သီချင်းဆိုပြိုင်ပွဲ




ယနေ့ခေတ် တွင် သီချင်းဆို ပြိုင်ပွဲများ ခေတ်စား လာသည့် အလျောက် အမည်မဖော်လိုသူ သူဌေးကြီး ဦးပွ သည် ၀ါသနာ ရှင်လေးများအား မြေတောင်မြှောက်ပေးရန် အကြံဖြစ်မိလေသည်။ ဒီအကြောင်းကို ကုမ္ပဏီ ဘုတ်အဖွဲ့ ကို တင်ပြရာ ကန့်ကွက်မဲ မရှိ အနိုင်ရရှိသဖြင့် ယခုလို သီချင်းဆို ပြိုင်ပွဲ ဖြစ်မြောက်လာခြင်း ဖြစ်လေသည်။

သို့နှင့် မိမိ၏ ပြိုင်ပွဲအား Americal Idol နီးပါး ဖြစ်စေရန် သူဌေးကြီး ဦးပွ တစ်ယောက် အစွမ်းကုန် လုပ်ကိုင်လေသည်။ ယုတ်စွ အဆုံး သီချင်းဆို ပြိုင်ပွဲ အမည် ကိုပင် ဖြစ်သလို မပေး။ နာမည်ကြီး ဗေဒင် ဆရာ တစ်ဦး နှင့် တိုင်ပင်ကာ သုံးရက်ခန့် အချိန်ယူစဉ်းစား၍ ရရှိလာသော “ ဖွာအောင်ဆို ပြာမှပြန်” ဟူသော အမည်အား ရွေးချယ်ထားလေ၏။ ဆုများ အဖြစ် ပထမဆု တစ်ဆု ထဲသာ ပေးအပ်မည်ဖြစ်ပြီး အား ငွေ Amount နေရာတွင် ကွက်လပ် ထားထားသော ချက်လက်မှတ် တစ်စောင် အားပေးအပ်မည် ဖြစ်လေရာ လူတွေ စိတ်ဝင်စားကြတာ မဆန်း။

ပြိုင်ပွဲဝင်များကား အဆိုပြိုင်ပွဲ အသစ် ဖြစ်သည်နှင့် အညီ အုံးအုံး ထနေအောင် ၀င်ရောက် ယှဉ်ပြိုင်ကြလေသည်။ အမှတ်ပေးဒိုင် များမှာလည်း အတွေ့အကြုံ ရင့်ကျက်သော ဒိုင်များအား ငှားရမ်း ထားသလို Vocal trainer များ Performance trainer များအားလည်း ငှားပေးထားကာ စတိတ်စင်ပေါ် မတက်မီ ၀ုန်းဒိုင်းကြဲ သင်ကြားပေးလေသည်။

ဆိုတော့ကာ နောက်ဆုံး အဆင့်သို့ အားလုံး ပေါင်း လေးဦး တက်ရောက်လာကြလေ၏။ ပြိုင်ပွဲဝင်ပေါင်းများစွာ အား ကျော်ဖြတ်ပြီးမှ ယခုလို နောက်ဆုံး အဆင့်သို့ ရောက်ရှိလာကြခြင်း ဖြစ်လေရာ ၄င်းတို့၏ အရည်အချင်းမှာ အထူးပြောစရာ ပင် လိုမည် မထင်ပေ။ သို့သော် ပြိုင်ပွဲ စခါနီးမှ Performance trainer မှာ ရုတ်တရက် အရေးကြီး ကိစ္စ ရှိသဖြင့် ပြန်သွားလေရာ အခြေ အနေမှာ ရုတ်ရုတ်ရုတ်ရုတ် သို့ ဖြစ်ကုန်လေ၏။ သို့သော် ကိစ္စ မ၇ှိ။ သူဌေးကြီး ဦးပွမှာ ငယ်စဉ်က မော်ဒယ်မင်းသား လုပ်ဖူးလေရာ မိမိကိုယ်တိုင် သင်ကြား မဟဲ့ ဟုတွေး၍ စိတ်အနည်းငယ် သက်သာမိလေသည်။
ဟော ပွဲစတော့မည်။ ဦးပွ တစ်ယောက် စင်အနောက်ဘက်သို့ ရောက်သွားပြီး ပြိုင်ပွဲ ၀င်များအား နှစ်သိမ့်အားပေးရလေသည်။

“ ကဲ ပထမဆုံး ဆုမှာက ဘယ်သူလဲကွဲ့”

“ သားပါ”

“ အွန့် အေးပါ သားရယ် သားနာမည်က ဘူတူလဲငင်”

“ ဧကရာဇ်ပါ”

“ ဟွင် ၀မ်းပုတ်ချဆေး နာမည်ကြီး”

“ ငင့်”

“ အာ့နဲ့ သားက ဘာသီချင်းဆို မှာတုန်း”

“ သားဆိုမှာက ကိုးဖာ ရဲ့ လွမ်းခဲ”

“ ဟွင် သားရယ် မြန်မာ သီချင်းတွေ ဒီလောက်အများကြီး ရှိနေတာ ဘယ့်နှာ ပြုလို့ တရုတ်သီချင်းကြီး ရွေးရတာတုန်း”

“ ငွင် အာ့ တရုတ်သီချင်း ဟုတ်ပါဘူး တား စကားလုံးသွားလို့ပါ တကယ်က ဖိုးကာ ရဲ့ လမ်းခွဲပါ”

“ အော် အာ့သီချင်းလား ရတယ်လေ အာ့သီချင်းကို Performance က ဘိုလုပ်ရမလဲဆိုတော့ကာ လာ အနားကိုတိုး……………”

“ ဟွင် ရပါတယ်ညော် အောက်မှာ သင်လိုက်လည်း အပေါ်ကျရင် ကိုယ်လုပ်ချင်တာ လုပ်မိလို့ပါ”

“ အွန့်”

သို့နှင့် ပြိုင်ပွဲဝင် နံပါတ် ၁ ဧကရာဇ် တက်သွားချေပြီ။ ဦးပွလည်း နေပေါ့ ငါသင်တာ မလုပ်ရင်လည်း ဒင်းဘာလုပ်မလဲ ကြည့်အုံးမယ် ဟုတေးကာ စောင့်ကြည့်နေလေသည်။
ဟော သီချင်း Intro ၀င်ပါပြီ။

“ ဘာမှ မရှိတော့တဲ့ ငါ့ဆီမှာ နောက်ထပ် မင်းလိုချင်သေးလား ပေးမယ် သိမ်းထားမနေနဲ့ ငါ့ဓါတ်ပုံလည်း မင်းငါ့လိုသာ ပစ်လိုက်ပါတော့ ဝေးပြီ”

အမယ် အသံကတော့ မဆိုး။ Performance ကို ကြည့်လိုက်တော့ အားလားလား ဒီ အကွက်တစ်ကွက်တည်းကို လုံးဝ မပြောင်း။ သူလုပ်နေပုံက ညာဘက်လက်နှင့် မိုက်ကို ကိုင်ကာ အားနေသော ဘယ်ဘက်လက်ဖ၀ါး စောင်းဖြင့် လေထု အား နုတ်နုတ်စဉ်းနေခြင်း။ စဉ်းတယ် စဉ်းတယ် ထပ်စဉ်းတယ် စဉ်းနေတုန်း စဉ်းနေတုန်း။ဒီလူ ကြည့်ရတာ တရုတ်ဆိုင်မှာ တောက်တောက် ကြော်လား မသိ။

“ ရွှီး ဖြောင်း ဖြောင်း ဖြောင်း”

ပရိတ်သတ် လက်ခုပ်သံ ကျယ်လာလေ နုတ်နုတ်စဉ်းသော Speed က မြန်လေလေ။ အစက တစ်မိနစ် အချက် ၆၀ လောက်ကနေ တစ်မိနစ် ၁၂၀ လောက် အထိ ဖြစ်ကုန်လေသည်။ တစ်ခါတစ်လေ အတည့် စဉ်းနေရာကနေ တစောင်း စဉ်းသည်။ တစ်ချိန်တွင် ဘယ်ဘက်လက်ဖြင့် စဉ်းရတာ ညောင်းရော့ ထင့် မိုက်ကို ဘယ်ဘက် လက်သို့ ပြောင်းလေလျှင် ဦးပွ စိတ်ထဲ အော် ဒီတစ်ခေါက်တော့ တောက်တောက်ကြော်က ကျက်သွားလို့ ထင်တယ် ဟုတွေးနေဆဲ ညာဘက်လက် နှင့် ထပ်စဉ်းပြန်လေသည်။ ဘုရား ဘုရား။

“ ဆံချည်တစ်မျှင်တောင် မင်းကို ငါလေ မမေ့နိုင်ပါ”

သီချင်းရဲ့ Tempo အတက်ဆုံး အပိုင်းရောက်ပြီ။ ဟော ဒါက ဘာအကွက်ပါလိမ့်။ ကြည့်ရတာ ငှက်ပျောပင် ကို အောက်ခြေ မှ တစ်ဆင့်ချင်း ပိုင်းလာသည့်ပုံ။ ပိုင်းတာမှ ဘယ်ပြန်တွေရော ညာပြန်တွေရော။ သီချင်း နဲ့ ဘယ်လို သက်ဆိုင်သည်တော့ မသိ။ သူ့ခမျာ သီချင်း ပြီးသွားသည့် အထိ လက်က တောက်တောက်ကြော်နေတုန်း။

“ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ အော် ဒီသောက်လက်ကလည်း ငွင့် ကန်တော့ပါဗျာ “

“ ကဲ ဒိုင် ရဲ့ ကွန်မန့်လေး နားထောင်ကြည့်ပါအုံး”

“ ညီလေး ဆိုတာ Notes တွေ မရောက်ဘူးကွဲ့”

“ ဟွာလေ မေးပျစေ အာ့ Note က ဘယ်နားနေလို့ သားက သူ့ဆီ မရောက်တာလဲငင်”

“ မြတ်စွာဖျား ကဲ ထားတော့ ပြီးတော့ ကီး လဲ နည်းနည်း မြင့်နေတယ်”

“ ဟွာလေ အဲ့ကီးက ပုံမှန် အမြင့် ဘယ်လောက်ရှိလဲငင်”

“ ၅ပေ ၆ လက်မ ငင် ဟုတ်ဘူးလေ”

ဒီတစ်ယောက်ကတော့ တောက်တောက်ကြော်တာ ကလွဲပြီး ဆိုတာ ကမဆိုးလှ။ ဟော ပြောရင်း ဆိုရင်း နောက်တစ်ယောက် တက်လာချေပြီ။ ကဲ မတတ်နိုင်။ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်လုပ်ကြတော့။ ကောင်းတဲ့သူ ဆုရလိမ့်မယ် ဟုပဲ တွေးမှတ်ထားလိုက်တော့သည်။

“ ကဲ ညီလေး နာမည်က ဘူတူလဲ”

“ စာတန် ပါ”

“ တာဇံ ဟုတ်လား”

“ ဟွင် စာတန် စာတန်”

“ အဲလေ ဟုတ်ပါပြီ ညီကလေး ဘာသီချင်းဆို မှာလဲ”

“ မဲလေး ရဲ့ ရိုး”

“ ဟွင် ဘယ့်နှာ သီချင်းတုန်း”

“ ငင် မှားလို့ ရဲလေး ရဲ့ မိုး ပြောပါတယ်”

Intro စပါပြီ။ အမယ် ဒီတစ်ယောက်က မုဒ် အပြည့်ပါလား။ မျက်လုံး ကို စုံမှိတ်ထား သေး။ မုဒ်သွင်းနေသည့် သဘော။

“ မှောင်မဲ အချိန်မှန် ရွာသွန်းပေးပါကွယ် မင်းအတွက် အဆင်သင့် လိုသလို အသုံးချ”

ဟု စဆိုကာ လက်က ရေထဲတွင် ယက်သလို အရှေ့ကို စယက်တော့သည်။ ယက်သည် ယက်သည် ထပ်ယက်သည် မမောနိုင် မပန်းနိုင် ထပ်ယက်သည်။ အမယ် သူက ဒီတစ်ကွက်ထဲ မဟုတ် အကွက် အတော်စုံသည်။ လက်နဲ့ အရှေ့ကို ယက်သည်။ ပြီးလျှင် ကြမ်းပေါ်က အ၀တ်ကို လက်နဲ့ ဖြန့်သလို ဖြန့်သည်။ ဖြန့်ပြီးလျှင် ပြန်ယက်သည်။ ဖြန့်သည် ယက်သည် ဖြန့်သည် ယက်သည်။ တစ်ခါတစ်လေ ငရုတ်ဆုံ တောင်ထောင်းလိုက်သေး။ ထောင်းပြီးလျှင် ပြန်ယက်သည်။ ယက်ပြီးလျှင် ပြန်ထောင်းသည်။ ဟော နောက်ဆုံး အပိုဒ်သို့ ရောက်လေလျှင် တစ်မျိုး ပြောင်းကာ ၀င်ပေါက် ထွက်ပေါက်နားကို လက်ညှိုးထိုးသည်။ ပရိတ်သတ်အားလုံး လှည့်ကြည့်ကြသည်။ ဘယ်သူ ၀င်လာပါလိမ့်ပေါ့။ ဘယ်သူမှ ၀င်မလာ။ ထိုစဉ် ၄င်းမှ ခေါင်မိုး ပေါ်သို့ လက်ညှိုး ထိုး ပြန်လေသည်။ အားလုံး အပေါ်ကို မော့ကြည့် ကြပြန်သည်။ ထုံး စံ အတိုင်း ဘာမှ မတွေ့။ တော်သေး သီချင်း ပြီးသွားလို့။ သူ့ကျမှ ပရိတ်သတ်မှာ ခေါင်းကြောတွေ ဘာတွေ ပြေချင်သလို ဖြစ်သွားကြလေသည်။

“ ညီလေး ဆိုတာ ခိုးသံ တွေ မကောင်းဘူးကွယ်”

“ ဖျားဖျား ဘုရားပေးပေး ကျမ်းပေးပေး ကျနော် ဘာမှ မခိုးရပါကလား”

“ ဟွင် ဟုတ်ဘူးလေ ခိုးသံ လေ ခိုးသံ”

“ ဟုတ် ကျနော် အမှန် အတိုင်း ၀န်ခံ ပါ့ တော့မယ်“

“ ငွင် ဘာတွေလားကွယ်”

“ အင်းဆို”

နောက်တစ်ယောက် တက်လာတာက တစ်ဦးတည်းသော မိန်းကလေး။ တက်လာတဲ့ပုံက စက်ရုပ်ကြီး လို တောင့်တောင့် ဖြောင့်ဖြောင့်ကြီး။ ခေါင်းက ဘေးမကြည့် အနောက်မကြည့် ရှေ့တည့်တည့်ကိုသာ တူရှု ကြည့်ထားလေသည်။

“ ဟွာလေ ညီမလေး အာ့ဘာဖစ်နေတာတုန်း”

“ Pitch ယိုင်မှာ စိုးလို့ တောင့်ထားတာပါ”

“ ဟဲ့ သောက်ပလုတ်တုတ် ဗုဒ္ဓေါကြီးနဲ့ ဘုရား အာ့လိုလုပ်ရင် Pitch မယိုင်ဘူးလားငင်”

“ အင်းဆို”

“ ညီမလေး နာမည်က ဘာလား”

“ ဂျော်နီဇို ပါ”

“ အော် အင်္ဂလိပ်ခေတ်လက်ကျန်လားကွယ့်”

“ အွန့်”

“ ဒါနဲ့ ဘာဆိုမှာလား”

“ ရွှေရည်ဖြိုးမောင် ရဲ့ ကိုယ်ရံတော် ပါညော်”

“ ဟုတ်ပြီ အဲ့သီချင်းလေးနဲ့ ညီမလေး ဘယ်လို Performance လုပ်မလဲ ဆိုတာ အားပေးမယ်ညော်”

Intro စပြီ။ သို့သော် ဂျော်နီဇို ကား Pitch ယိုင်မှာ စိုးသောကြောင့် ထင့်။ မရီ မပြုံး။ လိုင်စင်ပုံရိုက်သော မျက်နှာ အနေအထား နှင့် ညာဘက်လက်က သီချင်း မစခင်ကတည်းက အသင့်ဆိုရန် လုပ်ထားသော အနေ အထား။ မိုက်ကိုင်ထားသော ပုံစံ မှာ ငါကွ ဟု မိမိကိုယ် မိမိ လက်မ နဲ့ ပြန်ထိုးနေသော ပုံ နှင့် တူလေသည်။

“ အန္တရာယ်တွေ ကြုံလာရင် မင်းက စောင့်ရှောက်ထား အို့အိုး”

အွင်း ဒီပုံစံ နဲ့ သူကတောင် ပြန်ပြီး ကိုယ်ရံတော် လုပ်ရင် ရလောက်တယ်။ မသိရင် သတိဆွဲပြီး နိုင်ငံတော် သီချင်းဆိုနေသလားပဲ။ အင်း ဒီပုံ အတိုင်း သာဆိုနေရင် ဒီကလေးမ တော့ ကျန်ခဲ့တော့မှာပဲ။ ထိုစဉ်

“ အလယ်လယ် လုပ်တယ်ဟ လုပ်တယ်ဟ အလယ်လယ် အာ့ ဘာအကွက်တုန်း”

ဟုတ်ပါသည်။ ဂျော်နီဇို ကား အတောင့်လိုက်ကြီးပင် ညာခြေထောက် ဖြင့် ညာဘက်ကို တစ်ပေခန့် တိုးလေသည်။ ပြီးလျှင် ဘယ်ဘက်ကို တစ်ပေခန့် ပြန်တိုးလေသည်။ ပြီးလျှင် အနောက်ကို တစ်ပေခန့် ဆုတ်ကာ အရှေ့ကို တစ်ပေခန့် ပြန်တက်လေသည်။ ဆိုတော့ကာ ဒီိနေရာ သာ ပြန်ရောက်လေသည်။ ခြေထောက်ကသာ ရွှေ့ နေသော်လည်း ကျန်သည့် ခန္ဓာကိုယ် အစိတ် အပိုင်းများက တုတ်တုတ်မျှ မလှုပ်။ ချီးကျူး ဖို့တော့ အကောင်းသား။ သီချင်းလဲ ပြီးရော

“ ဟွာလေ ညီမလေး သီချင်းလဲ ပြီးပါပြီ တောင့်ထားတာ နဲနဲ လျှော့ပေးပါလားညော်”

“ မရတော့ပု အံသေနေပြီ “

“ ငွင့်”

“ ဒီက ညီမ ဆိုတာ ကောင်းပါတယ်ပေါ့နော် အထူးသဖြင့် သူ့ရဲ့ တုန်းကာလာလေး က လှပါတယ်”

“ ဟွာလေ မသိလို့ မေးပျစေ သမီးရဲ့ တုန်းကာလာက ဘာအရောင်လဲငင် လှတယ်ဆိုလို့ပါ”

“ အနီဖျော့ဖျော့ ငင် ဟုတ်ပါဘူး”

တက်လာပါပြီ။ နောက်ဆုံး တစ်ယောက်

“ ပရိတ်သတ် ကြီး မင်္ဂလာပါ”

အမယ် အသံ ကတော့ Rocker သံဟ။ ၀တ်ထားတာလည်း ကြည့်လိုက်အုံး။ ကန်းထရီး ဘု ၊ 501 ဘောင်းဘီ နဲ့ အမှန် အကန် ဖြဲမည့်ပုံ။ မျက်လုံးမှာလည်း လိုင်နာတွေဆွထြားသေး။ လက်သည်းတွေကလည်း အမည်းရောင်။ ကြိုက်တယ် အာ့လို ရော့ခ် တွေ နားထောင်ချင်နေတာ။

“ ညေး နာမည်က ဘူလဲ”

“ လီယိုလင်း လို့ ခေါ်ပါတယ် အားပေးကြပါအုံး”

“ ရွှီး ဖြောင်း ဖြောင်း”

အမယ် သူ့ပရိတ်သတ် မနည်းဘူးပဲ။ ကောင်းလေစွ ကောင်းလေစွ။

“ ဒါနဲ့ ညေး ခုလို ဖိုင်နယ် အဆင့် ဒီစင်ပေါ်ရောက်အောင် ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ ဆိုတာ အတွေ့အကြုံ လေးတွေ ပြောပြပါအုံး”

“ ဟုတ် ညေး ဒီစင်ပေါ်ရောက်အောင် ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရလဲ ဆိုရင် အရင်ဆုံး ခုံဘေးက အန်တီကြီး ကို လမ်းဖယ်ပေးဖို့ ခွင့်တောင်းရပါတယ်”

“ ငမ် ဒါက ဘာကြီးလား”

“ ဒါမဲ့ အာ့အန်တီက ၀နေတော့ ချက်ချင်း ထလို့ မရတာနဲ့ ကျနော့်ခုံကို နောက်ကို ရွှေ့ပါတယ် ပြီးရင် နောက်မှီကို ကျော်ခွပါတယ်။ လမ်းတစ်လျှောက်က လူတွေကိုလည်း နည်းနည်းလောက် ဆိုပြီး ခွင့်တောင်းပြီးမှ ဒီစင်ပေါ် ရောက်လာတာပါ”

“ အလိုလို မေးတာ တခြား ဖြေတာ တခြား”

“ အင်းဆို”

“ ဒါနဲ့ အခုလို မျိုးကြီး ၀တ်စားလာတယ်ဆိုတော့ အမှန် အကန် ဖြဲမယ့် သဘော ရှိတယ် ဟုတ်လား”

“ ဒါပဲပေါ့ ပရိတ်သတ်ကြီး အားပေးပါအုံး”

“ ရွှီး ဖြောင်း ဖြောင်း”

“ ဒါဆို ဘာသီချင်းဆိုမှာလဲ”

“ ဗညားဟန် ရဲ့ ၀ါဆိုမိုး နဲ့ ပြန်ခဲ့ပါ”

“ ငမ် အစ်ကိုပဲ နားကြားမှားသလားကွယ် ဘာသီချင်း”

“ ၀ါဆိုမိုးနဲ့ ပြန်ခဲ့ပါ ဆို ပရိတ်သတ်ကြီး အားပေးမယ် မဟုတ်လား”

“ ရွှီး ဖြောင်း ဖြောင်း”

“ ဟွင် ကန်းထရီးဘု နဲ့ ဗညားဟန် ဆိုတာ အခုမှ တွေ့ဖူးတော့တယ်”

စပါပြီ။

“ မိုးကုတ်စက်ဝိုင်း အောက်မှာ ခါဦးမိုး တို့ အကြိမ်ကြိမ်ပြို ၀ါဆို ၀သန်မိုး သည်းရင် ငိုမိတယ်”

ဆိုလည်းဆိုသည်။ စင်ပေါ်မှာလည်း အငြိမ် မနေ ။ စင်လုံးပြည့်အောင် လျှောက်သွားသည်။ တစ်ခါတစ်လေ Mic Stand အား ကိုင်ကာ ဖြဲသေးသည်။ အောက်က ပရိတ်သတ်ကား ပါးစပ် အဟောင်းသား။ အဆိုးဆုံး အပိုဒ်ကား

“ မှိုင်းညှို့ ရီမှောင် အနောက်တောင်ဆီမှာ မိုးများသည်းသည့် အချိန် ရင်ခုန်စည်းချက် မိုးသံစဉ်တေးထင်”

ထို အပိုဒ်တွင် လေးဖြူ တို့ အငဲတို့လို ခေါင်းကို အောက်ငုံ့ကာ ဆံပင်များကို ရမ်းသည်။ ခက်တာက သီချင်းက အဲ့လောက် မကြွတဲ့ သီချင်းဆိုတော့ သူ့ ခမျာ ဖြဲရတာ အသက် မ၀င်လှ။ သူ့မှာ ဆိုနေရင်း အောက်က ပရိတ်သတ် ကို လှမ်းကြည့်ကာ

“ အဆင်ပြေလား ပရိတ်သတ်ကြီး အဆင်ပြေရင် လက်ခုပ်သံ ကျယ်ကျယ်လေး”

“ ပလောက် ပလောက် ပလောက်”

အောက်က ပရိတ်သတ်မှာ မှင်သက်စွာပင် စင်ပေါ်တွင် တစ်ယောက်တည်း သောင်းကျန်းနေသော သူ့အား ကြည့်ကာ မျောက်ပွဲ ထိုင်ကြည့်နေသကဲ့သို့ ဖြစ်နေလေတော့သည်။ သီချင်းလဲ ပြီးရော ဆရာသမားက အပေါ်က ဂျင်းအကျီင်္ အား ချွတာကာ ပရိတ်သတ်ကြားထဲ ပစ်ထည့်လိုက်လေသည်။

“ ဟွင် ဘာဂျီးဒုန်း နံထှာ ဝေါ့”

“ အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်”

“ ဟွတ် ညေး အကောင်းဆုံးဆု ရပါစေညော် ဆုတောင်းပေးပါတယ်”

“ ဟွတ် ဟွတ် ဒါနဲ့ ဟွာလေ ခုနက ကျနော့် အကျီင်္ ဘယ်သူရသွားလည်း မသိဘူး အာ့လေး ပြန်ပေးပါလား “

ပရိတ်သတ်ကား တုတ်တုတ် မျှ မလှုပ်။

“ ဟွာလေ အာ့က ကျနော် ငှားဝတ်လာလို့ပါ ပြန်ပေးကြပါလားညော်”

မလှုပ်။ သည်တွင် မနေနိုင်တော့သော အမောင် လီယို ခမျာ စင်အောက်သို့ ပြေးဆင်းကာ ငိုသံပါကြီးဖြင့်

“ ဟာဗျာ ဟာဗျာ ပြန်ပေးကြပါဗျာ နောက်ကို မပစ်တော့ပါဘူးဗျာ ဟာဗျာ အီးဟီးဟီး”

ဘာတွေ မှန်းလဲ မသိ။ ကဲ ဒီလိုပုံစံ နဲ့ ဒီလေးယောက်ထဲက ဘယ်သူ ပထမ ရသွားမလဲ ဆိုတာ သူဌေးကြီး ဦးပွ တစ်ယောက် တွေးရင်း ခေါင်းစားလျက် ရှိလေတော့သည်။

ပေါက်တတ်ကရ တွေးထားခြင်းသာ

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments