အကိုက်ခံခဲ့ရတဲ့ ပန်းသီးတစ်လုံး




မျက်မမြင်လူငယ်တစ်ဦးဟာ မပြည့်စုံတဲ့ကိုယ်အင်္ဂါကြောင့် ငယ်ငယ်လေးကတည်းက ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေခဲ့တယ်။ ဒါဟာ ရှေးဘဝဝဠ်ကြွေးလို့ သူထင်မှတ်ပြီး သူ့ဘဝတစ်သက်က ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူးလို့ တွေးထင်နေခဲ့တယ်။

တစ်နေ့မှာ ဆရာတစ်ဦးနဲ့ သူဆုံခဲ့တယ်။ ဆရာက သူ့ကို "လောကမှာရှိတဲ့လူတိုင်းက ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီးတစ်လုံးပါ။ လူတိုင်းမှာ ချွတ်ယွင်းချက်ဆိုတာရှိတယ်။ ဒါပေမဲ့ တချို့လူရဲ့ချွတ်ယွင်းချက်က ပိုကြီးတယ်။ ဒါဟာ ဘုရားသခင်က သူတို့ကို ပိုနှစ်သက်လို့ အကိုက်ကြီးကြီး ကိုက်လိုက်တာဖြစ်တယ်" လို့ ပြောပြခဲ့တယ်။

ဆရာရဲ့အားပေးစကားကြောင့် သူဟာ သူ့မျက်စိမမြင်ရတာက ဘုရားသခင် သူ့ကိုပိုနှစ်သက်လို့ဖြစ်မယ်လို့ ထင်မှတ်ပြီး စိတ်ပျက်အားငယ် မနေခဲ့တော့ဘူး။ အဲဒီကစ ဘဝရဲ့စိန်ခေါ်မှုတွေကို သူရဲရဲရင်ဆိုင်ရဲခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် နှစ်အနည်းငယ်အကြာမှာ သူဟာ နာမည်ရှိတဲ့ မျက်မမြင်အနှိပ်သည်ဆရာတစ်ဦးဖြစ်လာခဲ့ပြီး လူတွေရဲ့နာကျင်ကိုက်ခဲမှုတွေကို ကုသပေးသူဖြစ်ခဲ့တယ်။

လူ့ဘဝရဲ့ အနာအဆာကို "ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီး" လို့ ထင်မှတ်တဲ့အတွေးဟာ ထူးခြားပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်တာနဲ့ တူတယ်လို့ဆိုပေမယ့် လူ့ဘဝမှာ စိတ်အလိုကျ မဖြစ်တဲ့အရာတွေက အများကြီးမို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်တဲ့ အကြောင်းပြချက်လည်းလိုလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ဒီလိုနှစ်သိမ့်မှုက ပျော်စရာကောင်းသလို အသိအမြင်တွေလည်း ပေးပါတယ်။

အနုပညာသမိုင်းမှာ နာမည်ကြီးတဲ့ ထူးခြားမှုသုံးခုရှိခဲ့ပါတယ်။ စာပေအနုပညာရှင် John Milton ဟာ မျက်မမြင်တစ်ဦးဖြစ်တယ်။ ဂီတအနုပညာရှင် Beethovenဟာ နားမကြားသူဖြစ်တယ်။ တယောပါရမီရှင် Niccolo Paganiniဟာ ဆွံ့အသူဖြစ်တယ်။ တကယ်လို့ "ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီး"နဲ့ တင်စားရရင် သူတို့ဟာ ဘုရားသခင်ပိုနှစ်သက်တဲ့ပန်းသီးဖြစ်လို့ ဘုရားသခင်အကိုက်ကြီးကြီး ကိုက်ခဲ့တာဖြစ်လိမ့်မယ်။

တယောပါရမီရှင် Niccolo Paganini နဲ့ သာဓကပြရရင် (၄)နှစ်အရွယ်မှာ သူဟာ ဝက်သက်ပေါက်ခဲ့လို့ အသက်ဆုံးရှုံးရကိန်း ဆိုက်ခဲ့တယ်။ (၇)နှစ်အရွယ်မှာ အဆုတ်ရောင်ရောဂါကို သေလုနီးနီး ခံခဲ့ရတယ်။ (၄၆)နှစ်မှာ ရှိသမျှသွားတွေ အကုန်ကျွတ်ထွက်ခဲ့ပြီး (၄၇)နှစ်မှာ အမြင်အားယုတ်လျော့ခဲ့လို့ မျက်လုံးကွယ်လုလုဖြစ်ခဲ့တယ်။ အသက်(၅ဝ)မှာ ဆွံ့အခဲ့ရတယ်။ ဘုရားသခင်ကိုက်ခဲ့တဲ့ ဒီပန်းသီးတစ်ကိုက်က အားပါလွန်းလှတယ်ဆိုပေမယ့် တယောပါရမီရှင်တစ်ဦးကို ဖန်ဆင်းပေးနိုင်ခဲ့ပါတယ်။

Niccolo Paganini ဟာ (၇)နှစ်အရွယ်မှာ တယောစသင်ခဲ့တယ်။ ပါရမီကြောင့် (၁ဝ)နှစ်အရွယ်မှာ နာမည်ရစပြုခဲ့တယ်။ (၁၂)နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ဂီတပွဲကို တင်ဆက်နိုင်ခဲ့ပြီး အရမ်းအောင်မြင်ခဲ့တယ်။ အဲဒီနောက် သူ့တယောသံဟာ ကမ္ဘာ့အနှံ့ပြန့်ခဲ့တယ်။ ရောဂါဝေဒနာနဲ့ နာကျင်နေတဲ့ကြားက အားပေးသူတွေကို သူ့ရဲ့လက်သံ၊ သူ့ရဲ့တယောကြိုးတွေနဲ့ ဆွဲဆောင်နိုင်ခဲ့တယ်။ ဂီတဝေဖန်ရေးဆရာ Boaz က သူ့ကို "တယောမှော်ဆရာ"လို့ တင်စားခဲ့သလို ပြဇာတ်ရေးဆရာ Goetheက သူ့ကို "တယောကြိုးပေါ်က တောက်ပတဲ့ဝိညာဉ်"လို့ တင်စားခဲ့တယ်။

လူတချို့က ပြောကြတယ်.... ဘုရားသခင်က သင့်ကို ပါရမီတွေထည့်ပေးသလို ပါရမီနဲ့ဆတူ ဆင်းရဲပင်ပန်းခြင်းတွေလည်း ပေးပါသတဲ့။

ဘုရားသခင်က လူတိုင်းကို တစ်ကိုက်စီကိုက်ခဲ့တယ်။ ဒါကြောင့် လူတိုင်းမှာ မွေးရာပါချွတ်ယွင်းချက်တွေ ရှိခဲ့ကြတယ်။ ချွတ်ယွင်းချက်ကို အညံ့မခံဘဲ Beethoven လို ကံကြမ္မာကို ဂီတအဖြစ်သီကုံးမလား၊ ဂျာမဏီစာရေးဆရာ Nietzscheလို့ ရင်ဖွင့်ဖော်ထုတ်မလား၊

ဘုရားသခင်က မျှတပါတယ်။ လူတိုင်းကို အကောင်းချည်းပဲ မပေးခဲ့သလို၊ အဆိုးချည်းလည်း မပေးခဲ့ပါဘူး။
သင့်ကို ရုပ်ရှည်လှပတာပေးရင် အသိဉာဏ်ကို မပေးဘူး။
သင့်ကို ငွေကြေးတွေပေးရင် ကျန်းမာရေးကို မပေးဘူး။
သင့်ကို ပါရမီတွေပေးရင် အဲဒီပါရမီနဲ့ လိုက်ဖက်ညီအောင် ဆင်းရဲပင်ပန်းတာကိုလည်း ပေးမယ်။ ဘုရားသခင်မပေးခဲ့တာကို အပင်ပန်းခံပြီး သင်ကြိုးစားရှာဖွေရမယ်။ တကယ်လို့ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံတဲ့အခါ လောကကြီး မတရားဘူးဆိုပြီး ကိုယ့်ကိုယ်ကို မစွန့်ပစ်ပါနဲ့။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကိုရှာပါ။ အထက်က ဆရာပြောခဲ့သလို ကိုယ့်ကိုယ်ကိုနှစ်သိမ့်နည်းရှာပါ။ ကျွန်တော်တို့ဟာ ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီးတွေပါ။ ကျွန်တော်တို့ကို ဘုရားသခင် ပိုကြိုက်နှစ်သက်ခဲ့လို့ အကိုက်ကြီးကြီး ကိုက်လိုက်တာလေး တစ်ခုပါပဲ။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/lizhiwenzhang/20110412/178962.html


  နိုင်းနိုင်းစနေ (Wednesday, April 13, 2011)

Post a Comment

0 Comments