သင့်ခန္ဓာကိုယ် အစိတ်အပိုင်းများက ပြောပြနေသော သင့်ကျန်းမာရေး



သေးငယ်သော နားရွက်များရှိလျှင် သေးငယ်တဲ့ နားရွက်ရှိတာက ဆွဲဆောင်မှု ပိုမိုရှိစေပေမယ့် နှင်းခူရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကို ပိုဖြစ်လွယ်စေပါတယ်။ “သေးငယ်တဲ့ နားရွက်တွေဟာ သေးငယ်တဲ့ နားစည်တွေ ရှိနေပါတယ်။ ဒါကြောင့် နားရွက်မှာ နှင်းခူဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်” လို့ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ဆရာဝန် ဂျော့ရှ်က ဆိုပါတယ်။ နားစည်က တခြား ခန္ဓာကိုယ်ပြင်ပရှိ အရေပြားတွေလိုပဲ အရေပြား ဖုံးထားတာကြောင့် နှင်းခူအဖတ်တွေဖြစ်ကာ ကွာကျတတ်ပါတယ်။ တကယ်တော့ အဲဒီလိုဖြစ်ရင် နားအပြင်ကို လွင့်သွားသင့်ပေမယ့် သေးငယ်တဲ့ နားစည်က ဖယ်ထုတ်နိုင်စွမ်း ခက်တဲ့အတွက် အထဲမှာ စုဆောင်းကာ ယားယံမှု ဖြစ်တတ်ပါတယ်။ နားရွက်သေးငယ်တာက ကျောက်ကပ် ဝေဒနာနဲ့လည်း ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ သေးငယ်တဲ့ နားရွက်အစုံရှိရင် ဘာကြောင့် ကျောက်ကပ်ရောဂါ ဖြစ်ရတာလဲ ဆိုတာ မသိကြသေးပါဘူး။ သေးငယ်တဲ့ နားရွက်တွေရှိရင် နောင်တစ်ချိန်မှာ ကျောက်ကပ်ရောဂါ ရနိုင်ခြေ များတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ 

လျှာကြီးလျှင် အိပ်ပျော်စဉ် အသက်ရှူ ခေတ္တရပ်တဲ့ဝေဒနာ အဖြစ်များပြီး ဗြိတိန်သက်လတ်ပိုင်း အမျိုးသား လေးရာခိုင်နှုန်းနဲ့ သက်လတ်ပိုင်း အမျိုးသမီး နှစ်ရာခိုင်နှုန်းတို့မှာ အဖြစ်များတဲ့ ဝေဒနာပါ။ “သင့်လျှာက ကြီးနေရင် ဒါမှမဟုတ် အာသီးက ကြီးနေရင် အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေ များပါတယ်။ ဒါက အသေးအမွှား ပြဿနာဖြစ်ပါက အိပ်ရင် ဟောက်သံထွက်ပါလိမ့်မယ်။ ပြင်းထန်တဲ့ ပြဿနာဖြစ်ရင် အိပ်ရင်း စက္ကန့် ၃၀ လောက် အသက်ရှူ ခေတ္တရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်နိုင်ပါတယ်။ လျှာက မေးရိုးနဲ့ ဆက်စပ်နေတာကြောင့် လျှာကြီးတဲ့အခါ မေးရိုးက နောက်ဘက်ကို ပြန်ရောက်သွားပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နိုင်ခြေ ပိုများပါတယ်။ အိပ်ပျော်စဉ် အသက်ရှူခေတ္တရပ်တာနဲ့ သွေးတွင်း အောက်ဆီဂျင်ပမာဏ ရုတ်တရက် လျော့ကျမှုတို့က ဆက်စပ်နေပြီး သွေးတိုးတာနဲ့ နှလုံးသွေးကြောစနစ် အပေါ်မှာလည်း ဖိအားသက်ရောက်မှု ဖြစ်စေပါတယ်။ 

တင်ပါကြီးလျှင် သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေ အနေနဲ့ သွေးဆုံးပြီးချိန်မှာ မှတ်ဉာဏ်စွမ်းအား ကျဆင်းနိုင်ခြေ များပါတယ်။ ချီကာဂိုရှိ အနောက်မြောက်တက္ကသိုလ် လေ့လာသူတွေက အသက် ၆၅ နဲ့ ၇၈ ကြား သွေးဆုံးပြီး အမျိုးသမီး ၈၇၅၀ ဦးရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ မှတ်ဉာဏ်စစ်ဆေးမှု ရမှတ်ကို လေ့လာခဲ့ရာ တင်ပါးကြီးလေလေ၊ မှတ်ဉာဏ်စစ်ဆေးမှု ရမှတ်နည်းပါးလေလေ ဖြစ်တာကို တွေ့ရပါတယ်။ တင်ပါးအဆီတွေဟာ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကို ကန့်သတ်ထားနိုင်တာကြောင့် တွေးခေါ်မြော်မြင်နိုင်စွမ်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ “လေ့လာမှုအရ BMI ရမှတ် ၃၀၊ ၃၁ လောက်ရှိတဲ့ အမျိုးသမီးအားလုံးဟာ တွေးခေါ်မြော်မြင်နိုင်စွမ်းအား ကျဆင်းနေကြတယ်လို့ သိရပါတယ်။ တင်ပါးအရွယ်အစား ပိုကြီးလေလေ၊ မှတ်ဉာဏ်ရမှတ် ပိုလျော့နည်းလေလေ ဖြစ်နေပါတယ်” လို့ ဘားနတ်ဆေးရုံက သားဖွားမီးယပ်အထူးကု နီတူက ဆိုပါတယ်။ တင်ပါးကြီးတာက မကောင်းတာ မဟုတ်ပါဘူး။ ခါးပတ်လည်မှာထက် တင်ပါးတစ်ဝိုက် အဆီတွေ စုပုံနေတာက ဆီးချိုရောဂါနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုအရ ပန်းသီးပုံခန္ဓာကိုယ်ရှိသူတွေက နာတာရှည်ရောဂါ ပိုအဖြစ်များတာကို တွေ့ရှိထားတာကြောင့် ဖြစ်ပါတယ်။ 

လက်ချောင်းများ ရှည်သွယ်လျှင် အမျိုးသားတစ်ဦးရဲ့ လက်ချောင်းအလျားဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို ဖော်ပြနေပါတယ်။ ဝါးဝစ်ခ်တက္ကသိုလ် လေ့လာမှုအရ ကျန်းမာရေးကောင်းတဲ့ အမျိုးသား သုံးထောင်နဲ့ ဆီးကျိတ်ကင်ဆာရှိသူ ၁၅၀၀ ဦးတို့ရဲ့ လက်ချောင်းတွေကို နှိုင်းယှဉ်လေ့လာခဲ့ရာ လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်တဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်း သိသိသာသာ လျော့နည်းကြောင်း တွေ့ရပါတယ်။ အကြောင်းကတော့ မမွေးဖွားခင် တက်စတိုစတီရုန်းအဆင့် ထိတွေ့မှုနည်းတာက လက်ညှိုးကို ပိုရှည်စေပြီး နောက်တစ်ချိန်မှာ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တာကြောင့်ပါ။အယ်လ်ဘာတာတက္ကသိုလ် လေ့လာမှုတစ်ရပ်အရ မိန်းကလေးလို လက်ချောင်းရှည်သွယ်တဲ့ အမျိုးသားတွေက စိတ်ဓာတ်ကျနိုင်ခြေ ပိုများကြောင်း သိရပါတယ်။ အော်တစ်ဇင်ရောဂါရှိသူ ကလေးတွေမှာ လက်ညှိုးထက် လက်သူကြွယ်က ပိုရှည်ကြပါတယ်။ အကြောင်းကတော့ မမွေးခင် တက်စတိုစတီရုန်း ထိတွေ့မှု မြင့်မားနေလို့ ဖြစ်ပါတယ်။

 ခြေချောင်းများ ရှည်လျှင် သင့်ခြေညှိုးက ခြေမထက် ပိုရှည်ရင် ခြေထောက်နာကျင်တဲ့ ဝေဒနာ ပိုအဖြစ်များပါတယ်။ ခြေညှိုးရှည်တဲ့သူတွေ လမ်းလျှောက်တဲ့အခါ နာကျင်မှုကို ခံစားရတတ်ပါတယ်။ အကြောင်းကတော့ ခြေထောက်အရိုးတစ်ခုဟာ ပုံမှန်မဟုတ်တဲ့ အားသက်ရောက်မှု ရှိနေလို့ပဲ ဖြစ်ပါတယ်။ ကုသမှုအနေနဲ့ နာကျင်မှု သက်သာစေဖို့ စတီးရွိုက်ထိုးဆေးကို သုံးဖို့လိုသလို ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ ခြေချောင်းတွေက ခြေဖမိုးနဲ့ ယှဉ်လို့ သိသိသာသာ ရှည်လျားလွန်းရင် တာတိုအပြေးပြိုင်ရာမှာ ထူးချွန်တတ်ပါတယ်။ ခြေချောင်းရှည်လေ၊ ခြေထောက်ပိုသန်စွမ်းလေဖြစ်ပြီး မြေပြင်နဲ့ ကြာကြာထိတွေ့အား ကောင်းတာကြောင့်ပါ။

 ပေါင်သေးလျှင် ပေါင်တုတ်တာကြောင့် ရှက်ရွံ့နေသလား။ ပေါင်သေးတိုင်းလည်း မကောင်းပါဘူး။ ပေါင်သေးသွယ်တာကြောင့် နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ပိုများကြောင်း အမျိုးသား၊ အမျိုးသမီး သုံးထောင်နီးပါးအား ဒင်းနစ်လေ့လာမှုအရ သိရပါတယ်။ ပေါင်ကြွက်သားထုထည် နည်းပါးတဲ့အတွက် အင်ဆူလင် တုံ့ပြန်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိစေတာကြောင့် နှလုံးထိခိုက်မှု ဖြစ်ရတယ်လို့ လေ့လာသူတွေက ထင်မြင်ထားကြပါတယ်။ မျက်စိကြီးလျှင် မျက်စိကြီးမားလေလေ၊ အနီးမှုန်ဖြစ်နိုင်ခြေ များလေလေ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်စိအတိုင်းအတာက ပျမ်းမျှ အရွယ် ၂၄ မီလီမီတာထက် တစ်မီလီမီတာ ပိုများရင်တောင် အနီးမှုန်ဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ အလင်းရောင်ဟာ မျက်စိအာရုံခံလွှာ အရှေ့ရှိ တစ်မီလီမီတာပေါ်မှာ ဆုံချက်ကျရောက်စေတာကြောင့် ဖြစ်ပါတယ်။

 ခြေထောက်တိုလျှင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ ဘရစ္စတောလေ့လာမှုတစ်ခုအရ ခြေထောက် အရှည် ၄ ဒသမ ၃ စင်တီမီတာ ရှည်တိုင်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ “သင့်မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာရှိစဉ် အာဟာရမပြည့်ဝခဲ့တာကြောင့် သင့်မှာပိုသေးငယ်တဲ့ ခြေထောက်တွေ ရှိနေတာဖြစ်နိုင်ပါတယ်။ အလားတူပဲ ဝမ်းဗိုက်ထဲမှာ အာဟာရနည်းတဲ့အတွက် မွေးပြီးချိန်မှာ အင်ဆူလင်ထုတ်လုပ်တဲ့ ပန်ကရိယက အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ပုံမှန် ပမာဏကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် ခြေထောက်တိုတဲ့ သူတွေအနေနဲ့ သက်လတ်ပိုင်းအရွယ်မှာ အမျိုးအစား (၂) ဆီးချိုရောဂါလို ကူးစက်မဟုတ်တဲ့ ရောဂါဖြစ်နိုင်ခြေ များရတာပါ” လို့ လန်ဒန် ဟော်မုန်းဗေဒဆရာဝန် မာ့ခ်က ရှင်းပြပါတယ်။

 ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Post a Comment

0 Comments