ကျွန်တော် နှင့် ကျွန်းညိုရှင်




“ ပုလဲငွေမို့ သဲရေစို့ ပဲရွှေမြို့အပိုင် အောက်ခရိုင် ကျောက်တိုင်ဘက် နေမင်းအထိ ရေစာရင်း ညှိလိုက်တော့ ရေကင်းအထိ ပိုင်ပေသော နတ်ဦးရှင် ခင်ဗျား ကျွန်တော်မျိုးတို့ ရပ်ဂါမာ သို့ နတ်ရာဇာ ကိုယ်တော်ကြွလှည့်ပါ့ သို့သော် တစ်ခဏ အမွှန်းတင် ကွမ်းစင်မြင့် ကျောင်းဝိဟာ သို့ အပေါင်းတပည့် မကွာ ခြွေရံ တစ်သင်းငယ် နှင့် ရေငန်မင်း တစ်ကျွန်းပိုင် ကွန်းအဆိုင်မှာ ဆွမ်းထိုင်လို့ သုံးပါရန် ဘုန်းရှိတဲ့ နတ်ရာဇာ ကြွတော်မူလှည့် ပါ ခင်ဗျား အဘိုးဗျာ အဘိုး အဘိုး အဘိုး”

ဒါက ငယ်စဉ်က ဦးရှင်ကြီး တင်လျှင် ကြားနေကျ အသံများ။ အရင်တုန်းက တော့ လမ်းတွေမှာ ဦးရှင်ကြီး တင်တာ လွန်စွာ ခေတ်စား လှ၏။ အခုတော့ သိပ်မတွေ့တော့။ မောင်ပွ အဖေ က သဘောင်္သား ဖြစ်လေရာ အဖေ သင်္ဘောတက်ပါက ဘေးအန္တရာယ် ကင်းရှင်း စေရန် ဦးရှင်ကြီး တင်ပေးရလေသည်။ မောင်ပွ တို့ကတော့ ကလေး မို့ ဘာမှ မသိ။ ဦးရှင်ကြီး တင်လျှင် အင်မတန် ပျော်သည်။ မုန့်ဆမ်း နှင့် ငှက်ပျောသီး အလျှံအပယ် စားရသည်ကိုး။ ပြီးလျှင် သူများတိုက်ခန်း တွေကိုပါ ကုသိုလ်ဖြစ်အောင် လိုက်ဝေပေးရသေး၏။ နယ်မှာ လိုက်ဝေတုန်းကတော့ ဘာမှ မဖြစ်။ ရန်ကုန်တိုက်ခန်းတွေမှာတော့ မုန့်လိုက်ေ၀၇တာ အင်မတန် ဂွတီးဂွကျ နိုင်လှသည်။

တကတည်း မုန့်လာဝေတဲ့ သူကိုပဲ ဘယ်ကလဲ ဘာကိစ္စလဲ ဘာမုန့်လဲ ဘယ်သူနဲ့ သိလို့လား စသည်ဖြင့် ရဲစခန်းနီးပါး ဖြေကြားရသေးသလို တစ်ခါတစ်လေ ဆို သံပန်းသံခါးတောင် သော့မဖွင့်ပေးကြ။ မသိရင်ဘဲ လက်ထဲက ငှက်ပျောသီး နှင့် ပြကာ ဓါးပြ တိုက်တော့မည့်ပုံလိုလို ဘာလိုလို။

“ တစ်ယောက်မှ မလှုပ်နဲ့ ဒီမှာတွေ့လား ငှက်ပျောသီး အကုန် ဆို့လိုက်ရ”

အဲ့လိုမျိုးပေါ့လေ။ တချို့ အိမ်တွေကတော့ သဘောကောင်းလှသည်။ တစ်ခါတစ်လေ ဆို သူတို့ အိမ်က မုန့်တွေတောင် ပြန်ပေးလိုက်သေး။ တစ်နေ့သော် မောင်ပွ တို့ အိမ်ဘေးရှိ တိုက်ခန်းသို့ မိသားစု တစ်စု ပြောင်းလာသည်။ ထိုအိမ်၏ အိမ်ဦးနတ်မှာလည်း သဘောင်္သား။ လူချင်းကတော့ ရန်ကုန်က တိုက်ခန်းတွေ စတိုင် ခပ်တန်းတန်းပင်။

တစ်နေ့ မောင်ပွ တို့ အိမ် တွင်ဦးရှင်ကြီး တင်မဟဲ့ ဟု တွေးကာ ဦးရှင်ကြီး တင်သော ဦးလေးကြီးအား ကြိုပွိုင့်တောင်းထားကာ ဆွမ်းဖိုး ငှက်ပျောသီး ဖိုး ပိုက်ဆံ ကြိုချေ ထားလိုက်သည်။ ညနေစောင်းရောက်မှ အိမ်ရှေ့ ၀ရံတာ အပြင်ဘက် ထွက်ကြည့်လိုက်တာ ဟိုဘက်အိမ် ၀ရံတာ တွင်လည်း ဦးရှင်ကြီး တင်သော နတ်စင်။ ဟွင် သူတို့လဲ တင်မလို့ ထင်တယ်။ ဒုက္ခ အချိန် တိုက်နေရင် ဦးရှင်ကြီး ခမြာ ဘယ်အိမ် အရင် ၀င်ရမလဲ ခေါင်းစားချေတော့မည်။ အချိန်ကပ်နေပြန်ရင်လည်း ဗိုက်ဝနေပြီ ဒီအိမ်က ဟာ မစားတော့ဘူးဆို မှ ဖြင့် အခက်။ အို ငါ့ဟာငါ တွေးပူနေတာပါလေ။ ဒါမဲ့ ဒီကိစ္စ ကိုတော့ အမေ သိအောင် ပြောထားမှ ဟုတွေးကာ မွေးသမိခင် အား ပြောပြထားလိုက်သည်။

ဖြစ်ချင်တော့ သူတို့ တင်မည့် အချိန် နှင့် ကိုယ်တွေ တင်မည့် အချိန်က ကွက်တိ။ တင်မည့်လူသာ မတူတယ်။ သူတို့ ဘက်က တင်မည့်သူက အသက် သိပ်မကြီးသေး။ မဖြစ်သေး။ ကိုယ့်ဘက်က လူကို Pressure ပေးမှ ရမည်။

“ ဦးလေး ဟိုဘက်ထက် ဦးအောင်ခေါ်နော် ဒါမှ သားတို့ဘက်ကို အရင်ကြွမှာ”

“ အေးဆို ငါ ဦးရှင်ကြီး တင်လာတာ ၁၀ နှစ်ကျော်ပြီ အေးဆေး ပါ စောင့်ကြည့်နေ”

စပါပြီ။ ဟိုဘက်တိုက်ခန်း နှင့် ဒီဘက်တိုက်ခန်း ဦးရှင်ကြီး အပြိုင်တင်ကြလေပြီ။ ထိုသို့ တင်နေရင်း မောင်ပွ စိတ်ထဲ ဦးရှင်ကြီး အား ပြေးကာ မြင်ယောင်လိုက်သည်။ ဟော လာပါပြီ။ စောင်းကြီး ပိုက်လို့။

“ စံရာကသိုင်း မြန်မာတိုင်း တလိုင်းသုံးရပ် မုတ္တမ ကျော်လှိုင် မော်လမြိုင် ထားဝယ် တစ်သွယ် ရေး မြိတ် ကုလားထိပ် မော်တင် ပင်လယ် ကျောက်ဖြူ ဇမ္ဗူမတိမ် ပုသိမ် ရန်ကုန် ဖြစ်ဆုံ ကြေငြာ ဧရာဝတီ နဒီ ဖြတ်သန်း ရေစာရင်းညှိလိုက်တော့ ရေကင်းအထိ ကျောက်တိုင် စိုက်ပေသော အောက်ခရိုင်တစ်ဝိုက် ရေကြောင်းဆိုသည့် ရွှေကြောင်းပိုင် ကျွန်းညိုလှ ဆီသို့ ညွှန်းဆိုသ ရည်မှန်းမျှော်ပြီး ဆွမ်းတော် ထန်းလျက် ကေကာက်ညှင်း သန့်ရှင်းစင်စွာ တင်မြှောက်ဆပ်ကပ်ပါသည်။ ကွန်းစင်ပေါ် နန်းကနက်သို့ လှမ်းတက်တော် မူပါ ဒေ၀ါသခင် နတ်ဦးရှင် ခင်ဗျား”

“ အိမ်း ကောင်းသကွယ် တက်မဟဲ့”

ဟု ဦးရှင်ကြီး ခြေအလှမ်း ဟိုဘက်အိမ်မှ

“ မိန်းမလှ ခေါ်ဆို မြတ်ကျွန်းညိုတွင် လူ ဗိုလ် အပေါင်း ခ၀တ်ညောင်းရသော ရွှေစောင်းတော် သခင် ဒြပ်ဖြိုးပေသော နတ်မျိုးရှင် ဘုရား”

“ ဟွင် ဘာသံလဲဟ ဒါ ငါ့ခေါ်တဲ့ အသံပဲ”

ဟု ဟိုဘက် ၀ရံတာ အား ခေါင်းထွက် အကြည့်

“ အမငိ ဟိုဘက်မှာလည်း ငါ့ကို ပင့်နေပါရော့လား ဘယ့်နှာပြုလို့ အပြိုင်ပင့်နေရသတုန်းဟဲ့”

ထိုစဉ် ဦးရှင်ကြီး စိတ်ထဲတွေးလိုက်သည်။

“ အိမ်း ဒီအိမ်ကတော့ တင်နေကျ ဖောက်သည်တွေပဲ ဟိုဘက်အိမ်က အသစ် ဒိတော့ ဒီဘက်ကတော့ ဖောက်သည်ဟောင်းတွေမို့ စိတ်မဆိုးလောက်ပါဘူးလေ ဟိုဘက်အိမ် အရင်ကြွမြန်းမှပါ”

ဟုတွေးကာ စောင်းကို တစောင်းလွယ်၍ ဒီဘက် ၀ရံတာ မှ ဟိုဘက် ၀ရံတာ သို့ ကျော်ခွ၍ ထွက်ရန် ဟန်အပြင်

“ အစဉ်ရှေးက ရာမညတိုင်း မွန်တလိုင်း တို့ ညွှတ်ကိုင်း ပသ ပူဇော်ကြသဖြင့်…………………တင်ဆွမ်း ယမကာ ကို ရွှင်လန်းစွာ ဘုဉ်းပေး သုံးဆောင်တော် မူပါ ကျွန်းညိုသခင် နတ်ဦးရှင် ခင်ဗျား”

ထိုကဲ့သို့ ဦးရှင်ကြီး ၀ရံတာ ကျော်ခွနေသည်ကို ရိပ်စားမိသော မိမိတို့ ဘက်မှ ဆရာက အသံကို မြှင့်ကာပင့်လေလျှင် ကဲဟယ် ဖောက်သည်ဟောင်းနဲ့ မိတ်ပျက်တာ မကောင်းပါဘူးဟု တွေးကာ ၀ရံတာပေါ် ကျော်ခွ နေရာမှ ပြန်အဆင်း

“ ရသာ အမြတ် ဖြူစင်လတ်သည့် နတ်ကောက်ညှင်း နှင့်သန့်ရှင်းသေချာ အုန်းငှက်ပျောတွဲ……………………………….ကျွန်းညိုရှင် ခင်ဗျား”

ကျော်ရခက် ဆင်းရခက် ဖြစ်နေသော ကျွန်းညိုရှင် ခမြာ ကဲဟယ် အိမ်သစ်ဘက်ပဲ ကြွမဟဲ့ ဟုဆုံးဖြတ်ချက်ချကာ ၀ရံတာကို ကျော်ခွ ၍ဟိုဘက်တိုက်ခန်းသို့ လွှားကနဲ ခုန်ကူး၍ ဟိုဘက်အိမ် တက်မည် အပြင်

“ ပင်လယ်သီခေါင် ကျွန်းညိုဘောင်တွင် ဂုဏ်ရောင်လျှံညီး မပြတ်ဟီးရန် အပြန်လက်ဆောင် အောကတ္တီပါ တစ်ရံ ပါ အပိုဆောင်းထားသည်မို့ ဒီဘက်ကိုကြွမြန်းတော် မူပါ အရှင်”

“ ဟွင် အောကတ္တီပါ ဆိုပါလား ဟိုဘက် ပြန်ကြွမှ “

ဟုတွေးကာ စောင်းကို တစောင်းလွယ် ကာဒီဘက် ၀ရံတာ အစွန်းသို့ လွှားကနဲ ပြန်ခုန်ကူးလာလေလျှင် ဟိုဘက်မှ

“ ဒေါနသဇင် ပန်းတော်ဝင်နှင့် စီရင်ခင်းလျက် လျှံဝင်းဆီမီး ထိန်ထိန်ညီးလို့ အပြန်လမ်းခရီး အမြန်ပြီးအောင် စောင်းကြိုးအသစ်တစ်စုံ လဲကာ မာစတာ ကီးပါ ညှိပေးလိုက်မည်မို့ ဒီဘက်ကို ပြန်ကြွတော်မူပါ အရှင်”

“ ဟွင် စောင်ကြီုး အသစ်လဲပြီး မာစတာ ကီးပါ ညှိပေးလိုက်မယ်ဆိုပါလား စောင်းအသံထွက်တော့ ကောင်းရချည်သေးရဲ့”

ဟုတွေးကာ ဟိုဘက် ၀ရံတာ ကို ပြန်ခုန်ကူး သွားပြန်လေလျှင် ဒီဘက်မှလည်း အားကျမခံ

“ ဘယ အန္တရာယ် နတ်တန်ခိုး နှင့် ဘေးမျိုးကို ပယ် ရေ၀ယ်ကြာသို့ လန်းစေရာ YAMAHA ဂစ်တာ ပါ အပိုဆောင်းမည်မို့”

“ ဟွင် ဘယ့်နှာပြုလို့ ဦးရှင်ကြီး ကို ဂစ်တာ သွားပေးနေတာလား”

“ အသာနေ သူလဲ စောင်းကြီးပဲ ပတ်တီးနေရတာ ငြီးငွေ့လှမပေါ့ အပြောင်းအလဲလေး ဖြစ်အောင် ဂစ်တာလေး ဘာလေး ပြောင်းတီးခိုင်းမှ”

ထိုစဉ် YAMAHA ဂစ်တာ အသံကြားသည်နှင့် ဦးရှင်ကြီးမှာ ဒီဘက် ပြန်ခုန်ကူးလာပြန်လေသည်။ ထိုစဉ် ဟိုဘက်မှ

“ ပလာတာ အီကြာကွေး”

ဟု အော်လေလျှင် ဦးရှင်ကြီးမှာ ကြော်ငြာထဲကအတိုင်း

“ မြည်းချင်တယ် မြည်းချင်တယ် “

ဟုအော်ကာ ဟိုဘက်ခုန်ကူးပြန်လေသည်။ ဒီဘက်မှလည်း အားကျမခံ

“ ကိတ်မုန့် ပေါင်မုန့် ဟမ်ဘာဂါ”

“ မြည်းချင်တယ် မြည်းချင်တယ်”

“ ဘတ်” ( ၀ရံတာ ပြေးကပ်သံ)

“ Nivea Roll on”

“ ဘတ်”

“ အေးငြိမ်းသီတာ အကြောပြေဆေး”

“ ဘတ်”

“ ၁၅၀၀ ဖုန်းကတ်”

“ ဘတ်”

“ ရှိုးပွဲလက်မှတ်”

“ ဘတ်”

သြော် ဦးရှင်ကြီး ခမျာ အစားတစ်လုတ် အတွက် ကြည့်စမ်း ဟု မောင်ပွ မှာ တွေးရင်း စိတ်မကောင်း ဖြစ်မိလေတော့သည်။

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments