ျမန္မာ့နည္း ျမန္မာ့ဟန္ ေရတြင္းတူးရာတြင္ ကာဗြန္ဒုိင္ေအာက္ဆိုဒ္ ဖယ္ရွားနည္း

ဂန္႕ေဂါဘက္က ရြာတစ္ရြာတြင္ ေရတြင္းတူးရာ တစ္ရြာလံုး ေရတြင္းတူးရန္ ႏွစ္ေနရာ ရွာရာ ယခုေနရာက်မွ ေရေတြ႔ေတာ့သည္ဟု သိရသည္။ ေရ ရွိ-မရွိ၊ ေရ ရ-မရကို “ေၾကးနီေခ်ာင္း”ျဖင့္ ရွာရသည္ဟု သိရသည္။ေရတြင္းမွာ အေတာင္ (၂၈)ေတာင္ အနက္ေရာက္၌ ေရေတြ႔သည္။ ေရမွာ ၾကည္လင္ေသာ ေရေကာင္းေရသန္႔ ရသည္။ ေက်ာက္တံုးေက်ာက္ခဲခ်ည္းပဲ ေထာ္လာဂ်ီ ငါးစီးတိုက္ခန္႔ ရသည္။ ဤသို႔ ေက်ာက္သဲရမွေတာ့ အဘယ္မွာ ေရမေကာင္းဘဲ ေနမည္နည္း။

ေရတြင္းတူးသူမ်ားမွာ (၄)ေယာက္ရွိသည္။ ရပ္ကြက္ကပါ ဝိုင္းကူၾကသည္။ ေရတြင္းမွာ နက္သျဖင့္ နံနက္ ၆-နာရီမွ ၁၂-နာရီထိ တစ္ႀကိမ္၊ ညေန ၂-နာရီမွ ၆-နာရီထိတစ္ႀကိမ္ ႏွစ္ႀကိမ္ဆင္းတူးၾကသည္။ တြင္းထဲသို႔ မဆင္းမီ ဖေယာင္းတိုင္ မီးထြန္းခ်ၾကည့္ရာ မီးေသသြား၏။ ေအာက္ဆီဂ်င္မရွိ၊ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ဖယ္ရွားရန္ ငွက္ေပ်ာလက္အစိုမ်ားကို ခုတ္၍ ႀကိဳးျဖင့္ခ်ည္ကာ ေရတြင္းထဲသို႔ ခ်လိုက္တင္လိုက္ အႀကိမ္ႀကိမ္ ျပဳလုပ္ရ၏။ နာရီဝက္ခန္႔ၾကာ၏။ ျပီးမွ မီးထြန္းၾကည့္ရာ မီးမေသမွ တြင္းထဲ ဆင္းဆင္းတူးရ၏။ ဤနည္းျဖင့္ ငွက္ေပ်ာလက္အစိုမ်ားျဖင့္ ေရတြင္းထဲ ခ်လိုက္တင္လိုက္ျဖင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ကို ဖယ္ရွားျပီး တူးတူးသြားရာ ရက္ေပါင္း ၂၀-နီးပါး တူးေသာအခါမွ ေရေတြ႔၍ ေရရလာသည္။ ေရမွာ ေက်ာက္ခဲ ေက်ာက္တံုးမ်ားၾကားမွ ထြက္လာေသာေရျဖစ္၍ ေရၾကည္ေရသန္႔ ရေလသည္။

ကာဗြန္ဒိုင္ေအာက္ဆိုဒ္မွာ နံနက္ခင္း အေအးဓာတ္ရွိလွ်င္ နည္းပါးျပီး၊ ညေနပိုင္း အပူခ်ိန္မ်ားလွ်င္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ မ်ားပါသည္။ သို႔အတြက္ ေရတြင္းနက္နက္ တူးပါက ပထမဦးစြာ ဖေယာင္းတိုင္ မီးထြန္းခ်ၾကည့္ပါ။ မီးေသက တြင္းထဲ မဆင္းပါႏွင့္ဦး။

ငွက္ေပ်ာလက္အစိုမ်ား (၄-၅-၁၀)လက္ခန္႔ကို ခုတ္ယူျပီးမွ ခ်လိုက္တင္လိုက္ လုပ္ျခင္းျဖင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ကို အေပၚသို႔ ဖယ္ထုတ္ပါ။ အနည္းဆံုး နာရီဝက္ခန္႔ၾကာ ျပဳလုပ္ရပါသည္။ ထိုသို႔ ျပဳလုပ္ျပီးမွ ဖေယာင္းမီး ခ်ၾကည့္၍ မီးမေသမွ ေရတြင္းထဲ ဆင္းတူးပါ။

ဤသို႔ျဖင့္ အသက္ေဘးမွ ကင္းေဝးျပီး ေရတြင္းနက္နက္ တူးႏိုင္ေၾကာင္း ကိုယ္ေတြ႔မ်က္ျမင္ ေရးသားလိုက္ရပါသတည္း။

Credit to ဝင္းသူ 


Image by PublicDomainPictures from Pixabay

 

 Unicode

 

 ဂန့်ဂေါဘက်က ရွာတစ်ရွာတွင် ရေတွင်းတူးရာ တစ်ရွာလုံး ရေတွင်းတူးရန် နှစ်နေရာ ရှာရာ ယခုနေရာကျမှ ရေတွေ့တော့သည်ဟု သိရသည်။ ရေ ရှိ-မရှိ၊ ရေ ရ-မရကို “ကြေးနီချောင်း”ဖြင့် ရှာရသည်ဟု သိရသည်။ရေတွင်းမှာ အတောင် (၂၈)တောင် အနက်ရောက်၌ ရေတွေ့သည်။ ရေမှာ ကြည်လင်သော ရေကောင်းရေသန့် ရသည်။ ကျောက်တုံးကျောက်ခဲချည်းပဲ ထော်လာဂျီ ငါးစီးတိုက်ခန့် ရသည်။ ဤသို့ ကျောက်သဲရမှတော့ အဘယ်မှာ ရေမကောင်းဘဲ နေမည်နည်း။

ရေတွင်းတူးသူများမှာ (၄)ယောက်ရှိသည်။ ရပ်ကွက်ကပါ ဝိုင်းကူကြသည်။ ရေတွင်းမှာ နက်သဖြင့် နံနက် ၆-နာရီမှ ၁၂-နာရီထိ တစ်ကြိမ်၊ ညနေ ၂-နာရီမှ ၆-နာရီထိတစ်ကြိမ် နှစ်ကြိမ်ဆင်းတူးကြသည်။ တွင်းထဲသို့ မဆင်းမီ ဖယောင်းတိုင် မီးထွန်းချကြည့်ရာ မီးသေသွား၏။ အောက်ဆီဂျင်မရှိ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားရန် ငှက်ပျောလက်အစိုများကို ခုတ်၍ ကြိုးဖြင့်ချည်ကာ ရေတွင်းထဲသို့ ချလိုက်တင်လိုက် အကြိမ်ကြိမ် ပြုလုပ်ရ၏။ နာရီဝက်ခန့်ကြာ၏။ ပြီးမှ မီးထွန်းကြည့်ရာ မီးမသေမှ တွင်းထဲ ဆင်းဆင်းတူးရ၏။ ဤနည်းဖြင့် ငှက်ပျောလက်အစိုများဖြင့် ရေတွင်းထဲ ချလိုက်တင်လိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို ဖယ်ရှားပြီး တူးတူးသွားရာ ရက်ပေါင်း ၂၀-နီးပါး တူးသောအခါမှ ရေတွေ့၍ ရေရလာသည်။ ရေမှာ ကျောက်ခဲ ကျောက်တုံးများကြားမှ ထွက်လာသောရေဖြစ်၍ ရေကြည်ရေသန့် ရလေသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ နံနက်ခင်း အအေးဓာတ်ရှိလျှင် နည်းပါးပြီး၊ ညနေပိုင်း အပူချိန်များလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် များပါသည်။ သို့အတွက် ရေတွင်းနက်နက် တူးပါက ပထမဦးစွာ ဖယောင်းတိုင် မီးထွန်းချကြည့်ပါ။ မီးသေက တွင်းထဲ မဆင်းပါနှင့်ဦး။

ငှက်ပျောလက်အစိုများ (၄-၅-၁၀)လက်ခန့်ကို ခုတ်ယူပြီးမှ ချလိုက်တင်လိုက် လုပ်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို အပေါ်သို့ ဖယ်ထုတ်ပါ။ အနည်းဆုံး နာရီဝက်ခန့်ကြာ ပြုလုပ်ရပါသည်။ ထိုသို့ ပြုလုပ်ပြီးမှ ဖယောင်းမီး ချကြည့်၍ မီးမသေမှ ရေတွင်းထဲ ဆင်းတူးပါ။

ဤသို့ဖြင့် အသက်ဘေးမှ ကင်းဝေးပြီး ရေတွင်းနက်နက် တူးနိုင်ကြောင်း ကိုယ်တွေ့မျက်မြင် ရေးသားလိုက်ရပါသတည်း။

Credit to ဝင်းသူ 

Post a Comment

0 Comments