ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်


  လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲနာကျင်မွန်းကျပ်နေတယ်။

   ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

   အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကိုရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”

   အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေးသောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တခြား ဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေကကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလာဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”

   လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာပြောပြနိုင်မလား”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကိုကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက်မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေမှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

ေြ မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။
ေ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်ကအရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”

   လူငယ်က သဘောပေါက်နားလည်စွာနဲ့ အိမ်ကိုပြန်ခဲ့တော့တယ်။ 
  ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုပါဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်လိုက်တယ်။
   ပျော်ရွှင်ခြင်းကိုတောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

မူရင်း--He Yue-Qing (何躍青) ပြုစုတဲ့ စိတ်အာဟာရကြက်ပေါင်းရည် စာအုပ်မှ


နိုင်းနိုင်းစနေ (Tuesday, October 06, 2009)

Post a Comment

0 Comments