နှင်းတောထဲ အေးခဲနေတဲ့ ကြောင်မလေး (ဖြစ်ရပ်မှန်)

 

၂၀၁၇ ခုနှစ် ဇန်နဝါရ်ီလ ၃ ရက်နေ့မှာ Slava လို့ အမည်ရတဲ့ လူငယ်တစ်ယောက်ဟာ ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ နှင်းတွေ ကပ်နေတဲ့ အမွှေးဖွားဖွား အလုံးလေးတစ်လုံးလို ဝပ်နေတဲ့ ကြောင်ကလေးတစ်ကောင်ကို မြင်ခဲ့ပါတယ် ။ ဒီနေ့ဟာ ခါတိုင်းနေ့တွေထက် နှင်းတွေ ပိုမို ကျဆင်းနေခဲ့ပြီး နေရာတိုင်း ဖြူဖြူဖွေးဖွေး နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ် ။

"ကျွန်တော်တော့ ဒီအမွှေးလုံးလေးဟာ ကြောင်ကလေး တစ်ကောင် ဖြစ်လိမ့်မယ် ။ ဒီလောက် အေးစိမ့်နေတဲ့ ဆောင်းရာသီကြီးမှာ ဒီ ကြောင်ကလေး အေးခဲနေလို့ မသွားနိုင်ပဲ ငြိမ်နေတာ ဖြစ်မယ်လို့ ထင်ခဲ့တယ် ။"


လမ်းမပေါ်မှာ ကားတွေ တစ်စင်းပြီး တစ်စင်း ဖြတ်သွားနေပေမယ့် တစ်စီးမှ ရပ်ပြီး ဆင်းမကြည့်ခဲ့ကြဘူး ။ Slava ကတော့ ကားကို ရပ်ပြီး ကြောင်ကလေး ရှိတဲ့ နေရာကို အပြေးအလွှား သွားကြည့်ခဲ့တယ် ။

ကြောင်လေးအနား ရောက်ခါနီးအချိန်မှာ ကြောင်လေးဟာ လူငယ်ရဲ့ ခြေသံကြားသွားတဲ့အတွက် လန့်သွားပြီး ရုတ်တရက် လမ်းနံဘေးက သစ်ပင်ကို ခုန်တက်လိုက်တယ် ။ ဒါပေမယ့် သိပ်မတက်နိုင်ပဲ တနေရာမှာ ထိုင်ပြီး ဝပ်နေပြန်တယ် ။ ဒါနဲ့ပဲ Slava က သူ့ကားကို အဝေးတစ်နေရာမှာ သွားရပ်ခဲ့ရပြီး နှင်းတောထဲမှာ အသံလည်း မထွက်နိုင် ၊ မလှုပ်မယှက် ဝပ်နေတဲ့ ကြောင်ကလေး ရှိတဲ့ နေရာကို တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့တယ် ။


"ဒီနေ့ဟာ နှင်းတွေ အလွန်ကျနေခဲ့ပြီး ရာသီဥတုက အရမ်းအေးစိမ့်နေခဲ့တာ ။ ကြောင်လေးကို ချီပွေ့ပြီး မျက်နှာသုတ်ပုဝါနဲ့ ပတ်ပြီး ကျွန်တော့် ကားဆီ ခေါ်လာခဲ့တယ် ။ ကားထဲရောက်တော့ ကားရဲ့ အပူးပေးစနစ်ကို အဆုံးထိ တင်လိုက်ပြီး ကြောင်လေး ခန္ဓာကိုယ် အမွှေးမှာ ကပ်နေတဲ့ နှင်းတွေ အရည်ပျော်သွားအောင် လုပ်ခဲ့တယ် ။"


ကြောင်လေးကတော့ ကြောင်မလေး ဖြစ်နေတာ တွေ့ရပါတယ် ။ Slava က ကြောင်မလေးကို kitty Nika ကစ်တီ နီကာ လို့ နာမည် ပေးလိုက်တယ် ။

Slava က ကြောင်လေးကို ကားပေါ်တင်ပြီး သူ့ရဲ့ အဖေ့အိမ်ကို မောင်းသွားခဲ့တယ် ။ သူ့ရဲ့ အဖေ့အိမ်မှာ စောင်ထူထူနဲ့ ပတ် ၊ နံဘေးမှာ အပူပေး မီးအိမ်လေးချလို့ အေးခဲနေတဲ့ ကြောင်မလေး နီကာကို နွေးထွေးအောင် ပြုလုပ်ပေးခဲ့ပါတယ် ။

"ကျွန်တော် ထင်တယ် ။ ကစ်တီလေးက သွားရင်း သွားရင်းနဲ့ လမ်းပျောက်သွားခဲ့တာ ဖြစ်မယ် ။ ကစ်တီကို တွေခဲ့တဲ့နေရာက သစ်ပင် နဲနဲပဲရှိတဲ့ ကွင်းပြင် အကျယ်ကြီးပါ ။ ဘယ်နေရာကို သွားလို့ သွားရမှန်းမသိတော့တဲ့အပြင် နှင်းတွေက တအားကျနေတော့ အေးခဲလွန်းပြီး နေရာက ရွေ့ဖို့တောင် အားမရှိခဲ့တာ ဖြစ်ပါလိမ့်မယ် ။"

ကစ်တီလေး နီကာ ထူထူထောင်ထောင်ဖြစ်လာပြီးနောက် Slava က နီကာကို ချီပြီး တိရစ္ဆာန်ဆေးခန်းမှာ သွားစစ်ဆေးကြည့်တယ် ။ စစ်ဆေးကြည့်တဲ့အခါမှာ ကစ်တီ ရဲ့ အသက်က ၆ လ ရှိနေပြီ ဖြစ်ပြီး အမြီးမှာတော့ နှင်းကိုက်ပိုးဝင်နေကာ ဆိုးဆိုးရွားရွား ဖြစ်နေတာကို သွားတွေ့တယ် ။ နှင်းကိုက်ပိုးဒဏ်ခံခဲ့ရတဲ့ အမြီးဟာ ပုပ်နေပြီ ဖြစ်တာကြောင့် ဖြတ်ပစ်လိုက် ရပါတယ် ။


"ကစ်တီလေးက သူ့ကို ကျွန်တော်တို့ ကောင်းအောင် လုပ်ပေးနေတယ်ဆိုတာ သိနေတယ် ။ ဒါကြောင့် မလိုတဲ့ အပြုအမူတွေ ရန်လိုတဲ့ အပြုအမူတွေ လုံးဝမလုပ်ပဲ ချစ်စရာကောင်းတဲ့ အပြုအမူတွေပဲ တချိန်လုံး လုပ်ပြနေခဲ့တယ် ။ အမြီးဖြတ်တဲ့ ခွဲစိတ်ကုသမှု အစကနေ အဆုံးအထိ ပါပဲ ။"

နှစ်ပတ်အကြာမှာ ကစ်တီလေး နီကာဟာ ပကတိ ကျန်းမာလာပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပြလာတာ တွေ့ရပါတယ် ။


"ကစ်တီလေးက တက်ကြွ ဖြတ်လတ်တဲ့ ကြောင်မလေး တစ်ကောင်ပါ ။ ပြေးလိုက် ဆော့လိုက် လုပ်ရတာ အရမ်း နှစ်သက်တာ ။"

ကစ်တီလေး နီကာက အခုဆို အသက် ၈ လ ရှိသွားပါပြီ ။ ကစ်တီလေး နီကာ ဟာ သူမကို ကယ်တင်ခဲ့တဲ့ Slava အိမ်မှာ အေးချမ်းစွာနှင့် ပျော်ရွှင်စွာ နေထိုင်လျက် ရှိပါတယ် ။


ကြောင်မလေး နီကာကို ကယ်ဆယ်တာကို ရိုက်ထားတဲ့ မှတ်တမ်းဗီဒီယို



Reference : Love Meow
Image credit to Love Meow

Post a Comment

0 Comments