Fortnite Battle Royale Beginner (Solo) Guide for Myanmar

 PS4, PC, Mac, Nintendo Switch အတွက်​ ထွက်​ထားတဲ့ Fortnite Battle Royale ဂိမ်းဟာ အခုဆိုရင်​ android အတွက် ထွက်​လာပါပြီ ။ ဆိုတော့ကား စမ်းဆော့ချင်သမားတွေလည်း ရှိလာမှာ အသေအချာပါပဲ ။ ဘလိုင်းကြီး ဝင်ပြီး ဘာလုပ်ရမှန်းမသိ ညာလုပ်လုပ်ရမယ်မှန်းမသိ ၊ ဘယ်ကနေ ဘယ်လို လာပစ်သွားလို့ ပွဲစတုန်းပဲ ရှိသေး ၊ စောစောစီးစီးသေသွားတာတို့ဆို အတော်ခံရခက်ပါတယ်​ ။ ဒီလိုမဖြစ်ရလေအောင် ဒီဂိုက်လေးက ကူညီပေးပါလိမ့်မယ် ။

ပွဲစ ဘယ်​လိုလုပ်​ရမယ်​ ၊ အပစ်​အခတ်​ကြားထဲ အသက်​ရှင်​ကျန်​​အောင်​ ဘယ်​လိုလုပ်​ရမယ်​ ၊ ပစ္စည်း​ကောင်း​တွေ ​တွေ့​အောင်​ ဘယ်​လိုရှာရမယ်​ စတဲ့ နည်းလမ်း​တွေ အကြံ​ပေးချက်​​တွေ ဒီဂိုက်​ထဲ ပါပါတယ်​ ။

အခုမှ စ​ဆော့တဲ့သူ​တွေအတွက်​သာမက မာစတာဖြစ်​ဖို့ ကြိုးစား​နေတဲ့သူ​တွေပါ ဖတ်​လို့ရပါတယ်​ ။ (​နောက်​ပြီး ဒီနည်းစနစ်​​တွေကို PUBG မှာလည်း အသုံးချနိုင်​ပါတယ်​ ။ သူတို့ ၂ ခုက တူညီတာ​တွေ များလို့ပါ)


Fortnite Battle Royale က ဘာလဲ? ဘယ်လို ပုံစံလဲ?

Fortnite Battle Royale ဂိမ်းကတော့ Epic game က ထုတ်​လုပ်​ထားတဲ့ Fortnite ဂိမ်းထဲမှာ ရှိတဲ့ Battle Royale ဆိုတဲ့ mode ပဲ ဖြစ်ပါတယ် ။ Fortnite Battle Royale ဂိမ်းက​တော့ free to play အမျိုးအစားဖြစ်​ပါတယ်​ ။ တကယ့်​ပိုက်​ဆံနဲ့ ဝယ်​လို့ရတာ​တွေ ပါ​ပေမယ့်​ အဲ့ဒါ​တွေက ဂိမ်းပ​လေးမှာ အကျိုးသက်​​ရောက်​မှု မရှိပါဘူး ။

Battle Royale အ​ကြောင်း ​ပြောရရင်​ Battle Royale ဟာ အခုအတော်လေး ခေတ်စားနေပြီး ဂိမ်းတော်တော်များများမှာ ထည့်သွင်းလာကြတာ ​တွေ့ရပါတယ်​ ။ အဲ့ဒီ​တော့ Battle Royale ဆိုတဲ့ mode ကဘာလဲ?

ပုံစံက ဒီလိုပါ ။
မြေပုံတစ်ခုထဲ ကိုယ်အပါအဝင် ကိုယ့်လို တခြား player ၉၉ ယောက် ချပေးလိုက်တယ် ။ ကိုယ့်ဘက်သား သူ့ဘက်သား ဘာမှမရှိဘူး ။ ဒီ အယောက် ၁၀၀ ထဲက နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ တစ်ယောက်သာလျှင် အနိုင်ရပြီး ဂိမ်းသွားမှာ ဖြစ်ပါတယ် ။ အနိုင်ရဖို့နည်းလမ်းက အများကြီးရှိပါတယ် ။ ပွဲစစချင်း တခြား player တွေကို လိုက်ရှာပြီး အသေပစ်သတ်မလား? ဒါမှမဟုတ် တခြား player တွေ မမြင်အောင် ပုန်းနေပြီး တယောက်တည်းကျန်လောက်တဲ့ အချိန်မှ ထွက်လာပြီး လိုက်ရှာပစ်သတ်ပြီး အောင်ပွဲခံမလား? သင့်ဆုံးဖြတ်ချက်ပါပဲ ။

Fortnite Battle Royale ဂိမ်းရဲ့ မြေပုံက တော်တော်လေး ကျယ်ပါတယ် ။ ဂိမ်းက သဘာဝဆန်ဆန် လုပ်ထားတာမို့ အရာရာတိုင်းက ဖျက်ဆီးလို့ရတယ် ။ အဆောက်အအုံ ၊ လှေကား ၊ သစ်ပင် ၊ ကျောက်တုံး .... အကုန်ကုန် ဖျက်ဆီးလို့ရတယ် ။ ပွဲစပြီး ၁ မိနစ် ၂ မိနစ်လောက်ကြာတဲ့အချိန်ဆို စက်ကွင်းတွေပေါ်လာတယ် ။ မြေပုံကို ကြည့်လိုက်ရင် အဖြူရောင် စက်ဝိုင်း ကို တွေ့ရပါမယ် ။ အပြာရောင်စက်ကွင်းထဲနေမိရင် ကိုယ့်သွေးက တတိတိနဲ့ လျော့ကျနေပြီး နောက်ဆုံးမှာ သေသွားမှာပါ ။ ဒါကြောင့် ဘာအရောင်မှမရှိတဲ့ အဖြူရောင်စက်ကွင်းထဲ နေရမှာ ဖြစ်တယ် ။ ဒီအပြာရောင်စက်ကွင်းဟာ အချိန်နဲ့အမျှ တဖြည်းဖြည်းဧရိယာ ကြီးလာတယ် ။ အပြာရောင်စက်ကွင်းကြီးလာတာဟာ မြေပုံပေါ် ရှိရှိသမျှ player တွေကို တနေရာထဲ စုမိအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ် ။ ဒါမှ နောက်ဆုံး အသက်ရှင်ကျန်ရစ်မယ့် တစ်ယောက် ထွက်လာမှာကိုး ။

ပထမ ပွဲစထွက်တော့ မိုးပျံပူပေါင်းဆွဲထားတဲ့ ဘတ်စ်ကားပေါ်မှာ ။ အဲ့ဒီ ဘတ်စ်ကားပျံက မြေပုံပေါ်တစ်လျှောက် ပျံသန်းနေပြီး နောက်ဆုံး မြေပုံအပြင်ဘက် ရောက်ပြီး ပျောက်သွားမှာပါ ။ နောက်ဆုံးပျောက်မသွားခင် အချိန်အထိ ဘတ်စ်ကားပျံကနေ ခုန်ချဖို့ သင့်မှာ အချိန်ရှိတယ် ။ ဘယ်အချိန်မှာ ခုန်ချမယ်၊ ဘယ်အချိန်မှာ လေထီးဖွင့်မယ်၊ ဘယ်နေရာကို အရောက်ကျစေမယ်ဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပါ ။ သဘာဝကျကျလုပ်ထားတာမို့ အမြင့်ကြီးကနေ ဒီအတိုင်း ဘလိုင်းကြီး ခုန်ဆင်းရင်တော့ ပွဲတောင် မစရသေးပဲ တခါတည်း သေသွားပါလိမ့်မယ် ။ သတိတော့ ထားပေါ့ဗျာ ။ ခုန်ဆင်းလို့ မြေပြင်ပေါ်ရောက်တာနဲ့ အားလုံးထဲ အသက်ရှင်ကျန်ရစ်နေဖို့က သင့်ရဲ့ စွမ်းရည်၊ တွေးတောကြံဆမှုအပေါ် လုံးဝ မူတည်သွားပါပြီ ။ သင့်မှာ သင့်ဘက်တော်သား မရှိ ၊ သင့်ကို ကူညီ လမ်းညွှန်ပေးမယ့်သူ မရှိပါဘူး ။

Fortnite battle royale ဂိမ်းဟာ တခြားဂိမ်းနဲ့မတူတာက သူ့မှာ weapon upgrade တွေ မရှိဘူး ။ အထူးခြားဆုံးကတော့ ခံတပ်တွေ လှေကားတွေ ကိုယ်တိုင်ဖန်တီး တည်ဆောက်လို့ရတာပါပဲ ။


ဘယ်လို ကစားရမှာလဲ?

အခုမှ စဆော့မယ့်သူတွေအတွက် အကြံပေးချက်ကတော့ fortnite ဂိမ်းအသွားအလာနဲ့ အသားကျအောင် အရင်လုပ်ပါ ။ သူများလုပ်တိုင်း လိုက်မလုပ်ပါနဲ့ ။ ဂိမ်းစထွက်တဲ့ပုံ ဘယ်လိုရှိတယ် ၊ တောတောင်မြေ အနေအထား ဘယ်လိုရှိတယ် ၊ ပစ္စည်းတွေ လက်နက်တွေ ဘယ်နေရာမှာ ပေါ်တတ်တယ် ၊ အဖြူရောင်စက်ကွင်းရဲ့ ဗဟိုချက် ဘယ်မှာ ပေါ်လာတတ်တယ် စသဖြင့် အရင်လေ့လာ မှတ်သားထားဖို့ လိုအပ်ပါတယ် ။ ဒီလို မှတ်သားထားဖို့က အရင်ဦးဆုံး စဆော့ကြည့်ဖို့ နဲ့ စဆော့ကြည့်ရမှာ သေတတ်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် စဆော့မယ့်သူတွေကို ပြောချင်တာက ၉၉ ယောက်ဥာဏ်နဲ့ ယှဉ်ပြိုင်နေရတဲ့အတွက် သေသွားလည်းပဲ စိတ်ဓာတ်မကျပါနဲ့ ။ သေတဲ့ အခေါက်တိုင်းမှာ အနည်းဆုံး မြေပြင်အနေအထားတော့ ရအောင် မှတ်သားခဲ့ပါ ။ မှတ်ထားဖို့က အခုလက်ရှိ ပွဲတိုင်းနိုင်အောင် တိုက်နိုင်တဲ့သူတွေဟာ အောင်ပွဲမရမီ ရှေ့မှာ အခေါက်ပေါင်းများစွာသေပြီး အကြိမ်ကြိမ် လေ့လာခဲ့လို့ပါပဲ ။

အရေးကြီးဆုံးကတော့ လေယာဉ်ပေါ်ကနေ စခုန်ချတဲ့ စမှတ်ပါပဲ ။ အစကောင်းမှအနှောင်းသေချာ ဆိုသလို ခုန်ချတဲ့နေရာ မှန်မှသာ သူများထက် တပန်းသာပြီး နောက်ဆုံး အောင်ပွဲဆင်နိုင်မှာ ဖြစ်ပါတယ် ။ ဘယ်နေရာကို အရောက် ကျချင်လဲ? အဲ့ဒီ့နေရာကို လေထီးနဲ့ ထိန်းပြီး သွားပါ ။

ဂိမ်းပုံစံဟာ တခြား battle royale ဂိမ်းတွေနဲ့တူပေမယ့် ထူးခြားချက်ကတော့ နံရံတွေ လှေကားတွေ ခံတပ်တွေ ကိုယ်တိုင် တည်ဆောက်လို့ရတယ် ဆိုတာပါပဲ ။ အရာရာတိုင်း ဖျက်ဆီးလို့ရတယ်ဆိုတာ ဒီဟာတွေ တည်ဆောက်ဖို့အတွက် လုပ်ထားတာပဲ ဖြစ်ပါတယ် ။ ဘာအရာတွေ သယ်မယ် ၊ ဘယ်အရာတွေ ဘယ်အချိန် ဘယ်နေရာမှာ တည်ဆောက်မယ် ၊ ဘယ်အချိန် ဘယ်အခါ သေနတ်နဲ့ ပစ်မယ် ဆိုတာ သိနားလည်ဖို့က အရမ်းအရေးကြီးပါတယ် ။

သတ်ခဲ့တဲ့ အယောက်အရေအတွက် စတာတွေနဲ့ အဆင့် rank စီပေမယ့် အဓိကဖြစ်ဆုံးအရာကတော့ အားလုံးထဲမှာ ကိုယ့်တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ဖို့ပါပဲ ။ ဒီ အယောက် ၁၀၀ ထဲ အသက်ရှင်ကျန်ရစ်ဖို့ဆိုတာ တကယ် မလွယ်ပါဘူး ။ မျက်စိအမြင် ၊ နားအကြား ၊ ဘယ်အချိန်ဘယ်အခါ ပစ်မယ် ပုန်းနေမယ် တည်ဆောက်မယ် စတဲ့ အတွေးအကြံအကုန် သုံးရတာ ဖြစ်ပါတယ် ။ နားကြပ်ကောင်းကောင်းတစ်ခု ၊ ဖုန်းနဲ့ဆော့မယ်ဆိုရင် ဖုန်းကောင်းကောင်းတစ်လုံး ၊ ကွန်ပျူတာနဲ့ဆော့မယ်ဆို အတော်အသင့်ရှိတဲ့ ကွန်ပျူတာကောင်းကောင်းတစ်လုံး လိုပြီး နောက် အရေးကြီးဆုံးကတော့ ဖုန်းကွန်နက်ရှင်ကောင်းကောင်း ရှိဖို့ ပါပဲ ။


ဂိမ်းဘယ်လို အလုပ်လုပ်သလဲ?

> ပွဲစတိုင်း မိုးပျံပူပေါင်းချိတ်ဆွဲထားတဲ့ Battle Bus ပေါ်ကနေ အစပြုပါတယ် ။ ဘတ်စကားပျံ ကတော့ ပွဲတိုင်းမှာ ပျံသန်းသွားမယ့် သူ့ဦးတည်ချက်က မတူပါဘူး ။ player တော်တော်များများဟာ ပွဲစတာနဲ့ သူ့ထက်ငါ မြေပြင်ပေါ် အရင်ရောက်လိုဇောနဲ့ Battle Bus ပေါ်က ခုန်ဆင်းကြပါလိမ့်မယ် ။ သင်လည်းပဲ အရင်ခုန်ဆင်းပြီး လေထီးသုံးပြီး သင်သွားလိုရာနေရာကို ခုန်ဆင်းနိုင်ပါတယ် ။

> ပွဲစပြီး ၁ မိနစ် ၂ မိနစ်လောက်ကြာတဲ့အချိန် စက်ကွင်းတစ်ခု ပေါ်လာပါတယ် ။ နောက်ထပ် မိနစ် အနည်းငယ်ကြာတဲ့အခါ စက်ကွင်းအပြင်က လေတွေတိုက်လာတယ် ။ လေကတော့ သိပ်မပြင်းပေမယ့် စက်ကွင်းအလည် ဗဟိုချက်ကို ဦးတည်ပြီး တိုက်ခတ်နေတာ ဖြစ်ပါတယ် ။

> ဒုတိယစက်ကွင်းဟာ ပထမစက်ကွင်းရဲ့ အလည်မှာ ပေါ်လာတယ် ။ ဒီတစ်ကြိမ်တော့ အင်အားပြင်းလာပါပြီ ။ စက်ကွင်းအပြင် (အပြာရောင်ရှိတဲ့ အပိုင်းထဲ) နေရင် သွေး တတိတိနဲ့ လျော့နည်းလာမှာ ဖြစ်တာကြောင့် စက်ကွင်း ဗဟိုချက်မှာ နေရဖို့ အရေးကြီးလာပါတယ် ။ ဟုတ်တာပေါ့ ။ သူများတွေလည်း အသက်ရှင်ဖို့အတွက် ဒီစက်ကွင်းဗဟိုချက်ကို ပြေးလာကြမှာပါ ။

> စက်ကွင်းတွေရဲ့ ဗဟိုချက်ဟာ တဖြည်းဖြည်း ကျုံ့ဝင်လာပြီး နောက်ဆုံး နေရာသေးသေးလေးသာ ကျန်တော့မှာ ဖြစ်ပါတယ် ။ ဒီအချိန်ဆို ကျန်တဲ့ player နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ် ။ ခံတပ်တွေ ဆောက်ကြမယ် ။ သင့်တော်တဲ့ သေနတ်တွေနဲ့ ရှိရှိသမျှအကုန် ထုတ်သုံးကြတော့မယ် ။ supply drop တွေကျလာရင် ကောက်မှာလား ကောက်မယ်ဆိုရင် ဘယ်လိုနည်းနဲ့သွားမှာ စဉ်းစားဆုံးဖြတ်ပြီး အရာရာကို သတိကြီးကြီးနဲ့ လုပ်ဆောင်ရတော့မယ့် အချိန်ပဲ ဖြစ်ပါတယ် ။


ပွဲစ အကြံပေးချက်

> အရင်ဦးဆုံး မြေပုံကို ကြည့်ထားဖို့ လိုပါတယ် ။ ဘယ်နေရာက ပုန်းလျှိုးကွယ်လျှိုးသွားလို့ကောင်းတယ် ၊ ဘယ်နေရာက supply drop တွေက ကောင်းတတ်တယ် စသဖြင့် သိရဖို့ပါ ။

> Battle Bus ပေါ်ကနေ စဆင်းတဲ့ အချိန်ဟာ တစ်ပွဲလုံးရဲ့ အခြေအနေကို ဆုံးဖြတ်ပေးပါတယ် ။ အစကောင်းမှအနှောင်းသေချာ ဆိုသလို သင်မြေပြင်ပေါ် စတင်ခြေချတဲ့နေရာကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ် ။ အကြံပေးချက်ကတော့ ၂ ချက်ရှိပါတယ် ။ Battle bus မြေပုံအပြင်ဘက်ကို မထွက်ခင်လေးမှာ ရှိတဲ့ နေရာကို ဆင်းချင်ဆင်းနိုင်ပါတယ် ။ ဒါမှမဟုတ် မြေပုံရဲ့ ဗဟိုချက်နဲ့ နီးတဲ့နေရာ (Retail Row, Dusty Divot, Tilted Towers စတဲ့နေရာတွေကို) ခုန်ဆင်းနိုင်ပါတယ် ။ player နဲနဲ (၁ ယောက် သို့ ၂ ယောက်) နဲ့ တွေ့တာမျိုး လိုချင်ရင်တော့ bus ဦးတည်ပြီး သွားနေတဲ့ လမ်းနဲ့ ဝေးရာကို ခုန်ဆင်းပါ ။

> အကယ်၍ သင်ဟာ fortnite ကို အခုမှ စဆော့သမားဆိုရင်တော့ အပေါ်မှာ ပြောပြထားတဲ့ နေရာကနေ နဲနဲဝေးတဲ့နေရာ battle bus သွားရာလမ်းဆုံးလောက်မှာရှိတဲ့ မြေပေါ် ခြေချပါ ။ ဒီနေရာလောက်ဆို ရှာဖွေလို့ ရလာမယ့် loot တွေ ပစ္စည်းတွေဟာ တခြားနေရာလောက် သိပ်မကောင်းပေမယ့် player တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရမယ့် အခွင့်အလမ်း နည်းပါးတာမို့ အသက်ရှင်နိုင်ချေ မြင့်တဲ့အပြင် အပေါ်မှာ ဖော်ပြထားတဲ့နေရာတွေကို သတိကြီးကြီးနဲ့ သေသေချာချာ သွားနိုင်မှာ ဖြစ်သလို စက်ကွင်းတွေပေါ်လာရင်လည်း ရှောင်ရှားနိုင်ဖို့ အချိန်လည်း ရမှာ ဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ကိုယ်အသက်ရှင်နေဖို့ပါပဲ ။ ဒါမှသာ ကိုယ်လုပ်ချင်တာ လုပ်နိုင်မှာ ဖြစ်တယ် ။

> လေထီးနဲ့ ခုန်ဆင်းတဲ့အချိန် အိမ်ခေါင်မိုးပေါ် ခြေချမိအောင် လုပ်ပါ ။ ပြီးတော့ သင့်ရဲ့ ပုဆိန်နဲ့ အိမ်ခေါင်မိုးဖောက်ပါ ။ ဒီလိုလုပ်တဲ့အခါ ခံတပ်ဆောက်တဲ့အခါ သုံးလို့ရတဲ့ ပစ္စည်းတွေရတဲ့အပြင် အိမ်ခေါင်မိုးအောက်မှာရှိတဲ့ loot တွေကို တကူးတက တက်ယူစရာမလို တခါတည်း ရသွားမှာ ဖြစ်ပါတယ် ။

> အကယ်လို့သာ သင့်သူငယ်ချင်းမဟုတ်ပဲ တခြားတယောက်နဲ့ ခုန်ဆင်းရာလမ်းချင်း တူနေခဲ့ရင် သူ့ကို လျစ်လျူရှုထားပြီး ကိုယ့်နဲ့ အနီးဆုံးမှာ ရှိတဲ့လက်နက်ကို အမြန် ပြေးကောက်ပြီး ပစ်ပါ ။ နဂိုပါလာတဲ့ ပုဆိန်လက်နက်ဟာ သေအောင်သတ်နိုင်ဖို့ အချက် ၂၀ လောက် ခုတ်ရတာမို့ အချိန်ကြာပြီး သေနတ်က တချက် ၂ ချက်တည်းနဲ့ သေနိုင်တာမို့လို့ပါ ။


ပစ္စည်းကောက်ရာတွင် အကြံပေးချက်

> သင့်ရဲ့ ပထမဦးစားပေးက ပစ္စည်းကောင်းတွေ ရဖို့ပါပဲ ။ စစချင်း ပစ္စည်းကောင်းတွေရှိမယ့် မြေပေါ် ခြေချတာဟာ ကောင်းပေမယ့် အဓိကကတော့ တစ်ပွဲလုံးမှာ ပြေးရင်းလွှားရင်း ပစ္စည်းတွေ အဆက်မပြတ် ရှာဖွေနေဖို့ပါပဲ ။ ဒါမှသာ ပစ္စည်းကောင်းတွေ ရရှိလာမှာ ဖြစ်ပါတယ် ။

> loot chest ပစ္စည်းသေတ္တာတွေ ရှာတွေ့တာ အတော် ဝမ်းသာစရာကောင်းပါတယ် ။ သူတို့က နေရာအတိအကျမှာ ပေါ်လေ့ရှိပေမယ့် အသုံးဝင်တဲ့ အကောင်းစား ပစ္စည်းတွေပါတဲ့ သေတ္တာကတော့ တစ်နေရာမှာ တစ်ကြိမ်သာ ပေါ်တတ်ပါတယ် ။ ပေါ်လာတဲ့အချိန်ဆို နံရံတွေကို ဖြတ်ပြီး အသံတွေ ကြားရပါလိမ့်မယ် ။ ဒါကြောင့် အသံကြားရင် အသံထွက်ရာနေရာပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ရှာဖွေပါ ။ အရယူပါ ။

> အကယ်၍ ပစ္စည်းသေတ္တာက သင့်အပေါ် ရောက်နေခဲ့ရင် သစ်သားလှေကားခင်းပြီး ပြေးတက်ယူပါ ။ ပစ္စည်းသေတ္တာရှိရာ အောက်ခြေကြမ်းပြင်ကို မှန်းဆပြီး ဖျက်ပြီး မယူပါနဲ့ ။ ပစ္စည်းသေတ္တာ ကိုယ့်ဆီ ကျမလာပဲ ပျောက်ကွယ်သွားပါလိမ့်မယ် ။

> PUBG နဲ့ မတူတဲ့အချက်က weapon attachment (လက်နက်မှာ ပစ္စည်းတွေ ထပ်ဆင့်တပ်ဆင် အသုံးပြုရတာတွေ) ၊ scopes တွေ armour pieces တွေ မရှိပါဘူး ။ ကောက်ရတာနဲ့ကို ပစ်လို့ရပါတယ် ။ ဒါပေမယ့် သင့်ရဲ့ shield (ဒိုင်းကာ) ကိုတော့ အဆင့်မြင့်ဖို့ လိုပါလိမ့်မယ် ။ မဟုတ်ရင် လက်နက်အကောင်းစား တစ်စုံ ရှိဖို့ လိုပါလိမ့်မယ် ။ လက်နက်အကောင်းစား တစ်စုံဆိုတာကတော့ အနီးပစ် လက်နက် ၊ အဝေးပစ် လက်နက် ၊ ဗုံး ၊ သွေးဖြည့်ပစ္စည်း အစုံအလင် ပါဝင်တာကို ပြောတာ ဖြစ်ပါတယ် ။

> သွေးဖြည့်ပစ္စည်း (healing item) အမျိုးအစား အများကြီးရှိပါတယ် ။ အရအများဆုံးကတော့ အပျော့စားဒိုင်း (small shield) နှင့် ပတ်တီး (Bandage) ပါပဲ ။ သူတို့ကတော့ သွေးဖြည့်ပေးနိုင်တဲ့ ပမာဏနည်းကြတာမို့ သွေးကို ၅၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်း အထိပဲ ဖြည့်ပေးနိုင်ပါတယ် ။ ဒိုင်းလည်းပဲ ထိုနည်းလည်းကောင်းပါပဲ ။ အကယ်၍ သင့်မှာ ဒါတွေနဲ့ ဒိုင်းအကြီးစား (big shield) ရထားရင်တော့ အငယ်စားတွေကို အရင်သုံးပြီးမှ အကြီးစားကို သုံးပါ ။ ဒါမှ ဒိုင်းက ကာကွယ်ပေးနိုင်တဲ့ ပမာဏ အမြင့်ဆုံးရနိုင်မှာ ဖြစ်ပါတယ် ။

> ပတ်ဝန်းကျင်ကရတဲ့ သဘာဝအရာတွေနဲ့လည်း သွေးဖြည့်လို့ရပါသေးတယ် ။ ကျွန်းအနှံ့ ပန်းသီးနှင့် မှိုတွေ မြေပြင်ပေါ် ပြန့်ကျဲ နေတာကို တွေ့မြင်ရမှာပါ ။ ဒီဟာလေးတွေက သွေးကို ၅ ရာခိုင်နှုန်း ဖြည့်ပေးနိုင်တဲ့အပြင် ဒိုင်းက ၅ ရာခိုင်နှုန်းလောက် ကာပေးနိုင်ပါတယ် ။ နည်းတယ်ဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့ ။ ဒီပမာဏနည်းနည်းလေးက သင့်ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးသွားနိုင်ပါတယ် ။ ဒါကြောင့် ရတိုင်း သုံးပြီး ကိုယ့်ရဲ့ ဒိုင်းကာပမာဏကို မြင့်တင်ထားပါ ။

> လက်နက်အမျိုးအစားတိုင်းမှာ ရှားပါးအဆင့် ၅ ဆင့်နဲ့ ခွဲခြားထားပါတယ် ။ အရောင်နဲ့ ခွဲခြားထားတာမို့ ဘယ်လက်နက်ဟာ သူ့လက်နက်အမျိုးအစားထဲမှာ အရှားပါးဆုံး နဲ့ အကောင်းဆုံး ဖြစ်လဲဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ် ။ Destiny ဂိမ်းကို ဆော့ဖူးတဲ့သူဆိုရင် သိမှာပါ ။ မီးခိုးရောင်က သာမာန်အဆင့် ၊ သူ့ထက် နဲနဲအဆင့်မြင့်တာက အစိမ်းရောင် ပြီးတော့ အပြာရောင် ပြီးတော့ ခရမ်းရောင် ၊ နောက်ဆုံး အရှားပါးဆုံးက လိမ္မော်ရောင်ပဲ ဖြစ်ပါတယ် ။ အဆင့် ၁ ဆင့်မြင့်လာတာနဲ့အမျှ လက်နက်ရဲ့ ပြင်းအား (DPS = damage per second = တစ်စက္ကန့်တိုင်းမှာ ထိမယ့် ပမာဏ) တိုးလာပါတယ် ။ တိုတိုပြောရရင် အရှားပါးဆုံးလက်နက်ဟာ အကြမ်းဆုံးဖြစ်တဲ့အတွက် လက်နက်စာ တချက်မိရင်ကို သေစေနိုင်လောက်တဲ့အထိ စွမ်းအားမြင့်ပါတယ် ။

> လက်နက်နှင့် ကျည်တောင့်တွေဟာ လေပေါ်ပျံဝဲနေပြီး အရောင်က လင်းနေတာကြောင့် မျက်စိရှင်ရှင်ထားရင် အဝေးကတည်းကကို တွေ့နိုင်ပါတယ် ။

> ထို့အတူ player တယောက်သေတဲ့အခါမှာလည်း သူပိုင်တဲ့ ပစ္စည်းတွေ လေပေါ်ပျံနေမှာ ဖြစ်ပါတယ် ။ ခန္ဓာကိုယ်ကို စစ်ဆေးစရာမလိုတာမို့ အလွယ်တကူ ကောက်ယူနိုင်ပါတယ် ။


တိုက်ပွဲတွင်း အကြံပေးချက်

> တိုက်ပွဲမှာ အသက်ရှင်ကျန်ဖို့နဲ့ သူများကို သတ်နိုင်ဖို့အတွက်က Headphone (နားကြပ်) က မရှိမဖြစ်ပါပဲ ။ ရန်သူတွေရဲ့ လှုပ်ရှားသံ ၊ သင့်ဆီ ပြေးလာတဲ့ ရန်သူတွေရဲ့ အသံတွေ ကြားရဖို့ လိုအပ်တာကြောင့် Headphone ကောင်းကောင်းသုံးပါ ။ Fortnite Battle Royale ဂိမ်းမှာတော့ တခြား shooter ဂိမ်းတွေထက် လှုပ်ရှားတဲ့ အသံပိုကျယ်တာကြောင့် ဘယ်နေရာကနေ ရန်သူလာနေတယ်ဆိုတာ သိနိုင်ပြီး လျင်မြန်စွာ ပစ်ခတ်နိုင်သလို ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ် ။

> အကယ်၍ အနီးအနားမှာ player အချင်းချင်း ပစ်ခတ်သံတွေ သေနတ်သံတွေ ကြားလိုက်​တာနဲ့ မျက်စိဖွင့် နားဖွင့်ထားပါ ။ သတိကြီးစွာနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာကို တဖြည်းဖြည်း ချဉ်းကပ်သွားပါ ။ အခြေအနေကို သေချာအကဲခတ်ပြီး ဘယ်နှစ်ယောက်ပစ်နေလဲ ဘယ်နေရာမှာ ရှိနေလဲ လေ့လာပါ ။ အကောင်းဆုံးကတော့ သူတို့အချင်းချင်း ပစ်ခတ်ပြီး အဝေးကို မျက်နှာမူနေတဲ့အချိန်ကို စောင့်ပြီး လှုပ်ရှားပါ ။ ပစ်ခတ်ချင်ရင်တော့ ပစ်ရင် သေချာထိနိုင်လောက်တဲ့ အကွာအဝေးအထိ ရောက်အောင် တိတ်တဆိတ်သွားပြီးမှ ပစ်ခတ်ပါ ။

> အကြီးအကျယ်ပစ်ခတ်နေကြတဲ့ နေရာကို သင် ရောက်နေခဲ့ရင် စောင့်လိုက်ပါ ။ ပစ်ခတ်နေတဲ့ player တွေ အထိနာပြီး မောပန်းသွားလို့ သတိလျော့ပေါ့သွားတဲ့အချိန်အထိ စောင့်နေလိုက်ပါ ။ ဒီအချိန်ဆိုရင် ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားပြီး နိုင်တဲ့ player တွေက သေသွားတဲ့ player တွေဆီကို ပစ္စည်းကောက်ဖို့ လာနေတာ ဖြစ်နိုင်သလို ခဏရပ်ကာ ကွယ်ရာမှာ ပုန်းနေပြီး သွေးပြန်ဖြည့်နေတာလည်း ဖြစ်နိုင်ပါတယ် ။

> သင်ဟာ တိုက်ပွဲထဲပါပြီး အပြင်းအထန်ပစ်ခတ်ပြီးလျှင်လည်း သတိကို မလျှော့ချလိုက်ပါနဲ့ ။ ဘေးဘီကို မပြတ်အကဲခတ်နေပါ ။ ပစ္စည်းကောက်ဖို့ လောဘတကြီး မထွက်လာပါနဲ့ ။ သင်က အစကတည်းက ပစ္စည်းကောက်မြန်တဲ့သူဆိုရင်တော့ အသံတွေ တိတ်ပြီး ရပ်သွားလောက်ပြီလို့ ခန့်မှန်းမိတာနဲ့ အမြန်ပြေးထွက်လာပြီး ပစ္စည်းကောက်ယူနိုင်ပါတယ် ။ မဟုတ်ရင်တော့ အကာအကွယ်ယူရင်း ပစ္စည်းကောက်မယ့်နေရာကို သတိနဲ့ သွားကာ ကောက်ယူပါ ။

> အကယ်၍ သင်ဟာ တစ်ခုခုဆောက်နေတဲ့ player နဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ သူတို့ရဲ့ နံရံ ၊ လှေကားတွေကို အမြန်ပစ်ခတ်ဖျက်ဆီးပစ်ပါ ။ ဒါမှသာ အကာအကွယ်မဲ့သွားပြီး ပစ်ခတ်ရလွယ်သွားမှာ ဖြစ်ပါတယ် ။ မဟုတ်ရင်လည်း သူတို့ လက်နက်ပြောင်းနေတဲ့အချိန် ပတ်ဝန်းကျင်ကို သတိမမူမိတဲ့အချိန်မျိုးမှာ သေချာလောက်တဲ့ လက်နက်ကိုင်သွားပြီး ချုံခို ပစ်သတ်နိုင်ပါတယ် ။

> ခံတပ်တွေ လှေကားတွေ နံရံတွေ တည်ဆောက်ခြင်းဟာ အကောင်းဆုံးသော ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ် ။ တည်ဆောက်တဲ့ နည်းလမ်းတွေ သာမန်သိနားလည်ထားတာနဲ့ကို သေရေးရှင်ရေးမှာ ရှင်ဖို့အခွင့်အလမ်း များစေပါတယ် ။

> အဆောက်အအုံတွေ နံရံတွေ ဆောက်ရင် အသံကျယ်တဲ့အတွက် လူရှိမရှိ သေချာအကဲခတ်ပြီးမှ ဆောက်ပါ ။ ဆောက်နေစဉ်အတောအတွင်းလည်း ဘေးဘီပတ်ဝန်းကျင်ကို ကင်မရာကို သေချာ လှည့်ပြီး မျက်ခြေမပြတ် ကြည့်ထားပါ ။

> ကျည်ဆံအသွားအလာဟာ Fortnite ဂိမ်းမှာ ထင်းနေတာကြောင့် အမြဲခြေရာခံလို့ရပါတယ် ။ ကျည်ဆံအသွားအလာကို ကြည့်ပြီး ဘယ်ကနေ ပစ်ခတ်နေတယ် ၊ ဘယ်သူ့ကို ချိန်ပြီး ပစ်နေတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ် ။

> ခြုံငုံပြောရရင်​ဖြင့်​ လေ့ကျင့်သားပြည့်ဝမှု ၊ ရင်ဆိုင်တိုက်ခိုက်ရာမှာ ကျွမ်းကျင်မှု ၊ အခြေအနေအချိန်အခါအလိုက် လက်နက်တွေနဲ့ လှုပ်ရှားမှုအတိုင်းအတာ ကောင်းစွာ ခန့်မှန်းကိုင်တွယ်နိုင်မှု တွေဟာ သူများထက် နှာတစ်ဖျားသာသွားစေမယ့် အရည်အသွေးတွေ ဖြစ်ပါတယ် ။ သင်ဟာ ရန်လိုပြီး ပစ်ခတ်ဖို့ အားသန်နေပြီဆိုရင် သင့်ရန်သူတွေဟာ ခုခံကာကွယ်ရေး နည်းဗျူဟာနှင့် တိုက်ခိုက်တော့မှာ ဖြစ်ပါတယ် ။ သင်ဟာ လုံခြုံရေးဦးစားပေးစနစ်နဲ့ သွားမယ်ဆိုရင်တော့ သင့်ရန်သူတွေက အဆက်မပြတ် အကြမ်းပတမ်းပစ်ခတ်တော့မှာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် တိုက်ပွဲအနေအထား နားလည်ဖို့ အရမ်းအရေးကြီးပါတယ် ။

> အကယ်၍ မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ မကျွမ်းသေးဘူးဆိုရင်တော့ စိတ်ရှည်လက်ရှည် စောင့်နေတတ်ဖို့ သင်ယူပါ ။ တခြား player တွေကို အရင်ပေးဖြတ်၊ ပေးသွားလိုက်ပါ ။ ဒါမှမဟုတ် သင်ရှိနေတာ သူတို့မရိပ်မိသေးဘူးဆိုရင် တဖြည်းဖြည်းချဉ်းကပ်သွားပြီး ကိုယ်ပိုင်နိုင်တဲ့ သေချာလောက်တဲ့ အကွာဝေးရောက်တဲ့အချိန်မှ ပစ်ပါ ။


စက်ကွင်းနှင့် မုန်တိုင်းတွေအကြား အသက်ရှင်နိုင်ဖို့ အကြံပေးချက်

> သင့်ရဲ့ပြေးနှုန်း (sprint) ဟာ မုန်တိုင်းလာရင် မုန်တိုင်းမမိအောင် ရှေ့ကနေ လွတ်အောင်ပြေးဖို့ အင်အားမရှိပါဘူး ။ PUBG လိုမျိုး မုန်တိုင်းထဲမှာ အချိန်တစ်ခု ကြာတဲ့အထိ နေနိုင်ပါတယ် ။ အချိန်ကတော့ သင့်သွေးအခြေအနေအပေါ် မူတည်နေပြီး မုန်တိုင်းထဲနေလို့ အချိန်နဲ့အမျှ သွေးတတိတိလျော့နည်းလာမှာ ဖြစ်ပေမယ့် ပြာယာမခတ်​ပါနဲ့ ။

> အမြဲတမ်း မြေပုံကိုကြည့်ပြီး အစီအစဉ်ဆွဲထားပါ ။ ပလမ်ချထားပါ ။ လုံခြုံစိတ်ချရတဲ့ စက်ကွင်းကို ဘယ်နည်းနှင့် ဘယ်လို ပြေးလျှင် အမြန်ဆုံးရောက်မယ်ဆိုတာ ။

> Fortnite မှာ စီးဖို့ ယာဉ်တွေ မရှိပါဘူး ။ ဒါပေမယ့်လည်း မြေပုံမှာ တဖြည်းဖြည်း ကျဉ်းလာမှာ ဖြစ်တဲ့အတွက် မုန်တိုင်းမဖြစ်ခင် လုံခြုံစိတ်ချရတဲ့ စက်ကွင်းကို အရောက်သွားနိုင်ပါတယ် ။ ကိုယ်နဲ့ ဝေးတဲ့ တဖက်ခြမ်းကကျွန်းမှာ လုံခြုံစိတ်ချရတဲ့ စက်ကွင်းပေါ်လာတာတောင်မှ အစီအစဉ်သေသေချာချာ ဆွဲတတ်ရင် စက်ကွင်းကိုရောက်အောင် ပြေးဖို့ အချိန်လုံလောက်ပါတယ် ။

> မုန်တိုင်းဒဏ်က လွတ်အောင် ပြေးကြပေမယ့် တချို့က မုန်တိုင်းကို အခွင့်ကောင်းယူပြီး ဒီမုန်တိုင်းထဲရဲ့ အစွန်းမှာ နေ၊ အပြင်ကနေ စက်ကွင်းထဲ ပြေးဝင်လာမယ့် သားကောင်ကို ပစ်ဖို့ စောင့်ဆိုင်းနေတတ်ပါတယ် ။ ဒီလိုလုပ်ဖို့ကတော့ ပုန်းခိုနေရမယ့် နေရာ ၊ သွေးအခြေအနေ ၊ အသက်ကယ်ပစ္စည်း လုံလောက်မှု ၊ အရေးပေါ်အခြေအနေအတွက် ထွက်ပြေးပေါက်တွေ ရှာထားရတာတွေ အကုန် ပြည့်စုံနေမှ ဖြစ်နိုင်ပါတယ် ။

> လုံခြုံစိတ်ချရတဲ့ စက်ကွင်း ကို သင်ရောက်နေလျှင် တခြား player တွေလည်း ရောက်နေလောက်ပြီလို့ တွက်ထားရသလို စက်ကွင်းထဲ ပြေးဝင်လာမယ့် player တွေလည်း ရှိနေသေးတယ်လို့ တွက်ထားရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ်မမြင်ရတဲ့ ကျောဘက်က ပစ်တာခံရနိုင်ချေရှိတဲ့အတွက် အနောက်ဘက်ကို အမြဲသတိထားပါ ။ အဆောက်အအုံထဲက ပြေးထွက်လာမယ့် player တွေကိုလည်း သတိထားပါ ။

> ဂိမ်းစကတည်းက သင်ဟာ စက်ကွင်းအလယ် ရောက်နေခဲ့ရင် ပိုပြီး သတိရှိပါ ။ တခြား player တွေလည်း ကိုယ့်ဆီလာနိုင်သလို ပစ္စည်းတွေ ရှာဖို့ ထွက်လာနိုင်ပါတယ် ။ စက်ကွင်းရဲ့ အစွန်းကိုရောက်နေခဲ့ရင် အဆောက်အအုံထဲ နေကာ ပုန်းခိုပြီး စောင့်ပါ ။ မုန်တိုင်းဖြစ်လာတဲ့အခါ တခြား player တွေ စက်ကွင်းထဲ ပြေးဝင်လာကြမှာ ဖြစ်ပါတယ် ။


ရှာဖွေသွားလာ​ရာတွင်​နှင့်​ နည်းဗျူဟာအတွက် အကြံပေးချက်

> တချိန်လုံး ဖြေးဖြေးနှေးနှေးနှင့် သွားဖို့ လုပ်ဖို့ မလုပ်ပါနဲ့ ။ မြက်ပုံထဲ အချိန်အကြာကြီး ပုန်းနေတာတို့ ၊ အဆောက်အအုံဆီ ဖြေးဖြေးနှေးနှေးနှင့် ချဉ်းကပ်တာတို့ မလုပ်ပါနှင့် ။

> သူများပစ်ခတ်တာ မထိမှန်ရဖို့အတွက် အမြဲတမ်းခုန်ပြီး ပြေးပြီး သွားပါ ။ အမြဲ လှုပ်ရှားနေပါ ။

> fortnite မှာ လှုပ်ရှားမှုအသံ ကျယ်တဲ့အတွက် တခုခုကို တိတ်တဆိတ်သွားချင်တဲ့အခါ ငုံ့ပြီးသွားပါ ။ ဝမ်းလျားမှောက်သွားပါ ။

> လှုပ်ရှားမှုအသံကျယ်တာကို ကိုယ့်အတွက် အသုံးချပါ ။ နားအကြားကို သေချာဂရုစိုက်နားထောင်ပြီး တစ်ယောက်ယောက်ကတော့ ဘယ်ကနေ ပြေးလာနေပြီ ဆိုတာ သိနိုင်ပါတယ် ။ ပြေးလျှင်လည်း မြေပြင်ပေါ် ဖုန်ထကျန်ရစ်တာကြောင့် ကိုယ်နှင့် ဘယ်လောက်အကွာမှာ တစ်ယောက်ယောက်ပြေးသွားပြီ ဆိုတာ တန်းသိနိုင်တာမို့ မျက်စိအမြင်ကိုလည်း အသုံးချပါ ။

> တယောက်ယောက်ကို သတိမပြုမိအောင် ဝမ်းလျားမှောက်ပြီး သင်ရှိနေတာ မရိပ်မိအောင် သွားနိုင်ပါတယ် ။ ဝမ်းလျားမှောက်သွားတာ မြန်ချင်ရင်တော့ sprint နှိပ်သုံးပြီး သွားနိုင်ပါတယ် ။

> မြေပုံက တဖြည်းဖြည်းကျဉ်းလာမှာ ဖြစ်ပြီး player ကလည်း အယောက် ၁၀၀ တောင်ရှိနေတဲ့အတွက် နေရာတွေ စူးစမ်းလေ့လာတဲ့အခါ သတိကြီးကြီးထားပါ ။ player အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရဖို့ အခွင့်အလမ်း အရမ်းများလို့ပါ ။

> တစ်နေရာကနေ တစ်နေရာ ကူးတော့မယ်ဆိုလျှင် ပြေးလိုရာအရပ်ကို ဦးတည်ပြီး ဒုန်းစိုင်း မပြေးပါနှင့် ။တခြား player တွေ သင့်ကို မြင်သွားပြီး ပစ်ခတ်နိုင်ပါတယ် ။ ဒါကြောင့် အနီးနားမှာ ရှိတဲ့ ကျောက်တုံးကျောက်ဆောင်တွေ သစ်ပင်တွေ ခြုံပုတ်တွေကို အကာအကွယ်ယူရင်း ပြေးပါ ။ ဒီလိုအကာအကွယ်ယူရင်းပြေးရင် တယောက်ယောက်က မြင်ပြီး ပစ်ခတ်ရင်တောင်မှ သင့်ကို ထိအောင် ပစ်နိုင်ဖို့ ခဲယဉ်းသွားပြီး သင့်အနေနဲ့ လွတ်အောင်ပြေးနိုင်သွားပါလိမ့်မယ် ။

> Fortnite ဂိမ်းဟာ third person shooter ဖြစ်တဲ့အတွက် မြင်ကွင်းဟာ ကိုယ့် character ကို မြင်ရမှာ ဖြစ်ပြီး ကိုယ့် character ကို ဗဟိုပြုပြီး ကင်မရာရှုထောင့်ကိုလည်း ကြိုက်သလို ရွှေ့ပြောင်းကြည့်နိုင်ပါတယ် ။ ဆိုလိုတာကတော့ သင့် character ကို မြက်ပင်ခြုံပုတ်ထဲ ပုန်းခိုင်းပြီး ကင်မရာကို လှည့်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဘာတွေရှိလဲ ဘယ်လို ဖြစ်နေလဲ ဆိုတာ ကြည့်လို့ရနေတာ ဖြစ်ပါတယ် ။ ဒီအချက်ဟာ အပြန်အလှန်တိုက်ခိုက်နေစဉ် အတောအတွင်းမှာဆို အလွန် အသုံးဝင်ပါတယ် ။

> Fortnite ဂိမ်းမှာ ဥာဏ်ကစားတဲ့ ဂိမ်းလေးတစ်ခု ပါပါတယ် ။ အဲ့ဒါကတော့ တံခါးအဖွင့်အပိတ် ဂိမ်းလေးပါပဲ ။ ဂိမ်းစတာနဲ့ အဆောက်အအုံတွေမှာ အခန်းတံခါးတွေ ပိတ်လျက်လာတာကို မြင်တွေ့ရမှာပါ ။ အဆောက်အအုံတစ်ခုမှာ ပစ္စည်းတွေ သင်ရှာဖွေ ယူငင်ပြီးနောက် အခန်းတံခါးတွေ ပိတ်လျက်ပြန်ထားပြီး နောက်လာတဲ့ player တွေကို အလုပ်များအောင် ဆပရိုက်စ်လုပ်ထားနိုင်ပါတယ် ။ မဟုတ်ရင်လည်း အခန်းတံခါးတွေ အကုန်လိုက်ဖွင့်ထားခြင်းအားဖြင့် ဒီအဆောက်အအုံထဲက ပစ္စည်းသေတ္တာတွေဟာ တစ်ယောက်ယောက်က ယူသွားပြီးပြီ ဖြစ်သလို ဖြစ်အောင် အကြောင်ရိုက်နိုင်ပါသေးတယ် ။

> တိုင်ယာပုံကြီးတွေ မြင်ရင် ပြေးသွားပြီး တက်နင်းကြည့်လိုက်ရင် စပရိန်နင်းမိသလို အပေါ်ကို မြောက်တက်သွားတာ မြင်တွေ့ရပါလိမ့်မယ် ။ ဟုတ်ပါတယ် ။ အဲ့ဒါ စပရိန်ပါ ။ ဒီတိုင်ယာပုံကြီးကို အသုံးချပြီး အိမ်ခေါင်မိုးပေါ် တက်နိုင်သလို အဝေးမှာရှိတဲ့ အရာတွေ player တွေ လှုပ်ရှားမှုတွေကို ခုန်ရင်း လှမ်းကြည့်လို့ရပါတယ် ။ ခဏခဏတော့ မခုန်နဲ့ပေါ့ဗျာ ။ တခြား player တွေ တွေ့သွားပြီး ပစ်လိုက်မှ သေသွားပါဦးမယ် ။

Guide လေးကတော့ ဒီလောက်ပါပဲ ။ Fortnite ဂိမ်းဆော့တဲ့အခါ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

photos taken from google search

Post a Comment

0 Comments