လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ


ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။ မိခင်ရဲ့အပြုအမူ၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်ပါတယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာမတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမူ၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်ပါတယ်။
-------

"ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်"

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်ထားကြတယ်။ "သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့ လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်တယ်။ မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက် ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်ရှိတဲ့ မိသားစုတစ်စုကို တစ်ယောက်တည်း ပခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ယုံကြည်မှုကို မယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့သစ်ပင်ဖြစ်တယ်။
---------

"သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေနိုင်တယ်"

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးသိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ ဆိုကြတယ်။ လောကမှာ ယောက်ျားတွေရဲ့စိတ်သဘောထားကပဲ ချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားက လမ်းကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေးစာအတုယူဖို့ကောင်းတယ်။ ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေကြောင့် မိခင်တစ်ဦးရဲ့ ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေးငါးယောက်ကို ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။
---------

"ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊ စာနာရိုင်းပင်းတတ်မှုရှိစေတယ်"

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမူရက်စက်ခြင်းနဲ့ လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့် တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေလာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအတွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင်နာတတ်တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှုကို တွေ့မြင်နိုင်ပါတယ်။
--------------

"တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်"

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်ဟစ်ငိုယိုမယ်၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်မယ်ဆိုတာပဲဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ ဒီလိုအပြုအမူတွေက ဘာစကားလုံး ဘာခံစားချက်နဲ့မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲတစ်သက်စွဲငြိစေပါတယ်။
-----------

"နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်"

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေက အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်က စည်းကမ်းတကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာမဖြစ်တော့ဘူး။
----------

"ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်"

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး တဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။


မူရင်းလင့် -- http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html

 နိုင်းနိုင်းစနေ (Friday, April 29, 2011) 

Post a Comment

0 Comments