ရင့်ကျက်တယ်ဆိုတာ......



ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့ အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊ လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊ ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။ ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလယ်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။ လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့ လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊ မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။ အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။ အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့ အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/20080222/2860.html

နိုင်းနိုင်းစနေ (Friday, June 24, 2011)

Post a Comment

0 Comments