ကျနော့် အဖေ (ပတ်ပတ်)



သားသမီးတွေထဲမှာ ကျနော့်တယောက်သာ မွေးကတည်းကနေ အခုချိန်အထိ မိဘနားမှာပဲ အမြဲနေခဲ့သူပါ။ ကျနော်က တဦးတည်းသော သမီးလည်းဖြစ်၊ အဖေချစ်သမီး ဖြစ်ခဲ့တာမို့ အဖေ့နှင့် ပတ်သက်တဲ့ အမှတ်တရက ပိုများပါတယ်။

ဖေဖေ့အကြောင်း ပြောရရင် ဖေဖေဟာ စိတ်ဓာတ်ခိုင်မာလွန်းတယ်။ ဇွဲကောင်းတယ်။ ဘူးဆိုဘူး ဖရုံမသီးတတ်တဲ့လူ။ မဟုတ်မမှန်တာတွေဆို ပြန်တုံ့ပြန်ဖို့ ဝန်မလေးတတ်တဲ့သူ။ အပြောကသာ ဆိုး၊ ဒုတ်ထိုးအိုးပေါက် ပြောတတ်တာ။ အဖေဟာ သနားတတ်သလို သဒ္ဒါတရား စေတနာတရား ကြီးလှတယ်။ တာဝန်သိစိတ်ကလည်း အလွန်ရှိတယ်။ သူကသာ သူများကို စေတနာဗရပွနှင့် အကူအညီပေးတာ သူများဆီက အကူအညီဆို လုံးဝမယူတတ်သူ။ သူ့အားနှင့် မနိုင်တာတောင် မရရင် ရအောင် လုပ်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ကလည်း အလွန်မြန်သလို သူ့စိတ်နှင့်အလိုက် သူ့လှုပ်ရှားမှုတွေကလည်း အလွန်လျင်မြန်ပါတယ်။ ဥာဏ်ကလည်း အလွန်ကောင်း။ မှတ်မိတာ မြန်သလို မှတ်ထားသမျှ တော်ရုံနဲ့ မမေ့တတ်တဲ့သူ။ ကျနော်တို့ မောင်နှမထဲမှာ အဖေ့ဥာဏ်ရည်ဥာဏ်သွေးကို မှီအောင် လိုက်နိုင်တာ မောင်လေးတစ်ယောက်တည်းပဲ ရှိပါတယ်။

အဖေဟာ သူ့ရဲ့ ဒုတိယအကိုကို အရမ်းအားကျလို့ သူ့အကိုအတိုင်း ဆရာဝန်ဖြစ်အောင် သူကြိုးစားခဲ့တယ်။ တကယ်လည်း ဆရာဝန် ဖြစ်ခဲ့တယ်။ သူဆရာဝန်ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာ အမြဲ ပြောပြလေ့ရှိတယ်။ နေဝင်းခေတ်မို့ ဆယ်တန်းအောင်ဖို့ သူဘယ်လိုကြိုးစားခဲ့ရတာတွေ၊ သူ့အကိုက သူ့ကို ဘယ်လို ကူညီခဲ့တာတွေ၊ သူ့အကိုကို ဘယ်လို လေးစားခဲ့ရတာတွေ၊ သူ့အကို တော်ပုံတွေ မကြာခဏ ပြောပြလေ့ရှိပါတယ်။ ဆရာဝန်ဖြစ်ပြီးနောက် အထူးကုဖြစ်ဖို့ အခွင့်အရေး မရှိသလောက် ဖြစ်နေတဲ့ကြားထဲက ဇွဲကောင်းကောင်းနှင့် နောက်မဆုတ်တမ်း ကြိုးစားခဲ့တဲ့ အဖေဟာ နောက်ဆုံးမှာ England ကို ပညာတော်သင်သွားရခဲ့ပြီး အထူးကုစာမေးပွဲကို တကြိမ်တည်းနှင့် အောင်မြင်အောင် ဖြေဆိုလာနိုင်ခဲ့တယ်။

အဖေဟာ ဆရာဝန်ထဲမှာမှ ဦးနှောက်က သွေးကြောလေးတွေကိုခွဲစိတ်တဲ့ ခွဲစိတ်ဆရာဝန်ဖြစ်ချင်ခဲ့ပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ သူ့အခြေအနေနဲ့ မဖြစ်နိုင်တော့ အထွေထွေခွဲစိတ်ဘက်ကိုပဲ သူလိုက်ခဲ့တယ်။ အဖေ့မှာ ဆရာဝန်အလုပ်နှင့် ပတ်သက်လို့ အိပ်မက်တွေ ရှိခဲ့တယ်။ ရှိခဲ့တဲ့အတိုင်း သူအကောင်အထည်ဖော် လုပ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အိပ်မက်တွေထဲက တခုဖြစ်တဲ့ သူ့ဆေးပညာကို ဆရာဝန်ဖြစ်တဲ့ သူ့သားသမီးတွေဆီ လက်ဆင့်ကမ်းပေးချင်တဲ့ အိပ်မက်ကို ဆရာဝန်မဖြစ်ခဲ့တဲ့ ကျနော် မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူ့သားအငယ်ဆုံး (ကျနော့်မောင်လေး) က ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် သူဝမ်းသာခဲ့တဲ့အကြောင်း ပျော်ခဲ့တဲ့အကြောင်း ကျနော့်ကိုပြောခဲ့ဖူးပါတယ်။

အဖေဟာ အစီစဥ်ချတဲ့နေရာမှာ အရမ်းတော်ပါတယ်။ အကွက်စေ့တယ်။ ကျနော်တို့ ဆယ်တန်းအောင်စာရင်းသိရကတည်းက ဘာလုပ်မယ် ဘယ်လိုသွားမယ် ကျနော်တို့ သွားရမယ့် လမ်းကြောင်း လုပ်ရမဲ့ လမ်းကြောင်း၊ ကျနော်တို့ အသက်ဘယ်လောက်မှာ ဘယ်လို ဖြစ်မယ် ဘာလုပ်မယ်ဆိုတာ အကုန် အစီစဥ်ချ ပလန် ဆွဲထားပြီးသား။ ကျနော်တို့လည်း သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ ဘွဲ့ယူတဲ့အချိန်တွေကတော့ သူ့အတွက် ဂုဏ်အယူရဆုံး အပျော်ဆုံးအချိန်တွေပါပဲ။

အဖေဟာ ရှေးရိုးဆန်သလို နေ့တနေ့ကို သူ့အချိန်ဇယားအတိုင်း ဖြတ်သန်းလေ့ရှိပါတယ်။ အမြဲတမ်း မနက်စောစော ၄ နာရီဆို အိပ်ရာထပြီ။ ဘုရားရှိခိုးပြီးတာနှင့် အားကစားလုပ်တယ်။ အားကစားလုပ်ပြီး၊ ရေချိုးပြီးရင် နံနက်စာကို တီဗီရှေ့မှာ သတင်းကြည့်ရင်း ရေဒီယိုဖွင့်နားထောင်ပြီး စားတယ်။ ၈ နာရီဆို ဆေးခန်းဖွင့်ပြီ။ ၁၁ နာရီခွဲဆို ပိတ်ပြီး နေ့လည်စာကို မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း စားတယ်။ စားပြီး တရေးတမော အိပ်တယ်။ ခွဲစိတ်စရာတွေဆို တရေးတမောအိပ်ပြီးမှပဲ လုပ်လေ့ရှိတယ်။ တနေ့လုံး ခွဲစိတ်ပြီး ညနေပြန်လာရင် ၄ နာရီခွဲလောက် ရှိနေပါပြီ။ ရေချိုးပြီး ထမင်းစားပြီး ဆေးခန်း ပြန်ဖွင့်တယ်။ ည ၈ နာရီဆို ပိတ်ပြီး မိသားစုနှင့် ညစာစားပြီး ရေတခေါက် ပြန်ချိုး။ ပြီးရင် ဘုရားရှိခိုးတယ်။ ပြီးရင် တီဗီ ကြည့်ပြီး ၉ နာရီဆိုတာနှင့် အိပ်ခန်းထဲ ရောက်၊ တခေါခေါနဲ့ အိပ်ပြီပဲ။ ဒါ အဖေ့ရဲ့ တနေ့တာ အချိန်ဇယားပါ။ တရက်မှမပျက်ခဲ့ပါဘူး။

အဖေဟာ အမေနှင့် မကြာမကြာ စကားများတတ်ပေမဲ့ အမေ့ကိုတော့ ချစ်ရှာတယ်။ စိတ်ပူရှာတယ်။ အပြင်ပန်းကသာ မပြတာ သားတွေကို ဂရုစိုက်တတ်သလို သမီးဖြစ်တဲ့ ကျနော့်ကိုလည်း ချစ်တယ်။ သူ့မောင်နှမတွေကိုလည်း အရမ်းချစ်တယ်။ သူ့အလုပ်နှင့်တင်သူ လုံးချာလည်နေပေမဲ့ တကယ်အကူအညီလိုလာပြီဆိုရင် သူ့အလုပ်တွေအကုန်ရပ်ထားပြီး လုပ်ပေးတာပါပဲ။ ငယ်ငယ်တုန်းက အကြောင်းတွေ မောင်နှမအကြောင်းတွေ ပြန်ပြောပြရင် တတိယအကိုအကြောင်း အမြဲပါတယ်။ သူ့နှင့် အထက်အောက်လည်းဖြစ်၊ အသက်လည်း သိပ်မကွာတော့ အမှတ်တရတွေလည်း များတာကိုး။ သူ့တတိယအကိုရဲ့ လွတ်လွတ်လပ်လပ်နှင့် ပျော်ပျော်နေတတ်တဲ့ အရည်အချင်းကိုတော့ သူ သဘောအကျဆုံးလို့ ပြောခဲ့ဖူးတယ်။ အဖေဟာ ကုန်သည်တစ်ယောက်ဖြစ်ခဲ့တဲ့ သူ့အဖေရဲ့ သတ္တိကို အလေးစားဆုံးလို့ ပြောခဲ့ဖူးပါတယ်။ ပြီးတော့ အဖေဟာ သူ့အဖေက ပြောခဲ့ဖူးတဲ့ စကားတခွန်း အမြဲပြောပြလေ့ရှိတယ်။ သူတို့ မောင်နှမတွေ တစုတစည်းတည်း စာဝိုင်းဖွဲ့ဖတ်နေပြီး အဖေ့ရဲ့ အဖေက သူတို့နံဘေးနားမှာ ကုလားထိုင်နှင့် သတင်းစာထိုင်ဖတ်နေတုန်း သူ့အဖေက နင်တို့အဲ့လို ရှိနေတာ၊ ဒီလို စုစုစည်းစည်းလေး ရှိနေတာ ငါ သဘောကျတယ် လို့ ပြောခဲ့တဲ့ စကားပါ။ ဒါကြောင့်လည်း မိသားစုနဲ့ မကွဲမကွာ သိုက်သိုက်ဝန်းဝန်းနေလို့ရအောင် ဆရာဝန်အလုပ်ကို ရွေးပြီး အိမ်မှာပဲ ဆေးခန်းဖွင့်ခဲ့တာလို့ ကျနော်ထင်ပါတယ်။

အဖေဟာ သူ့ဝါသနာနှင့် အလုပ် ထပ်တူကျခဲ့တယ်လို့ ဆိုရမှာပါ။ ဆရာဝန်အလုပ်ကို နှစ်သက်ပြီး ဆေးပညာနှင့် ပတ်သက်တာတွေကို စဥ်ဆက်မပြတ် လေ့လာတယ်။ ဆေးခန်းချိန်အတွင်း လူနာနည်းသွားလို့ အားတဲ့အချိန်တွေမှာဆို တရားဓမ္မ လေ့လာတယ်။ ဆေးပညာအသစ်တွေ လေ့လာတယ်။ မှတ်တယ်။ အဖေ့ရဲ့ ထူးခြားချက်က သူစိတ်ဝင်စားတာတွေ့ရင် အလုပ်များလို့ အချိန်မရှိသည့်တိုင် ရအောင် အချိန်ယူပြီး သေသေချာလေ့လာသင်ယူတတ်တာပါပဲ။ နောက်ထပ် ဝါသနာတခုကတော့ အားကစား။ လက်ဝှေ့ထိုး၊ ကရာတေး၊ တင်းနစ် အလွန်ကြိုက်တယ်။ တီဗီကြည့်ရင် သတင်းပြီးရင် အားကစားပဲ။ ဒါပေမဲ့ အလုပ်အားလို့ နားပြီး တီဗီကြည့်ပြီဆိုရင် အလုပ်ကြောင့် ပင်ပန်းလို့ ၅ မိနစ်ထက် ပိုမကြာပါဘူး။ အိပ်ပျော်သွားတာချည်းပဲမို့ သူကြိုက်တဲ့ အားကစားလိုင်း သိပ်တောင် မကြည့်ခဲ့ရပါဘူး။

အဖေဟာ အရာရာမှာ သတိလည်း ကြီးတယ်။ သူဆေးခန်းဖွင့်တဲ့အချိန် ဆေးခန်းရှိရာ အောက်ထပ်ကို လုံးဝမဆင်းခိုင်းခဲ့ဘူး။ ရောဂါပိုး ကူးမှာစိုးလို့တဲ့။ သူကိုယ်တိုင်လည်း ခွဲစိတ်တဲ့နေရာမှာ သတိကြီးကြီးနဲ့ ရှောင်ရှားခဲ့တယ်။ မောင်ငယ် ဆေးကျောင်းတက်ရတော့ အဖေကပြောတယ်။ ခွဲစိတ်ဆရာဝန်ဆို ပိုးကူးခံရဖို့ အန္တရာယ်အရမ်းများတယ်။ မလုပ်နဲ့ ဆိုပြီး သမားတော်လိုင်းကို ရွေးခိုင်းခဲ့တယ်။ မောင်ငယ်နှင့် ဆေးပညာ ဆွေးနွေးတဲ့အချိန်၊ သူ့ပညာတွေ သင်ပေးနေတဲ့အချိန်တွေမှာဆို အဖေ့မျက်နှာဟာ ပြုံးပျော်နေတတ်ပါတယ်။

မောင်ငယ်ကို ခွဲစိတ်ဆရာဝန်ဆို အန္တရာယ်များတယ်လို့ ပြောပေမဲ့ အဖေကိုယ်တိုင်တော့ ဘာလာလာ အကုန် ခွဲစိတ်ပေးခဲ့တယ်။ အဖေ့လို အထူးကုဆို ငွေသောင်းဂဏန်းလောက်ထိ ယူလို့ရပေမဲ့ အဖေ မယူခဲ့ဘူး။ ထောင်ဂဏန်းလောက်သာ ယူခဲ့တာကြောင့် အဖေ့ဆေးခန်းမှာ လူနာအမြဲ တိုးကြိတ်နေခဲ့တယ်။ အဖေနှင့်မှ ခွဲစိတ်ချင်တဲ့ လူနာတွေလည်း မနည်းမနောပါပဲ။ ဆေးတွေဆိုလည်း သူဆေးကုတုန်း တခါတည်း စျေးနှုန်းလျှော့ယူ ရောင်းပေးခဲ့တယ်။ လူနာ အဆင်ပြေရေးကိုသာ အလေးထားပြီး ကုသခဲ့တာကြောင့် အဖေဟာ နာမည်ကြီး လူကြိုက်များတဲ့ ဆရာဝန်တယောက် ဖြစ်ခဲ့ပါတယ်။ စေတနာရှိ၊ သဘောကောင်း၊ တိကျ မှန်ကန်၊ တော်ထက်လှတဲ့ အဖေဟာ ဆေးကျောင်းမှာလည်း ဆရာလုပ်ခဲ့ဖူးတော့ သူ့မှာ တပည့်တပန်း အလွန်များပါတယ်။

ကိုဗစ် တတိယလှိုင်းဝင်တော့ ဘိတ်မြို့မှာ Facilities တွေလည်း မပြည့်စုံ၊ ဆေးရုံ ဆေးခန်း တော်တော်များများကလည်း ပိတ်ဆိုတော့ အဖေ့ဆီ ပြုံပြီး ရောက်လာကြတော့တယ်။ အသိမိတ်ဆွေတွေ တပည့်တွေက သတိပေးကြတယ်။ ဆေးခန်း ခဏပိတ်ပါလား ဆရာကြီး ကိုဗစ်ဖြစ်သူများလာပြီလို့ ပြောလာကြပေမယ့် အဖေက ရောဂါပြစရာ နေရာမရှိတော့တဲ့ လူနာတွေကို သနားပြီး ဆေးခန်း ဆက်ဖွင့် ဆက်ကုပေးနေရင်း သူကိုယ်တိုင် ကိုဗစ်ကူးသွားတော့တာပါပဲ။ အဖေဟာ သူ့ဆေးခန်းစာအုပ်မှာ ဆေးခန်း ပိတ်ရက်မရှိ လို့ ရေးထားတဲ့အတိုင်း တကယ်ပဲ ဖြစ်အောင် လုပ်သွားခဲ့တယ်။ တကယ်လည်း ဆေးခန်း ပိတ်ရတော့ ရာသက်ပန်ပိတ်ခြင်း ဖြစ်သွားခဲ့ပါတယ်။

မျှော်လင့်ချက်မရှိတော့ဘူး ဆိုတာ သိတဲ့ အဖေဟာ ဘာကုသမှုလည်းပဲ မလုပ်၊ ဆေးရုံမတက်ပဲ အိမ်မှာပဲ မိသားစုဝင်တွေနဲ့ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး နေရင်း တရားသဘောရှုရင်းနဲ့ တည်ငြိမ်အေးချမ်းစွာ အသက်ထွက်သွားခဲ့တာပါ။ သူထွက်မသွားခင် အမေနှင့် ကျနော်တို့ကို အငြင်းမပွါးရအောင် လိုလေသေးမရှိအောင် သူ့စိတ်တိုင်းကျ သူကိုယ်တိုင် စီမံခန့်ခွဲပေးသွားခဲ့ပါတယ်။ အဖေ ကောင်းရာဘုံဘဝ ရောက်နေပြီဟု ယုံကြည်ပါတယ်။ အေးချမ်းစွာ အနားယူပါတော့ အဖေ။ ကျနော်တို့ကို စိတ်မပူပါနဲ့။ အမေ့ကိုလည်း သေချာဂရုစိုက်မှာပါ။

ဝမ်းနည်း ကြေကွဲစွာဖြင့်


Post a Comment

0 Comments