမသုံးဘဲ ဒိုချကင်းသဘာဝမြေသြဇာကိုလည်း တွဲဖက်အသုံးပြုရန် လိုအပ်ပါသည်။

ကိုးကား -
စေတနာအဖွဲ့
The Nippon Foundation
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကိုဇင် အဓိပတိပစ္စယော
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်။
{ALL Credit to original writer Ko Zin}

မူရင်းပုံများ



Post a Comment

0 Comments