ဟိုတစ်စ ဒီတစ်စ ဆက်စပ်၍ မရသော အရာများ


  ကျားသားမိုးကြိုး ဒီနေ့ သားတော်မောင် စောစောစီးစီး ဖလက်ပြသွားသည်။ သူအိပ်ပြီဆိုတော့ ကျန်သည့် အချိန် တွေက ကိုယ့်အချိန် ပဲမို့ တီဗီကြည့်မလား စာဖတ်မလား တစ်ခုခု လုပ်ရုံပင်။ ကဲ ဒီနေ့တော့ စာလေး ဘာလေး ဖတ်အုံးမှပါလေ ဟုတွေးကာ မောင်ပွ တစ်ယောက် စာအုပ်စင် ဆီသို့ လှမ်းလာခဲ့၏။ သည်တွင် အိမ်အောက်မှ တစ်ဒုန်းဒုန်း တက်လာသော မိန်းမ ခြေသံ အား ကြားလိုက်ရပြီးလျှင်

" ကိုရင်ပွ ဒါက ဘာလုပ်မလို့လား"

" စာလေး ဘာလေး ဖတ်မလားလို့လေ"

" အော် ကောင်းတယ် ဖတ်ဖတ် ဒါထက် အခု ရှင် ဘယ်စာပေတွေကို လေ့လာနေသတုန်း"

" လောလောဆယ် လက်ဝဲ စာပေတွေကို လေ့လာနေတယ်"

" ဟွင် ရှင့်နှယ်တော် မဟုတ်တာ တစ်ခြားစာတွေဖတ်စမ်းပါ ဘယ့်နှာပြုလို့ ဒီလက်ဝဲ စာပေတွေကို လေ့လာနေရသတုန်း ပြစမ်း ရှင်အခု ဘယ်လက်ဝဲ စာပေ ဖတ်နေတာတုန်း"

" မြိုင်ရာဇာတွတ်ပီ ရဲ့ တောတွင်းစွန့်စားခန်းများ"

" ငင့် တွတ်ပီက လက်ဝဲ စာအုပ်လား"

" အေးဆို"

" အာ့ ဘိုဖြစ်"

" ငါ့ဘယ်ဘက်စာအုပ်ပုံကနေ ယူလိုက်လို့ လက်ဝဲ စာပေလို့ခေါ်တာလေ အာ့ရဘူးလား"

" ငင်"

" တကယ်တော့ လက်ဝဲ ၀ါဒီ တွေဆိုတာ ဟိုးအရင် ဘုရင်တွေလက်ထက်ကတည်းက ရှိခဲ့တာကလား"

" ဟွင် ကြားဖူးပါဘူးတော်"

" ဟွင် လက်ဝဲသုန္ဒရ အမတ် လေ နာမည်မှာကို လက်ဝဲ ပါနေတာ အာ့ လက်ဝဲ မဟုတ်လို့ ဘာလဲ"

" ငမ် တောက်ပလုတ်တုတ် ယောက်ျား ရှင့် ဗဟုသုတ တွေ အရမ်းတိုးပွားနေပါလားညော်"

" အေးဆို"

  ပြောသာ ပြောရသည်။ မောင်ပွသည် ငယ်စဉ်ကတည်းက ကျောင်းစာမှလွဲ၍ တွေ့သည့်စာ အကုန်ဖတ်သည်။ ဘိုဘို၊ ဒီရဲဂျာ၊ ကျော်အောင်မော်၊ စိုင်းလားရှိုး၊ ဂျဝါနော်၊ နော်တူးအောင်၊ ဧရာ အို စုံလို့ပါပဲလေ။ ဒီလို ဒီလို စာကောင်းပေမွန် တွေဖတ်ရုံမျှ မက လူကြီးတွေ ပြောသည့် စကားဝိုင်းတွင်လည်း ဗဟုသုတ ရှာမှီးသေးသည်။

" ခုခေတ်ကလေး တွေများ ယဉ်ကျေးမှု နည်းပါးလာလိုက်ကြတာ ခင်ပွန်းကြီး ၁၀ ပါးတောင် မလေးစားကြတော့ဘူးဗျ"

" ကောသလမင်း အိမ်မက် ၁၆ ချက်က တကယ်မှန်နေပြီလေ"
 

  ဘေးကနေ ထိုင်သာ နားထောင်နေရတာ ဘာတွေမှန်းတော့ အဓိပ္ပါယ် မပေါက်။ လူကြီးတွေကလည်း ကိုယ့်ဆို လူရာ မသွင်း။ ဒါပေသိ မောင်ပွ ဆိုတာကလည်း ၀င်ညှော်ရမှ ကျေနပ်တဲ့ သူမျိုး ဆိုတော့ကား

" ဦးလေး ကလဲ လူငယ်တွေကိုပဲ အပြစ်မပြောနဲ့အုံး အာ့ ခင်ပွန်းကြီး ဆိုတာကလည်း ၁၀ ပါးတောင်ရှိတာကိုး"

" တယ် ဒီကောင်လေး ကွကိုယ် နေစမ်း ခင်ပွန်းကြီး ၁၀ ပါးဆိုတာ ဘာလဲဆိုတာရော သိလို့လား ပြောစမ်းပါအုံး"

" အာ့ကလေ ဟွာလေ ဒီဟာလေ လင်ကြီး လင်လတ် လင်ငယ် လင်ပိစိကွေး အာ့တွေ ဟုတ်ဖူးလား"

" ငင့် ဒါက ဘာတွေလား"

" အင်းဆို"
 

  တောက် နေနှင့်အုံးပေါ့ကွာ။ ကိုယ်တွေ မလေ့လလာ ထားလို့ ခံလိုက်ရတာ။ ဒါနဲ့ ဘယ်ရမလဲ။ လူကြီး သူမတွေလိုက်မေး စာအုပ်တွေ လိုက်ဖတ်မှ ခင်ပွန်းကြီး ၁၀ ပါးဆိုတာ ယခင်က ကိုယ်ထင်နေတာတွေနှင့် တက်တက် စင်အောင်လွဲမှန်း သိရတော့သည်။ အဆိုပါ ခင်ပွန်းကြီး ၁၀ ပါးကား

(၁) မြတ်စွာဘုရား

(၂) ပစ္စေက ဗုဒ္ဓါ

(၃) အဂ္ဂသာဝက ၊ မဟာသာဝက

(၄) ရဟန္တာ

(၅) မိခင်

(၆) ဖခင်

(၇) အလေးအမြတ်ပြုအပ်သော ပုဂ္ဂိုလ်

(၈) အတတ်သင်ပေးသော ဆရာ

(၉) တရားဟောဆရာ

(၁၀) မိမိအား ကျေးဇူးပြုခဲ့ဖူးသူများ

   ဘယ်ရလိမ့်မလဲ။ သိသိချင်း ပဲ ထိုစကားဝိုင်း လုပ်မယ့်နေ့ကို ထိုင်စောင့်ကာ စကားဝိုင်းလဲစရော ၀င်ညှော်ပြန်လေသည်။ သို့သော် ခက်တာက ဒီနေ့မှ သူတို့ စကားဝိုင်းခေါင်းစဉ်က တခြားဟာ။

" ဒီနေ့ တစ်နေ့လုံး အောက်မျက်ခုံး လှုပ်နေတယ်ဗျ"

" ဘယ်ဘက်လှုပ်ရင် ငိုရမယ် ညာဘက်လှုပ်ရင် ချစ်သူခင်သူ နဲ့တွေ့ရမယ်ဆိုပဲဗျ"

" ကျုပ်တော့ အဲ့ ဆိုရိုးတွေ သိပ်အယုံအကြည်မရှိပါဘူးဗျာ"

ေ  တောက် ပြောနေတဲ့ စကားတွေက ကိုယ်ဘယ်နေရာကနေ စ၀င်ရမလဲ ဆိုတာ မတွေးတတ်အောင်ပင်။ ကိုယ်တွေက ခင်ပွန်းကြီး ၁၀ ပါးအကြောင်းပြောချင်လှပြီ။

" အာ့နဲ့လေ ကျနော်လည်း ပြောပြရအုံးမယ် ကျနော်လဲ လှုပ်နေလို့"

" ဟွင် ဘာလှုပ်တာလဲ"

" မျက်တောင်"

" ငင့်"

" အာ့လေ အဲ့မျက်တောင်လှုပ်တာ အမေ့ကိုပြောပြတော့ အမေက ခင်ပွန်းကြီး ၁၀ ပါး နဲ့သွားတွေ့ပါ တဲ့"

" ဟွင် ဘာမှလည်း ဆိုင်ဘူး"

" အာ့နဲ့ ကျနော်လည်း ပြောလိုက်တယ် အမေရယ် သား အပြင်သွားပျစေ ဆိုပြီး အိမ်ပြင်ထွက်တော့ ခင်ပွန်းကြီး ၁၀ ပါးနဲ့ တန်းတိုးတော့တာပဲ"

" ဟွင် ခင်ပွန်းကြီး ၁၀ ပါးက အာ့လို အတွဲလိုက်ကြီး တောက်တောက်တောက်တောက် လျှောက်သွားနေတာပဲလား"

" အင်းဆို"

" အွန့်"

" အာ့နဲ့ ကျနော်လည်း မတွေ့ပျစေနဲ့လို့တောင်းပန်ပြီး အိမ်ထဲ ပြန်ဝင်လိုက်တာ"

" ခင်ပွန်းကြီး ၁၀ပါး နဲ့ ထပ်တွေ့တာပဲလား"

" ၅ ပါးနဲ့ပဲတွေ့တယ် ၅ ပါးက အိမ်ပြင်မှာ ကျန်ခဲ့တယ်"

" ငွန့် ကောင်လေး မင်း ဒီရက်ပိုင်း ရုတ်တရက် တော်လာပါလား ဘာစာအုပ်တွေများ ဖတ်သတုန်းကွဲ့"

   အာ့မှ သောက်ဂွ။ ကိုယ်တွေက စာအုပ်ဆိုလို့ မယ်မယ်ရရ ဖတ်ဖူးတာ မဟုတ်။ သို့သော် ကိုယ့်ကို တော်သည် ပြောနေတာကို အရှိန်မကျစေလို။ ဘယ်ရမလဲ ခပ်တည်တည်ပေါ့။

" လောလောဆယ် ဖတ်ဖြစ်နေတာက ဂဠုန်ဦးစောရဲ့ ကျွန်မက နှင်းဆီပါမောင် ဆိုတဲ့ စာအုပ်ပါ"

" ငမ် ဘယ့်နှာပြုလို့ နှင်းဆီ ဖြစ်သွားရတာတုန်း မသကာ ကျွန်မက ဂဠုန်ပါမောင်ဆို တော်သေး"

" အင်းဆို"

" ပြီးတော့ ဘာသာပြန်ထဲကဆို ဂျော့ဒဗလျူဘုရှ်ရေးတဲ့ ကိုကိုစိတ်ကူးယဉ် ဆိုတဲ့ စာအုပ် ဖတ်နေပါတယ်"

" ငွင် သေပျစေ သေပျစေ ငါသေပျစေ နင့်ဟာက ဘယ့်နှာ စာအုပ်တွေလား"

" အင်းပါဆို"

   အော် လူကြားထဲ အရှက်မကွဲဖို့ အရေး စာလေးဘာလေး သေချာဖတ်အုံးမှပါလေ။

------------------------------------------×------------------------------------------------------------

   ယခုနောက်ပိုင်း စာပေဟောပြောပွဲတွေ အတော်တွင်ကျယ် လာတာကြည့်ပြီး မောင်ပွ အတော်သဘောကျမိသည်။ လာဟောပြောကြသည့် ဆရာတွေဆိုတာ တကယ့် စာပေ သမ္ဘာရင့် ၀ါရင့်ကြီးတွေ ဆိုတော့ကာ ၄င်းတို့ အတွေ့အကြုံများ ဗဟုသုတ များအား ပြန်လည် မျှဝေ သည်မှာ လွန်စွာ နားထောင်ကောင်းလှပေသည်။ ကိုယ်တွေ ငယ်ငယ်တုန်းကဆို ဆရာဦးအောင်သင်း ရဲ့ ကက်ဆက်တိတ်ခွေလေးတွေ သာ ၀ယ်ပြီး နားထောင်နေရတဲ့ ဘ၀ ကနေ အခုလို အရှင်လတ်လတ်ကြီး အပြင်မှာ တွေ့ဖူးတော့ကား ပြေးပြီးပဲ အာဘွားပေးချင်သလိုလို ကုန်းပဲပြေးပိုးချင် သလိုလို ဘာကြီးမှန်းလဲ မသိ။

   ဆရာဝန် စာရေးဆရာတွေထဲ နောက်ပိုင်း ဆရာဦးစိုးလွင် ကို အတော်သဘောကျမိသည်။ လုပ်ငန်းခွင် အတွေ့အကြုံလေးတွေကို စာဖတ်ရှုသူ မပျင်းစေရန် ရေးသားထားပုံမှာ အတုယူစရာ ကောင်းလှသည်။ ဆရာနဲ့ စာမသင်ဖူးသော်ငြား ဆရာ စာသင်ကောင်းမည်ဆိုတာ တွေးပြီး မှန်းကြည့်လို့ရ၏။

   သို့နှင့် ဆရာ့ ဆရာကြီး များ၏ အာဘော်ကို ယူကာ မောင်ပွ တစ်ယောက် တပည့်များအား စာသင်ကြားလေရာ အခြေ အနေ မဆိုး။ အဓိက ကား လူငယ်တွေကို တွေးတတ်စေချင်သည်။ ကိုယ့်တုန်းက မတွေးတတ်ခဲ့လို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့တာကိုး။ ထို့ပြင် စာဆိုသည်ကား စာချည်းပဲ သင်၍ မဖြစ်။ ကြားဖြတ် ဗဟုသုတ များ ဥာဏ်စမ်း ပဟေဠိ လေးများလည်း ထည့်မေးရကြောင်း သို့မှသာ ကျောင်းသားများ အိပ်မငိုက် ကြောင်း မောင်ပွ ကိုယ်တွေ့ ဖြစ်လေရာ စစချင်း ရက်များတွင်တော့ အခြေ အနေမဆိုးလှ။ ကြားဖြတ် ၍ ဆရာချစ်ဦးညို ပြောတာလေးတွေ ထည့်မှီငြမ်း လိုက် ဆရာနေ၀င်းမြင့် ဟာသလေးတွေ ထည့်ပြောလိုက်ဆိုတော့ သကောင့်သားများမှာ တခွီးခွီး တဟားဟား။

" ခွီးခွီးခွီး ဟားဟားဟား"

" ကဲကဲ ဒီလောက်ရီရရင် တော်ပြီ စာဆက်သင်မယ်"

" ခလွီး ခလော ခလဲ ခလူး"

" အွန့်"

   ကြည့်ရတာ စာမသင်ဘဲဟာသတွေပဲ ထိုင်ပြောနေမှသာ အိပ်မငိုက်တော့မည်လား မသိ။ သို့နှင့် သင်ခန်းစာ နှင့် သက်ဆိုင်သော Quiz လေးတွေ ထည့်မေးရ၏။

" ကဲ အခုနေများကွာ ငါက မင်းတို့ ရင်ကို ဓါးနဲ့ခွဲမယ်"

" ငင် "

" နံရိုးတွေကို ရိုက်ချိုးမယ်"

" ငမ်"

" နှလုံးနဲ့ဆက်နေတဲ့သွေးကြောတွေကို ဓါးနဲ့ ဖြတ်ထုတ်မယ်"

" အားလားလား"

" ပြီးရင် နှလုံး တစ်ခုထဲကို ကွက်ထုတ်ပြီး စားပွဲပေါ်တင်ထားမယ် အာ့နှလုံးက ဆက်ခုန်အုံးမလား"

   ဆိုတော့ကာ အဖြေက ဆက်ခုန်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နှလုံးတွင် အလိုအလျောက် Electrical discharge ထုတ်ပေးသော SA node ဟူသော အရာ ပါရှိလေရာ ၄င်းမှ ထုတ်လွှတ်သော လျှပ်စစ်အားကြောင့် နှလုံးက အော်တိုခုန်နေခြင်းပင်။ ထို့ကြောင့် နှလုံးကို ခုန်နေစေရန် တစ်နေကုန် လက်နှင့် ထိုင်ညှစ်နေဖို့ မလို။

" ကဲ ဟိုအိပ်ငိုက်နေတဲ့ ကျောင်းသား ထပါအုံး ပြော ခုန်မလား မခုန်ဘူးလား"

" ဟွင် မခုန်ပျစေနဲ့လား ဆရာ"

" အွန် အာ့ဘာဖစ်"

" ကျွန်တော် အူကျနေလို့ပါ"

" အွန့် ဒေါင်းဇား ငါမေးတာနဲ့ မင်းဖြေတာ ဘာဆိုင်လို့လား"

" အင်းဆို"

" ကဲ ဟိုတစ်ယောက် ထ ခုန်မလား မခုန်ဘူးလား"

" ခုန်ပါမယ် ဆရာ"

" That's right အဲ့လို ဖြစ်နေရမယ် တွေးပါ တွေးပါ များများတွေးပေးပါ လို့ပဲ ပြောပျစေ ကဲ ပြောပါအုံး ဘာလို့ ခုန်မှာလဲ ဆိုတာ"

" ဆရာ တင်ထားတာ စားပွဲပေါ် ဖြစ်နေလို့ပါ"

" ငမ် အာ့ ငါ့အပြစ် ဖြစ်သွားလား တပည့်"

" အင်းလေ စားပွဲက ကြမ်းတယ် နှလုံးက နူးညံ့တယ် အာ့တော့ နှလုံးက မနေဘူး လျှောက်ခုန်တော့တာပေါ့"

" မြတ်စွာဖျား နည်းတဲ့ Concept လား ငါ့တပည့် နောက်တစ်ခါများဆို စားပွဲပေါ် မတင်ဘဲ မွေ့ယာပေါ်ပဲ တင်ပါတော့မယ် ငါ့တပည့်"

   နောက်တစ်ခု

" ကဲ ဆိုကြပါစို့ မင်းတို့ရှေ့မှာ ကောင်မလေး တစ်ယောက် ဟာ Heat stroke ရပြီ ဆိုပါစို့ ဘာလုပ်မလဲ"

" တားကိုရွေး တားကိုရွေး"

" ငွင် "

" ပါးစပ်ချင်းတေ့ပြီး လေမှုတ်ရပါမယ်"

" အလို ငါပါ ရဲစခန်း ရောက်မယ့်ကိန်း"

" ရင်ဘတ်ပေါ်လက်တင်ပြီး နှလုံးခုန်အောင် ဖိရပါမယ်"

" ငမ် မေတ္တာ စေတနာ ကြီးမားလှပါလား ကဲ ဆိုပါတော့ အာ့နေရာမှာ ကောင်လေး တစ်ယောက်ဆိုရင်ရော"

" ကိုယ်တုံးလုံး ချွတ်ပြီး ရေကန်ထဲ ကန်ထည့်ရပါမယ်"

" ဆေးရုံကိုပို့ ဆေးရုံကိုပို့"

" အွင့် ခုနကနဲ့ ကွာထှာ ကဲကဲ အဲ့နေရာမှာ မင်းဆို့ ဆရာ ငါဆိုရင်ရောကွာ"

" ပါးစပ်ချင်းတေ့မှုတ်"

" ဖျားဖျား"

" အ၀တ်အစားတွေချွတ်"

" အလို"

   တစ်ခါတစ်လေ တော့လည်း ကလေးတွေနဲ့ စာသင်တာ ပျော်ဖို့တာ့ အကောင်းသားလား။

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Comments