ကျွန်တော် နှင့် Viva



Viva တဲ့။ နာမည်ကြားရုံ နှင့် ဆံပင်မွှေးများ ပါထောင်ချင်လာသည်။ ဖြစ်နိုင်လျှင် Viva တစ်ခါ ဖြေမည့် အစား ရေးဖြေ ၁၀ ခါလောက်သာ ဖြေလိုက်ချင်သည်။ ရေးဖြေ က ဟိုမေး ဒီမေး ဟိုလှည့် ဒီလှည့် လည်း ရသည်ကိုး။ မောင်ပွ ဘ၀ တွင် Viva ကို အကြိမ်များစွာ ဖြေဖူးသည်။ ဖြေပြီး တာနဲ့ စိတ်အေးလက်အေး နေရတာ တစ်ခါမှ မရှိ။ အရင်တုန်းက ဆိုလျှင် Viva ခန်းထဲက ထွက်လျှင်ထွက်ချင်း ပြဌာန်းစာအုပ် ကို ပြန်ဖွင့်ဖတ်သည်။ မတော်တဆများ မှားဖြေတာ တွေ့လိုက်ပါက စိတ်ဆင်းရဲ လှပါဘိ။ သို့နှင့် နောက်ပိုင်းတော့ သူ့ဘာသာသူ မှားမှား မှန်မှန် စာအုပ်ပြန် မကြည့်တော့။ စိတ်ဆင်းရဲ မခံ နိုင်၍ ဖြစ်သည်။ တခြားအချိန်များ တွင်သာ မောင်ပွ တစ်ယောက် ဘုရား ရှိခိုးချင်မှ ရှိခိုးမည်။ စာမေးပွဲ အချိန်တွင်တော့ သောတာပန် တည်လောက်သည် အထိ ဘုရားတရား လွန်စွာ လုပ်ပါ၏။ တကယ်တော့ Viva ဆိုတာ တက္ကသိုလ် တက်မှ ဖြေဖူးတာကလား။ ဂုဏ်ထူး ပေးချင်လို့ Viva မေးတယ်လို့တော့ မထင်လိုက်ကြ ပါနှင့်။ ကျောင်းသားတိုင်း ဖြေရသော Viva မို့သာ ဖြေရခြင်း ဖြစ်သည်။ မောင်ပွ သည် တက္ကသိုလ်တက်နေစဉ် တစ်လျှောက်လုံး ဂုဏ်ထူး မပြောနှင့် အမှတ် ၇၀ နားကပ်တဲ့ ဘာသာ ဆိုတာ ခပ်ရှားရှား။

တက္ကသိုလ် ဒုတိယ နှစ်တွင် ဖြစ်၏။ ထိုစဉ်က Basic Science များ ဖြစ်သော Anatomy, Biochemistry , Physiology တို့ကို စတင်တွေ့ထိ ရလေသည်။ ဒီသုံးခု ထဲတွင် မောင်ပွ အကြောက်ဆုံးက Physiology။ ဒုတိယက Biochemistry။ သို့သော် စာမေးပွဲ အဖြေ ရဆုံးကတော့ Anatomy ခေါ် ခန္ဓာဗေဒ ဘာသာရပ်။ သူက လူ့ခန္ဓာကိုယ် တစ်ပိုင်းချင်းစီကို Chapter တစ်ခုချင်းစီ ခွဲထားလေရာ Chapter တစ်ခု ပြီးတိုင်း စာမေးပွဲ တစ်ခါဖြေ။ စာတွေ့တင်မက လက်တွေ့ Practical ပါ တစ်ပါတည်း ဖြေရခြင်းပင်။ ထိုစဉ်က ဆရာကြီးဦးမောင်မောင်စိန် ဆိုသော ဆရာကြီး တစ်ယောက် ရှိလေသည်။ ဆရာကြီး နှင့် Viva ဖြေရမှာ လူတိုင်း ကြောက်ကြသည်။ ဆရာကြီးက ပြတ်သည်။ သူနှင့် ဖြေရင် အမှတ်က ၂ မျိုးပဲ ရသည်။ သုည နှင့် အမှတ်ပြည့်။ ဒါတင် မကသေး။ ဆရာကြီးက သုည ရသောသူ ကို " နေအုံး မင်းအမှတ်ကြည့်သွားအုံး" ဟုပြောကာ စာရွက်ပေါ်တွင် ဆွဲထားသော သုည ကြီးကို ထုတ်ပြတတ်သေးသည်။ ဆိုတော့ကာ ဆရာကြီး နှင့် တွေ့ရမှာ သေမလောက် ကြောက်ကြလေသည်။

မှတ်မှတ်ရရ Upper Limb ဖြေတုန်းက ဆရာကြီး နှင့် ဖြေရလေသည်။ သူများတွေ အခန်းထဲ အလျှိုလျှို ၀င်ကာ ပြန်ထွက်လာကြတာ မျက်နှာငယ်လေးတွေနဲ့ ဆိုတော့ မောင်ပွလည်း အခန်းထဲ မ၀င်ခင်ကတည်းက စိတ်လျှော့ထားလိုက်သည်။ ဟော မောင်ပွ အလှည့် ရောက်ပါပြီ။ အခန်းထဲ ၀င်လိုက်တော့ အရိုးများ တင်ထားသော စားပွဲကိုရှေ့ထားကာ ထိုင်နေသော ဆရာကြီး။ အင်း ငါတော့ စမုံတုံး ပဟဲ့။

" ဆရာကြီး မင်္ဂလာပါ"

" အင်း ထိုင်"

" ဟုတ်"

" အဲ့ အရိုးတွေထဲက မင်းကြိုက်တဲ့ အရိုး ကို ယူလိုက် ပြီးရင် သူ့အကြောင်း သိသမျှ အကုန်ပြောစမ်းကွာ အဲ့ဒါ ဖြေနိုင်ရင် အောင်မယ်"

" ဟွင် အကုန်ပြောရမှာလား"

" အေး"

မောင်ပွ စားပွဲပေါ်က အရိုး များကို ကြည့်လိုက်သည်။ ဘယ် အရိုး ယူလိုက်ရင် ငါ့အတွက် သက်သာမလဲ ဟု တွေးကာ သက်သာမည် ထင်သော တစ်ရိုး အား ကောက်ယူလိုက်သည်။

" ကဲ ပြော အဲ့ဒါ ဘာရိုး လဲ"

" လူရိုး ပါ ဆရာ"

" ဘာာာာာာာာာာ ကတောက် Bloody fool ကောင် ဒီမှာ ရှိသမျှ အကုန် လူရိုး တွေချည်းပဲ ကျွဲရိုး နွားရိုး တစ်ရိုးမှ မပါဘူး မင်းတော့ နာချင်ပြီ ထင်တယ်"

" အီးးးးးးးးမလုပ်ပါနဲ့ ဆရာကြီး ကျွန်တော် ဆက်ဖြေပျစေ"

" ဟွန်း"

" ဒါက ဟွာလေ ဟိုဥစ္စာ ဒီဥစ္စာ အဲ သိပြီ Ulnar ပါ"

" ဒါပဲလား"

" ကျန်သေးတယ် ခင်ည ဟွာလေ ဟိုဥစ္စာ ဒီဥစ္စာ သူက Radius နဲ့ ဘေးချင်းကပ် နေတာ"

" ကတောက် မင်းနော် ငါနော်"

သွားပြီ။ ဆရာကြီး ကိုမြင်ပြီး နဂိုကတည်းကမှ ရှိစု မဲ့စု စာတွေ အကုန်ပျောက်။ ပါးစပ်ထဲတွေ့ရာတွေပြော။

" သူက ဟွာလေ Medial မှာနေတယ် အီးးးးးးး ဟုတ်ပါဘူး Lateral လား မသိဘူးညော် ဆရာကြီး အဲ့ ၂ခုထဲက တစ်ခုခုပဲ"

" အွန်း ဖော ဆက်ဖောစမ်း"

" အဲ ပြီးတော့ ဟွာလေ ဒီဟာလေ"

" တော် ဟေ့ကောင် ငါမေးမယ် သူက Long bone လား Short bone လား"

" အီးးးးးးးး ဟွာလေ ဟိုဥစ္စာ ဒီဥစ္စာ အနေတော် လောက်ပဲ ဆရာကြီး မတိုမရှည်လေး လားလို့ ဟီးးးးးးးး"

" ဘာာာာာာာာာာာာာာ မင်းကတော့ ကျမှာပါပဲ နောက်ဆုံး တစ်ခု မေးမယ် မင်းဆီမှာ ရှိတဲ့ Radius နဲ့ Ulnar nerve ၂ ချောင်းထဲက တစ်ချောင်းကို ဖြတ်ရမယ် ဆိုပါစို့ မင်း ဘယ်ဟာကို ချန်ခဲ့ ပြီး ဘယ်ဟာကို အဖြတ်ခံမလဲ ဘာလို့လဲ"

" ဟွင် ဘယ်သူက ဖြတ်မှာလဲ"

" ငွန့် ဟေ့ကောင် သဘောပြောနေတာ"

" အွန် မဖြတ်ပျစေနဲ့ ကြောက်လို့ပါ"

" ဟင်းးးးးးး မင်းနော် ငါနော် ကဲ ဒီလောက်ဆို ရပြီ နေအုံး မင်းအမှတ်လေး ကြည့်သွားအုံး"

ဆရာကြီး ထောင်ပြသော စာရွက်အား ကြည့်လိုက်သည်။ အားးးးးးးပါး လှလိုက်တဲ့ သုည ကြီး။ ၀ိုင်းစက်နေတာပဲ။

ဆရာအငယ်တွေ ကတော့ သဘောကောင်းသည်။ ကိုယ်မှား နေရင်သူတို့က ထောက်ပြသေးသည်။

" ဒါ Uterus ရဲ့ အရှေ့လား အနောက်လား"

" အရှောက်"

" ဟွင် ဒါက ဘယ်လိုဟာကြီးတုန်း"

" ငွင် စကားလုံး သွားလို့ပါ တကယ်တော့ အနေ့ ပါ"

" ခွီးးးးးးးးးးး"

Physiology ကတော့ ဖိုင်နယ် ရောက်မှ Practical ဖြေရသည်။ သူကလဲ တစ်ခါဆို တစ်ခါ ပြောရလောက်အောင် ငါးမိနစ် တစ်ခုံ နှုန်းဖြင့် ၁၀ ခုံ ဖြေရလေရာ ချောင်တော့ မချောင်။ ဆရာများက ကျောင်းသားကိုယ်တိုင် လုပ်ပြ ရမည့်နေရာများ ( ဥပမာ သွေးပေါင်ချိန် ခြင်း လူနာအားစမ်းသပ်ကာ ဖြေရခြင်း ) စသည့်ခုံများတွင် ထိုင်ကာ မေးကြလေ့ရှိသည်။ လူနာကတော့ Volunteer များပင်။ ငါးမိနစ် ပြည့်လို့ ခေါင်းလောင်းတီး လိုက်တာနဲ့ နောက်တစ်ခုံကို ရွှေ့။ မောင်ပွ ဖြေရပါပြီ။ စစချင်း တွေ့တာက ငုတ်တုတ် ထိုင်နေသော လူတစ်ယောက်နှင့် ဆရာ တစ်ယောက်။ သေချာပြီ။ ဒါငါ့ကို စမ်းခိုင်းတာပဲ။ ဘာစမ်းခိုင်းတာလဲ ကြည့်မှ။ အမယ် Finger -nose test ပဲ။ လာထား။ နေအုံး မစမ်းခင် လူနာ ကို အရင် မိတ်ဆက်မှ။ ဆရာတွေ ပြောထားတယ်။ လူနာကို မိတ်ဆက်ရင် တစ်မှတ်ရတယ် ဆိုပဲ။

" အစ်ကိုကြီး မင်္ဂလာပါ"

" ဟုတ်ကဲ့"

စိတ်ထဲကနေ မှတ်လိုက်သည်။ တစ်မှတ်။

" ဟဲဟဲ မင်္ဂလာ ပါ"

" အွန် အော် ဟုတ်ကဲ့ မင်္ဂလာပါ"

နှစ်မှတ်။

" မင်္ဂလာ ရှိသော နေ့လေးပါညော်"

" ဟွင် ဟုတ် ဟုတ်"

သုံး မှတ်။ ထိုစဉ် ဘေးမှ ဆရာက

" ဟွင် ဟေ့ကောင် တစ်ခါ နှုတ်ဆက် တော်ပြီလေ ဘယ့်နှာ ပြုလို့ ခဏ ခဏ နှုတ်ဆက်နေရတာတုန်း"

" ဟွာလေ တစ်ခါ နှုတ်ဆက် ရင် တစ်မှတ် ရတယ်ဆိုလို့"

" ဟွင် မင်းပြောပုံ အရဆို တစ်ခန်းလုံး မင်္ဂလာပါ အသံတွေပဲ ညံနေမှာပေါ့ နှုတ်ဆက်လို့ စာမေးပွဲ အောင်ကြေးဆို ငါပါ ၀င်ဖြေ လိုက်ချင်သေး"

ကဲ တစ်မှတ် ကတော့ သေချာသွားပြီ။ စမ်းမယ် နေအုံး ငါဘာစမ်းမယ် ဆိုတာ လူနာကို သိအောင် ပြောပြ အုံးမှ။

" ဟွာလေ ကျွန်တော် အခု စမ်းမှာက အစ်ကိုကြီး နှာခေါင်း ကို စမ်းမယ် ငင် ဟုတ်ပါဘူး"

စထွက်ကတည်းက အိုးနင်း ခွက်နင်း။ အပြင်မှာ ကတည်းက စကားလုံးကို သေသေချာချာ မစီခဲ့ရ သဖြင့် ပြောရဆိုရတာ ကြပ်နေလေတော့သည်။ အမှန်က မောင်ပွက လူနာ နှင့် လက်တစ်ကမ်းမှာ ရပ်နေ။ လူနာကို ထိုင်ခိုင်းထား။ ပြီးရင် မောင်ပွက လက်ညှိုး တစ်ချောင်းကိုထောင်။ လူနာက အရင်ဆုံး သူ့လက်ညှိုး နဲ့ သူ့နှာခေါင်းကို အရင်သွားထိ။ ပြီးမှ မောင်ပွ လက်ညှိုးကို လာထိ။ မောင်ပွက လက်ညှိုးကို နေရာ ပေါင်းစုံသို့ ရွှေ့မည်။ လူနာက သူ့နှာခေါင်းကိုထိလိုက် မောင်ပွ လက်ညှိုးကို လာထိလိုက်။ လုပ်ရမှာက ဒါပဲ။ သို့သော် လူနာက ဘယ်လို လိုက်လုပ်ရမည်ကို ရှင်းလင်းစွာ မပြောတတ်တော့။ ဒီတော့ကာ

" အခု အစ်ကိုကြီး လုပ်ရမှာက အစ်ကိုကြီး နှာခေါင်းနဲ့ ကျွန်တော့် နှာခေါင်း ကို လိုက်ထိ ပါ"

" ဟွင် ညီလေး အစ်ကိုကြီး မထော်မနန်း တွေ မလုပ်ပျစေနဲ့လား"

" ငင် ဟုတ်ပါဘူး မှားလို့ ဟွာလေ အစ်ကိုကြီး နှာခေါင်းနဲ့ ကျွန်တော့် လက်ကို လိုက်ထိပါ"

" ဒီလိုလေးလား"

" ဟွင် နှာခေါင်းကြီး ရှေ့တိုးလာပြီ ဟုတ်ဖူး အဲ့လို ဟုတ်ဖူး ဟွာလေ ဒီလို အစ်ကိုကြီး လက်နဲ့ ကျွန်တော့် နှာခေါင်းကို တို့ပါ ဟွင် မှားပြန်ပြီ"

သို့နှင့် အိုးနင်း ခွက်နင်း တစ်ခုံ ပြီးတော့ နောက်တစ်ခုံ။ အော် ဒါက လွယ်လွယ်လေးပါ။ သွေးပေါင်ချိန် ရမှာပဲ။ ငင် အဲ့ဒါမှ ဒုက္ခ။ သွေးပေါင်ချိန်ရင် လူနာကို ဘယ်လိုပုံစံ ထားရမှာပါလိမ့်။ သည်တွင် ချွေးများ ပြန်လာကာ ထုံးစံ အတိုင်း မထော် မနန်းတွေ လုပ်ခိုင်းတော့သည်။

" အစ်ကိုကြီး မတ်တပ်ရပ်လိုက်ပါ"

" ၀ှစ်"

" ခါးတောင်းကျိုက်လိုက်ပါ"

" ငွင် ပေါင်မှာ ပတ်မလို့လားငင်"

" အဲလေ ဟုတ်ပါဘူး ဟွာလေ ကြမ်းပြင်ပေါ် မှောက်လိုက်ပါအုံး"

" ၀ှစ်"

" ငင် ဒီပုံစံ နဲ့ တိုင်းလို့မှ မရတာ ဟွာလေ မမှောက်နဲ့ ပြန်လှန်"

" ၀ှစ်"

" အကျီင်္ ချွတ်"

" ငွန့် "

" ဟာ ရတယ် မချွတ်နဲ့တော့ သိပြီ ငုတ်တုတ် ထိုင်လိုက်ပါအုံး"

" ၀ှစ်"

" လက်မြှောက်"

" ၀ှစ်"

" ဟွင် ချိုင်းမွှေး တွေ ရဘီ မမြှောက်နဲ့တော့"

" ၀ှစ်"

" ခါးထောက်"

" ၀ှစ်"

" စိတ်လျှော့"

" ဟူးးးးးးးး"

" ညှစ်ပြီ"

" အလို ဗုဒ္ဓေါကြီး နဲ့ ဘုရား ဘာညှစ်မှာတုန်း"

" ဒီမှာလေ သွေးပေါင်ချိန်တဲ့ဟာ ညှစ်ပြီ ပြောတာ"

" ဟူးးးးးး"

" ရပြီ ပုံမှန်ပဲ"

" ဘယ်လောက်လဲဗျ သွေးပေါင်ချိန်"

" ပုံမှန်ပါပဲဆို"

" အေးလေ ဘယ်လောက်ပါလဲဆို"

" ဟွာလေ အပေါ် ၈၀ အောက် ၁၂၀"

" ငွင့် ဇောက်ထီးကြီး"

တစ်ခါတစ်လေတော့လည်း အဲ့လိုမျိုးလေး ပြန်ဖြေချင်သားဗျ။

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments