ဒါကို ဖတ်ပြီးမှ ပေါက်စီစားပါ
"လက်ဖက်ရည်ကရားက
ရွာစားမင်းသဏ္ဍာန်။
ဟာမအား ဆိုပြန်သည်
ပန်းကန်မရှိ။
ကျွေးလိုက်သည့် ငွေပေါက်စီငယ်
တစ်ယောက်စီကျွေးလို့ မစိ(စေ့)
......................................"
ဒါကတော့ ရတနာပုံခေတ်နှောင်းပိုင်းမှာ ရေးစပ်ခဲ့တယ်လို့ ယူဆရတဲ့ တေးထပ်တစ်ပုဒ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ အလှူ မင်္ဂလာဧည့်ခံပွဲတစ်ခုမှာ ဧည့်ခံကျွေးရာမှ အစီအစဉ်ညံ့ဖျင်းတဲ့ အလှူရှင်ကို အသိက စိတ်နာနာနဲ့ သရော်တော်တော် ငေါ့တော့တော့ ရေးစပ်လိုက်ဟန်တူပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါက်စီဟာ ရတနာပုံခေတ်လောက်ကတည်းက မြန်မာပြည်ကို ရောက်ရှိနေပြီ။ အလှူမင်္ဂလာဧည့်ခံပွဲတွေမှာ ပေါက်စီနဲ့ ကျွေးမွေးဧည့်ခံတဲ့ ဓလေ့တောင် ရှိနေပြီဆိုတာကို ဒီတေးထပ်က ပြဆိုနေပါတယ်။ ဘယ်အချိန် ဘယ်ကာလကစပြီး ရောက်ရှိလာခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့် တရုတ်သရေစာဖြစ်တဲ့ ပေါက်စီဟာ နှစ်နိုင်ငံကူလူးယှက်သွယ်၊ သံတမန်ဖလှယ်အချိန်လောက်ကတည်းက ရောက်ရှိနေပေလိမ့်မယ်လို့ ယေဘုယျခန့်မှန်းသိရှိနိုင်ပါတယ်။
တကယ်တော့ တရုတ်ပြည်မှာ "ပေါက်စီ" ရယ်လို့ စတင်ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကလည်း ရှည်ကြာလှပြီကိုး။ တရုတ်သမိုင်းစာအုပ်များအဆိုအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင့်ခုနှစ်ရာကျော် (Period of Three Kingdoms -(220-280 AD)) သုံးပြည်ထောင်ခေတ်က စခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်က "ဆူ"နိုင်ငံ (The State of Shu) နိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်တဲ့ ကျူးးကယ်လျန့် (Zhuge Liang) ဟာ နန်မန် (Nanman) လို့ခေါ်တဲ့ တောင်ပိုင်းသား ဂူနေလူရိုင်းများကို တိုက်ခိုက်နှိမ်နင်းဖို့အတွက် သူ့ရဲ့ စစ်တပ်ကြီးနဲ့အတူ ချီတက်လာပါသတဲ့။ လုဆွေ (Lu Shui) မြစ်ကမ်းပါးကိုရောက်တဲ့အခါ ဒေသခံတွေက ဒီမြစ်ဟာ နတ်ကြီးတယ်၊ ဖမ်းစားတတ်တယ်၊ လူတွေသေအောင် ပြုစားနိုင်တယ်၊ ဒါကြောင့် ဒီမြစ်စောင့်နတ်ကျေနပ်အောင် ပူဇော်ပသမှရမယ်လို့ ကျူးးကယ်လျန့်ကို ပြောကြပါသတဲ့။ ဘယ်လို ပူဇော်ရမလဲလို့ ကျူးးကယ်လျန့်က မေးတော့ ဖမ်းဆီးရမိတဲ့ နန်မန်လူမျိုးတွေကို သတ်ပြီး၊ သူတို့ဦးခေါင်းနဲ့ ယဇ်ပူဇော်ရမယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် စစ်သူကြီးသာ ဖြစ်လင့်ကစား ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် ကျူးးကယ်လျန့်ကတော့ တကယ့်လူအစစ်ရဲ့ ဦးခေါင်းတွေအစား လူ့ဦးခေါင်းပုံသဏ္ဍန်တူ မုန့်တွေလုပ်ပြီး နတ်ကို ပူဇော်ပသပါသတဲ့။ အဲဒီအချိန်ကစပြီး နန်မန်လူမျိုးတွေရဲ့ ဦးခေါင်းများနဲ့ သဏ္ဍန်တူ ပေါက်စီလုပ်စားကြတဲ့ ဓလေ့ဟာ စတင်လာခဲ့ကြတယ်လို့ အဆိုရှိပါတယ်။
ဒါကြောင့် ပေါက်စီကို တရုတ်ဘာသာ(အများသုံး)နဲ့ မန်ထို (Man Tou) (သို့မဟုတ်) မန်လူမျိုးရဲ့ဦးခေါင်းလို့ ခေါ်စမှတ်ပြုကြပါတယ်။ အင်္ဂလိပ်လိုတော့ Steamed လို့ခေါ်ဆို သုံးနှုန်းကြပါတယ်။ ဂျုံကိုလုံးပြီး ရေနွေးငွေ့နဲ့ ပေါင်းရတာကိုး။ ရိုးရာပေါက်စီလုပ်နည်းကလည်း သိပ်ခက်ခက်ခဲခဲတော့မဟုတ်ပါ။ စောစောက ကြိုတင်စီမံထားတဲ့ တဆေး(Yeast)ကို ဂျုံမှုန့်၊ ရေတို့နဲ့ သမအောင်ရောနယ်၊ မုန့်လုံးလုံး၊ ပွလာတဲ့အထိ နာရီ အနည်းငယ်လောက်ထား၊ ပြီးမှ ပေါင်းချောင်နဲ့ ပေါင်းကြတာပါ။ တဆေးနဲ့ နယ်စားတဲ့ မုန့်ညက်လုံးများ အများဆုံးပါဝင်လေတော့ ဆော်ဒါမှုန့်လည်း သင့်တော်သလောက်ထည့်ပြီး နယ်ရပါသတဲ့။
မကြာသေးမီကမှ တရုတ်ပြည်ပေ့ကျင်းနဲ့ ရှန်ဟိုင်းမှာ ပေါက်စီပေါင်းရတာ ပိုလွယ်ကူစေတဲ့ နည်းသစ်တစ်မျိုးကို စမ်းသပ်တွေ့ရှိထားပါသတဲ့။ အဲဒီနည်းကတော့ တဆေးကို ရေအေး(သို့မဟုတ်)ကြက်သီးနွေးရေထဲမှာ အရင်ထည့်ဖျော်၊ နောက်မှ မုန့်ညက်နဲ့ သမအောင်ရောနယ်၊ အနေတော် မုန့်လုံးလေးတွေလုံး၊ အပူချိန် ၂၀`C နဲ့ ၃၀`C အတွင်းမှာ နာရီဝက်လောက်ထားပြီးမှ ပေါင်းတဲ့နည်းဖြစ်ပါသတဲ့။ ၁၉၉၄ ခုနှစ်က တရုတ်ပြည်ခရီးသွားလာရေးစာအုပ်တိုက်က ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ရှုမှတ်သားမိပါတယ်။
ပေါက်စီရဲ့ အခြေခံကုန်ကြမ်းက ဂျုံဖြစ်ပေမယ့် အတွင်းမှာ ဌာပနာတဲ့ အစာကိုလိုက်ပြီး၊ ပေါက်စီအခေါ်ဝေါ်က ပြောင်းလဲသွားပါတယ်။ ပဲပေါက်စီ၊ သကြားပေါက်စီ၊ ကြက်သားပေါက်စီ၊ ဝက်သားပေါက်စီ စသဖြင့်ပေါ့။ ဒါကြောင့် "ငို၍ ရယ်၍မရသောမျက်နှာ" ဇာတ်ကားထဲမှာ နိုင်ငံကျော်မင်းသားကြီး (ဦး)မြတ်လေးရဲ့ နာမည်ကျော်ဒိုင်ယာလော့ခ်တစ်ခုဖြစ်တဲ့ "ဒီမယ် ပပ၊ စိန်နဲ့ကွပ်တော့ စိန်လက်စွပ်၊ မြနဲ့ကွပ်တော့ မြလက်စွပ်၊ ပတ္တမြားနဲ့ကွပ်တော့ ပတ္တမြားလက်စွပ် နောက်ဆုံးတော့ ရွှေရဲ့ အနှစ်သာရဟာ ပျောက်သွားရော" ဆိုတာကို မန္တလေး အငြိမ့်လူရွှင်တော်တစ်ယောက်က "ပဲနဲ့လုပ်တော့ ပဲပေါက်စီ၊ သကြားနဲ့လုပ်တော့ သကြားပေါက်စီ၊ ကြက်သားနဲ့လုပ်တော့ ကြက်သားပေါက်စီ၊ ဒီလိုနဲ့ ဂျုံရဲ့ အနှစ်သာရက ပျောက်သွားရော" လို့ စာမြောင်ကပ်ပြီး ပြက်လုံးထုတ်ခဲ့ဖူးပါတယ်။
ဂီတစာဆို မြို့မငြိမ်းရဲ့ "အိမ်တော်ရာဘုရားဈေး" သီချင်းထဲမှာလည်း "ယုတ်စွအဆုံးတိုင် မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည်" လို့ ထည့်သွင်းစပ်ဆိုထားတဲ့အတွက် ကိုလိုနီခေတ်က မန္တလေးအိမ်တော်ရာဘုရား မြောက်စောင်းတန်းက ပေါက်စီဟာ အထူးကောင်းမွန်ထင်ရှားလှကြောင်း သိရှိမှတ်သားမိပါတယ်။
ပေါက်ဖော်ဆွေရင်းနံနက်ခင်း စာစုများ ရွှေကြက်ဖ
0 Comments