Size ကြီးကြီး ဖိုင်တွေ သီချင်းတွေ ဓာတ်ပုံတွေ အွန်လိုင်းပေါ်ကနေ ဘယ်လို ဝေမျှကြသလဲ



အခုဆိုရင် အင်တာနက်လိုင်းက အတော်လေးကောင်းမွန်လာပြီး အချိန်မရွေး အသုံးပြုနိုင်သည့်အပြင် လူကြီးလူငယ်မရွေး အဆင်ပြေ သက်သာလွယ်ကူစွာ သုံးစွဲနိုင်လာပါတယ်။ ပြီးတော့ လူတွေဟာ ဖုန်းတို့ ကွန်ပျူတာတို့ တက်ဘလက်တို့ အများကြီးပိုင်ဆိုင်လာသည်နဲ့အမျှ ကိုယ့်အတွက် အရေးကြီးတဲ့ ဖိုင်တွေကို ကွန်ပျူတာထဲမှာ သိမ်းဆည်းပြီး ကိုယ်အသုံးပြုလိုတဲ့ ဖုန်းထဲ ပြန်ထည့်ယူခြင်းဟာ အနည်းငယ် အလုပ်ရှုပ် စိတ်ရှုပ်လာပါတယ်။ ပြီးတော့ ထည့်တဲ့အခါ ကိုယ့်ဖုန်းထဲမှာ နေရာနည်းနေလျှင်လည်း တော်တော်လေးခေါင်းစားရပါတယ်။ Cloud Service အသုံးပြုလျှင် အင်တာနက်ရှိလျှင် ကွန်ပျူတာပေါ်မှာပဲ ဖြစ်ဖြစ် ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အချိန်မရွေး ကိုယ်လိုအပ်သည်များကို ယူနိုင်ပါတယ်။ နေရာမလောက်မှာကိုလဲ စိတ်ပူစရာမလိုပါ။ အများနဲ့လဲ ဝေမျှနိုင်ပါတယ်။ share ချင်တဲ့ ဖိုင်ကို link ပေးရုံပါပဲ။ ယူမယ့်သူက အဲဒီ link ကနေတစ်ဆင့် ဒေါင်းယူရပါတယ်။

အရင်တုန်းကတော့ ဖိုင်တွေ သီချင်းတွေ ဓာတ်ပုံတွေကို အီးမေးလ်ကနေတစ်ဆင့် ဝေမျှခဲ့ကြပါတယ်။ သို့ပေမယ့် အီးမေးလ်နဲ့ ပို့ရင် ပမာဏအများကြီး ပို့လို့မရပါဘူး။ သတ်မှတ်ထားတဲ့ ပမာဏထက်များသွားရင် ကိုယ်ပို့တဲ့ အီးမေးလ်က ပို့လိုတဲ့လူဆီ မရောက်တော့ပဲ ကိုယ့်ဆီပဲ ပြန်လာတတ်ပါတယ်။ ဒီလိုမျိုးဆို အခက်တွေ့ရပါပြီ။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ ပမာဏဘယ်လောက်ပဲ များပါစေ ပို့နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒီထဲမှာမှ လူအသုံးများဆုံး နည်းလမ်းကတော့ ဖိုင်တွေ သီချင်းတွေ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ သိမ်းဆည်းပြီး လိုအပ်ရင် ပမာဏ ဘယ်လောက်ကြီးကြီး အလွယ်တကူ ပို့နိုင်တဲ့ cloud storage service သုံးနည်းပါပဲ။

Cloud Storage Service ဆိုတာ ဘာလဲ

အွန်လိုင်းပေါ်မှာ ကိုယ်သိမ်းဆည်းချင်တဲ့ ဓာတ်ပုံ ဖိုင်တွေ ကို လက်ခံ သိမ်းဆည်းပေးပြီး သုံးစွဲသူရဲ့ အချက်အလက်တွေကို စိတ်ချစွာနဲ့ အချိန်မရွေး အသုံးပြုနိုင်အောင် ထိန်းသိမ်းပေးတဲ့ ဝန်ဆောင်မှုစနစ်ပါ။ ဒီလို ဝန်ဆောင်မှု ပေးနေတဲ့ ဝက်ဘ်ဆိုက်တွေ အများကြီး ရှိပါတယ်။ ရှင်းပြရရင် ကိုယ့် အချက်အလက်တွေထားဖို့ နေရာငှားပေးတဲ့အပြင် တပါးသူ ခိုးယူလို့မရအောင် ကာကွယ်ပေးတဲ့ website တွေပါ။

Cloud Storage Service အကြောင်း

ကိုယ်ထားချင်တဲ့ data အချက်အလက်တွေကို သူတို့ရဲ့ Server တွေမှာ ထိန်းသိမ်းပေးတယ်။ ကွန်ပျူတာတစ်လုံးမှာရှိတဲ့ data တွေကို ထိန်းသိမ်းပေးတဲ့ hard disk တစ်ခုလိုမျိုးပါ။ Cloud Storage သုံးချင်ရင် account တစ်ခု ဖွင့်ရပါတယ် (facebook တို့ twitter တို့လိုမျိုး)။ ပြီးရင် Cloud Storage Service ပေးတဲ့ website က ကိုယ်သုံးဖို့ နေရာပေးပါတယ်။ နေရာပေးနိုင်တဲ့ site တစ်ခုနှင့် တစ်ခု မတူကြပါဘူး။ တစ်ချို့က နေရာပမာဏများတယ်။ တစ်ချို့က နည်းတယ်။ 500mbs, 1Gb, 2Gbs, 8Gbs, 15Gbs, 50Gbs လောက်ထိ ပေးကြပါတယ်။ သူတို့လုပ်ခိုင်းတာတွေ လုပ်ပေးရင် 100Gbs, 1Tb လောက်ထိ သုံးခွင့်ရနိုင်ပါတယ်။ တစ်ချို့ကျတော့ နေရာများများလိုချင်ရင် ပိုက်ဆံပေးရပါတယ်။

ကိုယ့် data တွေကို ဘယ်နေရာပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ဝေးကွာနေပါစေ internet ရှိရင် share လို့ရပါတယ်။ ဖိုင်ကြီးတစ်ခုကို share ချင်လား။ ဒါမှမဟုတ် ဖိုင်သေးသေးလေးတွေ အမျိုးအစားကွဲတွေ စုပေါင်းထားတဲ့ ဖိုင်တွေကို share ချင်လား။ ကိုယ် share ချင်တဲ့ file ရဲ့ Link ကို ပေးလိုက်ရုံပါပဲ့။ Cloud Service ပေးတဲ့ website တွေက share ချင်တဲ့ file လောက်ပဲ ဒီ link ကို ရတဲ့သူတွေ မြင်ရအောင် လုပ်ဆောင်ပေးထားပါတယ်။ တစ်ချို့ service တွေဆို တင်တဲ့သူ နာမည်တောင် မဖော်ပြပေးကြပါဘူး။ Link ရတဲ့သူတော့ download ဆွဲပြီး ယူရုံပါပဲ့။ ဒီလို download link page တွေမှာဆို ကြေညာတွေ အများကြီးရှိတတ်ပါတယ်။ တစ်ချို့က website တွေတော့ ကြေညာတွေ မထည့်ကြပါဘူး။ တော်တော်များများမှာတော့ ပါကြတယ်။ ဒါကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်မို့လို့ သုံးစွဲသူတွေက ပြုပြင်လို့မရပါဘူး။

Cloud Storage Service ပေးတဲ့ website တစ်ခုစီမှာ အားသာချက်ရှိသလို အားနည်းချက်တွေ ရှိပါတယ်။ ဖိုင်တစ်ခုတင်နိုင်တဲ့ ပမာဏက 500mbs မကျော်ရတို့၊ folder တစ်ခုလုံး share ခွင့်မပေးတာတို့၊ Upload speed , download speed ကန့်သတ်ထားတာတို့၊ Bandwidth ကန့်သတ်ထားတာတို့၊ account ဖွင့်ပြီး တစ်နှစ်လောက် တစ်လလောက် မဝင် မသုံးပဲနေရင် account ဖျက်ပစ်တာတို့ ရှိကြပါတယ်။ Cloud Service ပေးတဲ့ website တိုင်းလိုလို 1Gbs ကနေ 50Gbs လောက် free ပေးလေ့ရှိကြပါတယ်။ ပမာဏ များများပေးတဲ့ website တွေကျတော့ ကန့်သတ်ချက်တွေ နဲနဲ များပါတယ်။ 1Gbs လောက်ပဲ ပေးတယ်ဆိုပြီး အထင်မသေးလိုက်ပါနှင့်။ သူတို့က promotion လေးတွေ ပေးလေ့ရှိပါတယ်။ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ရင် နေရာအများကြီး ရလာမှာပါ။ တွေ့သမျှထဲမှာတော့ 1Tbs လောက်ထိ အခမဲ့ပေးကြတဲ့ website ရှိပါတယ်။ Account ဖွင့်စရာမလို Unlimited Storage service ပေးတဲ့ website တွေလဲ ရှိပါတယ်။ သူတို့ကျတော့ သူတို့ဆီမှာ ဖိုင်တွေတင်ရင် ၁၅ ရက် တစ်ပတ် တစ်လ လောက်ထိပဲ ထားခွင့်ပြုတယ်။ သတ်မှတ်ချက်ပြည့် သွားရင် ဖျက်ပစ်လိုက်ကြပါတယ်။ တချို့က Bandwidth, download speed, upload speed အကုန် ကန့်သတ်ထားတယ်။ တချို့ဆိုရင် ပိုက်ဆံပေးမှ သုံးခွင့်ပြုတာတွေလဲ ရှိပါတယ်။ တချို့ကျတော့ file တွေ folder တွေ share ချင်ရင် ပိုက်ဆံပေးရပါတယ်။ ဒီလိုကျတော့ တစ်ကိုယ်ရေသုံးသမားတွေ သိပ် မသုံးကြဘူး။ Bussiness တို့ company တို့လောက်ပဲ သုံးကြပါတယ်။ Security တော့ အသင့်တင့်ရှိပေမယ့် ပိုက်ဆံပေးရင် အပြည့်အဝ ပေးကြပါတယ်။

Cloud Storage Service ရွေးချယ်ရာမှာ

  • ကိုယ် ဘယ် ပစ္စည်းမျိုးကိုင်သလဲ? (ဥပမာ ဖုန်းဆိုရင် windows ဖုန်းလား၊ android ဖုန်းလား၊ iphone လား၊ Java ဖုန်းလား စသဖြင့်)
  • ကိုယ်က နေရာ ဘယ်လောက်လောက် သုံးချင်လဲ?
  • ကိုယ်ထည့်မယ့် data တွေကို လုံခြုံမှု ပမာဏမည်မျှလောက်ထိ ပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုး လိုအပ်သလဲ?

သည်အချက်တွေပေါ် မူတည်ပြီး ရွေးချယ်မှုက ကွာသွားပါတယ်။

Cloud service ပေးတဲ့ website တွေကတော့ free ပေးကြပါတယ်။ သူတို့ဆီမှာ သုံးရင် ဝင်ကြေး ပေးစရာမလိုပါဘူး။ စိတ်ချလုံခြုံမှုပေးတဲ့အပိုင်းမှာတော့ ပိုက်ဆံပေးရင် အကောင်းဆုံးထိန်းသိမ်းပေးကြပါတယ်။ free ဆိုရင်လဲ သူ့ဟာသူ တန်အောင် လုံခြုံစိတ်ချရအောင် လုပ်ဆောင်ပေးကြပါတယ်။ အဲ့ဒါတွေကတော့ သူတို့ဆီမှာ အကောင့်လုပ်ပြီး သုံးရင် ရမယ့် ဝန်ဆောင်မှုတွေပါ။

Cloud Storage Service များ

2015 ခုနှစ်မှာ လူသုံးအများဆုံး online cloud storage service website များ စုစည်းပေးထားပါတယ်။

Dropbox

Dropbox ကတော့ လူတော်တော်များ သုံးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက Linux, Blackberry, Windows, Android, IOS သုံး ဖုန်းတွေမှာ အသုံးပြုနိုင်လို့ပါ။ ကွန်ပျူတာတွေမှာလဲ အသုံးပြုနိုင်ပါတယ်။ Apple computer တွေမှာလဲ အသုံးပြုနိုင်ပါတယ်။ အကောင့်စဖွင့်ဖွင့်ခြင်း အသုံးပြုခွင့်ပေးထားတဲ့ ပမာဏက 2Gbs ပါ။ စာတွေထည့်ဖို့အတွက် သုံးရင် နေရာ များတယ်လို့ ထင်လောက်ပေမယ့် ဓာတ်ပုံ ဗွီဒီယို အကြီးစားဖိုင်တွေအတွက် သုံးမယ်ဆိုရင်တော့ မလုံလောက်တော့ပါဘူး။ ဒါပေမယ့် အင်္ဂလန်ငွေ 7.99 ပေါင် ပေးရင် 1TB ထိ ရနိုင်ပါတယ်။ ပိုက်ဆံမပေးချင်ရင် သူငယ်ချင်းတွေကို ကိုယ့်linkကနေ အကောင့်ဖွင့်ခိုင်းရင် တစ်ယောက်ဖွင့်ရင် 500mbs နှုန်းနဲ့ 16GBs ထိ တိုးချဲ့နိုင်ပါတယ်။ Facebook, Twitter နဲ့ချိတ်လိုက်ရင် တစ်ခုချိတ်ရင် 125 mbs နှုန်းနဲ့ 250mbs တိုးနိုင်ပါတယ်။ Camera upload feature ကို ယူလိုက်ရင် 3gbs ထပ်တိုးနိုင်ပါတယ်။ Dropbox Website Link -> https://www.dropbox.com/


Google Drive

သူကတော့ microsoft နဲ့ ချိတ်ဆက်ထားလို့ သူ့ကိုသုံးရင် ရနိုင်မယ့် feature တွေကတော့ အများကြီးပါ။ ပြီးတော့ Gmail, Google Calendar, Youtube, Google Docs, Google Sheets, Google Slides, Google Presentation, Google Drawings, Blogspot အကုန်ချိတ်ထားလို့ သပ်သပ် အကောင့်ဖွင့်စရာမလိုပဲ ဒီဟာတွေထဲက တစ်ခုခုကနေ ချိတ်သုံးရတာမို့ အဆင်ပြေပါတယ်။ အကောင့် စဖွင့်ဖွင့်ချင်း 15GBs ရပါမယ်။ promotion လေးတွေ လာလေ့ရှိပါတယ်။ ဥပမာ ဘယ်ဟာကို ဒေါင်းပြီးသုံးရင် 1gbs ကို ၁နှစ်စာ အခမဲ့သုံးရနိုင်တာမျိုး...... ဘယ်ဟာကို ချိတ်ဆက်လိုက်ရင် 5gbs ကို ၃လစာ အခမဲ့ သုံးရနိုင်တာမျိုး တို့လာလေ့ ရှိပါတယ်။ Google Drive website link -> https://www.googles.com.drive


Mega

Mega cloud storage services ကတော့ မြန်မာပြည်မှာ အသုံးနည်းပါတယ်။ Security မြှင့်ပါတယ်။ သူက New Zealand က ထောင်ထားတဲ့ website ပါ။ IOS, Android, Windows Phone နှင့် Blackberry ဖုန်းတွေမှာ သုံးနိုင်ပါတယ်။ Mega link တွေက ဒေါင်းရတာ သာမာန် cloud storage services က link တွေ မတူပါ။ သူ့ကို ဒေါင်းချင်ရင် browser မှာ meag plugin တစ်မျိုးသွင်းထားမှသာ ဒေါင်းရပါတယ်။ mega plugin ကတော့ browser တိုင်းလိုလို ရနိုင်ပါတယ်။ စဖွင့်ဖွင့်ချင်း 50Gbs ရပါမယ်။ ယူရိုငွေ 99 ပေးရင် 500GBs, ယူရို 199 = 2TBs, ယူရို 299 = 4TB စသဖြင့် ထပ်တိုးနိုင်ပါတယ်။ Mega website link -> https://mega.nz/

Copy

ရိုးရှင်းပါတယ်။ Windows Phone, iOS, Android တွေမှာ သုံးနိုင်ပါတယ်။ Windows, OSX နှင့် Linus သုံး ကွန်ပျူတာတွေမှာလဲ သုံးလို့ရပါတယ်။ အကောင့် စဖွင့်ဖွင့်ခြင်း 15Gbs ရပါမယ်။ ကိုယ့်အကောင့်link ကနေ သူငယ်ချင်းတွေကို သူတို့အကောင့်အသစ် ဖွင့်ခိုင်းရင် ကိုယ်သာမက ကိုယ့်သူငယ်ချင်းပါ (စဖွင့်ခြင်း 15Gbs ရတဲ့အပြင်) 5gbs အပိုဆောင်း ထပ် ရပါမယ်။ Copy website link -> https://www.copy.com/

One Drive

Microsoft ရဲ့ cloud storage service ပါ။ စဖွင့်ဖွင့်ခြင်း 15GBs ရပါမယ်။ Microsoft account ရှိသမားတွေဆိုရင် cloud storage ကို ဒီအတိုင်းချိတ်ရုံပါပဲ့။ Microsoft ကထုတ်တဲ့ internet နှင့် ချိတ်ရနိုင်တဲ့ program မှန်သမျှ သူ့နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ကိုယ့်အကောင့် link ကနေ သူငယ်ချင်းတွေကို ဖွင့်ခိုင်းပြီး ပမာဏတိုးနိုင်ပေမယ့် အများဆုံး 5Gb ထိပဲ တိုးနိုင်ပါတယ်။ Office 365 သုံးတဲ့သူတွေအတွက် ပိုက်ဆံပေးနိုင်မယ်ဆိုရင်တော့ 1TB ထိ တိုးနိုင်ပါတယ်။ ကိုယ့်ရဲ့ mobile phone camera roll နှင့် ချိတ်ဆက်လိုက်ရင် 2gbs အခမဲ့ ရနိုင်ပါသေးတယ်။ One Drive website link -> https://www.onedrive.live.com

Tresorit

သူကတော့ security မြင့်ပါတယ်။ Swiss company က တည်ထောင်ထားပါတယ်။ company ကတော့ သူတို့ security စနစ်ကို ဖောက်ထွင်းနိုင်ရင် ဒေါ်လာ ငါးသောင်း ပေးမယ်လို့ ပြောထားတာ ယခုချိန်ထိ ဟက်ကာ တစ်ယောက်မှ သူတို့ရဲ့ security စနစ်ကို မဖောက်ထွင်းနိုင်သေးဘူးလို့ ဆိုပါတယ်။ စဖွင့်ခြင်း 3GBs ရပါမယ်။ တင်နိုင်တဲ့ ဖိုင်တစ်ခုရဲ့ ပမာဏက 500Mbs ထက် ကျော်မရပါ။ အကောင့်တခုကို devices သုံးခုပဲ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ တစ်လလျှင် အင်္ဂလန်ငွေ 8 ပေါင် ပေးနိုင်လျှင် 100Gbs ထိ သုံးစွဲနိုင်ပါတယ်။ Tresorit website link -> http://tresorit.com/

Box

Box ကို drop box နဲ့ တခါတရံမှာ မှားတတ်လေ့ရှိပါတယ်။ သူတို့ နှစ်ခုက မတူပါဘူး။ Box ဆိုတဲ့ cloud storage service က တည်ရှိနေတာ ကြာပါပြီ။ စဖွင့်ဖွင့်ခြင်း 10GBs ရပါမယ်။ ဖိုင်တခုစီရဲ့ ပမာဏက 250Mbs လောက်ပဲ တင်နိုင်ခွင့်ရှိပါတယ်။ အင်္ဂလန်ငွေ 7 ပေါင် ကို လတိုင်းပေးနိုင်လျှင် 100 Gbs ထိ ရယူသုံးစွဲနိုင်ပါတယ်။ တင်နိုင်တဲ့ ဖိုင်တခုစီရဲ့ ပမာဏကလဲ 5Gbs ထိ တိုးသွားပါတယ်။ Box website link -> https://www.box.com

pCloud

သူလဲ လူသုံးများပါတယ်။ iOS, Android, Windows, Mac နှင့် Linux သုံး ကွန်ပျူတာတို့ ဖုန်းတို့မှာ သုံးနိုင်ပါတယ်။ အကောင့်စဖွင့်ဖွင့်ခြင်း 10Gbs ရပါတယ်။ သူငယ်ချင်းတွေ ခေါ်နိုင်ရင် နောက်ထပ် 10Gbs ထပ်ရပါမယ်။ ဖိုင်ဆိုက်ဒ်၊ download speed ကန့်သတ်မထားပါ။ အားနည်းချက်က ကိုယ် share ထားတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို passwords ထားလို့မရတာပါပဲ။ pCloud website link ->https://www.pcloud.com

Mediafire

သူလဲပဲ လူသုံးများပါတယ်။ download speed, bandwidth မကန့်သတ်ထားလို့ပါ။ အသုံးပြုရတာ ရိုးရှင်းပြီး လွယ်ကူပါတယ်။ စဖွင့်ဖွင့်ခြင်း 10Gbs ရပါမယ်။ facebook တို့ twitter တို့လို social site တွေ ချိတ်ဆက်လိုက်မယ်၊ သူတို့ရဲ့ software တွေ download လုပ်ပြီးသုံးမယ် ဆိုရင် နောက်ထပ် 50gbs အထိ တိုးနိုင်ပါတယ်။ အကောင့်သုံးသူမဟုတ်သူများနဲ့လဲ ဝေမျှသုံးစွဲနိုင်ပါတယ်။ အားနည်းချက်က အကောင့်ဖွင့်ပြီး တစ်နှစ်မှာ တစ်ခါလောက်တော့ ဝင်ကြည့်သင့်ပါတယ်။ မဟုတ်လျှင် အကောင့်ပျက်သွားနိုင်ပါတယ်။ Mediafire website link -> https://www.mediafire.com

Dump Truck

Dump Truck လဲ download speed, bandwidth တွေ မကန့်သတ်ထားလို့ အသုံးများတဲ့ free online cloud storage တစ်ခုပါ။ Android, iOS ဖုန်းတွေမှာအပြင် Windows, Mac ကွန်ပျူတာတွေမှာပါ အသုံးပြုနိုင်ပါတယ်။ အကောင့် စဖွင့်ဖွင့်ခြင်း 5Gbs ရပါမယ်။ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး အကောင့်ဖွင့်ခိုင်းနိုင်ရင် တစ်ယောက်ဖွင့်လျှင် 500mbs နှုန်းနှင့် 21gbs ထိ တိုးချဲ့နိုင်ပါတယ်။ Dump Truck website link -> https://www.goldenfrog.com/dumptruck

အထက်ပါ ဖော်ပြထားတဲ့ cloud storage service တွေကတော့ လူသုံးများတဲ့ security အပိုင်းမှာ အသင့်တင့် စိတ်ချရတဲ့ website တွေပါ။

Hive

သူကလဲ free online storage service တစ်ခုပါ။ ကြိုက်သလောက် ထားလို့ရပါတယ်။ ပမာဏ ကန့်သတ်မထားဘူး။ Unlimited space ပါ။ ထိန်းသိမ်းခ လစဉ်ကြေး နှစ်စဉ်ကြေး လုံးဝ ပေးစရာမလို။ ဒါပေမယ့် share လုပ်ရင် အပြင်လူတွေနဲ့ လုပ်လို့မရပါ။ Hive cloud service သုံးသူ အချင်းချင်းပဲ share လုပ်လို့ရမှာပါ။ download speed ကန့်သတ်ထားပါတယ်။ account ဖွင့်ပြီး ရက် ၃၀ ကြာလို့ အသုံးမပြုဘူး ဆိုရင် ဖျက်ပစ်ပါတယ်။ Hive website link -> https://www.hive.im/

Mankayia

Free Online Storage Service တစ်ခုပါပဲ။ ပမာဏ ကန့်သတ်ထားခြင်း လုံးဝမရှိ။ ဝင်ကြေး လစဉ်ကြေး နှစ်စဉ်ကြေး လုံးဝ ပေးစရာမလိုတဲ့ free unlimited space service ပါ။ ဖိုင်တွေ ရက်အကန့်အသတ်မရှိ ထားလို့ရပါတယ်။ upload download speed ကန့်သတ်မထားပါ။ ဆိုးတဲ့အချက်က files တွေ folder တွေ share ချင်ရင် တစ်ခါ share လျှင် ၁၀ ဒေါ်လာ ပေးရပါတယ်။ Mankayia website link -> https://www.onlinestoragesolution.com/

တခြား cloud service ပေးနေတဲ့ website တွေ နှိုင်းယှဉ်ထားတာကို ဒီမှာ http://www.cloudwards.net/comparison/11 ကြည့်လို့ရပါတယ်။

ပမာဏများများ ဖိုင်တွေ သီချင်းတွေ ပုံတွေ share ဖို့ဆိုရင် cloud storage က အကောင်းဆုံးပါပဲ့။ device ကနေ computer ပဲ ဖြစ်ဖြစ် computer ကနေ devices တွေဆီကို ဖြစ်ဖြစ် ကြိုးနှင့် ချိတ်ဆက်ပြီး data တွေ ပြောင်းရွှေ့စရာ မလိုပါဘူး။ computer မှာ သုံးနေတဲ့ cloud storage account ဖွင့်ထားမယ် device မှာလဲ သုံးနေတဲ့ အကောင့် ဖွင့်ထားမယ်ဆိုရင် computer ကနေ cloud storage ထဲ ထည့်လိုက်တဲ့ ဖိုင်တွေ device မှာလဲ ယူသုံးလို့ရပါတယ်။ ထို့အတူ device ကနေ cloud storage ထဲ ထည့်လိုက်တာတွေလဲ computer ကနေ ယူသုံးလို့ရပါတယ်။ အဲ့လိုလုပ်ဖို့ အင်တာနက်တစ်ခုပဲ လိုအပ်ပါတယ်။ Computer term အရ Synchronization (Sync) လုပ်တယ် လို့ ခေါ်ပါတယ်။

Bandwidth limit လုပ်ထားတယ်ဆိုတာ လူ ၈ ယောက်လောက် တန်းစီဝင်နိုင်တဲ့ တံခါးပေါက်ကို လူ လေးယောက်လောက်ပဲ တန်းစီဝင်နိုင်အောင် လုပ်ထားသလိုပါပဲ။ Bandwidth cap လုပ်ထားတယ်ဆိုတာ data transfer လုပ်တဲ့နှုန်း 100 ရာခိုင်နှုန်းကို တစ်ယောက်တည်း အပြည့်အဝယူထားလို့မရအောင် ထိန်းချူပ်ထားတယ်ဆိုတာပါ။ ပေးထားတဲ့ link ကို download ဆွဲတဲ့သူ အဆမတန်များလာတဲ့အခါ နောက်တိုးလာတဲ့ download ဆွဲမယ့်သူတွေကို ပေးမဆွဲတော့ပါဘူး။ dropbox link download ဆွဲဖူးတဲ့သူတွေ သိကြမှာပါ။ 404 Error နဲ့ ကားတိုက်နေတဲ့ပုံလေးတက်လာလို့ download လုပ်လို့ မရတော့ဘူးဆိုတာ အဲ့လိုမျိုးကြောင့် ဖြစ်သွားတာပါ။ Error တွေ ပြကုန်ပါတယ်။ Download rate maximum 200kbps ပေးထားတယ်ဆိုရင် bandwidth cap ပါထားထားတဲ့အခါ ပျမ်းမျှ ၁၀ ယောက် download လုပ်ရင် တစ်ယောက်ကို maximum rate က 20 kbps လောက်ပဲ ရတော့မှာပါ။


အကြံပေးလိုတာက cloud storage သုံးမယ်ဆိုရင်
  • ကိုယ့် account passwords ကို အလုံးရေများများနှင့် အကြီးအသေးရောပြီး ထားပါ။
  • Account email ကို ကိုယ်တစ်ယောက်တည်းသာ သိပါစေ။
  • Account name နှင့် account နှင့်ဆိုင်တဲ့ အချက်အလက်တွေကို သူများ မသိပါစေနှင့်။
ဒီအချက်တွေကို သတိထားလိုက်နာမယ်ဆိုရင် တော်ရုံလောက်နဲ့ ကိုယ့် account storage ကို ဘယ်သူမှ ဖောက်ထွင်း ဝင်ရောက်မနိုင်ပါဘူး။

အင်တာနက်ဆိုတာ လုံခြုံစိတ်ချမရတဲ့ အပိုင်းတွေ အများကြီးရှိတာကြောင့် cloud storage ကို အများကြီး အားထား ယုံကြည်ထားဖို့ မသင့်ကြောင်း ထပ်ဆောင်းပြောပါရစေ။ ကျေးဇူးတင်ပါတယ်။

KSA

Reference - http://www.pcadvisor.co.uk/test-centre/internet/best-cloud-storage-dropbox-google-drive-onedrive-icloud-3506734/
http://www.cloudwards.net/comparison/
http://freebies.about.com/od/free-cloud-storage/

Post a Comment

0 Comments