ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ

ဒီမှာ မိစနေ

  ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။

  လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။
 
  ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ.... ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။
  ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်ပါစေ။

  ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးအတဲ့မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။ (ဥပမာ- ငါ့ကိုချစ်လား၊ ဘယ်လောက်ချစ်လဲ) ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။

  တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။ တခြားလူ ကိုယ်ချင်းစာ သနားဖို့မလိုပါဘူး။ ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။

  ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။ ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့၊ စိတ်တိုချင်တိုင်း မတိုပါနဲ့။


ဒီမှာ မိစနေ

  သင် စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။ tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။

  တခြားလူအပေါ် မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။ သင်အကူအညီလိုချိန် အနားရောက်လာပြီးကူညီမယ့်လူကို ပိုလိုတောင် မမျှော်ကိုးပါနဲ့။ ဘယ်သူကမှ ဘယ်သူ့ဟာ မဟုတ်လို့ပါပဲ။

  တခြားလူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာ အကြွေးဖြစ်သွားတယ်။

  ဒီလောကမှာ နောက်ပြန်လှည့်လို့ မရတာပဲရှိတယ်၊ ကျော်ဖြတ်လို့မရတဲ့အခက်အခဲဆိုတာ မရှိပါဘူး။

  သင့်အပေါ် သူကောင်းရင် သူ့အပေါ် သင်ဆတိုးကောင်းပါ။

  သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင့်မှာ ကောင်းတာတွေ မလုံလောက်သေးလို့ပါပဲ။

  လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ... အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာကို ခေါင်းမာမာနဲ့ယုံကြည်ပေးပါ။

ဒီမှာ မိစနေ

  အတိတ်ကို မလွှတ်တမ်း ဆုပ်ကိုင်မထားပါနဲ့။ ကြိုးပြတ်သွားတဲ့စွန်ကို ပျံသန်းခွင့်ပေးလိုက်ပါ။ သူ့ကိုလွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။

  လောကမှာ "သင်"တစ်ယောက်ပဲရှိပါတယ်။ တခြားလူတွေ သင့်ကို မနှစ်သက်ခဲ့ရင်လည်း သင့်ကိုယ်သင် မြတ်နိုးတတ်ပါစေ။ မှန်ကန်သူဖြစ်ပါစေ။

  သင့်ဘေးက သင့်ကိုအဖော်ပြုသူတွေကို ကောင်းကောင်းဆက်ဆံပါ။ အချစ်က တိုတောင်းနိုင်ပေမယ့် သူငယ်ချင်းက တစ်သက်လုံးအတွက်ပါ။

  အချစ်အပြင် မြေပြင်ပေါ်မှာ သင်ခြေအစုံ ကြံ့ကြံ့ခံရပ်နိုင်စေမယ့်အရာကို ရှာဖွေနိုင်ပါစေ။

  မကြာခဏ ကောင်းကင်ကိုမော့ကြည့်ပါ။ ကောင်းကင်ကိုမော့ကြည့်ချိန် ခြေဖဝါးအောက်ကအရာကိုလည်း ကြည့်ဖို့မမေ့ပါနဲ့။

  သင့်ရဲ့အလိုလိုသိစိတ်ကို ယုံကြည်ပါ။ တခြားလူကို ရန်မစပါနဲ့။ တခြားလူကလည်း သင့်ကို ရန်မစစေပါနဲ့။

  တခြားလူနဲ့ ဟိုလိုလို ဒီလိုလို မရှုပ်ပါနဲ့။ သင် တတ်နိုင်မှာ၊ ပေးစွမ်းနိုင်မှာ မဟုတ်လို့ပါ။

  သင့်ကိုယ်သင် အရမ်းနှိမ်မချပါနဲ့။ တစ်ခါတလေ ရဲဝံ့ပါစေ။ အနိုင်ကျင့်ခံရတဲ့အခါ အမှန်ကို ပြန်ရယူပါ။ ဒါပေမယ့် ရန်ငြိုးမထားပါနဲ့။ လူသိမ် လူနုံတွေ သူတို့လမ်းသူတို့သွားပါစေ။ သနားညှာတာခြင်းက သင့်ကို ပိုမြင့်မြတ်စေပါတယ်။

ဒီမှာ မိစနေ

  ပျော်ပျော်နေပါ၊ ရွှင်လန်းတက်ကြွအောင်နေပါ၊ ကြံ့ခိုင်အောင်နေပါ၊ မေတ္တာတွေ နွေးထွေးပါစေ။ ဒါဟာ အကျင့်စရိုက်နဲ့ မဆိုင်ပါဘူး။

  ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတတ်ပါစေ။ ကိုယ်ဟာအကောင်းဆုံးကို ပိုင်ဆိုင်ထားကြောင်း ကိုယ့်ကိုယ်ကို အစဉ်အမြဲ အသိပေးတတ်ပါစေ။

  မျှော်လင့်ချက်ကို အမြဲဆောင်ထားပါ။ ရှေ့သို့ အမြဲဆက်လှမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် လောကမှာ သင့်ကိုအားပေးသူတစ်ယောက် အမြဲရှိနေပါတယ်။ အဲဒီလူကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

Post a Comment

0 Comments