ဘုရားရင်ပြင်တော်မှာ ဟင်္သာတိုင်ဘာကြောင့်ထားရတာလဲ

အမေး။ ။ အရှင်ဘုရား….ဘုရားစေတီရင်ပြင်တော်မှာ ဟင်္သာတိုင် ဘာလို့ ထားရလဲဆိုတာရယ်၊ ဟင်္သာနှုတ်သီးမှာ အလုံးကြီးတစ်လုံးလည်း ဘာလို့ ဆွဲထားလဲဆိုတာရယ် သိချင်ပါတယ်ဘုရား

ဖြိုး(မြိတ်)

အဖြေ။ ။ဟင်္သာတိုင်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ အမြတ်ဆုံးဖြစ်တဲ့ ကိုးကွယ်မှုဆိုင်ရာ အမှတ်အသား တစ်ခုဖြစ်တယ်။

  ဟင်္သာတိုင်ကို အခုအခါ တံခွန်တိုင်လို့လဲ ခေါ်ဆိုကြပါတယ်။ တကယ်တော့ ဟင်္သာတိုင်ဆိုတာ ဘုရားအလောင်းတော် ဟင်္သာမင်းဖြစ်စဉ်က အမှတ်အသားတစ်ခု ဖြစ်ဟန်တူပါတယ်။ ပိုပြီး ရှင်းလင်းသွားအောင် လိုရင်းတိုကျဉ်း ပြောပေးပါ့မယ်။

  မြတ်စွာဘုရားရှင်ဟာ ဘုရားမဖြစ်ခင် အလောင်းတော်ဘ၀က ဇ၀နအမည်ရှိတဲ့ဟင်္သာမင်းဖြစ်ခဲ့ဖူးပါတယ်။ ဟင်္သာပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။ သူ့မှာ ညီငယ် ဟင်္သာ နှစ်ကောင်လဲ ရှိပြီး၊ စိတ္တကုဋ်တောင်မှာ နေထိုင်ကြပါတယ်။ တစ်နေ့မှာ ညီငယ်များက နေနဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို ဟင်္သာမင်းဆီမှာ ခွင့်တောင်းပါတယ်။

  ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။ ညီငယ် ၂ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင်ထိပ်ကနေ သွားစောင့်နေပါတယ်။ နေထွက်တာနဲ့ အပြိုင် ပျံသန်းကြတယ်။ လမ်းခရီးမှာ နေရဲ့အရှိန်ကြောင့် အငယ်ဆုံးကောင်ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။


  ဒီအကြောင်းကို ဟင်္သာမင်းကြားသိတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ ညီငယ်ကို ကယ်ပြီး စိတ္တကုဋ်တောင်ကို ပို့ပေးခဲ့ပါတယ်။ မွန်းတည့်အချိန်ရောက်တဲ့အခါ အကြီးကောင် ဆက်လက်ပြီး
မပျံနိုင်တော့တဲ့အတွက် စိတ္တကုဋ်တောင်ကို ပို့ပေးခဲ့ရပြန်တယ်။ ဟင်္သာမင်းက သူလဲ နေနဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကိုစမ်းသပ်ခဲ့ပါတယ်။ အကျိုးမရှိကြောင်း မြင်ရတဲ့အခါ ထိုကဲ့သို့ပျံသန်းခြင်းကို ရပ်နားပြီး
ဗာရာဏသီမြို့ကို ပျံလာခဲ့ပါတယ်။

  ဟင်္သာမင်းရဲ့အရိပ်ဟာ ဗာရာဏသီမြို့ကို လွမ်းမိုးသွားပါတယ်။ ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို ဗာရာဏသီမင်းက ဟင်္သာမင်းအား မေးတဲ့အခါ သူဟာ နေနဲ့အတူပျံသန်းနိုင်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ မင်းကြီးက ဟင်္သာမင်းရဲ့ အဟုန်ကို မြင်ချင်တယ်လို့ ပြောပါတယ်။ ထိုအခါ ဘုရားအလောင်းဟင်္သာမင်းက လေးသည်တော် လေးယောက်ကိုခေါ်ပြီး ကျောခြင်းကပ်ရပ်စေကာ အရပ်လေးမျက်နှာကို မြား တစ်စင်းစီ ပစ်လွတ်စေခဲ့ပါတယ်။

  ဟင်္သာမင်းက လျင်မြန်တဲ့အဟုန်နဲ့ မြားလေးစင်းကို ဖမ်းယူကာ လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ တိုင်ထိပ်မှာ ရပ်နားနေလိုက်ပါတယ်။ လျင်မြန်လွန်းတဲ့အတွက် ဟင်္သာမင်းကို မမြင်ရဘဲ ချူ သံသာကြားရတယ်။

★ မင်းကြီးက ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလားလို့ မေးတဲ့အခါ ဘုရားအလောင်းတော်က ဒီအဟုန်ထက် အဆ တစ်ထောင်တစ်သိန်း မက မြန်တဲ့ အရာရှိတယ်။

★ အဲဒါကတော့ သေခြင်းတရားပါပဲ လို့ ပြောလိုက်တဲ့အခါ မင်းကြီးလဲ ထိတ်လန့် တုန်လှုပ်သွားပါတယ်။ ★

  ဟင်္သာမင်းက မင်းကြီး ကို တရားဟောပြီးသက်သာရာ ရစေခဲ့ပါတယ်။ (ဇာ၊ဋ္ဌ၊၄၊၂၁၃) အချုပ်ပြောလိုတာက ဇ၀နဟံသဇာတ်တော်လာ ဘုရားအလောင်း ဟင်္သာမင်းကို အကြောင်းပြုပြီး ဘုရား၊စေတီ၊ ဘာသာရေးအဆောက်အဦ တွေမှာ တိုင်ထူကာ ပါးစပ်မှာ ချု လုံးကိုက်ထားဟန် ဟင်္သာမင်းရုပ်တုကို တိုင်ထိပ်မှာ ထုလုပ်ခဲ့ဟန်တူပါတယ်။

ဦးကောဝိဒ(မြိတ်)

Post a Comment

0 Comments