ဖျက်သိမ်းခံခဲ့ရတဲ့ ဂိမ်းတွေရဲ့ အကြောင်း

အလှပဆုံး ပွဲထုတ်ပြသွားတယ် ။
Developer က မျှော်လင့်ချက်တွေ ပေးသွားတယ် ။
နောက် အတော်လေးကြာတော့ game ကို ဖျက်သိမ်းလိုက်ပြီ ဆိုပြီး ကြေညာလိုက်တယ် ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုးနဲ့ ဖျက်သိမ်းခံခဲ့ရတဲ့ ဂိမ်းတွေ ဘယ်လောက်လောက် ရှိနေပြီလဲ? ဘာကြောင့် ဖျက်သိမ်းခဲ့ကြတာလဲ?

ဖျက်သိမ်းခံခဲ့ရတဲ့ ဂိမ်းတွေ လက်လှမ်းမီသလောက် စုစည်းပြီး ရေးသားထားပါတယ် ။


 Scalebound




Scalebound ဂိမ်းက အက်ရှင် ဇာတ်လမ်းသွား (action RPG) အမျိုးအစားဂိမ်း တစ်ခုဖြစ်ပြီး Xbox One-exclusive ဂိမ်းတစ်ခုပါ ။ Scalebound ဂိမ်းကို E3 2014 ရဲ့ Microsoft press conference မှာ PlatinumGames က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ Draconis လို့ခေါ်တဲ့ နေရာမှာ အကောင်ကြီးတွေ လူဆိုးတွေကို တိုက်ခိုက်ကာ စွန့်စားခရီးသွားနေတဲ့ Drew နဲ့ သူငယ်ချင်းဖြစ်သူ Thuban လို့ ခေါ်တဲ့ နဂါးတို့ရဲ့ အကြောင်း ဖြစ်ပါတယ် ။

ဂိမ်းရဲ့ concept က ၂၀၀၆ ခုနှစ်မှာ ရုပ်လုံးပေါ်လာခဲ့ပေမယ့် Platinum က Bayonetta ကိုပဲ ဦးစားပေး ဖန်တီးနေခဲ့ပါတယ် ။ Microsoft Studio ကတော့ Wii U-exclusive action-adventure ဂိမ်းတစ်ခု ဖြစ်တဲ့ The Wonderful 101 ရဲ့ ဖန်တီးတာ နောက်ဆုံး အချောသပ်အဆင့် ရောက်နေတဲ့အချိန်အထိကို scalebound ဂိမ်း ဖန်တီးနေဆဲ အခြေအနေမှာ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ် ။

Scalebound ဂိမ်းကို 2016 မှာ ထွက်ရှိဖို့ ပြင်ဆင်ထားခဲ့ပေမယ့် အားလပ်ရက်တွေ ဆက်နေတာကြောင့် 2017 မှာ ထွက်ဖို့ ရွှေ့ဆိုင်း ခဲ့ကြတယ် ။ဂိမ်းရဲ့ တော်တော့်ကို ကြီးမား ကျယ်ပြန့်တဲ့ တိုက်ပွဲ (Large-scale combat scenarios) တွေ အွန်လိုင်းပေါ် player အချင်းချင်း ချိတ်ဆက်ပြီး ကစားနိုင်တဲ့ online cooperative multiplayer တွေအကြောင်းတွေကို ၂၀၁၆ တစ်လျှောက်မှာ နည်းနည်းစီ ထုတ်ပြခဲ့တယ် ။ ဒါပေမယ့် ၂၀၁၇ ဇန်နဝါရ်ီလ အစမှာပဲ Microsoft studio က "ကျွန်တော်တို့ သေချာချိန်ဆ စဉ်းစားပြီးနောက်ပိုင်းမှာ ဒီဂိမ်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်" ဆိုပြီး Scalebound ဂိမ်းထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ် ။


Doom 4

Doom 4 ကို id Software ရဲ့ ဦးဆောင် developer John Carmack က ၂၀၀၈ မေလမှာ ကျင်းပခဲ့တဲ့ QuakeCon မှာ အမြည်း မိတ်ဆက် ပြခဲ့ပါတယ် ။ ဂိမ်းကတော့ ကမ္ဘာမြေပေါ်ကို ပေါ်ထွက်လာတဲ့ ငရဲ အကြောင်းဖြစ်ပြီး ဂိမ်းရဲ့ စတိုင်ကတော့ အရင့်အရင် Doom ဂိမ်းက ပုံစံအတိုင်းပဲ ဖြစ်ပါတယ် ။ ဒီနှစ်တွေထဲမှာ ဂိမ်းကို ဆက်လက် ဖန်တီးနေဆဲလို့ ယူဆရပြီး ဂိမ်းအကြောင်းကို အနည်းငယ်ပဲ ဖော်ပြခဲ့တာကြောင့် ဂိမ်မာအများစုဟာ ဇဝေဇဝါ ဖြစ်ခဲ့ကြတယ် ။

အင်တာဗျူး တစ်ခုမှာ Doom 4 ရဲ့ development အပိုင်းရဲ့ အဓိက အဖွဲ့ဝင်တွေက Doom 4 ဟာ ဖန်တီးရင်း ဖန်တီးရင်းနဲ့ လမ်းကြောင်း ပြောင်းသွားကာ script တွေက ရေးရင်းနဲ့ Call of duty လိုမျိုး ဖြစ်သွားခဲ့တယ်လို့ ဖွင့်ပြောခဲ့ပါတယ် ။  ၂၀၁၂ မှာ ဒီ project ကို reboot အနေနဲ့ ပြန်အသက်သွင်းဖို့ လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ project ဟာ 2016 Doom အဖြစ် ပြောင်းလဲသွားခဲ့ပြီး Doom 4 ဂိမ်းဖန်တီးမှုလည်း အဆုံးသတ်သွားခဲ့ပါတယ် ။



Star Wars 1313

Star Wars 1313 က action-adventure အမျိုးအစား ဖြစ်ခဲ့ပြီး Star Wars universe တခုလုံး အစအဆုံး ပြန်သုံးထားပြီး ငယ်ရွယ်တဲ့ Boba Fett က level 1313 လို့ခေါ်တဲ့ မြေအောက် တစ်နေရာကို explore လုပ်ရတာကို ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ် ။ ဒါပေမယ့် Disney က Lucasfilm ကို ဝယ်လိုက်တဲ့အခါမှာ Star Wars နဲ့ ပတ်သက်တာ မှန်သမျှ license model အဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ဒီလိုနဲ့ ၂၀၁၃ ဧပရယ် ၃ ရက်နေ့မှာ Star War ဂိမ်းထုတ်လုပ်တဲ့ LucasArts company ဟာ အတွင်းပိုင်း အုပ်ချုပ်ရေးက အစ အကုန် ပြောင်းလဲခဲ့ကြလို့ ဝန်ထမ်း အများအပြား အပြောင်းအလဲ ဖြစ်ခဲ့ကာ လုပ်နေဆဲ project များစွာကိုလည်း ဖျက်သိမ်းခဲ့ကြတယ် ။ ဒီလို ဖျက်သိမ်းကြတဲ့အထဲ Star Wars 1313 လည်း ပါသွားခဲ့တာ ဖြစ်ပါတယ် ။



Silent Hills

Silent Hills က နဂိုဂိမ်းရဲ့ နောက်ဆက်တွဲ တစ်ခု အနေနဲ့  ထုတ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီ project ကို Hideo Kojima က ဦးဆောင်ခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ Guillermo Del Toro လည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ် ။ Walking Dead ရဲ့ သရုပ်ဆောင် Norman Reedus လည်း ဒီ project မှာ ပါဝင်ခဲ့ပြီး အဓိက ဇာတ်လိုက် နေရာမှာ သူ့ကို ထားပြီး ပုံဖော်ခဲ့တာ ဖြစ်ပါတယ် ။

Kojima ရဲ့ MGSV ဖန်တီးမှုပြီးဆုံးလို့ Konami ကနေ ထွက်ခွာတဲ့ သတင်းထွက်လာပြီး နောက်ပိုင်း Silent Hill project မှာ Kojima ရှိဦးမှာလား မရှိတော့ဘူးလားဆိုတာ မသေချာ မရေရာ ဖြစ်ခဲ့ကာ ဒီအချိန်ကစလို့ project ရဲ့ သတင်းလည်း အစအန မကြားရတော့ပေ ။၂၀၁၅ ဧပရယ် ၂၇ ရက်နေ့မှာ Konami က အဖက်ဖက်က ပို့လာတဲ့ သတင်းတွေအရ Silent Hill project ဟာ လက်ရှိမှာ ဖန်တီးနိုင်မှု အခြေအနေ မရှိတာကြောင့် project ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ် ။ ဒါပေမယ့် Konami ကတော့ Silent Hill project ဖျက်သိမ်းလိုက်ပေမယ့် Silent Hill franchise ကတော့ ဆက်လက်တည်ရှိနေပြီး ဂိမ်းတွေ ထပ်လာဦးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။



Titan

Titan ဂိမ်းဟာ World of Warcraft developer ဖြစ်တဲ့ Blizzard Entertainment က ဖန်တီးမယ့် MMO ဂိမ်းအသစ် တစ်ခု ဖြစ်ခဲ့ပါတယ် ။ Titan ဆိုတဲ့ နာမည်က ကောလဟာလ တစ်ခု ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ Bilzzard က project နာမည်ကို မဖော်ပြခဲ့ပေမယ့် MMO ဂိမ်းအသစ်အတွက် အလုပ်ခေါ်စာ ထုတ်ကာ လူတွေ စုဆောင်းခဲ့ပါတယ် ။ ဒီ project ဟာ ၂၀၀၈ မှာ စတင်မယ်လို့ အတည်ပြုတဲ့ သတင်းတွေ ထွက်လာခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ Blizzard က project ကို ဖျက်သိမ်းခဲ့တယ် ။ အကြောင်းပြချက်ကတော့ ဒီ project ရဲ့ လူတွေဟာ ဂိမ်းအပေါ် စိတ်ဝင်စားမှု အရူးအမူးဖြစ်မှု မရှိကြလို့ပါတဲ့ ။



Tom Clancy's Rainbow 6 Patriots

Rainbow 6 Patriots ဟာ first-person shooter အမျိုးအစား ဖြစ်ပြီး Ubisoft Montreal ဖန်တီးထားတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ် ။ True Patriots လို့ခေါ်တဲ့ အကြမ်းဖက်အုပ်စုကို နှိမ်နင်းရမယ့် Team Rainbow ရဲ့ အဖွဲ့သားတစ်ယောက် အနေနဲ့ ကစားရတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ၂၀၁၄ ဇွန် ၉ ရက်နေ့မှာ Ubisoft က နောင်ထွက်လာမယ့် Rainbow 6 ဂိမ်းကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အကောင်းဆုံး ဖန်တီးနိုင်ဖို့အတွက် Rainbow 6 Patriots ဂိမ်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ် ။



Prey 2

Prey 2 က first-person shooter အမျိုးအစား ဖြစ်ပြီး Human Head Studios က ဖန်တီးထားတာ ဖြစ်ပါတယ် ။ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Prey ရဲ့ အဆက် ဖြစ်ပြီး Exodus ဆိုတဲ့ ဂြိုလ်သားတွေရှိတဲ့ world မှာ တိုက်ခိုက်ရင်း ပျောက်ဆုံးနေတဲ့ မှတ်ဥာဏ်တွေကို ရှာဖွေနေတဲ့ bounty hunter အနေနဲ့ ကစားရတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ၂၀၁၄ အောက်တိုဘာ ၃၀ မှာ ထုတ်လုပ်သူ Bethesda က Prey 2 ဟာ သူ့ စံနှုန်းနဲ့ မကိုက်ညီတဲ့အတွက် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ် ။



Shadow Realms


Shadow Realms ကတော့ 4v1 online action-RPG တစ်ခုဖြစ်ပြီး BioWare ရဲ့ Austin studio က ဖန်တီးတာ ဖြစ်ပါတယ် ။ ဂိမ်းကို Gamescom 2014 မှာ စတင် မိတ်ဆက်ခဲ့ပါတယ် ။ မျက်မှောက်ခေတ် ကမ္ဘာနှင့် အပြိုင် ကမ္ဘာ Embra ကို နောက်ခံထား ဖန်တီးထားပြီး ရက်စက်တဲ့ Shadow Legions လက်ချက်နဲ့ မျိုးတုံးလုနီးပါး ဖြစ်နေတဲ့ လူသားမျိုးနွယ်ထုကြီးကို ကယ်တင်နေတဲ့ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ hero နေရာက ကစားရတာ ဖြစ်ပါတယ် ။ BioWare Austin က Dragon Age: Inquisition နှင့် နောင်လာမယ့် Mass Effect ဂိမ်း project တွေကို အာရုံစိုက်နေတာကြောင့် Shadow of Realms ဂိမ်းဟာ ကျော်ကြားသင့်သလောက် မကျော်ကြားခဲ့ပဲ တိမ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ် ။



Star Wars: Battlefront 3

Star Wars: Battlefront 3 ဂိမ်းကတော့  third-person shooter နှင့် first-person shooter ၂ မျိုး ပေါင်းစပ်ထားတာ ဖြစ်ပြီး  Free Radical Design က ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ company က တရားဝင် မကြေညာခဲ့သော်လည်း သက်ဆိုင်ရာ အဖွဲ့က အဆိုပါ ဂိမ်းကို ၂၀၀၆ နှစ်လည်ကနေ အစပြုလို့ ၂၀၀၈ နှစ်အထိတိုင်အောင် တောက်လျှောက် ဖန်တီးနေခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဖန်တီးတာ ၉၉%  ရောက်နေတဲ့ အချိန်မှာတော့ company က ဘဏ္ဍာရေး အခြေအနေကြောင့်ဆိုပြီး ဖျက်သိမ်းခဲ့တာကြောင့် အဆိုပါ ပြီးခါနီး ဖြစ်တဲ့ Star Wars: Battlefront 3 version လည်း ထွက်ရှိမလာတော့ပဲ ပျောက်ကွယ်သွားခဲ့ပါတယ် ။



Legacy of Kain: Dead Sun

Legacy of Kain: Dead Sun ဂိမ်းဟာ action-adventure အမျိုးအစား ဖြစ်ပြီး Crystal Dynamics ရဲ့ သက်တမ်းရှည်ကြာနေပြီ ဖြစ်တဲ့ Legacy of Kain စီးရီးရဲ့ ၆ ခုမြောက် စီးရီးတစ်ခု ဖြစ်ပါတယ် ။ Crystal Dynamics ရဲ့ ကြီးကြပ်မှုနှင့် Climax Studio က ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ Square Enix Europe က Legacy of Kain ဂိမ်းကို next-gen အဖြစ် ဖန်တီးဖို့အတွက် Climax Studio ကို ရွေးချယ်ခဲ့ပါတယ် ။ ဒီလိုရွေးချယ်ခဲ့ပြီး ကာလဖြစ်တဲ့ 2009–2010 ခုနှစ်အတွင်းမှာ ဂိမ်းကို စတင် တိတ်တဆိတ် ဖန်တီးနေခဲ့ပြီ ဖြစ်ပါတယ် ။ ဂိမ်း ထုတ်လုပ်တာ အဆုံးသတ် မရောက်ခင်မှာ Square Enix Europe ဟာ အဆိုပါ title ကို ၂၀၁၂ ခုနှစ်မှာ  ဖျက်သိမ်းပစ်ခဲ့ပါတယ် ။



Fez 2

Fez 2 ဟာ ၂၀၁၂ ခုနှစ်က ထွက်လာခဲ့တဲ့ Fez ရဲ့ အဆက် ဖြစ်ပါတယ် ။ Fez 2 ဂိမ်းဟာ indie 2D puzzle platformer အမျိုးအစားဖြစ်ပြီး အနားလေးဘက်လုံး ကြိုက်သလို လှည့်လို့ရတဲ့ 3D ကမ္ဘာကြီးထဲက puzzle ပဟေဠိတွေ ဖြေရှင်းရတာ ဖြစ်ပါတယ် ။ ဖန်တီးမှု ပြီးဆုံးလို့ ဂိမ်းထွက်လာတော့မယ်လို့ ကြေညာခဲ့ပေမယ့် ဒီလိုကြေညာပြီး သိပ်မကြာခင်မှာ ဒီဇိုင်နာ Phil Fish ဟာ ဗွီဒီယိုဂိမ်းဂျာနယ်လစ် တစ်ယောက်နှင့် စကားများခဲ့ပြီးနောက် တစ်လအကြာမှာပဲ ထုတ်ဝေဖို့ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ် ။



Dawngate

Dawngate က free-to-play MOBA (multiplayer online battle arena) အမျိုးအစားဖြစ်ပြီး Waystone Games က ဖန်တီးထားပြီး ထုတ်လုပ်တဲ့ company ကတော့ Electronic Arts ဖြစ်ပါတယ် ။ အစ ဖန်တီးတုန်းကတော့ League of Legends နှင့် Dota 2 နှင့်မတူအောင် ဖန်တီးမယ်ဆိုပြီး ရည်ရွယ်ထားတာကြောင့် gameplay မှာ story ကြားညှပ်ထည့် တခြား element တွေ ထည့်ပြီး ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ် ။ beta version ထွက်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ Waystone games က beta version ဟာ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းအထိ မရောက်တဲ့အတွက် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။




World of Darkness

World of Darkness က သွေးသံသရဲရဲနဲ့ ဗင်ပိုင်းယား အငွေ့အသက်ပါရှိတဲ့ vampire-themed MMO ဂိမ်းတစ်ခု ဖြစ်ပြီး EVE Online developer CCP Games က ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ သဘာဝလွန် ကမ္ဘာကြီး supernatural world ကို နောက်ခံပြုထားပြီး နက်နဲတဲ့ နိုင်ငံရေး ပဋိပက္ခ တွေ ၊ npc တွေနဲ့ စကားအများကြီး ပြောရင်း ဇာတ်လမ်းမြုပ်ကွက်တွေ သိလာအောင် လုပ်ထားတဲ့ rpg တစ်ခု ဖြစ်ခဲ့ပါတယ် ။ဒါပေမယ့် ဂိမ်းကို ၈ နှစ်အကြာ ဖန်တီးနေခဲ့ပြီးနောက် ၂၀၁၄ ဧပရယ် ၁၄ ရက်နေ့မှာ CCP Games က အဆိုပါ game ရဲ့ project ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ် ။



Fallout Online

Fallout Online ကတော့ massive multiplayer online MMO တစ်ခု ဖြစ်ပြီး Fallout series ရဲ့ original creators ဖြစ်တဲ့ Interplay Entertainment က ဖန်တီးနေခဲ့တာ ဖြစ်ပါတယ် ။ ဖန်တီးနေဆဲ ဖြစ်ကြောင်းကို ၂၀၀၉ မှာ တရားဝင် ကြေညာခဲ့ပါတယ် ။ ဒါပေမယ့် မူလ publisher ဖြစ်တဲ့ Interplay နှင့် publisher အသစ်ဖြစ်တဲ့ Bethesda တို့က fallout စီးရီး publisher နေရာအတွက် အပြန်အလှန် တရားစွဲခဲ့ကြပြီးနောက် ၂၀၁၂ ခုနှစ် မှာ ဂိမ်းထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ် ။ Interplay နှင့် Bethesda တို့ဟာ တရားခွင်ပြင်ပမှာ အချင်းချင်း ညှိနှိုင်းဆွေးနွေးကာ သဘောတူညီမှု ရခဲ့ပြီး Fallout MMO ကို Bethesda က ရရှိသွားခဲ့ပါတယ် ။


Bioshock for the PS Vita


BioShock for the PS Vita ဟာ Bioshock ဂိမ်းထုတ်လုပ်တဲ့ မူလ Irrational Games ရဲ့ co-founder Ken Levine က Sony ရဲ့ E3 2011 press conference မှာ စတင် မိတ်ဆက်ခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ psvita အတွက် ထုတ်မယ့် Bioshock ဂိမ်းဟာဆိုရင် ဂိမ်းအဟောင်းကို mobile version အဖြစ် ပြောင်းလဲထားတာ မဟုတ်ပဲ အရင် စီးရီးတွေနဲ့ လုံးဝမတူအောင် အစအဆုံး အသစ် လုပ်ထားတာ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ၂၀၁၄ ခုနှစ် ဂျူလိုင်လမှာ Sony နှင့် Bioshock publisher Take Two ကြား သဘောတူညီမှု မရရှိနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ ၂၀၁၄ ခုနှစ်မှာ Irrational Games company ပိတ်လိုက်တဲ့အခါမှာတော့ Bioshock for the psvita title လည်း လုံးဝ ပျောက်သွားခဲ့ပြီး Levine ရဲ့ Bioshock ဂိမ်းကို portable အတွက် ထုတ်မယ့် အစီအစဉ်ဟာလည်း စုံးစုံးမြုပ်သွားခဲ့ပါတယ် ။



NBA Live 13

NBA Live 13 ဂိမ်းဟာ EA ရဲ့ သက်တမ်းရှည်ကြာစွာ ရှိနေတဲ့ basketball ဂိမ်း စီးရီးရဲ့ reboot အနေနဲ့ ပြန်ထုတ်မယ့် ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ် ။ ထိုအချိန်တုန်းက အဆိုပါ basketball ဂိမ်းဟာ အသစ် ထွက်မလာခဲ့တာ ကြာခဲ့သည်မှာ ၂၀၁၀ ခုနှစ်ကတည်းကပင် ဖြစ်ပါတယ် ။ သို့ပေမယ့် ဂိမ်းထုတ်မယ့် ရက် ၆ ရက် အလိုမှာတော့ EA က ဂိမ်းရဲ့ ဖန်တီးမှု အပိုင်းမှာ စိတ်ကျေနပ်စရာကောင်းတဲ့အထိ မရှိခဲ့ဘူး ဆိုပြီး ဖျက်သိမ်းခဲ့ပါတယ် ။



Mega Man Legends 3

Mega Man Legends 3 ဂိမ်းဟာ classic Mega Man ဂိမ်းရဲ့ spin-off အနေနဲ့ ထွက်ရှိလာမယ့် ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ် ။ ဂိမ်းကတော့ ပါနေကျ character အဟောင်းတွေအပြင် Aero နှင့် Barret ဆိုတဲ့ character အသစ် ၂ ယောက်ပါဝင်ပြီး Elysium ကနေ Mega Man Volnutt ကို ကယ်တင်ရမှာ ဖြစ်ပါတယ် ။ ဂိမ်းကို စ ဖန်တီးတဲ့အချိန်မှာ စီးရီး creator Keiji Inafune က ဦးဆောင် ဖန်တီးနေခဲ့တာ ဖြစ်ပါတယ် ။ ၂၀၁၀ မှာ Keiji ဟာ capcom ကနေ ထွက်ခွာခဲ့ပြီး နောက်ပိုင်း အချိန်အတော်အကြာထိ တိုင်အောင် အဆိုပါ ဂိမ်းကို ဖန်တီးနေခဲ့တာ ဖြစ်ပါတယ် ။ ၂၀၁၁ ဇူလိုင် ၁၈ မှာ capcom က Mega Man Legends 3 ဂိမ်းဟာ ထုတ်လုပ်တဲ့ အဆင့်အထိ ရောက်အောင် အရေးကြီးတဲ့ အချက်အလက်တွေနဲ့ မကိုက်ညီလို့  ဆိုပြီး ဖျက်သိမ်းခဲ့ပါတယ် ။

|Fros|

Ref: Gamespot
Photo credit to Gamespot

Post a Comment

0 Comments