Remix of အဟောင်းများ



 မောင်ပွ ငယ်ငယ်တုန်းက ဆရာဝန် လုပ်မယ်လို့ ယောင်လို့ပင် မတွေးမိခဲ့။ ယခုမှသာ ဆေးထိုးအပ် တဗြင်းဗြင်းကိုင်ကာ လူနာများကို မညှာမတာ ထိုးနေခြင်းဖြစ်သော်လည်း မောင်ပွငယ်ငယ်က ထိုဆေးထိုးအပ်မြင်လျှင် သေးပါထွက်ကျဖူးသည်အထိ ဗန္ဓုလ သွေး အပြည့်နှင့် ဖြစ်၏။

" ဟာဗျာ ဆေးထိုးတာများ ကြောက်နေသေးတယ် ဆေးထိုးမှ သက်သာတာ ပိုမြန်တာပေါ့ မနာပါဘူး ပုရွက်ဆိတ်ကိုက်သလောက်လေးပဲ နာတာပါ"

ထိုစကားမှာ မောင်ပွ နေ့စဉ်သုံးနေသော စကားဖြစ်သည်။ အမှန်ကပုရွက်ဆိတ်ကိုက်သည်ထက် ပိုစူး၏။ ကြောက်တတ်သော သူအဖို့ ပုရွက်ဆိတ် အကောင်တစ်ထောင် ကိုက်ခြင်းနှင့် တူလေတော့သည်။ တချို့ဆို ဆေးထိုးမည့် မောင်ပွလက်အား လှမ်းဆုပ်ကိုင်ထားတတ်ကြသေးသည်။ ပါးစပ်ကလည်း ပြောသေးသည်။

" ဆရာ မနာအောင်ထိုးပေးနော်"

" အေးပါ မနာပါဘူး စိတ်ချ ဆရာက ဖြေးဖြေးလေးပဲထိုးပေးမှာ လက်ကိုလွှတ်ပါအုံးဗျ "

" လွှတ်လိုက်ရင် ဆရာက ထိုးမှာပေါ့ မလွှတ်ဘူး"

" ငင်"

အတင်းချော့မော့ထိုးပြီးခါမှ

" အပ်နဲ့ထိုးတာ နဲနဲတော့ နာမှာပေါ့"

ဟုမထိုးခင်က လေသံနှင့်မတူတော့ဘဲ လေသံ ချက်ချင်း ပြောင်းသွားလေ့ရှိသည်။ တစ်ခါတစ်လေ Pain shock ရသွားသောသူများလည်း ကြုံရသော အခါ မနဲ နှာနှပ်ယူရတာလည်း ကြုံဖူးသေး၏။ အမေကတော့ပြောဖူးသည် ။ မောင်ပွငယ်ငယ်က အပ်စူးလို့ပဲ ဖြစ်ဖြစ် ဓါးရှလျှင်ပဲ ဖြစ်ဖြစ် သွေးနဲနဲ ထွက်ပါက မူးတတ်ကြောင်း ထိုသို့ထွက်ပါက ကြက်ဥ နှစ်လုံးခန့်အား မီးဖိုချောင်တွင် ပြူးပြဲရှာကာ ဖောက်ဖောက်သောက်သဖြင့် ကြက်ဥများအားဖွက်ထားရသည် အထိ ဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ ပြီးလျှင် မောင်ပွသည် ငယ်ငယ်က ဖြစ်ချင်သော အရာများ၏။ ဆိုကြပါစို့ ဇာတ်ပွဲတစ်ပွဲ အား သွားကြည့် မိလျှင် ပြန်လာသည်နှင့် မောင်ပွ ဇာတ်မင်းသားရူးရူး တော့သည်။ အမေ့အား

" အမေ သားကျောင်းမတက်တော့ဘူး သားကို ဇာတ်ထောင်ပေးပါ"

ဟု တောင်းဆိုခဲ့ဖူးသော တောက်မယ့်မီးခဲ တရဲရဲ မောင်ပွ ဖြစ်သည်။ ပြီးလျှင် ရုပ်မြင်သံကြားမှ အကျိုးပြု ဇာတ်လမ်းလာသည်ကို ကြည့်လိုက်မိပါက ခုနက ဇာတ်မင်းသားဖြစ်ချင်နေသော မောင်ပွ တစ်ယောက် ချက်ချင်း စစ်ဗိုလ်ဖြစ်ချင်သွားပြန်တော့သည်။ ထိုအခါ အမေ့အား နောက်တမျိုး ပူဆာပြန်တော့သည်။

" အမေ သားကို စစ်ထဲထည့်ပေးပါ သားကျောင်းဆက်မတက်တော့ဘူး "

ဟု ကျောင်းမတက်ရမည့်အရေးအား နောက်တမျိုးချဉ်းကပ်ပြန်သေး၏။ ဒါလည်းမရပေ။ သုံးတန်းလာက်က ဦးသုခ၏ ရဟန်းစားရသော ဆွမ်းတစ်နပ် ဇာတ်ကားအား ကြည့်လိုက်မိသော မောင်ပွ တစ်ယောက် နေ့ချင်းညချင်း ရဟန္တာ ဖြစ်ချင်သွားပြန်တော့သည်။ ထို့ကြောင့် ကိုရင်ဝတ်ချင်တယ်ဟု ပူဆာသောအခါ အမေမှ သင်္ကန်းစီးပေး၏။ သင်္ကန်းစီးစီးပြီးချင်း မွေးသမိခင်အား မှာလိုက်သေးသည်။

" ဒကာမကြီး ကိုရင် ရဟန္တာ ဖြစ်အောင်ကြိုးစားတော့မယ် ရဟန္တာ ဖြစ်မှ အိမ်ကို ဈာန်နဲ့ ကြွခဲ့တော့မယ်"

ဟုပြောသောအခါ မိခင် ဖြစ်သူမှ ငါ့သားလေးမှာ အထုံပါတယ်ဟု ထင်မှတ်ကာ ၀မ်းပန်းတသာ ရှိလေတော့သည်။ ထိုသို့ပြောခဲ့ဖူးသော ကိုရင်ပွအား အဖေ ဖြစ်သူမှ ကိုရင် ကျောင်းလဲ ပြန်ဖွင့်တော့မယ် ထွက်ပါတော့ဟု ပြောလာသောအခါ အကြောက်အကန် ငြင်းသည်။ သို့နှင့် အဖေ ဖြစ်သူမှ ငါ့သားလေး ဘာကြောင့် ဒီလောက်မထွက်ချင်ရတာပါလိမ့်ဟု တစ်ည လာချောင်းသောအခါ ကျောင်းတိုက်ထဲတွင် မတွေ့သဖြင့် လိုက်ရှာသောလေရာ ကျောင်းတိုက်ရှေ့ရှိ ဗီဒီယို ရုံထဲတွင် ရှေ့ဆုံးမှထိုင်ကာ စုလှိုင်နှင်း ဇာတ်ကားအား အပီအပြင်အားပေးနေသော ကိုရင်ပွအားမနည်းဆွဲထုတ်ခဲ့ရသည် ဆို၏။ ဘယ်ထွက်ချင်ပါ့မလဲ ကိုရင်တွေဆို ဗီဒီယိုရုံ ၀င်ကြေးမှ မပေးရသည်ကိုး။

လေးတန်းလောက်ကထင်သည်။ မြန်မာနိုင်ငံတွင် ကာယဗလ ပြိုင်ပွဲလုပ်သည်။ နိုင်ငံတကာမှ အပြိုင်အဆိုင် ၀င်နွှဲကြသော ပွဲအားကြည့်ပြီး မောင်ပွ ကာယဗလ မောင် ရူးရူးသွားပြန်၏။ အိမ်တွင် မစရာ အလေးပြားကလည်းမရှိတော့ မွေးသမိခင် ဟင်းချက်လျှင် အသုံးပြုသော ငရုပ်ဆုံ အား နေ့မနား ညမနား မလေတော့သည်။ အမေဖြစ်သူမှာ ဟင်းချက်တော့မည်ဆိုလျှင် ထိုငရုတ်ဆုံအား မနဲ ရှာယူရသည်။ နောက်ပိုင်း ငရုတ်ဆုံအား ကြောင်အိမ်ထဲတွင် သော့ခတ်သိမ်းထားရသည် အထိ မောင်ပွ တစ်ယောက် အပြင်းအထန် ငရုတ်ဆုံမခဲ့ဖူးသည်။ ငရုတ်ဆုံအား သိမ်းထားသောအခါ သနပ်ခါးသွေးသော ကျောက်ပျဉ်အား ဆက်မသည်။ ကျောက်ပျဉ်အား သေတ္တာထဲသော့ခတ်၏။ စိတ်နာနာနှင့် ထိုသေတ္တာအားဆက်မ၏။ ဒီတစ်ခါတော့ သော့ခတ်လို့မရတော့။ ဒီ ၀ိတ်မသည်မှာလည်း တစ်ပတ်ခန့်သာ ဖြစ်သည်။ ပြီးလျှင် နောက်တမျိုး ဖြစ်ချင်သွားပြန်၏။

ထို့နောက် ပိုးမင်းသားနှင့် သိုင်းဝိဥာဉ် ဇာတ်ကား လာ၏။ ဘာပြောကောင်းမလဲ။ အိမ်တွင် မောင်ပွ၏ သိုင်းလေ့ကျင့်သံများ ဆူညံကုန်တော့သည်။ ရေခဲမုန့် ခဏ ခဏပြေးစားရတာလည်းအမော။ ရေခဲတောင်ကြာပွင့် အမှတ်နှင့် စားခြင်း ဖြစ်ကြောင်း အိမ်ကိုမပြောရဲ။ထိုမျှမက မရေးတတ်ရေးတတ်တရုတ်စာ နှင့် သိုင်းကျမ်းများ ချရေးသည်အထိ ပွဲကြမ်းကုန်သည်။တရုတ်စာလုံး နှင့်တူမတူတော့မသိ။ ကျောင်းရှိ အခန်းဖော် တရုတ်သူငယ်ချင်းအားထိုသိုင်းကျမ်း ပြလိုက်သောအခါ ထိုတရုတ်မှာ မျက်ရည်များပင်လည်သွားတော့သည်။ တစ်ခါမှ မမြင်ဖူးသော သိုင်းကွက်အသစ်များအား သူ့ဘ၀တွင် မြင်ဖူးသွားသောကြောင့် လူဖြစ်ရကျိုးနပ်လိုက်တာ ဟူသော အတွေးပေါက်သွားသောကြောင့်ပင်ဖြစ်မည်။

မောင်ပွတွင် အမေဘက်မှတော်သော ဦးလေးတစ်ယောက်ရှိသေးသည်။ ထိုဦးလေးသည် သူတို့ရပ်ကွက်ရှိ ဂေါပကအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ဘုရားပွဲများတွင် အလှုခံရသည်။ ထိုဦးလေးသည် မိုက်ကိုင်ကာ ဆုပေးချင်သော်လည်း စီနီယာ များရှိသဖြင့် မာန်လျှော့နေရလေသည်။ သို့သော် ထိုမိုက်ကိုင်သောသူ ရေသောက် နောက်ဖေးသွားသည်နှင့် ထိုအကွက်အားချောင်းနေသော ဦးလေးသည် ထိုနေရာထံ အပြေးသွားကာ မိုက်ခဲလေတော့သည်။ သို့ရာတွင် ထိုဦးလေးသည် စကားလွန်စွာထစ်၏။ တစ်ခါတစ်လေ သူပြောမယ့်စကား ကိုယ်က သိနေပြီ။ သူက အကုန်မထွက်သေး။ဆိုကြပါစို့။ ထမင်းစားပြီးပြီလားဟု မေးလျှင် တဖက်လူက စားပြီးပြီ ဟုအလိုက်တသိ ဖြေပြီးသည်အထိ ထိုဝါကျ အပြီးအထိ သူ့မှာ ပြောမပြီးသေး။

" ထ ထ ထ မင်း မင်း မင်း မင်း စား စား စား စား ပြီး ပြီး"

" အော် ဟုတ်ကဲ့ စားပြီးပြီဗျ"

" ပြီလား"

ထိုသို့ ဖြစ်၏။ ခုနက အကြောင်းဆက်လျှင် တစ်နေ့ မောင်ပွ ထိုဦးလေးထံ အလည်သွားသော အခါ အလှုခံ မဏ္ဍပ်မှာ ဟုဆိုသဖြင့် လိုက်သွားသည်။ ရောက်တော့ စကားလေးဘာလေး ပြောဖြစ်ကြသည်။ မောင်ပွထိုင်သော အနားတွင် မိုက်ကရိုဖုန်း အတိုးအကျယ် ထိန်းညှိပေးသော စက်ရှိသည်ကို သတိထားမိ၏။ ထိုသို့ပြောနေရင်း မိုက်ကိုင်သော ဂေါပက ခဏ ထသွားသည်နှင့် ဦးလေး ဖြစ်သူမှာ ထိုနေရာအား အပြေးအလွှားရောက်ရှိသွားတော့သည်။ မောင်ပွလည်း ပျင်းပျင်းရှိသည်နှင့် အနားရှိ ဂျာနယ်တစ်စောင်အား ယူဖတ်နေ၏။ ခဏကြာတော့ စပီကာမှ ဦးလေးအသံထွက်လာသည်။

" ဟ ဟ ဟ ဟ လို လို လို တက် တက် တက် တက် စ စ စ တင်း ၀ ၀ ၀ ၀ ၀မ်း တ တ တ တူး သသသသ ရီး"

မောင်ပွ စိတ်ထဲ များလိုက်တဲ့ အက်ခိုးသံဟု ထင်မှတ်မိသည်။ သို့နှင့် အက်ခိုးသံ လျှော့ရန် အနား၇ှိလူအားရှာကြည့်တော့ မတွေ့။ ထို့ကြောင့် မိမိ ဘာသာ အသံညှိပေးရန် အကြံ ဖြစ်သဖြင့်

" ဦးလေး ပြန်ပြော ကျွန်တော်ဒီကနေ အက်ခိုးသံညှိပေးပျစေ"

" အေး အေး ဟ ဟ ဟ ဟ လို"

မောင်ပွ အက်ခိုးသံ အဆုံးထိ ချလိုက်သော်လည်း အက်ခိုးသံ များပေါ်နေတုန်းပင်။ သို့နှင့် ခလုတ်များ အတိုးအကျယ် မှားနေလားဟုတွေးကာ အက်ခိုးသံအား အပေါ်သို့ မြှင့်လိုက်သည်။

" ဟ ဟ ဟ ဟ ဟ လို ၀ို ၀ို ၀ို ၀ို ဟဲ့ သောက် သောက် သောက် သောက် သောက် ခွီး လ လ လ လ လန့် ထ ထ ထ ထ ထှာ ဟာ ဟာ ဟာ ဟာ ဟာ"

မောင်ပွ ယောင်၍ နားပိတ်မိသည်အထိ အက်ခိုးသံများမှာ ကျယ်လောင်သွားသည်။ ထိုစဉ် ခုနက ထသွားသော မိုက်ကိုင် ဂေါပက ပြာပြာသလဲ ပြန်ရောက်လာသည်။

" ဟေ့ ကောင်လေး ဘာလို့ အက်ခိုးသံ ကို တင်လိုက်တာတုန်းဟ"

" မဟုတ်ဘူးဗျ အစက ချလိုက်တာ မသိသာလို့ပြောင်းပြန်လှည့်ကြည့်တာ"

" ခွီးမှပဲ ဘယ်သိသာမလဲဟ အစတုန်းကဟာက အက်ခိုးသံမှ မဟုတ်တာ မင်းဦးလေး စကားထစ်နေတာဟ"

" ငင် ဟုတ်လား ဟီး"

ထို့နောက် မောင်ပွအား မျက်စောင်းခဲကာ ဒေါကြီးမောကြီး လျှောက်လှမ်းလာသော ဦးလေးအား မြင်သည်နှင့် မောင်ပွ တစ်ယောက် ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးခဲ့ရလေတော့သည်........................။

ဒေါက်တာပွ ကျောင်းဆင်းပြီးခါစက မော်လမြိုင်သို့ တာဝန်ကျသည်။ ရာမညတိုင်း၏ မြို့တော်လေးကား နေချင့်စဖွယ် သာယာလှ၏။သံလွင်တံတား အလှအား ညနေဆည်းဆာချိန်တွင် တောင်ပေါ်တန်း ဘုရားမှ လှမ်းမျှော်ကြည့်ရသည်မှာ ဘာကိုလွမ်းသလိုလိုပင်။ မြို့ကလေးမှာ သာယာသလောက် ဒေါက်တာပွ တာဝန်ကျရာ ဆေးရုံလေးကတော့ ရောဂါပေါင်းသောင်းခြောက်ထောင်နှင့် ရှုပ်ထွေးလှသည်။ ထိုခေတ် ထိုအခါက ကေအန်ယူနှင့် ငြိမ်းချမ်းရေး မယူရသေးသော ကာလ ဖြစ်သောကြောင့် မိုင်းထိ ခြေပြတ် လက်ပြတ်များကား ပေါများလှ၏။

ကျောင်းပြီးခါစ ဒေါက်တာပွ အတွက် ထိုလူနာများကား ပညာလဲရသလို ခေါင်းလဲ အတော်စားလှသည်။ အရေးပေါ်ခွဲခန်းဝင်ရမည်ဆိုပါက ထိုလူနာ၏ သွေးတွင် ရောဂါပိုးရှိမရှိ စစ်ရန် တချို့မှာ အချိန်ပင်မပေးနိုင်။ ဖြစ်ချင်ရာဖြစ် ကူးချင်လဲကူးတော့ဟုသဘောထားကာ ခွဲစိတ်ပေးခဲ့ရသော လူနာများမှာလဲ ဒုနှင့်ဒေး။ တစ်ခါတစ်လေ အလုပ်ရှုပ်သည့်ကြားမှ လူကြီးလာစစ်မည်ဆိုပါက အလုပ်ပိုရသေးသည်။ ထိုသတင်းကြားလျှင် ဒေါက်တာပွတို့လို့ ဆရာဝန်ပေါက်စတွေက Fatigue incharge လုပ်ရသည်။ မြန်မာလိုပြောတော့ လူမှုဝန်ထမ်း ခေါင်းဆောင်။ လူကြီးလာမည်ကြားသည်နှင့် ထိုညနေတွင် ဆေးရုံထဲမှ ဒေါက်တာပွ၏ အသံကို တစာစာ ကြားရပေ၏။

“ ဒေါ်သန်းလှ ဘာလုပ်နေတာတုန်း ဟိုမှာ ပြတင်းပေါက်တွေ ဖုန်သုတ်လေ အော် ခက်ပါတယ် ဟိုမှာ ဦးမဲ ခင်ဗျားက ပိတ်နေတဲ့ တံခါးတွေ ဖွင့် ဖွင့်နေတဲ့ တံခါးတွေ ပိတ် အဲလေ ဘာတွေပါလိမ့် ရှုပ်ကုန်ပြီ “

ပြီးလျှင် ဆေးရုံအရှေ့ ခြံဝင်းထဲ ဆင်းကာ

“ ကဲ ဟိုမရွှေဝင်း နားတာလဲနား ဒီနားက အမှိုက်လေးတွေကောက် ဟိုက ကိုလှမြင့်တို့အဖွဲ့ ခင်ဗျားတို့ ဟိုနားက မြက်တွေကိုပေါက် ပြီးရင် ဟိုနားက ပြောင်နေတဲ့ မြေပေါ် မြက်တွေစိုက်ငင် ငါဘာတွေပြောနေပါလိမ့် “

ကြာတော့ Admin ကိစ္စတွေပါ နိုင်နိုင် နင်းနင်း ရှိလာတော့ ပါးစပ်ကပါ ပေါက်ပေါက်ဖောက်တတ်သော အကျင့်ပါ ဘယ်ကနေရသလဲ မသိရလာတော့သည်။ ဒီတော့ မဖြစ်သေး ကြာရင် ငါတော့ ပွအနောက်က စိ တစ်လုံးတိုးပြီး ဒေါက်တာပွစိ ဖြစ်တော့မဟဲ့ဟု ပြန်ဆင်ခြင်ကာ အိနြေ္ဒ ပြန်ဆယ်ရ၏။ ထို ပေါက်ပေါက်ဖောက်တတ်သော အကျင့်ရလာသည့် အကြောင်းရင်း နောက်တစ်ခုရှိသေးသည်။ ဆေးရုံမှ သန့်ရှင်းရေး အမျိုးသမီး ၏ ကလေးတစ်ယောက်မှာ ထိုတုန်းက ၁၀ တန်း တက်နေသည်။ ကျူရှင်ခ ဂိုက်ခ မတတ်နိုင် ဖြစ်နိုင်ရင် ဆရာ စာသင်ပေးပါဆိုတော့ ကူညီပေးရ၏။ အဲ့ဒီမှာ စတွေ့တော့သည်။ ထိုကလေးမှာ အတော်ပင် ကြံကြံဖန်ဖန် မေးသည်။ စာလဲမရ ပေါက်ပေါက်ရှာရှာကလဲမေးသေးသည်။ သူ့မေးခွန်းများမှာ တစ်သက်နှင့် တစ်ကိုယ် မတွေ့ဖူးပေ။ ဥပမာ သင်္ချာ ဘာသာရပ်တွင် ဂျီသြမေတြီ အခန်းအား ရှင်းပြနေစဉ်

“ တြိဂံ တစ်ခုရဲ့ အတွင်းထောင့် သုံးခုပေါင်းခြင်းက ၁၈၀ ဒီဂရီ ရှိတယ် ဟုတ်ပြီလား”

“ ဒါဆို စမူဆာ ကလဲ ၁၈၀ ဒီဂရီ ရှိတာပေါ့နော် ဆရာ”

“ ငင် ဘယ်နားက စမူဆာလဲဟ မင်းလုပ်မှ ငါဗိုက်ဆာလာပြီ”

“ စမူဆာကလဲ တြိဂံ ပုံလေးလေ ဆရာရဲ့”

“ ကတောက် တော် တိတ် ဒီနားတင်ရပ် မင်းကို ဘယ်သူမှ စာမေးပွဲမှာ စမူဆာ တစ်ခုရဲ့ ဒီဂရီ မေးမှာ မဟုတ်ဘူး တြိဂံ အကြောင်းပဲမေးမှာ”

တော်သေးသည် စမူဆာ လောက်နဲ့ ရပ်လို့။ မဟုတ်ရင် အတွင်းခံ ဘောင်းဘီက လဲ ၁၈၀ ဒီဂရီ ရှိလားဟု မေးလာရင် အခက်။

နောက် တစ်ခါ အင်္ဂလိပ်စာ သင်နေစဉ်

“ တကယ်တော့ မောင်ရင်ဆိုင်းထမ်းကြယ်ဆိုတာ ခွန်ဆန်းလောနဲ့ နန်းဦးပြင် ကြားမှာ ခြားထားတဲ့ ၀ါးလုံး လေးနဲ့ပေါင်းပြီး ဖြစ်လာတဲ့ ကြယ်လေးပေါ့ကွယ် အဟင်း ဘယ်လောက် ရိုမန့်တစ် ဖြစ်လဲ”

“ သူတို့ကြားမှာ ထားတဲ့ ၀ါးလုံးက သူတို့အရပ်နဲ့ အတူတူပဲလား ဆရာ ပြီးတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်က အရပ် အတူတူပဲလား မတူရင် ကြယ်သုံးလုံး ဆိုဒ်က ဘယ်တူမလဲနော် ဆရာ”

“ ဟေ ဟုတ်လား သူတို့ အရပ်တော့ စာထဲမှာ မပါပါလား ငင် ဒီကောင် ဘာတွေလာမေးနေတာတုန်း စာမေးပွဲမှာ ခွန်ဆန်းလော၏ အရပ်မှာ ကွက်လပ် ဖြစ်သည်လို့ မင်းကို ဘယ်သူမှ မမေးဘူး တော် တိတ် ဒီနားတင်ရပ်”

ကြာလာတော့ ဒေါက်တာပွ တစ်ယောက် ထိုကောင်လေးအား မြည်တွန် တောက်တီးရသည်နှင့် ပါးစပ်က အလိုလို ပွစိ ပွစိ ဖြစ်လာတော့သည်။ ဒီတော့ မတတ်နိုင်။ ဒီအတိုင်းဆက်သွားရင် ငါတော့ ဘ၀ပျက်ရချည်သေးရဲ့ဟု တွေးကာ တရားတွေ ဘာတွေထိုင် ကိုးန၀င်း တွေ ဘာတွေဝင်ရတော့သည်။ ဆိုးတော့ မဆိုး။ စိတ်တော့ အတော်ငြိမ်သွား၏။ သို့သော် ထိုကောင်လေးအားစာသင်သည့် အချိန်တွင်တော့ ဘယ်လိုမှ ထိန်းမရပေ။ ပြီးတော့ တချို့စာတွေက ဒေါက်တာပွ မမှတ်မိတော့။ ဒါမျိုးကျလျှင်တော့ ဒေါက်တာပွ မှာ ဖောရွှီး လုပ်ရသည်။ အဆိုးဆုံး ဘာသာရပ်မှာ Physics ဖြစ်၏။ တစ်ခါတစ်လေ ပြောနေရင်းနှင့် ကိုယ့်ဘာသာကိုယ် လည်ကုန်တော့သည်။ ထိုကောင်လေးကတော့မသိ။ ဒေါက်တာပွမှာ မိမိ ပြောလိုက်သော စကား တစ်ခါတစ်လေ ကိုယ့်ဘာသာပင် ကိုယ်နားမလည်။ ထိုအခါမျိုးတွင် ရုတ်တရက် ဗိုက်နာချင်ယောင် အပေါ့သွားချင်ယောင်ဆောင်ရ၏။

“ တကယ်တော့ momentum ဆိုတာ အဟုန် အဲ့အဟုန်ကို ဘယ်ကရသလဲ ဆိုရင် work done အဲ အီး တောက် အရေးထဲ ဒီဗိုက်ကလဲ နာလာပြန်ပြီ ငါ အီးသွားပါပျစေညော် အိမ်သာသွားလိုက်အုံးမှ ငါသွားနေတုန်း ဒီစာတွေ ပြန်ကြည့်ထား ပြန်လာရင် ပြန်မေးမယ်”

ဟု ပြော၍ ထားခဲ့ကာ စာအုပ်ကိုင်ပြီး အိမ်သာထဲ ပြေးရတော့သည်။ အိမ်သာထဲတွင် နှာခေါင်းပိတ်၍ စာကို သေသေချာချာ ပြန်ဖတ်။ ပြီးမှ ပြန်ထွက်လာကာ ပြန်သင်ရသည်။ ကြာလာတော့ ဒီဘ၀ အား ဒေါက်တာပွ စိတ်ပျက်လာသည်။ သို့နှင့် အခြား သူငယ်ချင်းဆရာဝန် တစ်ယောက်အား မြှောက်ထိုးပင့်ကော် လုပ်ပေးကာ ထိုကောင်လေးအား လက်လွှဲပေးလိုက်ရတော့သည်။ ထိုအခါမှသာ ဒေါက်တာပွ တစ်ယောက် အသက် ၀၀ ရှုနိုင်တော့၏။ ထိုသို့တွေးကာ ဆေးရုံလုပ်ငန်းခွင်သို့ ပြန်အ၀င် တစ်နေ့ အရေးပေါ်လူနာ ရောက်လာသည်။ ရောက်လာသည့်အချိန်က ည သန်းခေါင်။ ဖြစ်ပုံက ဆိုင်ကယ်မှောက်ကာ ခေါင်းကွဲသွားခြင်းဖြစ်၏။သွေးထွက် အတော်များသည်။ အနောက်မှ လိုက်စီးသော အမျိုးသမီးမှာ မျက်နှာ တခြမ်းစုတ်ပြတ်ကာ မြင်၍ ပင်မကောင်း။ ဒီတော့ ခေါင်းကွဲသော လူနာအား ခေါင်းကို ချုပ် ဆေးထည့်ကာ အရေးပေါ်ခန်းထဲထားထားလိုက်သည်။ ပြီးလျှင် အထက်အား သတင်းပို့သောအခါ သွေးသွင်းရန်ညွှန်ကြားသဖြင့် သွေးပုလင်းရရှိရန် အပူတပြင်း လိုက်ရတော့သည်။ ထိုသူ၏ သွေးမှာ B သွေးအမျိုးအစား။ သွေးဘဏ်မှာကလဲ ထိုသွေး အဆင်သင့်မရှိ။ ဒီတော့ အို သွေး ပိုင်ရှင်များအား လိုက်ရှာရပြန်သည်။ အိုသွေးကား Universal donor သွေးဖြစ်သဖြင့် ဘယ်သူ့ကိုပဲ သွင်းသွင်း အဆင်ပြေ၏။ အချိန်ကလဲ ညသန်းခေါင် ဖြစ် တွေ့သော လူများကလည်း ထူးထူးခြားခြား တစ်ယောက်မှ မတူ။ မလှုချင်ကြတာ လဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့နှင့် ဒေါက်တာပွတို့ ဆေးရုံဝန်ထမ်း တစ်သိုက် မပဋာ မြေလူး ဆပ်ပြာသည် လင်ပျောက် ဖြစ်နေစဉ်

“ ဆရာတို့ သွေးရှာနေကြတာလား”

ဒေါက်တာပွ ကြည့်လိုက်တော့ လူနာတစ်ယောက်၏ လူနာစောင့် အမျိုးသားတစ်ယောက် ပုံစံက ခပ်နွမ်းနွမ်း။

“ ဟုတ်တယ်ဗျ လှုမလို့လား”

“ ရတယ်လေ ဆရာ”

“ ခင်ဗျားက ဘာသွေးလဲ”

“ ၀လုံးသွေး”

“ အွန် ဘာကြီးလဲ ၀လုံး သွေးဆိုတာ အမျိုးအစားသစ်လားဟင်”

“ မဟုတ်ဘူးလေ ဆရာရယ် ဟို ၀ိုင်းဝိုင်းကြီးသွေးလေ”

“ ဂိန် ပိုဆိုးကုန်ပြီ ၀ိုင်းဝိုင်းကြီးသွေးဆိုတာ ခင်ဗျားနာမည်က ကိုဝိုင်းဝိုင်းကြီး ကိုပြောတာလားဗျ”

“ အာ မဟုတ်ပါဘူး ဆရာရယ် ကျွန်တော်က စာလုံးဝ မတတ်လို့ မပြောတတ်လို့ပါ”

“ ဟာ ပေါက်ပြီ အိုသွေး မဟုတ်လား”

“ ဟုတ်တယ် ဟုတ်တယ် အဲ့ဒီ အိုသွေး ဆရာ လှုလို့ရမလား”

“ ဟာ သိပ်ရတာပေါ့ ဗျ ကျွန်တော်တို့လဲ အိုသွေးပဲ ရှာနေတာ လာ လာ”

သို့နှင့် သွေးစစ်ပေးလိုက်သည်။ သူ ၀လုံး တိုင်း လိုက် ၀လုံးလို့ မဖြစ်သေး။ သေချာအောင် စစ်ရသေးသည်။ ပြီးတော့ ရောဂါကင်းမကင်းပါ ထပ်စစ်လိုက်တော့ အားလုံးအိုကေ။ ဒီတော့ သွေး တစ်ပုလင်းဖောက်ကာ အထက်က လူနာအား သွင်းပေးလိုက်သည်။ ပြီးတော့ အထက်က order အတိုင်း လိုအပ်သော ကုသမှုများ လုပ်ရသည်။ ထိုတွင် စောစောက သွေးလှုသော လူ ရောက်လာကာ

“ ဆရာ ခုနက သွေးက သူ့ကို ကျွန်တော် ခဏ ချေးတာနော် ပြီးရင် ပြန်ဆပ်ရမှာ”

“ငွင့် ဘယ်လို အထူးအဆန်းကြီးပါလား ခုနက လှုတာဆို ဘယ်လိုချေးလို့ ဘယ်လို ပြန်ဆပ်ရမှာလဲဗျ”

“ အာ ဆရာကလဲ အခုသူ အရေးတကြီးလိုနေလို့ ခဏ ချေးပေးတာလေ ဒီတော့ သွေးတစ်ပုလင်း ပြန်ဆပ်ရမှာပေါ့ မဟုတ်ရင် ကျွန်တော့်မှာ သွေးတစ်ပုလင်းစာ အမြဲလိုနေတော့မှာပေါ့”

“ ဟိုက်ရှ်”

ဘယ်လိုတွေးလိုက်သည်မသိ။ သူ့အတွေးနဲ့သူကတော့ ဟုတ်သား။ဒီတော့ ရှင်းပြရသည်။ သံဓါတ်အားဆေး သောက်ရင် သွေးက အလိုလို ပြန်ပြည့်ကြောင်း သွေးပြန်သွင်းစရာမလိုကြောင်း ထိုဆေးအားလည်း ဆေးရုံက ပေးမည် ဖြစ်ကြောင်း အာပေါက်အောင်ရှင်းပြရသည်။ ဒီတော့မှ ပေကပ်ကပ်နှင့် လက်ခံသွားသည်။ တော်သေး အတိုးနှင့်ပေါင်းပြီး နှစ်ပုလင်းမတောင်းတာ ကျေးဇူးတင်ရသေး။ နောက်ဆုံး ဒေါက်တာပွ ထိုဆေးရုံမှ ပြောင်းခါနီး လာပြသော အမျိုးသမီး တစ်ယောက်ဆိုလျှင်

“ ကဲ အဒေါ်ဖြစ်နေတာက အရိုးပါး အရိုးပွ ဒါက သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များတယ် ဒီတော့ ကယ်လစီယမ် ဓါတ်များများဖြည့်ရမယ်။ ကယ်လစီယမ် ဆေးတွေသောက် မနက်ခင်းလာတဲ့နေရောင်ခြည်လေးတွေကိုခံ ပြီးတော့နွားနို့တွေ ဘာတွေ များများသောက်”

“ ကယ်လစီယမ်ဆိုတာ ဘာလဲ ဆရာ”

“ အော် ကယ်လစီယမ်ဆိုတာ ထုံးဓါတ်ပေါ့ဗျာ”

“ အော် ဒီလိုလား ဒါဆို ကွမ်းယာ ထဲမှာ ထုံးလေးလေး ထည့်စားရင် ရတယ်မဟုတ်လားဆရာ”

“ ကောင်းတာပေါ့ ဗမာဆေးလေးပါထည့်စား ငင် ဟုတ်ဘူးလေ ဘာတွေ ပြောနေတုန်း အဲ့လို မဟုတ်ဘူးလေ”

ပြီးတော့ ရှိသေးသည်။ ကိုယ်ဝန်ဆောင်တွေ ဗိုက်လာအပ်လျှင် တစ်ဆက်တည်း ဂါဝန်များ ၀တ်လာကြခြင်းပင်။ ဘယ်လိုက ဘယ်လို ဗိုက်စမ်းရမည် မသိ။ ကလေး နှလုံးခုန်သံ နားထောင်လို့ကလည်း အဆင်မပြေ။ မကြားရဘူးဟု ပြောကာ ပြေးလှန်လိုက်လျှင်လည်း ဂျေးထဲဂျောင်းရမည့်ကိန်း။ တချို့က တစ်ခါပြောလျှင်လိုက်နာသည်။ တချို့က မလိုက်နာကြ။ ဒီတော့ ပြောင်သလို နောက်သလိုပြောရသည်။

“ နောက်တစ်ခါ ဂါဝန်နဲ့ လာလို့ကတော့ အောက်ကနေ မှိုင်းတိုက်ပေးလိုက်မယ် တစ်ခါတည်း မီးပုံပျံလို အပေါ်တက်သွားအောင် ဟွန်း ”

မှတ်မှတ်ရရ ခပ်ပြောင်ပြောင် အမျိုးသမီးတစ်ယောက် ပြောသွားသော စကား အခုထိ မှတ်မိသေးသည်။

“ ကောင်းတာပေါ့ ဆရာရယ် အေးနေမှာပဲနော် ဖီးလ်ပဲ “

“ ငွင့်”......................။

ကူးယူးဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments