ခုခေတ်မှာ IQ မြင့်ဖို့ထက် EQ မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။ တချို့အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ဆိုင်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမဲ့ EQ ကနိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊ အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် EQ မြင့်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်
၁။ Intrapersonal skill
ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းပါ။ ငါက ဒေါသထွက်ရင် ထိန်းမရဘူး၊ ငါ့ကို လာကျောရင် ပြန်ကျောလိုက်ရမှ ဆိုတာတွေက အဲဒီအရည်အချင်း အားနည်းတာကို ပြပါတယ်။ ပုထုဇဉ်လူသားတွေပဲမို့ ဒေါသထွက်တတ်ကြတယ်၊ ဝမ်းနည်းတတ်ကြတယ်၊ အသည်းကွဲတယ်၊ စိတ်လေတယ်၊ အပျော်လွန်သွားတယ်၊ စိတ်ဓါတ်ကျတယ်၊ မျိုးစုံသော စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သတိထားမိပြီး အချိန်မီ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့အခါ မလိုအပ်ဘဲ အလုပ်မှာ အဆင်မပြေ ဖြစ်ရတယ်၊ ဆက်ဆံရေးတွေ ပျက်စီးကြရပါတယ်။
၂။ Interpersonal skill
တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ ရုံးတစ်ခုမှာ၊ ဆိုကြပါစို့၊ ရှိသမျှ ဝန်ထမ်းအားလုံးက အကျင့်ပျက်တယ်၊ လာဘ်ယူတယ်၊ တစ်ယောက်ကပဲ ဒါမျိုးတွေ လုံးဝမလုပ်တော့ သူ့ကို အားလုံးက မုန်းတယ်၊ အပေါင်းအသင်း အဆက်အဆံ မလုပ်ဘူး။ ဒါမျိုးကို EQ နိမ့်တယ် ပြောလို့ရသလား။
နောက်ပြီး အပေါင်းအသင်းတော့ များတယ်၊ ပေးနိုင်ကမ်းနိုင်၊ ကျွေးနိုင်မွေးနိုင်လို့ဖြစ်ဖြစ်၊ ရယ်စရာဟာသတွေ သိပ်ပြောလို့ဖြစ်ဖြစ်ပေါ့။ အဲဒီလိုဖြစ်တာနဲ့ EQ မြင့်ပြီလား။
အထက်လူကြီးတွေကိုတော့ ဝင်တတ်၊ ထွက်တတ်လို့ ဆက်ဆံရေးအဆင်ပြေပြီး ကိုယ့်အောက်ကလူကျ နှိမ့်ချဆက်ဆံတတ်တဲ့သူမျိုးဆိုရင်ရော။
လူဆိုတာ ကိုယ့်ထက်နိမ့်တဲ့သူကို သနားဖို့ လွယ်တယ်၊ ကိုယ့်ထက်သိပ်မြင့်တဲ့သူကိုလည်း အားကျဖို့ လွယ်ပါတယ်။ တန်းတူလောက်ရှိတဲ့သူ၊ သိပ်မကွာတဲ့သူတွေအပေါ်သာ မုဒိတာပွါးဖို့ ခက်ကြတာပါ။
တကယ်တမ်းတော့ Interpersonal skill မြင့်တယ်ဆိုတာဟာ လူတစ်ဖက်သားကို ဘယ်လောက်ထိ လေးလေးစားစား ဆက်ဆံနိုင်သလဲ၊ ဘယ်လောက်ထိ ဖြည့်တွေးပေးနိုင်သလဲ ဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။
သူ့မှာလည်း ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်၊ တစ်ဖက်မှာရှိနေတဲ့၊ သူနဲ့မတူတဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်၊ လူတွေအားလုံးမှာ တန်ဖိုးတစ်ခုစီတော့ ရှိကြတယ်လို့ မြင်တယ်၊ ဘယ်သူ့ကိုမှလည်း အောက်မကျို့သလို ဘယ်သူ့ကိုမှ အထက်စီးက မဆက်ဆံဘူး။ အကြောင်းကိစ္စတိုင်းမှာ သူဘယ်လိုများနေမလဲ၊ သူဘာလို့များဒီလိုလုပ်တာလဲ ဆိုပြီး သူတစ်ပါးဘက်ကနေ ထည့်စဉ်းစားပေးတတ်ကြတယ်။ ဘယ်တော့မှ သူ့တစ်ဖက်တည်း မကြည့်တတ်ကြဘူး။
ဒီလိုအရည်အသွေးမျိုးရှိမှ Interpersonal skill မြင့်တယ် သတ်မှတ်လို့ ရပါမယ်။
၃။ Flexibility & Adaptability
Smartness ဆိုတာ အခြေအနေအသစ်တစ်ခုမှာ ဘယ်လောက်မြန်မြန် အသားကျသလဲ၊ ပညာရပ်တစ်ခုကို ဘယ်လောက်မြန်မြန်သင်ယူနိုင်သလဲဆိုတာကို ခေါ်တာပါ။ ခုခေတ်လို ဒီနေ့နဲ့မနက်ဖြန်တောင် သိပ်မတူချင်တော့တဲ့ ကာလမှာ ဒီအရည်အသွေးက အရေးပါလာပါတယ်။ ကိုယ်သိထားတဲ့အတိုင်း၊ ကိုယ်လုပ်နေကျအတိုင်းပဲ၊ လွယ်လွယ်နဲ့မပြောင်းနိုင်ဘူး၊ အခြေအနေသစ်တစ်ခုမှာ အခြေကျဖို့ သိပ်ခက်နေတယ်ဆိုရင် အဲဒါကို ပြင်နိုင်ဖို့ လိုပါတယ်။
၄။ Self confident & open minded
အရပ်ပုတာချင်း တူပေမဲ့ တစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အငုံ့စိတ်ရှိနေတဲ့အခါမှာ နည်းနည်းလေးမှ အစအနောက်မခံဘူး၊ အရမ်း Sensitive ဖြစ်တယ်။ သူ့ကိုပုတယ်ပြောလိုက်တာနဲ့ ပြန်ချေပတယ်၊ စိတ်သိပ်ဆိုးတယ်။ နောက်တစ်ယောက်ကတော့ စိတ်ဆိုးဖို့မပြောနဲ့၊ သူများမပြောခင်တောင် သူက အရင်စပြောနေလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အားငယ်မနေဘူး။ လူပုံပန်းသွင်ပြင်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာကို ကောင်းကောင်းသိထားတယ်။
တချို့ကျ ကိုယ့်ကိုကိုယ်အရမ်းကြော်ငြာတယ်၊ ကိုယ်တော်ကြောင်းတတ်ကြောင်း လူသိပ်သိစေချင်တယ်၊ အချီးကျူးခံချင်တယ်၊ အလေးစားခံချင်တယ်။ အဲဒါတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ၊ အငုံ့စိတ်ဝင်နေတာကို ပြပါတယ်။
၅။ Stress management
ဘဝမှာ အောင်မြင်ချင်တဲ့သူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာတစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ ယူရတဲ့တာဝန်က ကြီးလာလေလေ၊ ကိုယ့်နောက်မှာပါလာတဲ့လူတွေ များလာလေလေ၊ စိတ်ဖိစီးမှုကလည်း ကြီးလာလေလေပဲ။ အရည်အချင်းရှိပေမဲ့ အဲဒီ Stress ကို မခံနိုင်တဲ့အခါမှာ မတိုးတက်လာကြတာတွေ မြင်ဖူးမယ်ထင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ ထွက်ပေါက်ပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။ ဘာမဟုတ်တာလေးအတွက် သတ်သေကြတာ၊ အကြီးအကျယ် ခံစားနေကြတာတွေ၊ အလဟဿ အချိန်ဖြုန်းပြီး အပျော်အပါးနောက် လိုက်ရင်း ထွက်ပေါက်ပေးလိုက်တာတွေက စိတ်ဖိစီးမှုကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုတဲ့သဘောပါပဲ။
၆။ General mood
တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန်အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးကနိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲသွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ နေရာအနှံ့မှာ ဒီအနံ့ကြီး ရနေတော့တာပါပဲလား တဲ့။ အမှန်တော့ သူ့မုတ်ဆိတ်မှာ စွဲနေတဲ့ ခရင်မ်ရဲ့အနံ့ကို သတိမထားမိဘဲ တစ်လောကလုံးက အနံ့ထွက်နေတယ် ထင်နေတာပါ။
လက်တွေ့မှာလည်း ဒီလိုလူတွေ တွေ့ဖူးပါတယ်။ သူတို့တွေနဲ့ စကားပြောကြည့်လိုက်ရင် ဘယ်တော့မှ သူတို့မှားတယ်ဆိုတာ မရှိဘူး၊ လောကကြီးကပဲ မတရားသလိုလို၊ မကောင်းတဲ့လူတွေနဲ့ပဲ ပြည့်နှက်နေသလိုလို ပြောတတ်ကြတယ်။ နောက်ပြီး လူတစ်ဖက်သားအပေါ် လေးစားမှု၊ ယုံကြည်မှုလည်း နည်းကြတယ်။ ပုံမှန်ကြည့်လိုက်ရင်ကို မျက်နှာထားတွေ ခက်ထန်နေတယ်၊ ရယ်ခဲပြုံးခဲတယ်၊ ဘဝကို မပျော်ရွှင်နိုင်ကြဘူး။
အဲဒီလိုလူတွေအတွက် တစ်ခုပြောပြချင်ပါတယ်။
တက္ကသိုလ်တစ်ခုမှာ ဟောပြောခဲ့တဲ့ မျက်စိလည်းမမြင်၊ နားလည်းမကြားတဲ့ ဟယ်လင်ကဲလားရဲ့ မိန့်ခွန်းဟာ ပျော်ရွှင်မှုနဲ့သက်ဆိုင်တဲ့အကြောင်းနဲ့ သူ့ဘဝမှာ ပိုင်ဆိုင်ခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောသွားခဲ့တာ ဆိုတာပါပဲ။
ဒီအချက်(၆)ချက်နဲ့ ဆန်းစစ်ကြည့်ပါ။ အကယ်၍များ အားနည်းနေသေးတယ်ထင်ရင် ကြိုးစားပြီး ပြင်ကြည့်ပါ။
ကိုယ့်ခံစားချက်တွေ ပိုသတိထားမိစေဖို့၊ ပိုပြီးထိန်းချုပ်နိုင်စေဖို့အတွက် တရားထိုင်ပါ။
သူတစ်ပါးကို လေးစားတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်များများဖတ်ပါ၊ အထူးသဖြင့် ရသစာပေပေါ့။
ဘယ်အရာကိုမှလည်း တရားသေဆုပ်ကိုင်မထားပါနဲ့။ အရာအားလုံးဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။
နောက်ပြီး ကိုယ့်မှာမရှိသေးတာတွေကိုပဲ တွေးပြီး ညည်းညူမနေပါနဲ့၊ ကိုယ့်မှာ ရှိနေတဲ့အရာတွေကိုလည်း တန်ဖိုးထားတတ်ပါစေ။ ကိုယ်ဘယ်လိုမှပြောင်းလဲလို့မရနိုင်တော့တဲ့အရာတွေအတွက် စိတ်ညစ်နေမဲ့အစား အရှိအရှိအတိုင်း လက်ခံပေးလိုက်တာက ကိုယ့်ဘဝကို ပျော်ရွှင်မှုတွေ ရလာစေမှာ ဖြစ်ပါတယ်။
From : Success Way in Life
0 Comments