မေတ္တာစာလေးများ

အသက် ရှစ်နှစ်သာရှိသေးသည့် အင်ဒီဗရင်(မ)နာလေး ကင်ဆာရောဂါဖြင့် ဆေးရုံတက်ရသည့်အခါ ကျောင်းက သူငယ်ချင်းများ ၀မ်းကွဲညီအစ်ကို မောင်နှမများ အိမ်နီးနားချင်းများထံမှ ကျန်းမာစေကြောင်း ဆုတောင်းစာတွေ ပို့စကတ်တွေ တစ်ပြုံကြီးရသည်။ သည်ဟာတွေကို အခန်းနံရံမှာတစ်ချို့၊ အမှတ်တရလေးတွေ သိမ်းဆည်းသည့် ဗလာစာအုပ်ထဲမှာ တစ်ချို့သူကပ်သည်။ ပြီး အခေါက်ခေါက်အခါအခါ သူပြန်လှန်ဖတ်ရှုနေတတ်သည်။
ရှီကာဂိုရှိ အဲသည်ဆေးရုံမှ သူဆင်းရသည့်အခါ၌မူ သူ့ထံ စာတွေ ရောက်မလာတော့။
နေ့စဉ် အိမ်က စာတိုက်ပုံးမှာ သူဖွင့်ဖောက်ဖတ်၍ရမည့် စာတစ်စောင်တစ်လေများ ရောက်နေလေမလား သူသွားရှာသည်။ အိမ်ပေါက်စေ့ပို့သည့် ကြော်ငြာစာပင် သူမချန်ချင်။ သည်ဟာ မြင်ရတော့ မိခင်ခမျာ ရင်နင့်အောင် ခံစားရသည်။

တစ်ကြိမ်မှာတော့ ရုတ်တရက် သူတစ်ခုသွားတွေးမိသည်။ အင်ဒီ၏ဘ၀အတွက် သူဖန်တီးပေးနိုင်စွမ်းမရှိသော အရာများစွာရှိသည်။ ဓာတ်ရောင်ခြည်ထိုးပေးတာ၊ ဆေးဝါးများဖြင့် ကုသပေးတာ၊ ရောဂါသက်သာပျောက်ကင်းအောင် ဆောင်ရွက်ပေးတာ၊....... စတာ စတာတွေ သူမတတ်နိုင်။ သို့သော် သူစီမံဖန်တီးပေးနိုင်သော အရာတစ်ခုရှိသည်။ အဲဒါက စာပို့တိုက်မှ စာတွေ ရောက်ရှိစေလာဖို့။
အဲသည် အချိန်မှစတင်ကာ အင်ဒီထံ စာတွေ သူရေးသည်။ စာအောက်ခြေ၌ "သင်၏ လျှို့ဝှက်သောသူငယ်ချင်း" ဟူ၍ ပီပီသသ ရေးထိုးသည်။
သူ့ကို အားပေးသည့် အမျိုးအမည်မသိသော အဲသည်စာတွေ ရရှိသည့်အခါ အင်ဒီအရမ်းဝမ်းသာအားတက်သည်။
တစ်နေ့ နေ့လယ် ထမင်းစားခန်းစားပွဲမှာ ထိုင်ကာ အင်ဒီ ပန်းချီပုံတွေ ရေးဆွဲနေသည်။ သူက အမေ့အတွက် ရုပ်ပုံကားလေးတွေ ရေးဆွဲပေးတတ်သည်။ အမေ စောင့်ကြည့်နေတာ မြင်တော့ သူကဆိုသည်။

"မဟုတ်ဘူး မေမေ၊ ဒါက သပ်သပ်၊ မေမေ့အတွက် မဟုတ်ဘူး၊" သူက ပုံဆွဲစက္ကူကို အလိပ်ကလေးဖြစ်အောင် လိပ်လိုက်ပြီးနောက် စားပွဲပေါ်တင်သည်။ ပြီး၊ "ဒါ ကျွန်တော့် လျှို့ဝှက်သူငယ်ချင်းအတွက်" ဟုဆိုလိုက်သည်။
အဲသည်ညမှာ အင်ဒီကို အိပ်ရာထဲ နေရာချထားပေးပြီးသည့်နောက် လင်ဒါက သားလေး၏ပန်းချီကားစက္ကူလိပ်ကို ဖြည်ကြည့်သည်။ စာရွက်ထောင့်နားလေးမှာ အင်ဒီက စာလေးတစ်ကြောင်းရေးထားသည်။ စာက "မေမေ့ကို သားချစ်တယ်" ဟူ၍ဖြစ်သည်။
အင်ဒီ ကွယ်လွန်ပြီးနောက် သူ၏လျှို့ဝှက်သော သူငယ်ချင်းကြားမှာ စာအဆက်အသွယ်က အင်ဒီကွယ်လွန်သည့် 1948 ခုနှစ်အထိ မပြတ်ရှိနေခဲ့သည်။ အင်ဒီရော သူ့မိခင်ပါ သူတို့၏ ကစားနည်းလေးအကြောင်းကို တစ်ကြိမ်တစ်ခါမျှ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ကြ။
အင်ဒီ ကွယ်လွန်ပြီးနောက် သူ၏သီးသန့်ခန်းလေးထဲ ရှင်းလင်းစဉ် လိပ်စာစာအုပ်ကလေးတစ်အုပ် ထွက်လာသည်။ သည်စာအုပ်၌ ကင်ဆာရောဂါသည် ကလေးငယ်များ၏ နွေရာသီစခန်းတွင် အင်ဒီ သိကျွမ်းခဲ့သည့် သူငယ်ချင်းများ၏ အမည်များ လင်ဒါ တွေ့ရသည်။ သည်တွင် စိတ်ကူးတစ်ခု သူ့ခေါင်းထဲ ၀င်လာသည်။

အဲသည် ကလေးတစ်ယောက်စီထံ သူစာတိုလေး တစ်စောင်စီ ရေးပို့ရာ မကြာမီပင် သူတို့ထံမှ ပြန်ကြားစာများ ရရှိလာသည်။

" စာရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က ကျွန်တော် အသက်ရှင်နေသေးတဲ့အကြောင်း သိတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး ထင်နေတာ" ဟူ၍ ကလေးတစ်ယောက်က ပြန်ရေးသည်။
နောက်ပိုင်း ဆယ်နှစ်လုံးလုံးပင် လင်ဒါက ကင်ဆာရောဂါနှင့် အခြားဝေဒနာသည် ကလေးငယ်များထံ စာတွေ ဆက်လက်ရေးသားနေခဲ့သည်။ တစ်ချိန်တည်းမှာပင် အီလီနွိုင်းပြည်နယ် လွန်ဘာ့ဒ်မြို့တွင် အခြေစိုက်လျက် "မေတ္တာစာအဖွဲ့" အမည်ဖြင့် စေတနာရှင်အဖွဲ့အစည်းတစ်ခု ထူထောင်သည်။ စေတနာရှင်များ၏ လှူဒါန်းငွေများအပေါ် အားကိုးပြုရသည့် သင့်တင့်သောရန်ပုံငွေဖြင့် မေတ္တာစာအဖွဲ့သည် ကလေးငယ်များထံ လစဉ် ပို့စကတ်နှင့် စာအိတ်စာထုပ်ပေါင်း 7000 ခန့်အပြင်၊ ခရစ္စမတ်လက်ဆောင် ကစားစရာနှင့် စားစရာထုပ်ပေါင်း 1100 မျှကိုပါ ပေးပို့လျက်ရှိသည်။

သည်ကိန်းဂဏန်းများက တစ်နှစ်ထက် တစ်နှစ် တိုးတက်လျက်ရှိသည်။

" ကျွန်မတို့ ဆက်ပြီး ပို့နေရမှာပဲ၊ သူတို့ကို မေ့မထားတဲ့အကြောင်း ဒီကလေးတွေ သိစေဖို့လိုတယ်၊ ကျွန်မတို့ ပေးနိုင်သမျှ မေတ္တာနဲ့ အားပေးကူညီမှုတွေ သူတို့ဆီ ပို့ပေးကြရလိမ့်မယ်၊" လင်ဒါက အားတက်သရော ပြောဆိုသည်။ "ကျွန်မကတော့ ဘယ်ကလေးတစ်ယာက်မှ ရပ်ပြီး စာမျှော်နေရတာမျိုး အဖြစ်မခံနိုင်ဘူး၊" သည်စကားကို ဆိုစဉ် သူမ၏မျက်လုံးများမှာ မျက်ရည်စတွေ ဝေ့၍နေလေသည်။

ဖေမြင့် "နှလုံးသားအဟာရ" ရသစာများ တတိယတွဲမှ

 Photo from pixabay.com

Post a Comment

0 Comments