" နောင် ဗိန် နောင်ဗိန် နောင်ဗိန် နောင်ဗိန် နောင်"
" ကဲ ရှစ်နာ ရီ ထိုးပြီ ငပွ စာသွား ကျက်တော့"
" ဟွတ်"
ဒါက ငယ်စဉ်က မောင်ပွ ပါ။ ည ၇ နာရီ ဇာတ်ကား အထိ မိခင် ဖြစ်သူက ကြည့်ခွင့် ပေးထားပြီး ၈ နာရီ သတင်း လာရင်တော့ စာကျက်ရပါ၏။ ထို့ကြောင့် ငယ်စဉ် ကတည်းက ၈ နာရီ သတင်း အား မုန်းခဲ့ သော မောင်ပွ ကြီးသည် အထိ မုန်းမိ လေတော့သည်။ မောင်ပွ ငယ်စဉ်က စာကျက်လျှင် မိမိ စာကျက်ကြောင်း လူကြီးများ သိရှိစေရန် အတွက် အာပေါင်အာရင်း သန်သန် ဖြင့် ပါးစပ်မှ အသံထွက်ကာ စာကျက်ရပါ၏။ စာကျက်သံ ကြားမှ လူကြီးတွေ ကလည်း အော် စာကျက်နေပါလားပေါ့လေ။ သို့သော် ပါးစပ်ကသာ တဖွဖွ ရွတ်နေတာ စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်။ မောင်ပွ စာအုပ်လှန် လိုက်၏။
" တိုင်းပြည်ကို ချစ်သော ကွမ်အပ်သား မင်းသား"
ဒါက ငယ်စဉ်က သမိုင်းထဲမှာ ပါသော ခေါင်းစဉ် တစ်ခု။ နောက်နေ့တွင်လည်း ပထမဆုံး ရွတ်လိုက်သည်။
" တိုင်းပြည်ကို ချစ်သော ကွမ်အပ်သား မင်းသား"
မနက် အစောကြီး စာထကျက်လျှင်လည်း ပထမဆုံး ရွတ်လိုက်တာက
" တိုင်းပြည်ကို ချစ်သော ကွမ်အပ်သား မင်းသား"
နေ့တိုင်း ညတိုင်း တိုင်းပြည်ကို ချစ် နေသည်ကို သတိထားမိသော မောင်ပွ အဒေါ်က တစ်နေ့တော့
" တိုင်းပြည်ကို ချစ်သော ကွမ်အပ်သား မင်းသား"
" ဟဲ့ ငပွ နင့်မင်းသားက ခုထိ တိုင်းပြည်ကို ချစ်လို့ မ၀သေးဘူးလား"
" ငွင် ဒီနေ့ပြီးရင် ၀ပါပြီ"
" ငင့်"
တစ်ချို့က စာကို အသံတိတ် ကျက်ကြသည်။ ဒါကို လူကြီး တော်တော်များများက အသံ မထွက်ရင် စာမကျက်ဘူး ဟု ယူဆကာ ဆူပူကြ၏။ လွဲမှား နေသော အယူ အဆ များ ဖြစ်သည်။ ငယ်စဉ်က ကြက်တူရွေး နုတ်တိုက် ကျက်ခဲ့သော မောင်ပွ တစ်ယောက် ၁၀ တန်း ရောက်တော့ တေမိ ဖြစ်သွား၏။ မောင်ပွ တို့ ကျူရှင် တွင် Chemistry သင်သော ဆရာ ဦးသိန်းအောင် မှာ လွန်စွာ စာသင်ကောင်းလှသည်။ သူက ကဗျာ လေး ကာရံ လေးတွေနဲ့ သင်တတ်သေးသည်။ Elements များ၏ atomic number ကို မှတ်ရာတွင်လည်း အစဉ် အတိုင်း ဖြစ်အောင်
" ဟိုက် ဟီ လီ ဘီ ဘို ကာ နိုက် အောက်ဆီ ဖလူ အို နီယွန် ဆို မက် အလူ ဆီလီ ဖော့ ဆာ ကလို အာဂွန် ပို ကယ်"
ဟု အတို ကောက်မှတ်ပေးထားလေရာ အခု အချိန်ထိ မောင်ပွ မှတ်မိနေတာသာ ကြည့်တော့။ သို့သော် မောင်ပွ မှတ်မိ သည်က အတိုကောက်များသာ ဖြစ်လေရာ
" ကဲ မောင်ပွ ထပါအုံး"
" ဟုတ်ကဲ့ ဆရာ"
" မနေ့က သင်လိုက်တဲ့ အတိုကောက်တွေ မှတ်မိတယ် မဟုတ်လား"
" ဟုတ်ကဲ့ မှတ်မိ ပါတယ် ဆရာ"
" ဒါဆို ဆရာက အရှည် ကောက် ပြန်မေးမယ်"
" ဟုတ်"
" ဟိုက် ဆိုတာက ဘာလဲ"
" ဟိုက်ဒရိုဂျင်"
" အမယ် တော်သဟ"
" ဟီ ဆိုတာ ကရော"
" ဟီလီယမ် ပါ"
" ဟားးးးးး တော်ချက် မထင်ရဘူးကွာ"
" လီ ဆိုတာ ကရောကွဲ့"
" လီဒရိုဂျင်"
" ငင် အာ့ ဘာကြီးလဲ Element အသစ်လား"
" ဟွာလေ အာ့ မဟုတ်ရင် လီလီယမ် လားငင်"
" ဒါက ဘယ်က ပြည်ကြီး တရုတ်မ နာမည်တုန်း"
" ဟွာလေ အီး အဲ"
" ထားလိုက်တော့ ဒါဆို နောက်တစ်ခု ထပ်မေးမယ် ဘို ဆိုတာက ရော"
" ဘိုရွန်"
" အဲ့လို လုပ်စမ်းပါ ကဲ နိုက် ဆိုတာ ကရော"
" နိုက်ဆီယမ် "
" ငွင့်"
" ဟုတ်ဖူးလား ဟွာလေ နိုက်ဂနီဆီယမ် လား အီး ဒါလဲ ဟုတ်သေးဖူး ဒါဆို နိုက်ဆီဂျင် "
" ငါ့ တပည့် ဟွာလေ Element အသစ်တွေကို ငါ့တပည့် ရှာတွေ့ ရင် အဲ့လို ဥမထားနဲ့ညော် ဆရာ့ကိုလည်း အသိပေးပါအုံး ဆရာလဲ လေ့လာပျစေ"
" ဟားးးးးးးးသိပြီ သိပြီ နိုက် ကို"
" ဟေ ဟုတ်လား ဘာလဲ ပြောလိုက်စမ်း"
" ထိုက်နရိုဂျင်"
" ငွီးးးးးး တပည့်ဆရာ့ နာမည် မှတ်မိသေးလား ပြောကြည့်ပါအုံး"
" ဦးအိန်းသောင် "
" အမလေး ငါသေပျစေတော့လား"
အမှန်က လျှာလိပ်သွားခြင်းပင်။ လျှာလိပ်တယ် ဆိုတာနဲ့ လူတိုင်း လျှာလိပ်ကာ စကားတွေ ဗလုံး ဗထွေး ဖြစ်ဖူးကြသည်။ ထို့ကြောင့် မောင်ပွ လည်း ဖြစ်ဖူးပါသည်။ အဆိုးဆုံးက ၁၀ တန်းတွင် ဆရာ စာမေးသော အချိန်များတွင် ဖြစ်၏။ ကြောက်တာကြောင့်လဲ ပါမည် ထင်၏။
" ကဲ မောင်ပွ ထ ဆရာ မနေ့က သင်တဲ့ Grammar က ဘာလဲ မှတ်မိသေးလား"
" ဟုတ် အက်ဆစ် ပက်တစ် ပါ ဆရာ"
" ဟဲ့ သောက်ပလုတ်တုတ် အာ့ ဘာကြီးလဲ"
" ဟီး ဟီး မှားသွားပြီ ရှက်ဆျာဂျီး"
ကိုယ်တွေကသာ ရှက်နေတာ မိန်းကလေး တစ်ယောက် စကားလုံး သွားတာလဲ ကြည့်လိုက်အုံး။ ထိုစဉ်က သမိုင်းဆရာ ဦးဝင်းကို က
" ကဲ ခင်ဦး ထပါအုံး ဆရာစံ ရဲ့ ဘွဲ့အမည် ကို ပြောပါအုံး"
" ပုသဏ္ဏက လဂုန ရာဇာ"
" ဟဲ့ ဗုဒ္ဓေါကြီး နဲ့ ဘုရား "
" အီး မှားတွားလို့ အဟမ်း အဟမ်း သုပဏ္ဏက ရဂုနလာဇာ"
"ငွင် ခုမှ သိတယ် ဆရာစံက ယုဇန ပလာဇာ နဲ့ အမျိုးတော်တာကိုး"
Bio သင်သော ဆရာ ဘိုထွဋ် သည် လူငယ် ဆရာ ဖြစ်၏။ ဆရာ့ ပုံစံက ထိုခေတ် ထိုအခါ စကားနှင့် ပြောလျှင် ဂေါ်လီ ပင်။ စာလာသင်လျှင် စူပါကပ် ဆိုင်ကယ် အစုတ်ကြီးကို တဖုန်းဖုန်း မောင်းကာ လာတတ်၏။ ဆရာကား စာသင်ရာတွင် အလွန်စိတ်ရှည်လှ၏။ ထို့ကြောင့် တစ်ရက် ကို တစ်ပုဒ်ခန့်သာ ပြီးလေသည်။
" တကယ်တော့ Bio ကို အခု အချိန်မှာ သေသေချာချာ စိစိညှက်ညှက် ကြေအောင် လေ့လာသွားလိုက် မင်းတို့ဆေးကျောင်းတက်တဲ့ အချိန် အခေါ် အဝေါ် အသုံး အနှုန်းတွေက ရင်းနှီးပြီးသားလို ဖြစ်နေမယ်။ Physics ကိုကြေညှက်နေရင် မင်းတို့ဆေးကျောင်းမှာ သင်ရမယ့် ဘာ Ray ညာ Ray တွေ ကို လေ့လာရင် မခက်တော့ဘူး။ အေး Chemistry သာ အပိုင်ထုထား မင်းတို့သင်တဲ့ ဆေးဝါးဗေဒ တို့ ပိုးမွှားဗေဒ တို့ကို ဓါတ်ခွဲခန်းဝင်ရင် တနည်း တဖုံ အသုံးဝင်လာလိမ့်မယ်"
ဆရာကား သူ့တပည့်တိုင်းကို ဆရာဝန် ဖြစ်လာမည်ဟု တရားသေ တွက်ထားလား တော့ မပြောတတ်။ ထိုစဉ်က ထိုအကြောင်းများ ကြားတော့ မောင်ပွ တို့တစ်သိုက်မှာ ကိုယ်မကြားဖူးသော အရာများမို့ ပါးစပ် အဟောင်းသား။ သည်တွင် ၀င်းတင် ဆိုသော ငနဲ က
" ဆရာ ဒါဆို ပထ၀ီ တို့ သမိုင်းတို့ ကျတော့ ဆေးကျောင်းမှာ မလိုဘူးပေါ့နော် ဒါဆို ကျွန်တော် မကျက်ပျစေနဲ့တော့"
" ငင် ဟုတ်ဖူးလေ အဲ့လို ဟုတ်ဖူးလေ"
အမယ် ပြောပုံက အပိုင်။ ဆရာ့ ခမျာ မနည်း နားလည်အောင် ရှင်းပြ ရလေသည်။ ဆရာက အတော် ပင် အချိန်ကုန်ခံကာ တပည့်များကို စာသင်ပေးသည်။ ယုန်ကို အ၀ယ်ကာ ဗိုက်ကို ဓါးနှင့်ခွဲပြီး Digestive System အကြောင်း ရှင်းပြသည်။ ဟိုတလောက တော့ ဆရာ့ကို တီဗီ ပေါ်တွင် သတင်းဌာန တစ်ခုမှ သတင်းကြေငြာသူ အဖြစ် တွေ့လိုက်ရသေးသည်။ ဦးခိုက်ပါသည် ဆရာ။
မြန်မာစာ သင်သည့် ဆရာ နိုင်မြန်မာစာ ကတော့ အတော်ပျော်တတ်သည်။ သူကလဲ ပေါက်ကရ တွေ ပြောနေရင် ပျော်နေတတ် ပြီး တစ်ခါတစ်လေ စာတောင် မသင်ဖြစ်လိုက်။
" မင်းတို့နဲ့ ငါတို့ အခုလို တွေ့ရတယ် ဆိုတာ ရေစက် ရှိလို့ပဲ။ ဒီရေစက် ကြောင့် ငါတို့တွေ ခုလို ဆရာ တပည့် အဖြစ်နဲ့ တွေ့ဆုံရတာ ဒီတော့ ကာ"
သည်တွင် ကုလားလေး မောင် အနဲ က
" ဆရာ တစ်ခု လောက် မေးပျစေ"
" မေးစေ ငါ့တပည့်"
" တကယ်က မီးစက် မဟုတ်ဘူးလား ဆရာ"
" ငင် မင်းဘာပြောတာလဲ ငါနားမလည်ဘူး"
" ဟွာလေ ရေစက် မဟုတ်ဘူး မီးစက် လို့"
" သောက်ပလုတ်တုတ် အနဲ နင် ဘာတွေပြောနေတာတုန်း"
" မီးစက်လေ ဆရာ နောက်ဖေး မှာ ရှိတယ် အာ့မီးစက် ကြောင့် မီးပျက်လည်း ဆရာ နဲ့ ကျွန်တော် တို့ အခု တွေ့နေရတာ မဟုတ်ဖူးလား"
" သောက်ကျိုးနည်း မောင် အနဲ မင်း အတွေးအခေါ်တွေ မြင့်မား လှချေလား"
" ပုံမှန်ပါ ဆရာ"
" ငွင် ရွဲ့ပြောလို့ ပြောမှန်း မသိဘူး ကဲ ထားပါလေ အဲ့ရေ အဲလေ မီးစက်ကြောင့် ငါတို့ ခုလို လာတွေ့ဆုံရတာ ကြောင့် ငါတို့ အနေနဲ့ ဒီမီးစက် ကို တန်ဖိုးထားပြီး ရသမျှ ကို ပေးဝေနှီးရင်း နဲ့ ဒီမီးစက် ကြီးကို ကတောက် ဘာတွေလဲကွာ "
ထိုမျှ အထိ တပည့် များ အပေါ် သည်းခံ တတ်သော ဆရာပင်။
တစ်ခါတစ်လေ တော့ ဆရာ တို့ကို ကျွန်တော် လွမ်းပါသည်။
ကူးယူးဖော်ပြသည်။ Credit to ကိုပွ
0 Comments