Rapper ကျွန်တော်


အချိန်အား ဖြင့် ၂၀၀၀ ခုနှစ်ခန့်တွင် မြန်မာ့ဂီတ လောက တွင် လမ်းသစ်ဖောက်သူ လူငယ်တစ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့ အမည်ကား Acid ဟု ခေါ်တွင်လေသည်။ သမားရိုးကျ ကြားနေသော ဂီတ အမျိုးအစားထဲမှ ခွဲထွက်ကာ ပွဲထွက်လာရဲသည့် သတ္တိကိုတော့ ချီးကျူး ရမည် ဖြစ်သည်။ မောင်ပွ ထင်တာ မမှားလျှင် အာဇာနည် ဆိုတာကလည်း ထို အဖွဲ့ နှင့် အတူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူကြီးတွေကတော့


" ဟဲ့ ဘာတွေတုန်း ရန်ဖြစ်နေတာ ကျနေတာပဲ"


ဟု အားပေးကြလေ၏။ မောင်ပွ တို့ကတော့ အသစ်အဆန်း ဆို ၀င်ပြီး ဆပ်စလူး နတ်ပူး လေ့ရှိသည့် အလေ့ အထ အတိုင်း နားထောင်ကြည့်အုံး မှပါလေ ဟု တွေးကာ ကက်ဆက်ခွေ တစ်ခွေ ၀ယ်ကာ နားထောင် လိုက်လေရာ လွန်စွာမှ သဘောခွေ့ သွားလေတော့သည်။


" လူတွေ ငါ့အတွက် ငါဟာလူတွေ အတွက် သောက ရောက်နေတဲ့ လူတွေ အကုန်လုံးလည်း အားလုံးနေ့စဉ်တွေး အားလုံး နေ့စဉ်ဆွေး ရို့ ရို့"


ထိုခေတ် တုန်းက ကက်ဆက် တိတ်ခွေ များသာ ခေတ်စားသော ကာလ ဖြစ်လေရာ တိတ်ခွေသာ စကားပြောတတ်မည် ဆိုပါက



" တေချင်းဆိုးကြီး ငါ့ကို အနားလဲ မပေးဘူး"


ဟု ပြောပေလိမ့်မည်။ မနက်မိုးလင်း တာနဲ့ အက်ဆစ် နေ့ခင်းထမင်းစားပြီး အက်ဆစ် ညနေ အပြင်မထွက်ခင်လဲ အက်ဆစ် နဲက တဆစ် ထဲ ဆစ်နေသော မောင်ပွအား ကြာတော့ မိခင် ဖြစ်သူက ကြည့်မရတော့။


" ဟဲ့ ငပွ နင့် အစိ ကြီးပဲ နေ့တိုင်းဖွင့်မနေနဲ့ ငါ့ ခင်ညွန့်ရည် လေးလဲ တစ်ခါ တစ်လေ ဖွင့်ပျစေလား"


" ငွင် အစိ မဟုတ်ပါဘူး အမေရယ် အက်ဆစ်ပါ"


နာမည်တွေကလည်း အမိုက်စားတွေ။ Acidic acid, Black acid, Smoke acid , Nitric acid။ သူတို့ကို အားကျပြီး ကိုယ့်ဟာကိုယ်တောင် နာမည်ပေးထားလိုက်သေး။


" Sulphuric acid"


ဒါကို သူငယ်ချင်း တစ်ယောက်ကို ပြောပြတော့


" ငင် ငါလဲ အက်ဆစ် နာမည်မှည့်ပျစေ ငါ့ကို နာမည်ပေးပါအုံး"


" အိမ်း ဒါဆို မင်းက ဟိုအက်ဆစ် နာမည် ယူလိုက်"


" ဘာ အက်ဆစ် လဲ"


" အကယ်ဒမီ အက်ဆစ်"


" ငွင့် ဘာဂျီးဒုန်း"


" လျှာမရှည်နဲ့ ဒါ ဘူမှ မမှည့်သေးတဲ့ နာမည်"


တကယ်တော့ အိမ်သာ ကြွေဂျီးချွတ်တဲ့ ဆေးနာမည်က အကယ်ဒမီ။ ဒါကို ပေးလိုက်တာ ဟေးဟေး။

အမယ် ခုမှ သီချင်းစာအုပ်ကို ၀ယ်ပြီး ကြည့်မိတယ်။ သီချင်းတွေက ကိုယ်တိုင်ရေး ကိုယ်ဆိုင်ဆို တွေပဲ။ နိပ်ဟ။ လေးစားပြီးရင်း လေးစား။ ထို အချိန်မှ စ၍ မောင်ပွ တို့ Rapper ရူး ကြီး ရူးတော့သည်။ ထိုတုန်းက Rapper အဆောင် အယောင်တွေဆိုတာ အခုလို မဟုတ်။ ဘောင်းဘီဆိုလဲ ပွပွ ယောင်းယောင်း ကြီးတွေ။ အကျီင်္ဆိုလဲ ဖလံထည် လက်ရှည် အကျီင်္ ကို လည်ပင်းက ကြယ်သီးပါ မကျန် အကုန်တပ်။ လည်ပင်းမှာကလဲ ဆွဲကြိုးအကြီးကြီးတွေဆွဲ။ ခေါင်းပေါ်မှာက NY ဦးထုပ် နောက်ပိတ် ကို နောက်ပြန်ဆောင်း။ ဖိနပ်ဆိုလည်းထုကြီး ထည်ကြီးတွေ။ ထိုအချိန်က Rapper တစ်ယောက်ကို ချိန်ခွင်ပေါ် တင်ကြည့်ပါက အချိန် ၂၀ သားလောက် စီး နိုင်သည်။ မောင်ပွလား ဘယ်ရမလဲ။ ကိုယ်တွေကလဲ Rapper လေ။ ယုဇန ပလာဇာပေါ် ကိုတက် ဘောင်းဘီဆိုင်ကို ၀င်


" ဆိုဒ်အကြီးဆုံး ဘောင်းဘီပေးပါ"


ဆိုတော့ကာ အဲကတုန်းက ကိုယ်တွေ ခါးဆိုဒ်က ၃၀ သာသာရယ်။ ၀ယ်သည့်ဘောင်းဘီက ၃၈ ၃၉ တွေ။ ရတယ် ကိုယ်တွေက ဘယ်လို ၀တ်ရမလဲ ဆိုတာ သိပြီးသား။ ဘောင်းဘီကို ၀တ်ကြည့်လိုက်တော့ တစ်မိသားစု လုံး ၀င်လို့ ရလောက်သည်။ ဒါကို ခါးပတ် တင်းတင်းဆွဲပြီး ၀တ်လိုက်ကာ ဘောင်းဘီကို အောက်လျှောချ။ ဒီတော့ ဘောင်းဘီ က ဂွကျကျ ကို ဂွက ကိုင်ပြီး လမ်းလျှောက်ရတာ အရသာ။ သွားရင်းလာရင်း ဘောင်းဘီကို အောက်ဆွဲဆွဲချရတာ အမော။ တော်သေးသည်။ အပေါ်က အကျီင်္က အရှည်ကြီးမို့သာ။ မဟုတ်ရင် အထဲမှာ ဘောင်းဘီအောက်ဆွဲချ ထားတာ ဖင်ကပေါ်နေပြီ။ သို့သော် ထိုစဉ်က ဘောင်းဘီ တစ်ထည် ၉၀၀၀ လောက် ဖြစ်နေတာဆိုတော့ သိပ်မကိုက်လှ။ 


တိတ်ခွေ ထွက်အပြီး ခြောက်လ ခန့်လောက်လားတော့ မသိ။ အက်ဆစ် အဖွဲ့ VCD ထွက်လာသည်။ ဘာပြောကောင်းမလဲ။ မောင်ပွ အမေ မှာ တိတ်ခွေနဲ့ တင်သာမက အောက်စက်ပါ ခင်ညွန့်ရည် လို့ မရတော့။ ဆိုတော့ကာ VCD ဆိုတော့ ကိုယ်တွေ Vocal ပိုင်းပါ ပညာပြလို့ရပြီ။ မတော် တဆ များ မီးလာလို့ မောင်ပွ ထိုအခွေ ကို အောက်စက်ထဲ ထည့်တာ မမြင်လိုက်နဲ့အဖေ လုပ်သူက
 " ငါ ဟိုနားဒီနားလေး လမ်းလျှောက်ထွက်ပျစေ မိန်းမ"


အမေ လုပ်သူက

" သားရေ ငပွ အမေ အောက်ကို အကြောင်းမရှိ အကြောင်းရှာ ထွက်လိုက်အုံးမယ်ညော်"


အစ်ကို လုပ်သူက

" ငါ ရှုးပေါက်ချင်လာလို့ လမ်းဘေးမှာ သွားပန်းပျစေ"


အဒေါ် လုပ်သူက

" ငါ အောက်ဆင်းပြီး တွေ့တဲ့သူ ခေါင်းမှာ သန်းသွားရှာပျစေ ငါ့တူ"


ဟု အလျှိုလျှို လစ်ကုန်ကြလေသည်။ တစ်ဦးထဲသော သားမို့လည်း မပြောသာ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်။ Rapper မောင်ပွ တေးရေး တေးဆို ပါ လုပ်လာသည် အထိ ပွဲကြမ်းလာသည်။ Rapping ရွတ်ကာက ဌာန်ကရိုဏ်းကျကျ ကာရံညီညီ ရွတ်တတ်ဖို့က အရေးကြီးတာကလား။


" အချစ်တွေအုံကြွ ငါ့မှာ ထိန်းမရ ပြန်ချစ်ပါဟ မင်းက သိပ်လှ ငါ့မှာ အလွန်ရွ ငင် ဘာတွေပါလိမ့်"


တကယ်တော့ Rapping ရွတ်ရတာ မလွယ်လှ။ သက်လုံက အင်မတန် အရေးကြီးတာကလား။ ဘာပဲ ပြောပြော ထိုခေတ် ထိုအခါက Acid အဖွဲ့ အလွန် အောင်မြင်ပါသည်။ ကျောင်းမှာဆိုလျှင် အက်ဆစ် အဖွဲ့ရဲ့ တံဆိပ်ကို ဘောပင်နဲ့ လက်ဖျံပေါ်မှာဆွဲတဲ့သူက ဆွဲ။ အမယ် အက်ဆစ် တံဆိပ် ဘေးလွယ်အိတ် တောင်ပေါ်လိုက်သေး။ ကိုယ်တွေလဲ အားကျ မခံ သူငယ်ချင်း တစ်ဦး နှင့် ပေါင်းကာ အဖွဲ့ဖွဲ့ လိုက်သေး။ ဘာတဲ့ အဖွဲ့ နာမည်က


" ဘထ္ထရီအိုး"


ဘာ Activity မှတော့ မရှိလိုက်။ ဘယ်ရှိမလဲ။ သီချင်း တစ်ပုဒ် မပြောနဲ့ တစ်ကြောင်းတောင် ဖြောင့်အောင်မှ မစပ်တတ်တာ။ တစ်ခါတော့ စတူဒီယို အသိ ရှိသော သူငယ်ချင်း တစ်ဦး ကောင်းမှု နှင့် စတူဒီယို သေးသေးလေးတွင် အသံသွားသွင်းဖူးသည်။


" တစ်ယောက်မှ မလှုပ်နဲ့ တစ်ယောက်မှ မလှုပ်နဲ့ အားလုံး မျိုးကန်းသွားမယ် ဟားဟားဟား"


" ငင် အာ့ ဘာကြီးလဲ"


" သီချင်းစာသားလေ"


" ငွင့် ဟားဟာဟား ဆိုတာကြီးကရော"


" မသိဘူး"


" ငင်"


မောင်ပွ သူငယ်ချင်း စပ်ထားသော သီချင်းကိုလဲ ကြည့်လိုက်အုံး။


" နေ၀င်ပြီးရင် မိုးချုပ် မိုးချုပ်ပြီးရင် မိုးလင်း မိုးလင်းပြီးရင် နေထွက် နေထွက်ပြီးရင် ညနေစောင်း ညနေစောင်းပြီး ညရောက် ညရောက်ရင်တော့ တခေါခေါ ငါ့မှာ အိပ်လို့မော ရို့ရို့"


" ငင် မင်းဟာက သီချင်းလား Time Table လား သယ်ရင်း"


" မသိဘူးကွ"


" ငွင့် မင်းဟာက တစ်နေ့ တစ်နေ့ ဘာသောက်လုပ် သောက်ကိုင်မှ လဲ မလုပ်ဖူး အိပ်တာပဲ ပါနေပါ့လား"


" ဒါဆို ဒီနားလေး ပြောင်းလိုက်ပျစေ နေ၀င်ပြီးရင် မိုးချုပ် မိုးချုပ်ရင်တော့ ထမင်းစား ငါ့မှာ ဗိုက်ကြီးကား"


" ခွီးးးးးးးးးး"


နောက်နေ့ စတူဒီယို ကို သွားတော့ စတူဒီယိုမှာ သော့ပိတ်ထားသဖြင့် ဘေးအိမ် ကို မေးကြည့်တော့


" ဒီစတူဒီယို ပိုင်ရှင် ဒီနေ့ပဲ ဘုန်းကြီးဝတ်သွားတယ် ဆိုလား"


" ငင်"


တစ်ခါတုန်းက ပေါ့ဗျာ။ 



ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments